← Chapters

အခန်း ၂၇၅

Vol. 24 Ch. 275

အခန်း ၂၇၅

Vol. 24 Ch. 275

အခန်း (၂၇၅) တာ့ဖုန်းအင်မော်တယ်လက်စွပ်၊ မိန်နျင် ပြန်ရောက်လာခြင်း

ကျန်းရူဟွာနှင့် အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတို့က နာရီအနည်းငယ်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။

ကောင်းကင်ဘုံကိုးထပ်အထိ ဟိန်းညံသွားသော ဖီးနစ်ငှက်၏ အော်မြည်သံနှင့်အတူ...ခရမ်းရွှေရောင် အင်မော်တယ်ဖီးနစ်တစ်ကောင် ရောက်ရှိလာ၏။

ကျန်းရူဟွာက ပြုံးလိုက်ရာ ခရမ်းရွှေရောင်အင်မော်တယ်ဖီးနစ်က ခရမ်းရွှေရောင် ဖီးနစ်လက်စွပ် းတစ်ကွင်း းအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ လက်ထဲသို့ ကျဆင်းလာသည်။

“တာ့ဖုန်းအင်မော်တယ်လက်စွပ်...”

အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ အံ့အားသင့်သွား၏။

ဤသည်က ကျန်းမိသားစု၏ ထိပ်တန်း ကာကွယ်ရေး အင်မော်တယ်ရတနာဖြစ်သော တာ့ဖုန်းအင်မော်တယ်လက်စွပ် ဖြစ်သည်။

ထို့အပြင် ၎င်းအတွင်း၌ စကြဝဠာနှင့် ရေတွက်၍မရနိုင်သော ရတနာများ ပါဝင်နေ၏။ အင်မော်တယ် လက်နက်များ၊ လျှို့ဝှက်ရတနာများနှင့် လူသေကိုပင် အသက်ပြန်ရှင်စေနိုင်သော အစစ်အမှန် နဂါးအင်မော်တယ်ဆေးကဲ့သို့သော အင်မော်တယ် ဆေးများပင်လျှင် ရှားပါးလှသည် မဟုတ်ချေ။

ကျန်းမိသားစုတစ်ခုလုံးတွင် တာ့ဖုန်း အင်မော်တယ်လက်စွပ်သုံးကွင်းသာ ရှိကြောင်း သိထားရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါ သခင်မလေးက ကောင်းကင်အင်မော်တယ်နယ်မြေသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို ခေါ်ယူလိုက်၏။

သူမ ဘာလုပ်ချင်နေသနည်း။

သို့သော်လည်း ကျန်းရူဟွာက တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“အဘိုးချင်... ကျူးရှိူ့တိုက်ကြီးကို နောက်တစ်ခေါက်လောက် သွားပြီး ဒီတာ့ဖုန်းအင်မော်တယ်လက်စွပ်ကို အစ်ကိုဝန်ထျန်းဆီ ပေးလိုက်ပါ...”

အဘိုးချင်က အံ့အားသင့်သွားပြီး ကမန်းကတန်း ဖျောင်းဖျလိုက်၏။

“သခင်မလေး... လုံးဝမဖြစ်ဘူး...”

“ဒီတာ့ဖုန်းအင်မော်တယ်လက်စွပ်က အရမ်းတန်ဖိုးကြီးလွန်းတယ်... အောက်ဘုံက ပုရွက်ဆိတ်ကို ဘယ်လိုလုပ် ပေးလို့ရမှာလဲ...”

အဘိုးချင်၏ စကားကို ကြားသောအခါ ကျန်းရူဟွာက မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။

“အဘိုးချင်... အစ်ကိုဝန်ထျန်းက ပုရွက်ဆိတ် မဟုတ်ဘူး... အစ်ကိုဝန်ထျန်းအကြောင်းကို အဘိုးချင် အဲ့လိုမကောင်းပြောတာ နောက်တစ်ခါ မကြားချင်တော့ဘူး...”

အဘိုးအို၏ ရင်ထဲတွင် လေးလံသွား၏။ သခင်မလေး၏ စိတ်ထဲတွင် ထိုအောက်ဘုံမှ ပုရွက်ဆိတ် မိုဝန်ထျန်း၏ အရေးပါမှုကို သူ အထင်သေးမိသွားခဲ့သည်။ သို့သော်လည်း အပြင်ပန်းတွင်မူ သူက တိတ်ဆိတ်နေခဲ့သည်။ သူက ခါးကို ညွှတ်၍ ရိုသေလေးစားစွာဖြင့် ပြန်ဖြေလိုက်၏။

“သခင်မလေး ခွင့်လွှတ်ပါ... အိုမင်းတဲ့ ကျွန်တော်မျိုး မှားမှန်းသိပါပြီ...”

“ရပါတယ်... အဘိုးချင်ကို အပြစ်မတင်ပါဘူး... ဒီတာ့ဖုန်း အင်မော်တယ်လက်စွပ်ကို အစ်ကိုဝန်ထျန်းဆီ သွားပေးဖို့ပဲ အဘိုးချင်ကို အကူအညီ တောင်းပါရစေ...”

“စိတ်မပူပါနဲ့ သခင်မလေး...”

အဘိုးချင်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ ထို့နောက်... သူက အင်မော်တယ်တံခါးပေါက်ဆီသို့ ပြန်လည် လှည့်ထွက်သွားသည်။

အဘိုးချင် ထွက်သွားပြီးနောက် ကျန်းရူဟွာက နောက်ဆုံးတွင် သက်ပြင်းချနိုင်သွား၏။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ပြုံးလိုက်သည်။

“အစ်ကိုဝန်ထျန်း... တာ့ဖုန်း အင်မော်တယ်လက်စွပ်ထဲက ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ဆိုရင် အစ်ကို အမြန်ဆုံး အင်မော်တယ်နယ်မြေဆီ တက်လှမ်းလာနိုင်မယ်လို့ ညီမ ယုံကြည်တယ်... ကောင်းကင်အင်မော်တယ်နယ်မြေကနေ ညီမ အစ်ကို့ကို စောင့်နေမယ်နော် အစ်ကိုဝန်ထျန်း...”

အင်မော်တယ်တံခါးပေါက်အတွင်း၌။

အဘိုးအို၏ မျက်နှာက အလွန် ပျက်ယွင်းနေ၏။ သခင်မလေးက အဆင့်အတန်း မြင့်မားပြီး ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သမီးတော်တစ်ပါး ဖြစ်သည်။ ထိုမိုဝန်ထျန်းကတော့ ယုတ်ညံ့လွန်းလှသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်၏။

သခင်မလေးက မိုဝန်ထျန်းကို ဘာကြောင့် ဤမျှတန်ဖိုးထားနေရသနည်းဆိုသည်ကို သူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။ အဖိုးတန်ဆုံးဖြစ်သော တာ့ဖုန်းအင်မော်တယ်လက်စွပ်ကိုပင် ထုတ်ယူ၍ သူ့အား ပေးအပ်လိုက်သေး၏။

သူက ကျန်းမိသားစု၏ အမိန့်အရ သခင်မလေးကို စောင့်ရှောက်ပေးရသူ ဖြစ်သည်။ ကျူးရှိူ့တိုက်ကြီးတွင် ဆယ်နှစ်ကျော်ကြာသည်အထိ သခင်မလေးက နိုးထမလာဘဲ အင်မော်တယ်တံခါးပေါက်ကို ပြန်လည်မတည်ဆောက်ခဲ့ပေ။ ၎င်းက ထိုကောင်လေးကြောင့် ဖြစ်ရမည်မှာ သေချာလှ၏။

သို့သော်လည်း သခင်မလေး၏ မှတ်ဉာဏ်များ နိုးထလာချိန်တွင် ထိုကောင်လေးကို တွေးတောနေဆဲ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ပုရွက်ဆိတ် တစ်ကောင်ဖြစ်သော မိုဝန်ထျန်း ပေါ်လာပြီး သခင်မလေးကို အောက်သို့ ဆွဲချမည့်ကိစ္စကို ကျန်းမိသားစုက လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

အဘိုးအို၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အလင်းရောင်များ တောက်ပသွား၏။

မူလက သူသည် မိုဝန်ထျန်း၏ ကျင့်ကြံခြင်း အုတ်မြစ်ကိုသာ ဖျက်ဆီး၍ သူ့ကို အသုံးမကျသူတစ်ယောက် ဖြစ်သွားစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ မိုဝန်ထျန်းကို မဖြစ်မနေ သတ်ဖြတ်ပစ်ရတော့မည်ပုံ ပေါ်၏။

ဤနည်းဖြင့်သာ မိုဝန်ထျန်း အပေါ်ထားရှိသော သခင်မလေး၏ အတွေးများကို လုံးဝ အမြစ်ဖြတ် ရှင်းလင်းနိုင်မည် ဖြစ်သည်။

ကျူးရှိူ့တိုက်ကြီး။

အင်မော်တယ်တံခါးပေါက်တစ်ခု ပွင့်လာ၏။

မိန်နျင် ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူမက သက်ပြင်းချနိုင်သွား၏။ ကံကောင်းစွာဖြင့် ကျန်းယုချန်က သူမကို လွှတ်ပေးပြီးနောက် သူမအတွက် တခြား ပြဿနာထပ်မရှာခဲ့ချေ။

ထိုသို့မဟုတ်ပါက အင်မော်တယ်ကျောက်တုံး တစ်သောင်းသုံးထောင်ကို ယူဆောင်လာရန် မဖြစ်နိုင်ပေ။ အင်မော်တယ်ကျောက်တုံးများကိုသာ အသိမ်းခံလိုက်ရပါက အကျိုးဆက်များက တွေးတောကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ကျန်းမိသားစုဘက်တွင် မည်သို့သော အစီအစဉ်များ ရှိနေသနည်း။ ဟွမ်ဖူမိသားစုကို မည်သို့ ယှဉ်ပြိုင်မည်နည်းဆိုသည်မှာ မိန်နျင် စိုးရိမ်ပူပန်နေရမည့် ကိစ္စများမဟုတ်ပေ။ စီနီယာက ဟွမ်ဖူမိသားစုကို ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ကြောင်း သူမ ယုံကြည်ထား၏။

နာရီအနည်းငယ် ကြာပြီးနောက်။ မိန်နျင်က တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ ရောက်ရှိလာခဲ့သည်။

သူမ၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။

“ဘုရားရေ... စီနီယာ့ရဲ့ အင်မော်တယ်နယ်မြေက ထပ်ပြီး ကျယ်ပြန့်သွားပြန်ပြီပဲ...”

ပြီးခဲ့သည့်အကြိမ် မိန်နျင်က တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ထွက်ခွာသွားချိန်တွင် အင်မော်တယ်နယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အစိတ်အပိုင်းတစ်ခုအထိသာ ကျယ်ပြန့်နေသေးခြင်း ဖြစ်သည်။

ယခုအခါတွင်မူ တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးက အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သူမ အံ့အားသင့်သွားပြီး အသက်ကို ပြင်းပြင်း မရှူဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ဤလောကတွင် ဤမျှကျယ်ပြောလှသော အင်မော်တယ်နယ်မြေကြီးက မည်သို့ တည်ရှိနေနိုင်မည်နည်း။

ထို့အပြင် ဤအင်မော်တယ်နယ်မြေက ဆက်လက်ကြီးထွား ကျယ်ပြန့်လာဦးမည်လား။ နောက်ဆုံးတွင် အင်မော်တယ်နယ်မြေက မည်မျှအထိ ကျယ်ပြန့်သွားမည်နည်း။

ထိုအချိန်ရောက်လျှင် ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးက အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားမည်ကို တွေးကြည့်ရန်ပင် မိန်နျင်အတွက် ခက်ခဲနေခဲ့၏။

အကယ်၍ ထိုသို့သာဆိုလျှင်။ ဤသတင်းက ထောင်ပေါင်းများစွာသော အင်မော်တယ်များဆီ ပြန့်နှံ့သွားပြီး အင်မော်တယ်များ အားလုံးကို တုန်လှုပ်သွားစေလိမ့်မည်ဟု သူမ စိုးရိမ်မိသည်။ ထိုနည်းတူစွာပင် ၎င်းက ရေတွက်၍မရနိုင်သော အင်မော်တယ် အင်အားစုများ၏ အပြိုင်အဆိုင် လုယူမှုများကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်၏။

ချမ်ချန်ကန်းအပေါ် မိန်နျင်မှာ ပို၍ပင် ရိုသေလေးစားလာခဲ့တော့သည်။ မျှော်လင့်ထားသည့်အတိုင်း စီနီယာ၏ ပေါင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားခြင်းက အကောင်းဆုံး ရလဒ်ပင်ဖြစ်၏။

ရိုသေလေးစားမှုများဖြင့် မိန်နျင်က တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဖြတ်သန်းသွားခဲ့သည်။ သူမက မရေမတွက်နိုင်သော ကျင့်ကြံသူများကို တွေ့လိုက်ရ၏။ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်နှင့် အင်မော်တယ်တက်လှမ်းခြင်း အဆင့်များပင် ရှိနေကြသည်။ ဤကျင့်ကြံသူများက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် အနည်းငယ်မျှသာ မဟုတ်ချေ။

မိန်နျင်မှာ ဇဝေဇဝါ ဖြစ်သွား၏။ အဆင့်မြင့် ကျင့်ကြံသူများစွာက ဘာကြောင့် စုဝေးနေကြသနည်းဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

တပည့်လက်ခံပွဲက ပြီးသွားပြီ မဟုတ်ဘူးလား။

မကြာမီမှာပင် မိန်နျင်က ဖေးရှန့်တောင်သို့ ရောက်လာပြီး ချမ်ချန်ကန်းနှင့် တွေ့ဆုံခဲ့၏။

အဆင့်မြင့်အင်မော်တယ်ကျောက်တုံး တစ်သောင်းနှင့် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးထောင် ပါဝင်သော သိုလှောင်လက်စွပ်ကို ချမ်ချန်ကန်းထံ သူမ ကမ်းပေးလိုက်သည်။

“စီနီယာ... ‌‌ဒါက ဟွမ်ဖူမိသားစုက စီနီယာ့အတွက် ပေးလိုက်တာပါ... အဆင့်မြင့် အင်မော်တယ်ကျောက်တုံးနဲ့ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး အားလုံးပေါင်း တစ်သောင်းသုံးထောင် ပါဝင်ပါတယ်...”

ချမ်ချန်ကန်းပင်လျှင် ဤအရေအတွက်ကို ကြားသောအခါ အံ့အားသင့်သွားပြီး မျက်လုံးများကို မကျဉ်းမြောင်းဘဲ မနေနိုင်အောင် ဖြစ်သွား၏။

“တာအိုစည်းချက်ပစ္စည်း အနည်းငယ်... အဲဒါက ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတွေဆိုရင်တောင် ဒီလောက်အများကြီး မဝယ်နိုင်ဘူး မဟုတ်လား...”

မိန်နျင်က အနည်းငယ် ပြုံးလိုက်သည်။

“စီနီယာက အင်မော်တယ်ကျောက်တုံးတွေ လိုအပ်နေတာကို မိသားစုကသိလို့... စီနီယာ့အတွက် အင်မော်တယ်ကျောက်တုံး တချို့ထပ်ပြီး ချေးပေးခဲ့တာပါ...”

ချမ်ချန်ကန်းက အံ့အားသင့်သွားပြီး ပြောလိုက်၏။

“မင်းတို့ ဟွမ်ဖူမိသားစုက စေတနာထားတတ်သားပဲ...”

All Chapters