အခန်း ၂၇၉
Vol. 25 Ch. 279
အခန်း (၂၇၉) စိတ်အေးချမ်းသာစွာနေရန် ဆုံးဖြတ်ထားသော်လည်း ထပ်မံတိုက်ခိုက်ခံရပြန်ပြီ
စကားပြောဆိုပြီးနောက် ချမ်ချန်ကန်းက အမှတပြည့်အထူးလုပ်ဆောင်ချက် စွမ်းအားကို ထုတ်သုံးလိုက်၏။
မှောင်မိုက်ခြင်းက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကမ္ဘာပျက်မည့်ကိန်း ဆိုက်ရောက်လာသကဲ့သို့ ဖြစ်သွားသည်။
လင်းထိန်နေသော ကမ္ဘာကြီးက တစ်မုဟုတ်ချင်းပင် အမှောင်အတိ ကျသွား၏။
ဤသည်က ကျင့်ကြံသူအားလုံးကို ကြီးမားလှသော ထိတ်လန့်ကြောက်ရွံ့မှုကြီး ကျရောက်လာတော့မည်ဟု ခံစားလိုက်ရစေသည်။
အလွန်တရာကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။
ချမ်ချန်ကန်း၏ အသံက အင်မော်တယ်လှိုင်းဂယက်များနှင့်အတူ အဆုံးမဲ့ အချိန်ကာလမြစ်ပြင်ကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။
“ငါအရှင်က ကျူးရှိူ့တိုက်ကြီးကို စောင့်ရှောက်ထားတာပဲ... ကပ်ဘေးဒဏ်ဆိုတာ ဘာများလဲ... ကျူးရှိူ့တိုက်ကြီးက သက်ရှိတွေအားလုံး... စိုးရိမ်ပူပန်နေဖို့ မလိုဘူး...”
အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ အောက်၌။
ချမ်ချန်ကန်းက လောကရှိ အရာအားလုံးကို အစိုးရသော အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေ၏။
သူ၏ စကားများက တည်ငြိမ်အေးဆေးပြီး ဂရုမစိုက်သည့်ဟန်ရှိကာ ယုံကြည်ချက်များ အပြည့်အဝ ပါဝင်နေသည်။
ထိုအရာက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။
တက်လှမ်းခြင်း ကပ်ဘေးဒဏ်ဆိုလျှင်ပင် သူ၏ နှုတ်ဖျား၌ အသေးအမွှား ကိစ္စလေး တစ်ခုသာ ဖြစ်နေတော့၏။
သူ၏ စကားများက ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိများကို သူ့အပေါ် လုံးလုံးလျားလျား ယုံကြည်သွားစေပြီး ချမ်ချန်ကန်း၏ စကားများကိုပါ ယုံကြည်သွားစေသည်။
ချမ်ချန်ကန်းက လုပ်နိုင်သည်ဟု ပြောလျှင် သေချာပေါက် လုပ်နိုင်မည် ဟူ၍ပင်။
စီနီယာ၏ စွမ်းအားက စကြဝဠာကဲ့သို့ ကျယ်ပြောကာ ရှေးဟောင်း ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းပြီး လောကတွင် ပြိုင်ဘက်ကင်းကာ မှန်းဆ၍မရနိုင်အောင် ဖြစ်နေ၏။
ယခုအခါ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့လွှမ်းခြုံသွားပြီး လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေကာ ရူးသွပ်သွားစေသည်။
စီနီယာက ဤမျှ တန်ခိုးစွမ်းအား ကြီးမားလှသည်။ တက်လှမ်းခြင်း ကပ်ဘေးက မည်မျှပင် အစွမ်းထက်နေပါစေ စီနီယာ့ထက် ပို၍ စွမ်းနိုင်ပါဦးမည်လား။ သူတို့ လုံးဝ မယုံကြည်ကြပေ...
ဤသည်က ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိအားလုံးအပေါ် သက်ရောက်သွားသော အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ စွမ်းပကားပင် ဖြစ်၏။
ဤအချိန်၌ မည်သည့် ကျင့်ကြံသူမှ တစ်စုံတစ်ရာကို ပူပန်နေခြင်း မရှိတော့ဘဲ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်သွားကြသည်။
တက်လှမ်းခြင်း ကပ်ဘေး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
သူတို့၏ ခန္ဓာကိုယ်များမှ ယုံကြည်မှုစွမ်းအားများ ထွက်ပေါ်လာပြီး ဒေါသတကြီး ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ တက်လှမ်းခြင်း အစီအရင်ဆီသို့ စုပ်ယူခံလိုက်ရသည်။
ပိုင်ယွဲ့က အလွန်တရာ အံ့အားသင့်သွားပြီး သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်သွား၏။
“ဘယ်လောက်တောင် အားကောင်းတဲ့ ယုံကြည်မှုစွမ်းအားတွေလဲ...”
ချမ်ချန်ကန်းက အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး ပိုင်ယွဲ့ကို ပြောလိုက်သည်။
“အခု တက်လှမ်းခြင်း အစီအရင်ထဲက ယုံကြည်မှုစွမ်းအားက ဘယ်လိုနေလဲ...”
ပိုင်ယွဲ့က သူမရင်ထဲမှ အံ့အားသင့်မှုကို ဖိနှိပ်၍ ပြန်ဖြေလိုက်၏။
“ဆရာ... ကျူးရှိူ့တိုက်ကြီးကနေ ထွက်ပေါ်လာတဲ့ ယုံကြည်မှုစွမ်းအားတွေနဲ့ဆိုရင် တက်လှမ်းခြင်း အစီအရင်အတွက် ငါးရက် ခြောက်ရက်လောက်ပဲ အချိန်ယူရမှာမို့ လုံလောက်သွားပါလိမ့်မယ်...”
“အရမ်းကောင်းတယ်... ပြီးခဲ့တဲ့ရက်တွေက ကျူးရှိူ့တိုက်ကြီးက သက်ရှိတွေ အားလုံးကို အရင်ကြိုတင် ပြင်ဆင်ခိုင်းထားလိုက်... စွမ်းအား လုံလောက်သွားပြီဆိုတာနဲ့ တက်လှမ်းခြင်း အစီအရင်ကို တန်းပြီး စတင်လိုက်ရုံပဲ...”
ဘေးဘက်၌ကား။
အင်မော်တယ်အင်ပါယာယီဟိုင်မှာ တံတွေး တစ်ကျိုက်ကို မျိုချလိုက်ပြီး မျက်နှာ ဖြူရော်ကာ ချွေးစေးများ ကျလာသည်။
ချမ်ချန်ကန်း ယခုလေးတင် အသုံးပြုလိုက်သည့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် သူ လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း ဖြစ်၏။
ဤကဲ့သို့သော စွမ်းအားမျိုးကို သူ ဖော်ပြ၍ပင် မရနိုင်ဘဲ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
အစောပိုင်းက ဟွာလုံမြို့တွင် သူ တွေ့ခဲ့ရသည့် ကောင်းကင်အင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော ထည်ဝါသည့် ပုံရိပ်၏ စွမ်းအားကပင် စီနီယာ၏ ကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားနှင့် နှိုင်းယှဉ်ရန် အလှမ်းဝေးလွန်းနေ၏။
၎င်းက ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ တိမ်တိုက်နှင့် ရွှံ့နွံကဲ့သို့ ကွာခြားလှသည်။
ဤသည်က အင်မော်တယ်အင်ပါယာ ယီဟိုင်ကို အလိုလိုသိမြင်သွားစေသည်။
အကယ်၍ ထိုထည်ဝါသော ပုံရိပ်က ချမ်ချန်ကန်းနှင့်သာ ရင်ဆိုင်ရပါက ထိုလူ သေချာပေါက် သေဆုံးရပေမည်။
အင်မော်တယ်အင်ပါယာ ယီဟိုင်က ရင်ထဲမှ သက်ပြင်းချလိုက်၏။ ဤညီငယ်လေး မိုဝန်ထျန်းက အမြင်ကျယ်ပြီး တကယ့်ကို ကံကောင်းလှသည်။
သူ့ကို တပည့်အဖြစ် လက်ခံရန် ဤကဲ့သို့သော အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကြီး ရှိနေခြင်းကြောင့်ပင်။
မည်သည့်အတွက်ကြောင့်မှန်း မသိဘဲ သူ အလွန်တရာ အားကျ ငြူစူမိသည်။
အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်၏။ နောက်လာမည့် အချိန်တွင် တက်လှမ်းခြင်း အစီအရင်က ယုံကြည်မှုစွမ်းအား အလုံအလောက် စုပ်ယူနိုင်ရန် စောင့်ဆိုင်းရုံသာ လိုအပ်တော့သည်။
・・・・・
ကျူးရှိူ့တိုက်ကြီး၏ ထောင့်တစ်နေရာ၌။
အင်မော်တယ်တံခါးတစ်ခု ပွင့်လာ၏။ အပြင်သို့ ထွက်လာသူမှာ စိမ်းပြာရောင် ဝတ်ရုံဝတ် အဖိုးအို တစ်ဦးဖြစ်သည်။
ဤသူက ယခင်က ကျန်းရူဟွာကို ခေါ်ဆောင်သွားခဲ့သည့် ထည်ဝါသော ပုံရိပ်ဖြစ်ပြီး ကျန်းချင်းဟု အမည်ရကာ ကျန်းရူဟွာကမူ သူ့ကို အဘိုးချင်း ဟု ခေါ်ဆိုသည်။
ကျန်းချင်း၏ အမူအရာက မောက်မာနေပြီး သူ၏ မျက်လုံးများက အေးစက်ကာ ရွံရှာဖွယ်ကောင်းနေပြီး ကျူးရှိူ့တိုက်ကြီးပေါ်သို့ ဆင်းသက်လာ၏။
ဤကဲ့သို့သော အဆင့်နိမ့်အောက်ဘုံသို့ သူသာ ထိုပုရွက်ဆိတ်ကောင်လေး မိုဝန်ထျန်းကို သတ်ဖြတ်ရန်နှင့် သခင်မလေး၏ သူ့အပေါ် ထားရှိသော သံယောဇဉ်ကို ဖြတ်တောက်ရန် မလာခဲ့ရပါက သူ၏ တစ်သက်တွင် ဘယ်သောအခါမှ ပြန်လာမည် မဟုတ်ချေ။
ရုတ်တရက် ကျန်းချင်းက တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ မျက်လုံးကို အနည်းငယ် ကျဉ်းလိုက်ပြီး အတော်လေး အံ့အားသင့်သွားသည်။
“တက်လှမ်းခြင်း... ယုံကြည်မှုစွမ်းအား...”
ကျန်းချင်းက လှောင်ပြုံး ပြုံးလိုက်ပြီး ၎င်းကို လျစ်လျူရှုလိုက်၏။
သေးငယ်သော အောက်ဘုံက အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် စိတ်ကူးယဉ်နေသေးသည်။ မည်မျှပင် ရူးမိုက်လိုက်သနည်း။ ရယ်စရာပင် ကောင်းလှ၏။
သေချာပေါက်ပင် ဤအရာများ အားလုံးကို သူ ဂရုမစိုက်ပေ။
သူ ထပ်မံ ပြန်ရောက်လာချိန်တွင် ထိုပုရွက်ဆိတ်ကောင်လေး ဘယ်နေရာတွင် ပုန်းအောင်းနေမှန်း သူ မသိချေ။
ကျန်းချင်းတွင် သူ့ကို ဖြည်းဖြည်းချင်း လိုက်ရှာနေရန် အချိန်မရှိပေ။ တိုက်ရိုက်ပင် အကောင်အထည် ဖော်လိုက်၏။
သူ၏ စွမ်းအားက အလွန်တရာ အာဏာပြင်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းက ကျူးရှိူ့တိုက်ကြီးရှိ ကောင်းကင်တာအိုက လုံးဝ သည်းမခံနိုင်သော အရာပင်ဖြစ်၏။
ကျန်းချင်းက စိတ်ထဲတွင် နားလည်သွားသည်။ ဤကျူးရှိူ့တိုက်ကြီးတွင် တက်လှမ်းခြင်း အစီအရင်ကြီး ရှိနေသည်ဖြစ်ရာ ဤသေးငယ်သော ကျူးရှိူ့တိုက်ကြီးတွင် ကောင်းကင်တာအို ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်၏။
ကောင်းကင်တာအို၏ အစောင့်အရှောက်က ကျူးရှိူ့တိုက်ကြီးကို စိုးမိုးထားသည်။ ပုရွက်ဆိတ်ကောင်များ ဘယ်ရောက်သွားသည်ကို အချိန်တန်လျှင် ကောင်းကင်တာအို၏ အစောင့်အရှောက်ကို မေးမြန်းနိုင်၏။
သူ လက်ကို မြှောက်၍ ဆုပ်ကိုင်လိုက်သောအခါ သူ၏ စွမ်းအားက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုကို တစ်မုဟုတ်ချင်း ဖျက်ဆီးပစ်လိုက်သည်။
အဝေးရှိ ဖေးရှန့်တောင်တွင် ကျင့်ကြံနေသော ပိုင်ယွဲ့က ကျန်းချင်း ကျူးရှိူ့တိုက်ကြီးပေါ်သို့ ဆင်းသက်လာသည်ကို ခံစားလိုက်ရ၏။ သူမက ခြံဝင်းငယ်လေးထဲသို့လာပြီး အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့် စစ်တုရင် ကစားနေသော ချမ်ချန်ကန်းကို ပြောပြလိုက်သည်။
ကျန်းချင်းက ကျူးရှိူ့တိုက်ကြီးဆီသို့ လာရောက်ကြောင်းကို ချမ်ချန်ကန်းအား ပြောပြလိုက်ရုံသာ ရှိသေးသည်။ ရုတ်တရက် ကောင်းကင်တာအို၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရ၏။
သူမက ညည်းတွားလိုက်ပြီး တိုက်ရိုက်ပင် ဒဏ်ရာရသွားကာ သူမ၏ မျက်နှာက အလွန်တရာ ဖြူရော်သွားသည်။
ချမ်ချန်ကန်း၏ မျက်နှာက မည်းမှောင်သွား၏။
“အဲဒီကောင် ထပ်လုပ်ပြန်ပြီလား...”
“ဟုတ်တယ်... သူပဲ... သူက ကောင်းကင်တာအိုကို ဖျက်ဆီးပြီး တပည့်ကို အဲဒီကို ခေါ်ချင်နေတာ...”
သူမက ကောင်းကင်တာအို၏ အစောင့်အရှောက်ဖြစ်လာပြီး ကောင်းကင်တာအိုကို တာဝန်ယူကာ ကျူးရှိူ့တိုက်ကြီးကို စိုးမိုးထားသော်လည်း။
တစ်ဖန် ဤသည်က အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်၏။
ကောင်းကင်တာအိုနှင့် ချိတ်ဆက်ထားသဖြင့် ကောင်းကင်တာအို ဒဏ်ရာရလျှင် သူမလည်း တန်ပြန်သက်ရောက်မှု ခံရမည်ဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရမည် ဖြစ်သည်။
ယုတ္တိတန်တန် ပြောရလျှင်။ ဤကဲ့သို့ ဖြစ်လာနိုင်စရာ အကြောင်း လုံးဝ မရှိပေ။
မည်သို့ပင်ဆိုစေ အောက်ဘုံတွင် ကောင်းကင်တာအိုကို ခြိမ်းခြောက်နိုင်သော အစွမ်းထက်သူ လုံးဝ မရှိချေ။
သို့သော်လည်း နှမြောစရာပင်။ သူမက အင်မော်တယ်နယ်မြေတွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်သူဟု ခေါ်ဆိုနိုင်သည့် ပုဂ္ဂိုလ်ကြီးနှင့် ကြုံတွေ့ရမည်ဟု ဘယ်သောအခါမှ မတွေးမိခဲ့ပေ။
ကောင်းကင်တာအို၏ စွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်ရန် လုံးဝ မဖြစ်နိုင်သည်က ထင်ရှားလှ၏။
ကျန်းချင်း၏ လက်ထဲတွင် ဤကောင်းကင်တာအိုက ပါးလွှာသော စက္ကူချပ်လေး တစ်ချပ်ကဲ့သို့ပင်ဖြစ်ပြီး လက်တစ်ချောင်းဖြင့် ထိုးဖောက်လိုက်ရုံဖြင့် ပြဲသွားနိုင်သည်။