အခန်း ၂၇၄
Vol. 24 Ch. 274
အခန်း (၂၇၄) မကျေချမ်းနိုင်ခြင်း၊ ခရမ်းရွှေရောင် အင်မော်တယ်ဖီးနစ်
ချမ်ချန်ကန်း၏ မျက်လုံးများက အေးစက်နေပြီး အင်မော်တယ်အင်ပါယာ ယီဟိုင်ထံသို့ ကျရောက်သွား၏။
သူက အင်မော်တယ်အင်ပါယာ ယီဟိုင်ကို အပြစ်မတင်ခဲ့ပေ။
အကယ်၍ အင်မော်တယ်အင်ပါယာ ယီဟိုင်သာ ခုခံနိုင်စွမ်းရှိခဲ့မည်ဆိုပါက။ မိုဝန်ထျန်းကို အသုံးမကျသူတစ်ယောက် ဖြစ်သွားအောင် သူ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ချေ။
သိသာထင်ရှားသည်မှာ သူတို့ ရင်ဆိုင်ခဲ့ရသော အစွမ်းထက်သည့် ရန်သူကို ခွန်အားကြီးမားသော အင်မော်တယ်အင်ပါယာ ယီဟိုင်ပင်လျှင် မတားဆီးနိုင်ခဲ့ခြင်း ဖြစ်၏။
ဤအချက်က ပိုင်ယွဲ့မှာ ကောင်းကင်တာအို၏ ပြန်လည်ရိုက်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ချမ်ချန်ကန်းကို တွေးမိစေသည်။
ကျူးရှိူ့တိုက်ကြီးသို့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် မိုဝန်ထျန်း၏ အုတ်မြစ်ကို ဖျက်ဆီးခဲ့သောသူနှင့် သေချာပေါက် ပတ်သက်မှု ရှိနေမည် ဖြစ်သည်။
“ဆရာ... ဒီကိစ္စက စီနီယာယီဟိုင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး... သူ့ကို အပြစ်မတင်ပါနဲ့...”
မိုဝန်ထျန်းက ကမန်းကတန်း ဝင်ပြောလိုက်သည်။ သို့သော်လည်း သူ၏ အသံကို နားထောင်ရသည်မှာ အလွန် အားနည်းနေဆဲ ဖြစ်၏။
“သူ့ကို ငါ အပြစ်မတင်ပါဘူး... ငါ အခုမှ လက်ခံလိုက်တဲ့တပည့်ရဲ့ အုတ်မြစ်ကို အဖျက်ဆီးခံလိုက်ရမယ်လို့ မထင်ထားခဲ့တာပါ... ဘယ်လောက်တောင် မောက်မာလိုက်သလဲ...”
ထိုကဲ့သို့သောလုပ်ရပ်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်မှာ သေချာလှ၏။ ချမ်ချန်ကန်းကို မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ဒေါသတရားများက ဧရာမလှိုင်းလုံးကြီး တစ်ခုကဲ့သို့ ပြိုင်ဘက်ကင်းနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံးက ၎င်းကို ခံစားလိုက်ရပြီး ထိတ်လန့်တုန်လှုပ် သွားကြကာ သူတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး အသက်ရှူပင် ကျပ်လာကြ၏။
အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ ဤသည်က စီနီယာ ဒေါသထွက်နေခြင်း ဖြစ်သည်။
ကျင့်ကြံသူအားလုံးမှာ ကြောက်ရွံ့မှုများဖြင့် တုန်ယင်နေကြ၏။
မည်သူက စီနီယာကို သွားရောက် ရန်စလိုက်သနည်း။ စီနီယာကို ဤမျှ ဒေါသထွက်အောင် လုပ်ရဲသည်မှာ အသက်ဆက် မရှင်ချင်တော့ဘူးလား။
ချမ်ချန်ကန်း၏ ဒေါသကြောင့် အင်မော်တယ်အင်ပါယာယီဟိုင်မှာ သူ၏ ကြောက်ရွံ့မှုကို ထုတ်ဖော်ပြသလိုက်ရ၏။ သူက တံတွေးတစ်ချက် မျိုချလိုက်သည်။ ထို့နောက် ဟွာလုံမြို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ ချမ်ချန်ကန်းအား တစ်ခုချင်းစီ ပြောပြလိုက်တော့သည်။
“ကောင်းကင်အင်မော်တယ်နယ်မြေ... ခန့်ညားထည်ဝါသော ပုံရိပ်ကြီး...”
ချမ်ချန်ကန်းက သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
မိုဝန်ထျန်းက အင်မော်တယ်နယ်မြေနှင့် ပတ်သက်မှု ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ကျန်းရူဟွာက အင်မော်တယ်နယ်မြေ၏ ပါရမီရှင်တစ်ဦး ဖြစ်နေမည်ဟု သူ ပို၍ပင် မထင်မှတ်ထားခဲ့ချေ။ အောက်ဘုံတွင် သေဆုံးသွားခြင်းက ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီးကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်၏။
သူက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော အစစ်အမှန် နဂါးအင်မော်တယ်ဆေးကိုပင် ထုတ်ယူ၍ ကျန်းရူဟွာကို ပြန်လည် အသက်သွင်းပေးခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အင်မော်တယ်နယ်မြေရှိ ကျန်းရူဟွာ၏ အဆင့်အတန်းမှာ နိမ့်ကျမနေကြောင်း သိနိုင်၏။
အကြောင်းအကျိုးကို သိရှိသွားပြီးနောက် ချမ်ချန်ကန်းက လှောင်ပြုံး ပြုံးလိုက်သည်။
“မိုဝန်ထျန်း... ကောင်းကင်အင်မော်တယ်နယ်မြေကလူက မင်းကို အထင်သေးသွားတဲ့ပုံပဲ...”
မိုဝန်ထျန်းမှာ မကျေမချမ်း ဖြစ်နေသော်လည်း သူ ဘာပြောရမည်ကို မသိသဖြင့် တိတ်တဆိတ်သာ နေလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီးက အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အကြည့်တစ်ချက်တည်းနှင့်ပင် သူ၏ အုတ်မြစ်ကို ဖျက်ဆီးပစ်နိုင်ခဲ့၏။ သူ့ကို အသုံးမကျသူတစ်ယောက် ဖြစ်သွားစေခဲ့သည်။ သူ့ကို အသက်ချမ်းသာ ပေးခဲ့သည်မှာလည်း ညီမရူဟွာ၏ မျက်နှာကြောင့်သာ ဖြစ်ရမည်။ ထိုသို့မဟုတ်ပါက သူ သေချာပေါက် သေဆုံးသွားခဲ့ပြီဖြစ်၏။
ထို့အပြင် ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီး၏ ကြီးမားလှသော စွမ်းအားက သူ့ရင်ထဲတွင် ခုခံလိုစိတ် အလျဉ်းမရှိတော့သည်အထိ ဖြစ်သွားစေခဲ့သည်။
“မိုဝန်ထျန်း... ဆရာ မင်းကို မေးမယ်... မင်း ကျေနပ်လား...”
မိုဝန်ထျန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို ချမ်ချန်ကန်း မြင်သောအခါ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ရာ မိုဝန်ထျန်း၏ ဝိညာဉ်ပင် တုန်ခါသွားပြီး သူ အားတင်းလိုက်ရ၏။
မိုဝန်ထျန်းက အံကိုကြိတ်လိုက်သည်။ သူ အားအင်ကုန်ခမ်းနေသော်လည်း သူ၏ လက်သီးများကို အတင်း ဆုပ်ထားလိုက်၏။ သူ၏ နဖူးကြောများပင် ထောင်တက်နေသည်။
“ဆရာ... ကျွန်တော် မကျေနပ်ဘူး...”
“ကောင်းတယ်... မင်း ဒီတိုက်ခိုက်လိုစိတ် ရှိဖို့ လိုတယ်...”
“တစ်နေ့ကျရင် မင်း ဆုံးရှုံးသွားတဲ့ အရာအားလုံးကို မင်း ပြန်ယူနိုင်မယ်လို့ ဆရာ ယုံကြည်တယ်...”
ချမ်ချန်ကန်း စကားပြောဆိုပြီးသည်နှင့် သူ၏ စိတ်ဆန္ဒကို လှုပ်ရှားလိုက်၏။
‘ဘုန်း’ ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ မိုဝန်ထျန်း၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးမြူမှုန်များအဖြစ်သို့ ပြောင်းလဲသွား၏။ ချမ်ချန်ကန်းက သူ့ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
အင်မော်တယ်အင်ပါယာယီဟိုင်မှာမူ လုံးဝ ဆွံ့အသွားတော့၏။
*စီနီယာ... တစ်ယောက်နဲ့တစ်ယောက် သဘောမတူတာနဲ့ ဘာလို့ လူကို သတ်ပစ်ရတာလဲ။ သူက စီနီယာ့ရဲ့ တပည့်လေ*
ပြိုင်ဘက်ကင်းနယ်မြေအတွင်းတွင်။ အင်မော်တယ်စွမ်းအင်များက ပင်လယ်ပြင်ကဲ့သို့ တဟုန်ထိုး စီးဝင်လာ၏။ ၎င်းက ချမ်ချန်ကန်း အသုံးပြုလိုက်သော သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းဆောင်ရည်ပင် ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုဝန်ထျန်း ပြန်လည်ရှင်သန်လာခဲ့၏။ ဤသို့ ပြန်လည်ရှင်သန်လာမှုတွင် မိုဝန်ထျန်း၏ ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာပြီး သူ၏ အုတ်မြစ်ကိုလည်း ပြန်လည်တည်ဆောက်ပြီး ဖြစ်သွားသည်။
အင်မော်တယ်စွမ်းအင်များက ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး မကြာမီမှာပင် မိုဝန်ထျန်း၏ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားတော့၏။
သေချာစွာ ကြည့်လိုက်သောအခါ။
မိုဝန်ထျန်း၏ ခန္ဓာကိုယ်က ကြည်လင်နေပြီး အပြစ်အနာအဆာ ကင်းစင်နေကာ အင်မော်တယ်တာအိုစည်းချက်များက ကိုယ်တွင်း၌ ပေါက်ဖွားနေသဖြင့် အင်မော်တယ်ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
မိုဝန်ထျန်းမှာ ကောင်းကင်အင်မော်တယ်နယ်မြေမှ အစွမ်းထက်သူ၏ ဖျက်ဆီးမှုကို ခံလိုက်ရသော်လည်း ချမ်ချန်ကန်းအတွက်မူ သူ့ကို ပြန်လည်အသက်သွင်းရန် မည်သို့ ခက်ခဲနိုင်ပါမည်နည်း။ ယခုအခါ မိုဝန်ထျန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်၏။
မိုဝန်ထျန်း ပြန်လည်ရှင်သန်လာပြီးနောက် သူ၏ ခွန်အားများက ပို၍ အားကောင်းလာသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ သူက အလွန်စိတ်လှုပ်ရှားကာ ကျေးဇူးတင်သွားပြီး ဒူးထောက်၍ အရိုအသေ ပေးလိုက်သည်။
“တပည့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ...”
အုတ်မြစ်ပျက်စီးသွားပြီး သူက အသုံးမကျသူ တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်၏။ သို့သော်လည်း ဆရာဖြစ်သူက သူ၏ အုတ်မြစ်ကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး အသက်ပြန်ဆက်ပေးခဲ့ရာ ဤသည်က မိဘများကဲ့သို့ ဒုတိယအကြိမ် အသက်ပြန်ပေးခြင်းပင် ဖြစ်သည်။
“သေချာကျင့်ကြံပါ... မင်း အင်မော်တယ် ဖြစ်လာပြီး ကောင်းကင်ဘုံကို တက်လှမ်းတဲ့အခါ မင်းရဲ့ ချစ်သူလေးကို ပြန်ခေါ်လာခဲ့... မင်းကို နောက်ခံပေးမယ့် ဆရာ တစ်ယောက်လုံး ရှိနေမှတော့ ဘယ်သူက မင်းကို တားဆီးရဲမှာလဲ...”
တည်ငြိမ်သော စကားလုံးများ ဖြစ်သော်လည်း အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေ၏။
မိုဝန်ထျန်းကို ထိခိုက်အောင် လုပ်ခဲ့သူက ကျူးရှိူ့တိုက်ကြီး အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားမည့် အချိန်အထိ စောင့်နေလိမ့်မည်။ ထိုသူနှင့် စာရင်းရှင်းရန် သူ သေချာပေါက် သွားရောက်မည်ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ထိုသူ ပေါ်လာခြင်းကြောင့် ပိုင်ယွဲ့မှာ ကောင်းကင်တာအို၏ ပြန်လည်ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရခြင်း ဖြစ်၏။
ထိုသူကြောင့် သူ၏ တပည့်နှစ်ယောက် ဆက်တိုက် ဒဏ်ရာရခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုသူက သေချာပေါက် တန်ဖိုးပေးဆပ်ရမည် ဖြစ်၏။
ထို့နောက် ချမ်ချန်ကန်းက သူ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ မိုဝန်ထျန်းနှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့ကို ဖေးရှန့်တောင်သို့ ပြန်ခေါ်သွားလိုက်၏။
ကောင်းကင်အင်မော်တယ်နယ်မြေတွင် လောကကြီးကို ဖြတ်သန်းတည်ရှိနေသော အင်မော်တယ်တံခါးပေါက်တစ်ခု ရှိပြီး ထိုအထဲမှ မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။ သူမက ဝမ်းနည်းနေသော မျက်နှာဖြင့် ကျန်းရူဟွာပင် ဖြစ်၏။
ဤနေရာမှ ပြင်းထန်သော အင်မော်တယ်စွမ်းအင်များကို ခံစားလိုက်ရပြီး သူမက ကောင်းကင်အင်မော်တယ်နယ်မြေသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သူမက သက်ပြင်းချလိုက်ပြီး အင်မော်တယ်တံခါးပေါက်ကို ပြန်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကာ သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်လိုက်၏။
“အစ်ကိုဝန်ထျန်း…နင် သေချာပေါက် လာမယ်လို့ ငါ ယုံကြည်တယ်...”
ထိုအခိုက်တွင် အင်မော်တယ်တံခါးပေါက်မှ ခန့်ညားထည်ဝါသော ပုံရိပ်ကြီး ထွက်ပေါ်လာပြီး အင်မော်တယ် မြူခိုးများ လွင့်စင်သွားကာ နိယာမများ ပေါင်းစည်းသွားပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွား၏။ အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုက ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“သခင်မလေး... မိသားစုဆီ ပြန်ရမယ့် အချိန်ရောက်ပြီ...”
ကျန်းရူဟွာက အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ စကားကို ပြန်မဖြေခဲ့ချေ။
စိတ်ဆန္ဒတစ်ခု လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ခေါ်ယူနေသကဲ့သို့ပင်။ အဝေးမှ ကောင်းကင်ယံတွင် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားသော အင်မော်တယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဆုံးစွန်ထိ ရောက်ရှိသွားကာ ခရမ်းရွှေရောင်အင်မော်တယ်ဖီးနစ်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး အတောင်ပံများကို ဖြန့်ကာ အင်မော်တယ်တံခါးပေါက်ဆီသို့ ပျံသန်းလာတော့သည်။