← Chapters

အခန်း ၂၇၆

Vol. 24 Ch. 276

အခန်း ၂၇၆

Vol. 24 Ch. 276

အခန်း (၂၇၆) အဲ့တာတွေ ဒီအရှင်မှာ အများကြီးရှိတယ်

ထိပ်တန်းအင်မော်တယ်ကျောက်တုံး တစ်သောင်း၊ တစ်တုံးကို နယ်မြေတန်ဖိုး ငါးသောင်းဖြင့် လဲလှယ်နိုင်၏။

ထို့အပြင် အဆင့်မြင့် အင်မော်တယ်ကျောက်တုံး သုံးထောင်၊ တစ်တုံးကို နယ်မြေတန်ဖိုး သုံးသောင်းဖြင့် လဲလှယ်နိုင်ပေသည်။

ဤရိတ်သိမ်းမှုက သူ ဘယ်သောအခါမှ မမှန်းဆဖူးသော အရာပင် ဖြစ်၏။ ချမ်ချန်ကန်းပင်လျှင် ဤမျှ များပြားသော အင်မော်တယ်ကျောက်တုံးများကို မရဖူးခဲ့ချေ။

အားလုံးကိုသာ နယ်မြေတန်ဖိုးအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်တော့ပေ။

သေချာသည်မှာ ချမ်ချန်ကန်းက နယ်မြေတန်ဖိုးများကို အခုချက်ချင်း လဲလှယ်ရန် မလောသေးချေ။

ပြိုင်ဘက်ကင်းနယ်မြေ စနစ် ဗားရှင်း ၆.၀ ၏ အဆင့်မြှင့်တင်ရေး တာဝန်ကို သူ မမေ့သေးပေ။

ပထမအချက်က အောက်ဘုံကို တက်လှမ်းစေပြီး ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲကာ ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများနှင့် ပေါင်းစည်းရန် ဖြစ်သည်။

ဒုတိယအချက်က နယ်မြေတန်ဖိုး သန်းနှစ်ဆယ် ပြင်ဆင်ထားရန် ဖြစ်၏။

နယ်မြေတန်ဖိုး သန်းနှစ်ဆယ်ဆိုသည်က ချမ်ချန်ကန်းအတွက် ပြဿနာ မဟုတ်ချေ။

နယ်မြေတန်ဖိုးလဲလှယ်ရန် အင်မော်တယ်ကျောက်တုံးများ အသုံးပြုသည်ကို ထည့်မပြောနှင့်ဦး။

သူက ငါးဆားနယ်ကဲ့သို့ အေးအေးလူလူ နေထိုင်လျှင်ပင် ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများ အဆင့်တက်သွားသည်နှင့် အချိန်တိုအတွင်း စုဆောင်း၍ ရနိုင်၏။

ထို့ထက်ပိုသည်က ပြိုင်ဘက်ကင်းနယ်မြေကို ပထမဆုံးအကြိမ်လာသော ကျင့်ကြံသူများမှာ သေခြင်းတရားဖြင့် ဆေးကြောခြင်းကို ခံစားရဦးမည် ဖြစ်သည်။

သေခြင်းတရားဖြင့် ဆေးကြောခြင်း တစ်ခုတည်းနှင့်ပင် ချမ်ချန်ကန်းက နယ်မြေတန်ဖိုး သန်းပေါင်းများစွာ ရရှိထားပြီး ဖြစ်၏။

နောက်ပိုင်းအဆင့်များတွင် အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းဆီလာမည့် ကျင့်ကြံသူ အရေအတွက်က ပို၍သာ တိုးလာဦးမည် ဖြစ်သည်။

ယခု ချမ်ချန်ကန်း၏ အဓိကတာဝန်က ကျူးရှိူ့တိုက်ကြီးကို တက်လှမ်းစေပြီး ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲရန် ဖြစ်၏။

တစ်ချိန်တည်းမှာပင်... လွန်ခဲ့သော ရက်အနည်းငယ်က ပိုင်ယွဲ့က ကောင်းကင်တာအိုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ကောင်းကင်တာအို အစောင့်အရှောက်ရာထူးကို ရရှိသွားခဲ့သည်။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးက ပိုင်ယွဲ့၏ နယ်မြေ ဖြစ်သွားပြီဟု ပြော၍ရ၏။

ကောင်းကင်တာအိုကို တာဝန်ယူထားရသဖြင့် လူတစ်ယောက်၏အောက်နှင့် လူသောင်းပေါင်းများစွာ၏ အထက်တွင် ရှိနေခြင်းပင် ဖြစ်သည်။

ယခုအခါ ပိုင်ယွဲ့က မိုဝန်ထျန်းနှင့် တိုက်ခိုက် လေ့ကျင့်နေ၏။

ဟွာလုံမြို့ကိစ္စကို ဖြတ်သန်းပြီးနောက်... မိုဝန်ထျန်းက အမြန်ဆုံး အင်မော်တယ်နယ်မြေဆီ တက်လှမ်းနိုင်ရန်နှင့် ပိုမိုအစွမ်းထက်လာစေရန် အသည်းအသန် ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဖေးရှန့်တောင်ကို ပြန်ရောက်ပြီးနောက် သူ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့၏။

သို့မဟုတ် အင်မော်တယ်အင်ပါယာယီဟိုင်က သူ့ကို ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သင်ကြားပေးခဲ့သည်။

သို့မဟုတ်ပါကလည်း မိုဝန်ထျန်းက သူ၏ ခွန်အားများ တိုးတက်လာစေရန်အတွက် ပိုင်ယွဲ့ကို သူ့နှင့်အတူ တိုက်ခိုက်ပေးရန် တောင်းဆိုခဲ့၏။

မိုဝန်ထျန်း၏ ကျင့်ကြံခြင်း တိုးတက်မှုက အလွန်မြန်ဆန်ကြောင်းကို ထည့်ပြောစရာပင် မလိုချေ။

အမြီးလေးက ဖေးရှန့်တောင်ပေါ်တွင်နေရင်း မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ အပြင်းအထန် လေ့ကျင့်နေကြသည်ကို ကြည့်ကာ အားနာလာခဲ့၏။ သူမကလည်း လေ့ကျင့်ရေးအဖွဲ့ထဲ ဝင်ပါလာခဲ့သည်။

ယခုအင်မော်တယ်ကျောက်တုံးများ လုံလောက်သွားပြီ ဖြစ်သဖြင့် တက်လှမ်းခြင်း အစီအရင်ကို စတင်ပြင်ဆင်နိုင်ပြီ ဖြစ်၏။

ထို့ကြောင့် ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ခေါ်လိုက်သည်။

ပိုင်ယွဲ့က ကောင်းကင်တာအို အစောင့်အရှောက် ဖြစ်လာသည့်အတွက် မိန်နျင်ကို အလွန်ပျော်ရွှင်သွားစေခဲ့၏။

“သတ္တမမင်းသမီး ကောင်းကင်တာအို အစောင့်အရှောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်... အင်မော်တယ်အဖြစ် တက်လှမ်းသွားတာနဲ့ ရွှယ်ဝူအင်မော်တယ်နယ်မြေရဲ့ နယ်မြေသခင် ရာထူးကို ယှဉ်ပြိုင်နိုင်ပြီ...”

“မိန်နျင်... ငါ လောလောဆယ် အင်မော်တယ်အဖြစ် တက်လှမ်းဖို့ အစီအစဉ် မရှိသေးဘူး...”

မိန်နျင်က အံ့အားသင့်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

“သတ္တမမင်းသမီး... အဲဒါ ဘာဖြစ်လို့လဲ...”

ပိုင်ယွဲ့က အနည်းငယ် ပြုံးလိုက်သည်။

“ဆရာက ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်... ဒါကြောင့် ငါ ကျန်ရစ်ပြီး ဆရာ့ကို ကူညီချင်တယ်...”

မိန်နျင်မှာ တုန်လှုပ်သွားတော့၏။

“ကျူးရှိူ့အင်မော်တယ်နယ်မြေ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ဘေးဘက်မှနေ၍ ချမ်ချန်ကန်းက ဝင်ပြောလိုက်သည်။

“မိန်နျင်... တစ်ခုခုမှားနေလို့လား...”

မိန်နျင်က ဖြေလိုက်၏။

“စီနီယာ... အောက်ဘုံကနေ အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းချင်တယ်လို့ ကျွန်မ ကြားဖူးပါတယ်...”

“တက်လှမ်းခြင်းကပ်ဘေးက ပိုပြီး ကြောက်မက်ဖွယ် ကောင်းပါတယ်... အကယ်၍ ကျူးရှိူ့တိုက်ကြီးက မတားဆီးနိုင်ဘဲ ကောင်းကင်တာအို ပျက်စီးသွားမယ်ဆိုရင် သတ္တမမင်းသမီးက ကောင်းကင်တာအို အစောင့်အရှောက်အနေနဲ့ တက်လှမ်းခြင်း ကပ်ဘေးကို သေချာပေါက် ခံစားရပါလိမ့်မယ်... ဂရုမစိုက်ဘူးဆိုရင် အဲဒီအထဲမှာ သေတောင် သေသွားနိုင်တယ်...”

ချမ်ချန်ကန်းက ခပ်ဟဟ ပြုံးလိုက်သည်။

“ကိစ္စမရှိပါဘူး... အဲ့တက်လှမ်းခြင်း ကပ်ဘေးလောက်ကတော့ ဒီအရှင်က သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးမှာပါ...”

တည်ငြိမ်သော စကားလုံးများက မိန်နျင်၏ စိုးရိမ်ပူပန်နေသော နှလုံးသားကို အေးချမ်းသွားစေပြီး သူပြောသည့်စကားကို ရင်ထဲမှ အပြည့်အဝ ယုံကြည်သွားစေ၏။ သူပြောလိုက်လျှင် သေချာပေါက် လုပ်နိုင်မည်ဟု ထင်ရသည်။

ဘေးဘက်မှ ပိုင်ယွဲ့က ပြောလိုက်၏။

“ဆရာ့ကို တပည့် ယုံကြည်တယ်...”

မိန်နျင်က အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ မျက်လုံးများက တည်ကြည်နေသည်။

“စီနီယာ့ကိုလည်း ကျွန်မ ယုံကြည်ပါတယ်...”

“အရမ်းကောင်းတယ်...”

ထို့နောက် ချမ်ချန်ကန်းက အင်မော်တယ်ကျောက်တုံး တစ်သောင်းသုံးထောင် ပါဝင်သော သိုလှောင်လက်စွပ်ကို ပိုင်ယွဲ့ထံ ကမ်းပေးလိုက်၏။

“ပိုင်ယွဲ့... ကျူးရှိူ့တိုက်ကြီးရဲ့ တက်လှမ်းခြင်း အစီအရင်ကို မင်းဆီ လွှဲအပ်လိုက်မယ်...”

ပိုင်ယွဲ့က သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်လိုက်ရာ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။

ကျယ်ပြောလှသော အင်မော်တယ် အလင်းတန်းများနှင့်အတူ ထိပ်တန်းအဆင့်နှင့် အဆင့်မြင့် အင်မော်တယ်ကျောက်တုံးများက တောင်တန်းတစ်ခုကဲ့သို့ ပုံနေသည်။ သူမပင်လျှင် ဤမျှ များပြားသော အင်မော်တယ်ကျောက်တုံးများကို မမြင်ဖူးခဲ့ချေ။

“ဒီအင်မော်တယ်ကျောက်တုံးတွေက...”

ချမ်ချန်ကန်းက ပြန်ပြောလိုက်သည်။

“လေလံပွဲကရတဲ့ ဝင်ငွေအပြင် မင်းတို့ ဟွမ်ဖူမိသားစုက ကြိုပေးထားတာတွေပါ... တက်လှမ်းခြင်း အစီအရင်ကို ပြင်ဆင်ဖို့ လုံလောက်ရဲ့လား...”

“လုံလောက်ပါတယ် ဆရာ...”

“ကောင်းပြီ... သွားပြီး ပြင်ဆင်လိုက်တော့...”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ကို ယူကာ ထွက်သွား၏။ ချမ်ချန်ကန်းက မိန်နျင်ကို ပြုံး၍ ကြည့်လိုက်သည်။

“ဟွမ်ဖူမိသားစုက ဒီလောက် ကြီးမားတဲ့ ကျေးဇူးကို ပြုထားမှတော့ ဒီအရှင်ကလည်း ဟွမ်ဖူမိသားစုကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး... ငါ့နောက် လိုက်ခဲ့...”

ချမ်ချန်ကန်းက မိန်နျင်ကို ဘေးဘက်ခန်းမဆောင်ဆီ ခေါ်သွားလိုက်၏။

ဘေးဘက်ခန်းမဆောင်ထဲတွင် တာအိုစည်းချက် အလင်းရောင်များ စီးဆင်းနေသည့် တာအိုစည်းချက်ပစ္စည်း အခုနှစ်ဆယ်ကျော် ပုံနေသည်။ တာအိုစည်းချက် ပစ္စည်းတိုင်းက အမြင့်ဆုံး အရည်အသွေးများ ဖြစ်ကြ၏။ ဤသည်က သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းစွမ်းအား အသုံးပြု၍ ချမ်ချန်ကန်း ဖန်တီးထားသော တာအိုစည်းချက်ပစ္စည်းများ ဖြစ်သည်။

ဤလေလံပွဲမှ ကြည့်ရသည်မှာ နောင်တွင် တာအိုစည်းချက်ပစ္စည်းများ ပိုမို ဖန်တီးရမည့်ပုံ ပေါ်၏။ မည်သို့ပင်ဖြစ်စေ သူက သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်း၏ စွမ်းအားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဘာမှနစ်နာသွားခြင်းမရှိပေ။

မိန်နျင်မှာမူ...

ဘေးဘက်ခန်းမဆောင်၏ ထောင့်တစ်နေရာတွင် အမှိုက်ပုံသဖွယ် ပုံနေသော ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်း အခုနှစ်ဆယ်ကျော်ကို ကြည့်ရင်း လုံးဝ ဆွံ့အသွားပြီး သူမ၏ နီရဲသော နှုတ်ခမ်းများ ပွင့်ဟသွားကာ ပြန်ပိတ်၍ပင် မရနိုင်တော့ချေ။

*ဒါက အရမ်းအံ့သြဖို့ ကောင်းလွန်းမနေဘူးလား…*

*ငါ ရွှယ်ဝူအင်မော်တယ်နယ်မြေကို ခဏလေး ပြန်သွားတာ မဟုတ်ဘူးလား... ဘာလို့ စီနီယာက ဒီလောက်များပြားတဲ့ တာအိုစည်းချက်ပစ္စည်းတွေကို ဖန်တီးထားရတာလဲ... တစ်ခုချင်းစီက ထိပ်တန်းအဆင့်တွေချည်းပဲ…*

ဤအရာတွေကို ရွှယ်ဝူအင်မော်တယ်နယ်မြေက အင်မော်တယ်တွေသာ သိသွားရင် ရူးမသွားဘဲ မနေနိုင်ပေ။

လေလံပွဲနေ့က ဤတာအိုစည်းချက်ပစ္စည်း အနည်းငယ်အတွက် အင်အားကြီး အင်မော်တယ် အဖွဲ့အစည်းတွေ အားလုံး ရူးသွပ်နေခဲ့ကြတာကို သူမ သေသေချာချာ မှတ်မိနေသေး၏။

“စီနီယာ... ဒါ... ဒါက...”

အလွန်အံ့အားသင့်နေသဖြင့် မိန်နျင်၏ စကားများက တစ်ဝက်တစ်ပျက် ဖြစ်နေ၏။

“မင်းမြင်တဲ့အတိုင်းပဲ... မင်းတို့အတွက် ပြင်ဆင်ထားတဲ့ တာအိုစည်းချက် ပစ္စည်းတွေလေ...”

“စီနီယာ... ဒါတွေက အရမ်း များလွန်းပါတယ်... အရမ်းလည်း တန်ဖိုးကြီးလွန်းလို့ ဟွမ်ဖူမိသားစုက မတတ်နိုင်ပါဘူး...”

ချမ်ချန်ကန်းက ခပ်ဟဟ ပြုံးလိုက်သည်။

“အဲဒါဆို အချိန်တန်ရင် မင်းတို့ ဟွမ်ဖူမိသားစုကပဲ စီမံလိုက်ပါ... တချို့ကို သိမ်းထားပြီး ကျန်တာတွေကို အင်မော်တယ်ကျောက်တုံးတွေပိုရအောင် လေလံတင်ဖို့ ကူညီပေးလိုက်...ဒီဟာတွေက ဒီအရှင့်မှာ အများကြီးရှိတယ်...”

All Chapters