အခန်း ၂၈၀
Vol. 25 Ch. 280
အခန်း (၂၈၀) ကျယ်ပြောလှသော အင်မော်တယ်နယ်မြေအတွင်း ကျန်းချင်း တစ်ယောက် အံ့အားသင့်သွားခြင်း
ပိုင်ယွဲ့၏ မျက်နှာက အလွန်ဖြူရော်နေပြီး ကောင်းကင်တာအို စည်းမျဉ်းများ၏ အဆက်မပြတ် တိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွား၏။
သူမ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းအဆင့်က ဒဏ်ခံနိုင်ရန် အားနည်းလွန်းနေသေးသဖြင့် တစ်ကိုယ်လုံး ယိမ်းယိုင်ကာ ရုတ်ခြည်း လဲကျသွားသည်။
ချမ်ချန်ကန်းက ဖမ်းထိန်းလိုက်ပြီး ပိုင်ယွဲ့ကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်ရာ ချမ်ချန်ကန်း၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားကြောင်း မြင်တွေ့နိုင်၏။
“ဆရာ...”
“စကားမပြောနဲ့... အရင်ဆုံး ဒဏ်ရာကို ကုသလိုက်ပါ...”
ချမ်ချန်ကန်းက အသံဩဩဖြင့် ပြောလိုက်သည်။
ထို့နောက် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်၏ စွမ်းအားကို အသုံးပြုလိုက်၏။
ပိုင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက အလျင်အမြန် သက်သာသွားပြီး ဖြူရော်နေသော မျက်နှာလေးကလည်း ပြန်လည်နီမြန်းလာသည်။
ပိုင်ယွဲ့မှာ ဆရာဖြစ်သူ၏ နွေးထွေးသော ရင်ခွင်ထဲတွင် လဲလျောင်းနေရကြောင်း သတိပြုမိသွားသောအခါ ရင်ခုန်သံများ မြန်ဆန်လာပြီး လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြာကျလာ၏။
ထိုအခိုက်၌။
မလှမ်းမကမ်းတွင် အမြီးလေးကို ကျင့်ကြံရန် သင်ကြားပေးနေသော မိန်နျင်က ပိုင်ယွဲ့ ရုတ်တရက် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် အမြီးလေးနှင့်အတူ စိုးရိမ်တကြီး ပြေးလာသည်။
“စီနီယာ... သတ္တမမင်းသမီး ဘာဖြစ်သွားတာလဲ...”
ချမ်ချန်ကန်း၏ မျက်လုံးများက အေးစက်စွာ တောက်ပသွား၏။
“တစ်ယောက်ယောက်က ကောင်းကင်တာအို စည်းမျဉ်းကို တမင်သက်သက် ဖျက်ဆီးနေတာ... အဲဒါကြောင့် ပိုင်ယွဲ့က ကောင်းကင်ဘုံရဲ့ တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရတာပဲ...”
မိန်နျင်က အံ့အားသင့်သွားသည်။
“ကောင်းကင်တာအို စည်းမျဉ်းကို ဖျက်ဆီးတယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
အင်မော်တယ်အင်ပါယာ ယီဟိုင်က ဝင်ရောက် ပြောဆိုလိုက်၏။
“အမြင့်ဆုံးအဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် လာနေတယ်... သူက အင်မော်တယ်နယ်မြေက အင်မော်တယ်တာအို သူတော်စင်ဖြစ်ဖို့များတယ်... သူက ကောင်းကင်အင်မော်တယ်နယ်မြေက လူပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ရောက်လာသေးတယ်... အဲဒီတုန်းက သူက မိုဝန်ထျန်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့လို့ ပိုင်ယွဲ့က ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရတာ...”
“ကောင်းကင်အင်မော်တယ်နယ်မြေက ဖြစ်နေတာကိုး...”
မိန်နျင်က လေးလံသော စိတ်ဖြင့် ရေရွတ်လိုက်သည်။
ထို ကောင်းကင်အင်မော်တယ်နယ်မြေသည်ကား ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများထဲတွင် ထိပ်သီးနယ်မြေအဖြစ် နာမည်ကျော်ကြားပေ၏။
“ပိုင်ယွဲ့... အခု ဘယ်လိုနေသေးလဲ...”
ချမ်ချန်ကန်းက မေးလိုက်သည်။
ပိုင်ယွဲ့က ရှက်သွေးဖြာကာ ချမ်ချန်ကန်း၏ ရင်ခွင်ထဲမှ ထလိုက်၏။
“ဆရာ... ကျွန်မ... အများကြီး သက်သာသွားပါပြီ...”
ထိုအခါမှသာ ချမ်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုခြင်း ရပ်တန့်လိုက်သည်။
သို့သော်လည်း သူ၏ မျက်လုံးများက အေးစက်နေဆဲဖြစ်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များပင် ပြည့်နှက်နေ၏။
“အဲဒီကောင်က ငါ့တပည့်ကို ပြန်လာပြီး အနာတရဖြစ်အောင် လုပ်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ပိုင်ယွဲ့... သူ့ကို တောင်ပေါင်းတစ်သိန်းတောင်တန်းဆီ လာခိုင်းလိုက်စမ်း...”
ကျားက သူ၏ အစွမ်းကို မပြလျှင် မင်းက တကယ်ပဲ ဖျားနာနေသည့် ကြောင်တစ်ကောင်ဟု ထင်နေမည်လော။
ပိုင်ယွဲ့က ခေါင်းညိတ်၍ ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုလိုက်သည်။
ယခုအခိုက်အတန့်၌ ချမ်ချန်ကန်း မည်မျှ ဒေါသထွက်နေကြောင်းကို ကျန်းချင်း သိမနေခဲ့ပေ။
ရုတ်တရက် ကျန်းချင်း၏ ရှေ့တွင် တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ ဦးတည်နေသော တံခါးပေါက်တစ်ခု ပေါ်လာ၏။
ကျန်းချင်း၏ မျက်လုံးများက အေးစက်သွားသည်။
“ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်လေးက ငါ့ကို လူကိုယ်တိုင် လာမကြိုဘဲ ငါအဘိုးကြီးကို သူ့ဆီ လာရှာခိုင်းတယ်ပေါ့... သေချင်လောက်အောင်ကို မာနကြီးနေတာပဲ... ခုနက ဖျက်ဆီးခံလိုက်ရတဲ့ ကောင်းကင်တာအို စည်းမျဉ်းက သူ့အပေါ် တန်ပြန်သက်ရောက်မှု ဘာမှမဖြစ်သွားပုံရတယ်...”
ထို့နောက် သူက အေးစက်စက် နှာမှုတ်၍ တံခါးပေါက်အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွား၏။
တံခါးပေါက်မှ ထွက်လာသောအခါ ကျန်းချင်းမှာ တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤနေရာတွင် သိပ်သည်း၍ ခမ်းနားထည်ဝါသော အင်မော်တယ်စွမ်းအင်များရှိနေပြီး အလွန်လည်း သန့်စင်နေ၏။
ကျန်းချင်း ရောက်လာသည်နှင့် ဤနေရာရှိ အားကောင်းလှသော အင်မော်တယ်စွမ်းအင်များကို ခံစားလိုက်ရပြီး သူ မည်မျှပင် မာနကြီးနေပါစေ အံ့အားသင့်သွားမိသည်။
“ဒီတံခါးပေါက်က အင်မော်တယ်နယ်မြေ တစ်ခုခုဆီကို ဦးတည်နေတာများလား... ဘာလို့ အဲ့လောက် သိပ်သည်းပြီး သန့်စင်တဲ့ အင်မော်တယ်စွမ်းအင်တွေ ရှိနေရတာလဲ...”
အောက်ဘုံမှ သေးငယ်သော ဤနယ်မြေလေးကို ကျန်းချင်းတစ်ယောက် ပထမဆုံးအကြိမ် အံ့အားသင့်သွားခြင်း ဖြစ်၏။
“ကောင်းကင်အင်မော်တယ်နယ်မြေက ဧည့်သည်တော်ကြီး… မင်း လာမယ့်အချိန်ကို ဖေးရှန့်တောင်မှာ စောင့်နေပါတယ်...”
ထိုအခိုက်၌ တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ ချမ်ချန်ကန်း၏ ရေခဲတမျှ အေးစက်သော အသံ ထွက်ပေါ်လာသည်။
ကျန်းချင်းက နားထောင်၍ အေးစက်စက် နှာမှုတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တလက်လက် တောက်ပသွားပြီး ချမ်ချန်ကန်းမှာ ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုအစောင့်အရှောက် ဖြစ်မည်ဟု တွေးလိုက်၏။
“တကယ်ကို အချိုးမပြေတာပဲ... ငါအဘိုးကြီးကို လူကိုယ်တိုင် လာခိုင်းရဲတယ်ပေါ့... နောင်တမရစေနဲ့...”
ထို့နောက် ကျန်းချင်းက အင်မော်တယ်သက်တံအဖြစ် ပြောင်းလဲ၍ တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ သွားလိုက်သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်း၌ ကောင်းကင်တာအို စည်းမျဉ်းများ လွန်စွာ အားကောင်းနေသည့် နေရာတစ်ခုကို သူ ခံစားမိနေ၏။
၎င်းက ကောင်းကင်တာအို၏ အစောင့်အရှောက်ရှိနေသည့် နေရာ ဖြစ်ရပေမည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်းသို့ ဖြတ်သန်း လျှောက်လှမ်းသွားသည်။
သူက မိမိ၏ ဖိအားကို အနည်းငယ်မျှ ဖုံးကွယ်ခြင်းမရှိဘဲ ထုတ်ဖော်လိုက်ပြီး ထိုချမ်ချန်ကန်းဆိုသူအား သူ မည်မျှ အစွမ်းထက်ကြောင်း သိစေရန် အပြင်းအထန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက တောင်ကျရေနှင့် ဧရာမ လှိုင်းလုံးကြီးများကဲ့သို့ ကျန်းချင်း၏ ခန္ဓာကိုယ်မှ လိမ့်တက်ထွက်ပေါ်လာသော်လည်း ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေက အလွယ်တကူပင် ပိတ်ဆို့ တားဆီးလိုက်သည်။
ကျန်းချင်း မျက်မှောင်ကြုတ်သွား၏။
“ကျူးရှိူ့တိုက်ကြီးက ဒီကောင်းကင်တာအို အစောင့်အရှောက်မှာလည်း အစွမ်းအစ အတော်လေး ရှိပုံရတယ်...”
သူသည်ကား အင်မော်တယ်တာအို သူတော်စင်တစ်ပါးဖြစ်ပြီး ကောင်းကင်မီးတောက် တာအိုလမ်းစဉ်ကို တာဝန်ယူထားသူ ဖြစ်သည်။ သူ ထုတ်ဖော်လိုက်သော ဖိအားဖြင့် ကျူးရှိူ့တိုက်ကြီးကို ဖျက်ဆီးပစ်ရန်မှာပင် ရိုးရှင်းလွယ်ကူသော ကိစ္စတစ်ခု ဖြစ်၏။
မထင်မှတ်ဘဲ ကျူးရှိူ့တိုက်ကြီးရှိ ကောင်းကင်တာအို စည်းမျဉ်းများ၏ စွမ်းအားဖြင့် တားဆီးခံလိုက်ရသည်။
ဤသည်က သူ့ကို အံ့အားသင့်သွားစေ၏။
သို့သော်လည်း ကျန်းချင်းက ဂရုမစိုက်ခဲ့ပေ။
သူက သူ၏ ဖိအား အနည်းငယ်ကိုသာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အမြင်အရဆိုလျှင် ပိုမို အားကောင်းသော ဖိအားသာ ရှိခဲ့ပါက ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအို အစောင့်အရှောက်မှာ လုံးဝ တားဆီးနိုင်မည် မဟုတ်ချေ။
သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့သည်ဖြစ်ရာ သွားရန် လမ်းတစ်လမ်းတည်းသာ ရှိတော့၏။
ကောင်းကင်တာအို၏ အစောင့်အရှောက်မှာ လောလောဆယ်တွင် သေဆုံး၍ မရနိုင်သေးပေ။
အနည်းဆုံးတော့ သူ မသေဆုံးမီ ပုရွက်ဆိတ်လေး မိုဝန်ထျန်းကို ရှာတွေ့ရန် ကူညီပေးရဦးမည် ဖြစ်သည်။
သို့သော်လည်း ကျန်းချင်းက တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဖြတ်သန်း လျှောက်လှမ်းသွားသည်နှင့်အမျှ ပိုမို နက်ရှိုင်းစွာ ရောက်ရှိလာလေလေ ပို၍ အံ့အားသင့်လာလေလေ ဖြစ်လာ၏။
ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
အစပိုင်းက သူက ဤအင်မော်တယ်နယ်မြေမှာ အလွန်သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာဖြစ်ပြီး အကြီးဆုံး အနေအထားမှာပင် ကီလိုမီတာ တစ်ထောင်ထက် မပိုနိုင်ဟု တွေးထင်ထားခဲ့၏။
သို့သော်လည်း ယခုအခါ သူက မိုင်ပေါင်း သောင်းချီ၍ ခရီးနှင်ခဲ့ပြီးပြီ ဖြစ်သည်။
မိုင်ပေါင်းသောင်းချီ၍ ခရီးနှင်ခဲ့ပြီး ဖြစ်သော်လည်း အင်မော်တယ်နယ်မြေ၏ နယ်နိမိတ် အတိုင်းအတာထဲမှ သူ မထွက်ခွာနိုင်သေးပေ။
ဤအရာအားလုံးက တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး အံ့အားသင့်စရာပင်။
သူ့ကဲ့သို့ အစွမ်းထက်သော သူပင်လျှင်။
တကယ့်ကို ပထမဆုံးအကြိမ် အံ့အားသင့်သွားမိခြင်း ဖြစ်တော့၏။