အခန်း ၂၇၇
Vol. 24 Ch. 277
အခန်း (၂၇၇) ကြီးမားသော တက်လှမ်းခြင်း အစီအရင်၊ ယုံကြည်မှုစွမ်းအား
ကျူးရှိူ့တိုက်ကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတို့တွင်။
ပိုင်ယွဲ့၊ မိန်နျင်၊ မိုဝန်ထျန်းနှင့် အင်မော်တယ်အင်ပါယာယီဟိုင်တို့က ဦးဆောင်၍ သွားရောက်ခဲ့ကြ၏။
လူတစ်ယောက်စီ၏ လက်ထဲတွင် ထိပ်တန်းအဆင့်အင်မော်တယ်ကျောက်တုံး တစ်ထောင်စီပါရှိသည်။
ဤထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို ကြီးမားသော တက်လှမ်းခြင်းအစီအရင် ပြင်ဆင်ရန် အသုံးပြုရမည် ဖြစ်၏။
ထို့ကြောင့် စုစုပေါင်း ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး လေးထောင် ရှိပေသည်။
အင်မော်တယ်နယ်မြေမှ ထိပ်သီး အင်မော်တယ် အင်အားစုများပင်လျှင် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ထောင်ပေါင်းများစွာကို တစ်ကြိမ်တည်း ထုတ်ပေးလိုက်ရပါက အထိနာသွားလိမ့်မည် ဖြစ်၏။
ဤသည်က အဓိကအားဖြင့် ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများကြောင့် ဖြစ်သည်။
၎င်းက အင်မော်တယ်နယ်မြေရှိ အင်မော်တယ်များအားလုံးကို အလွန်တုန်လှုပ် အံ့အားသင့်သွားစေခဲ့၏။
ထို့အပြင် ချမ်ချန်ကန်း၏ ကျင့်ကြံခြင်းစွမ်းအားက သူတို့၏ စိတ်ထဲတွင် မှန်းဆ၍ မရနိုင်လောက်အောင် နက်နဲနေပြီး လူသေကိုပင် အသက်ပြန်ရှင်စေနိုင်သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် စွမ်းရည်များကို သူ ပိုင်ဆိုင်ထားသည့်ပုံ ပေါ်သည်။
ထို့ကြောင့်...
သူတို့က လေလံပွဲ ဝင်ဆင်နွှဲခဲ့ကြပြီး ဟွမ်ဖူမိသားစုပင်လျှင် ချမ်ချန်ကန်းအတွက် ကိုယ်ပိုင်အာမခံချက်ဖြင့် အင်မော်တယ်ကျောက်တုံး အမြောက်အမြားကို ချေးငှားပေးခဲ့၏။
ထိုသို့မဟုတ်ပါက ချမ်ချန်ကန်းက ကျူးရှိူ့တိုက်ကြီးကို အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းစေချင်လျှင်ပင် ဤတက်လှမ်းခြင်း အစီအရင်ကို လောလောဆယ် ပြင်ဆင်နိုင်မည် မဟုတ်ချေ။
ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်း အခုနှစ်ဆယ်ကျော်ကို မိန်နျင်၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားရာ သူမကို စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်စေခဲ့သည်။
ကြီးမားသော ရတနာသိုက်ကြီးတစ်ခုကို သယ်ဆောင်ထားရသဖြင့် လုယက်ခံရမည်ကို သူမ ပို၍ပင် စိုးရိမ်နေမိ၏။
သေချာသည်မှာ ကျူးရှိူ့တိုက်ကြီးတွင်ရှိနေစဉ် ၎င်းအတွက် သူမ စိုးရိမ်စရာ မလိုပေ။
မည်သို့ပင်ဖြစ်စေ ကျူးရှိူ့တိုက်ကြီးတွင် စီနီယာရှိနေပြီး သတ္တမမင်းသမီးကလည်း ကောင်းကင်တာအို အစောင့်အရှောက် ဖြစ်လာခဲ့ပြီ ဖြစ်၏။
လောလောဆယ်တွင် ကျူးရှိူ့တိုက်ကြီး၌ ဤထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများ လုယက်ခံရမည်ကို စိုးရိမ်စရာ မလိုချေ။
သူမက ကျူးရှိူ့တိုက်ကြီး၏ တောင်ဘက်ပိုင်းသို့ သွားရောက်ခဲ့ပြီး ပိုင်ယွဲ့ ညွှန်ပြထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။
တာအိုစည်းချက် ပစ္စည်းများကို သူမ ရရှိပြီးနောက် ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ ချက်ချင်း ပြန်မသွားခဲ့ပေ။
ထိုအစား သူမက ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး ကြီးမားသော တက်လှမ်းခြင်း အစီအရင်ကို ပြင်ဆင်နေခြင်း ဖြစ်၏။
ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားပြီးမှသာ ပြန်သွားလျှင်လည်း နောက်ကျမည် မဟုတ်ချေ။
သေချာသည်မှာ... သူမကလည်း ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းမည့် ခမ်းနားထည်ဝါသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်ခဲ့သည်။
ရှေးခေတ်ကာလတစ်လျှောက်လုံးနှင့် သမိုင်းကြောင်း တစ်လျှောက်တွင် အောက်ဘုံမှ အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းခဲ့သော အခြား ဥပမာများ မရှိသည်တော့ မဟုတ်ပေ။
ဖြစ်စဉ်က အလွန်ခက်ခဲလွန်းခြင်းသာ ဖြစ်၏။
အနည်းငယ်မျှ သတိလွတ်သွားပါက အောက်ဘုံမှာ တက်လှမ်းခြင်း ကပ်ဘေးတွင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
သမိုင်းကြောင်း တစ်လျှောက်လုံးတွင်လည်း ထိုသို့သာဖြစ်ခဲ့၏။
တကယ်တော့ ပို၍ အရေးကြီးသော အရာတစ်ခု ရှိသေးသည်။
ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများမှာ အဆက်မပြတ် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
အင်မော်တယ်နယ်မြေများတွင်လည်း အဆင့်အတန်းများ ခွဲခြားထားရာ ယခုမှ တက်လှမ်းလာသော အင်မော်တယ်နယ်မြေများက အလွန် အားနည်းပေသည်။
၎င်းကို အခြားအင်မော်တယ်နယ်မြေများက သိမ်းပိုက်သွားရန် အလွန် လွယ်ကူလှ၏။
ဤသည်က မိန်နျင် အမှန်တကယ် စိုးရိမ်နေသော ကိစ္စပင် ဖြစ်သည်။
သူမက ခေါင်းခါလိုက်ပြီး ထပ်၍ မတွေးတော့ချေ။
စိုးရိမ်ပူပန်နေရုံဖြင့် ဘာမှထူးခြားလာမည် မဟုတ်ပေ။
ထို့ထက်ပိုသည်က စီနီယာရှိနေခြင်းပင် ဖြစ်၏။
သူက ကျူးရှိူ့တိုက်ကြီးကို တက်လှမ်းစေရန် ရည်ရွယ်ထားမှတော့ သူ သေချာပေါက် ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်သည်။
သူမက စိုးရိမ်ပူပန်နေစရာ မလိုချေ။
စီနီယာ့အပေါ် အပြည့်အဝ ယုံကြည်မှု ရှိထားသင့်ပြီး စီနီယာ့ကိုသာ အားကိုးသင့်၏။
ထို့နောက် မိန်နျင်က ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူလိုက်သည်။
အင်မော်တယ်ကျောက်တုံး တစ်ခုစီတိုင်းက သေသပ်စွာ ထွင်းထုထားပြီး တောက်ပစွာ လင်းလက်နေ၏။
ထို့နောက် ပိုင်ယွဲ့ သင်ကြားပေးထားသည့်အတိုင်း မိန်နျင်က တောင်ဘက်အရပ်မှ ကြီးမားသော တက်လှမ်းခြင်း အစီအရင်ကို ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်အင်ပါယာ ယီဟိုင်၊ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကလည်း...
အရှေ့၊ အနောက်နှင့် မြောက်ဘက်တို့တွင်လည်း အစီအရင်များကို ပြင်ဆင်နေကြ၏။
ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက်...
သူတို့က ဖေးရှန့်တောင်သို့ ပြန်လာကြသည်။
“ဆရာ... တက်လှမ်းခြင်း အစီအရင်ကို ပြင်ဆင်လို့ ပြီးပါပြီ...”
ပိုင်ယွဲ့က ပြောလိုက်၏။
ချမ်ချန်ကန်း၏ မျက်လုံးများက မီးတောက်များသဖွယ် တောက်ပသွားသည်။
“အရမ်းကောင်းတယ်... အခု ကြီးမားတဲ့ အစီအရင်ကို စတင်အသက်သွင်းလို့ ရပြီလား...”
ပိုင်ယွဲ့က ခေါင်းခါပြလိုက်၏။
“အောက်ဘုံကနေ တက်လှမ်းဖို့ဆိုတာ အလွန် အရေးကြီးပါတယ်... တက်လှမ်းခြင်း အစီအရင်ရဲ့ စွမ်းအား အပြည့်အဝကို အသုံးပြုဖို့အတွက် တပည့်ရဲ့ ကောင်းကင်တာအို အစောင့်အရှောက် စွမ်းအား တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး... ယုံကြည်မှုစွမ်းအား အများစုကို ဖြည့်စွက်ဖို့ လိုအပ်ပါတယ်...”
ချမ်ချန်ကန်းက မေးလိုက်၏။
“ယုံကြည်မှုစွမ်းအား...”
ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ယုံကြည်မှုစွမ်းအားက ကျူးရှိူ့တိုက်ကြီး မွေးဖွားလာခြင်းရဲ့ အခြေခံ စွမ်းအားပါပဲ... အဲဒါက ကျူးရှိူ့တိုက်ကြီးမှာရှိတဲ့ သက်ရှိတွေအားလုံးဆီကနေ အရင်းခံလာတာပါ... အောက်ဘုံကနေ တက်လှမ်းဖို့ဆိုတာ အလွန်အရေးကြီးပြီး ကျူးရှိူ့တိုက်ကြီးမှာရှိတဲ့ သက်ရှိအားလုံးနဲ့လည်း ဆက်စပ်နေပါတယ်... အခု ဆရာက အောက်ဘုံကနေ တက်လှမ်းဖို့ ရည်ရွယ်ထားပေမဲ့ ဒီကိစ္စကို လူတွေ မသိကြသေးပါဘူး... ဒါကြောင့် ယုံကြည်မှုစွမ်းအားကို လောလောဆယ် စုဆောင်းလို့ မရသေးတာပါ... တက်လှမ်းခြင်း အစီအရင်ရဲ့ စွမ်းအားက မလုံလောက်ဘူးဆိုရင် တက်လှမ်းတာကို ကျရှုံးသွားစေနိုင်ပါတယ်...”
ဘေးဘက်မှ အင်မော်တယ်အင်ပါယာ ယီဟိုင်က ရယ်မောလိုက်၏။
“စီနီယာက ကျူးရှိူ့တိုက်ကြီးမှာ နာမည်ကြီးပါတယ်... ခုလိုတက်လှမ်းခြင်းက ကျူးရှိူ့တိုက်ကြီးအတွက် အကျိုးရှိစေမှာပါ... ကျူးရှိူ့တိုက်ကြီးက သက်ရှိအားလုံးကလည်း စီနီယာ့ရဲ့ ဆုံးဖြတ်ချက်ကို သေချာပေါက် သဘောတူကြမှာပါ... ယုံကြည်မှုစွမ်းအား လိုအပ်တယ်ဆိုမှတော့ သူတို့ကို အသိပေးလိုက်ရင် အဆင်ပြေသွားမှာပါ...”
မိုဝန်ထျန်းကလည်း အင်မော်တယ်အင်ပါယာ ယီဟိုင်၏ စကားများကို ထောက်ခံလိုက်ပြီး ချမ်ချန်ကန်းကို ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“ဟုတ်ပါတယ်... ဆရာက ကျူးရှိူ့တိုက်ကြီးမှာ အလွန်လေးစားခံရသူတစ်ဦးပါ... တစ်ခွန်းလောက်သာ ပြောလိုက်ရုံနဲ့ ဘယ်သူကမှ ငြင်းဆန်မှာ မဟုတ်ပါဘူး... လုံလောက်တဲ့ ယုံကြည်မှုစွမ်းအားကို ရဖို့ဆိုတာ မခက်ခဲပါဘူး...”
ထိုအချိန်တွင် မိန်နျင်က စကားပြောလာ၏။
သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေသည်။
“စီနီယာ... စီနီယာက အောက်ဘုံကို တက်လှမ်းစေပြီး ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါပေမဲ့ စီနီယာ့ကို ကြိုပြောပြထားရမယ့် ကိစ္စတစ်ခု ရှိနေပါတယ်...”
ချမ်ချန်ကန်းက ခေါင်းညိတ်ပြလိုက်၏။
“အသေးစိတ် ပြောပြပါဦး...”
မိန်နျင်က အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
“စီနီယာ... အောက်ဘုံက တက်လှမ်းလာပြီး အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားပြီဆိုရင် ကောင်းကင်တာအိုရဲ့ နိယာမ စွမ်းအားတွေက ဆက်လက် တည်ရှိနေတော့မှာ မဟုတ်ပါဘူး... အဲဒီအချိန်ကျရင် ကျူးရှိူ့အင်မော်တယ်နယ်မြေက တခြား အင်မော်တယ်နယ်မြေတွေရဲ့ ကျူးကျော်မှုကိုခံရပြီး အင်မော်တယ်နယ်မြေရဲ့ မူလစွမ်းအားတွေကို လုယူခံရဖို့ ရာခိုင်နှုန်း အရမ်း များပါတယ်...”
“ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးမှာ အင်မော်တယ်တစ်ပိုင်းအဆင့်တွေ ရှိတယ်ဆိုပေမဲ့ တခြားအင်မော်တယ်နယ်မြေတွေအတွက်တော့ ဘာမှ မဟုတ်ပါဘူး... နိုဒါအင်မော်တယ်နယ်မြေက အင်မော်တယ်အစစ် မရှိသလောက်ကို ရှားပါတယ်... တခြား အင်မော်တယ်နယ်မြေတွေက အင်မော်တယ်တွေ ဝင်ရောက် ကျူးကျော်လာခဲ့ရင် စီနီယာ့မှာ ဘယ်လို တန်ပြန်တိုက်ခိုက်မယ့် အစီအစဉ် ရှိလဲ မသိဘူးနော်...”
မိန်နျင်၏ စကားများက ချမ်ချန်ကန်းကို တွေးတောသွားစေ၏။ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ပိုင်ယွဲ့က ပြောလိုက်သည်။
“မိန်နျင်... မင်း စိုးရိမ်စရာ မလိုပါဘူး... အောက်ဘုံက တက်လှမ်းပြီးသွားရင် ဟွမ်ဖူမိသားစုကို အကူအညီ လာပေးခိုင်းလို့ ရပါတယ်...”
အင်မော်တယ်အင်ပါယာယီဟိုင်မှာ ယုံကြည်မှု အပြည့် ရှိနေ၏။
“ကျူးရှိူ့တိုက်ကြီးမှာ စီနီယာ ရှိနေတယ်လေ... အင်မော်တယ်နယ်မြေက မျက်စိမမြင်တဲ့သူတွေ ဝင်ရောက် ကျူးကျော်လာရင်တော့ သေလမ်းတစ်လမ်းပဲ ရှိမှာပေါ့...”
ချမ်ချန်ကန်းက မေးလိုက်သည်။
“အောက်ဘုံက အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားတာနဲ့ ကျူးကျော်ခံရပြီး သိမ်းပိုက်ခံရမှာပဲလား...”
မိန်နျင်တို့က ခေါင်းခါပြလိုက်ကြ၏။
အင်မော်တယ်အင်ပါယာ ယီဟိုင်က ပြန်ဖြေလိုက်သည်။
“စီနီယာ... စိုးရိမ်စရာ မလိုပါဘူး... ဒါပေမဲ့ တာအိုမိတ်ဆွေ မိန်ရဲ့ စိုးရိမ်ပူပန်မှုတွေက အခြေအမြစ်မရှိ ဖြစ်နေပါတယ်... အထက်ဘုံမှာ ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေတွေရှိပြီး အခုမှ တက်လှမ်းလာတဲ့ အင်မော်တယ်နယ်မြေတွေ အများကြီး ရှိပါတယ်... မူလစွမ်းအားက အရမ်းရှားပါးပါတယ်... ယေဘုယျအားဖြင့် တခြား အင်မော်တယ်နယ်မြေတွေက သိပ်သဘောမကျကြပါဘူး... ဒါကြောင့် ပုံမှန် အခြေအနေဆိုရင် တခြား အင်မော်တယ်နယ်မြေတွေ လုံးဝ ကျူးကျော်လာမှာ မဟုတ်ပါဘူး...”
“ဒါပေမဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်းကို လွှမ်းခြုံထားတဲ့ စီနီယာ့ရဲ့ အင်မော်တယ်နယ်မြေက အရည်အသွေး အရမ်းမြင့်ပြီး အရင်က တစ်ခါမှ မကြားဖူးတဲ့အရာပါ... တခြား အင်မော်တယ်နယ်မြေတွေသာ ဒါကို သိသွားရင် တခြားအင်မော်တယ်နယ်မြေတွေရဲ့ အပြိုင်အဆိုင် လုယူတာကို သေချာပေါက် ဆွဲဆောင်နိုင်ပါလိမ့်မယ်...”
ပိုင်ယွဲ့က အင်မော်တယ်အင်ပါယာ ယီဟိုင်၏ စကားများကို ထောက်ခံလိုက်၏။
ချမ်ချန်ကန်းက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး စဉ်းစားလိုက်သည်။
အခြားအင်မော်တယ်နယ်မြေများ၏ ကျူးကျော်မှုကို သူ လုံးဝ မကြောက်ပေ။
သူ၏ ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာပါက မည်မျှပင် အစွမ်းထက်ပါစေ သေချာပေါက် သေဆုံးရမည် ဖြစ်၏။
စိုးရိမ်စရာ တစ်ခုတည်းသော အရာက...
ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိအားလုံးပင် ဖြစ်သည်။
ထိုအင်မော်တယ်များ၏ မျက်လုံးထဲတွင် သူတို့က ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေကြ၏။
အခြားအင်မော်တယ်နယ်မြေများမှ ကျူးကျော်လာဲဲပါက သူတို့၏ အသက်အန္တရာယ်က စိုးရိမ်ရမည် ဖြစ်သည်။
လက်ရှိ သူ၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်းကိုသာ လွှမ်းခြုံထားနိုင်သေး၏။
ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် လိုအပ်နေသေးသည်။
သူက သွေးအေးတတ်သူ တစ်ယောက် မဟုတ်ချေ။
သူ၏ ကိုယ်ကျိုးစီးပွားနှင့် စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် အခြားအပြစ်ကင်းသော သက်ရှိများ၏ အသက်ကို သူ သေချာပေါက် ဖျက်ဆီးမည် မဟုတ်ပေ။
သို့သော်လည်း ချမ်ချန်ကန်း အတွက်မူ...
ဤကိစ္စကို ဖြေရှင်းရန် မခက်ခဲပေ။
သူက ခပ်ပေါ့ပေါ့ ပြောလိုက်၏။
“ပိုင်ယွဲ့... ကျူးရှိူ့တိုက်ကြီးက အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းသွားပြီးရင် ကျူးရှိူ့အင်မော်တယ်နယ်မြေကို မင်း ဆက်ပြီး ထိန်းချုပ်ထားနိုင်ဦးမလား...”
ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ရပါတယ် ဆရာ... ကျူးရှိူ့အင်မော်တယ်နယ်မြေ တည်ထောင်ပြီးသွားရင် ကောင်းကင်တာအို အစောင့်အရှောက်အနေနဲ့ တပည့်က ကျူးရှိူ့တိုက်ကြီးရဲ့ အင်မော်တယ်နယ်မြေတု အရှင်သခင်အဖြစ် ဆက်ရှိနေနိုင်ပါတယ်... ဒါပေမဲ့ တပည့်ရဲ့ ခွန်အားက မပြည့်ဝသေးပါဘူး... တခြား အင်မော်တယ်နယ်မြေတွေက အစွမ်းထက်တဲ့ အင်မော်တယ်တွေ ရောက်လာခဲ့ရင် တပည့်က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...”
“အရမ်းကောင်းတယ်... အဲ့အင်မော်တယ်တွေကို မင်း ကိုင်တွယ်ဖို့ မလိုပါဘူး... ကျူးရှိူ့အင်မော်တယ်နယ်မြေရဲ့ ဝင်ပေါက်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းမှာပဲ ထားရှိဖို့ မင်း စီစဉ်ပေးလိုက်...”
“ပြီးတော့ အခြားအကြံအစည်တွေနဲ့ လာကြတဲ့ အင်မော်တယ်တွေကို ကိုင်တွယ်ဖို့ ဆရာ့ဆီသာ လွှဲထားလိုက်ပါ...”
ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပနေပြီး သူက ဤကိစ္စကို မျှော်လင့်နေသကဲ့သို့ပင် ဖြစ်၏။
တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ဝင်ပေါက်ကို စီစဉ်ပြီးသွားသည်နှင့် ရန်လိုသော အင်မော်တယ်များ ရောက်ရှိလာမည် ဖြစ်သည်။
သူက လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် သူတို့ကို သတ်ဖြတ်နိုင်ရန် ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားကို အသုံးပြုမည်ဖြစ်၏။
သူ ရိတ်သိမ်းရန် နောက်ထပ် ကြက်သွန်မြိတ်ခင်းကြီးတစ်ခု စောင့်ဆိုင်းနေသည်။
“ကိစ္စမရှိပါဘူး ဆရာ...”