အခန်း ၂၈၁
Vol. 25 Ch. 281
အခန်း (၂၈၁)အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး စကားလုံးများက စည်းမျဉ်းများ ဖြစ်လာသည်
သူ၏ မျက်လုံးများက ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီး အဆုံးအစမဲ့သော အလင်းတန်းများ တလက်လက် တောက်ပနေ၏။
ဘာကြောင့် ဤသေးငယ်သော အောက်ဘုံတွင် ဤမျှကျယ်ပြောလှသည့် ထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေ ရှိနေရသနည်း။ အလွန်ကြီးမားလွန်းလှပေသည်။
သူသည် အင်မော်တယ်လောကတွင် နှစ်ပေါင်း သောင်းချီ၍ နေထိုင်ခဲ့လျှင်တောင်မှ ဤကဲ့သို့သော အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ လောကတွင် ဤမျှ ကျယ်ပြောလှသော ထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေမျိုးရှိသည်ဟု သူ မကြားဖူးခဲ့ချေ။
ထိုကဲ့သို့ ထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေက သေးငယ်သော အောက်ဘုံလေးတွင် ပေါ်လာခဲ့ခြင်း ဖြစ်၏။ ဤသည်က အလဟဿ ဖြုန်းတီးပစ်လိုက်ခြင်းပင်။ အကြောင်းပြချက် မရှိပေ။ လုံးဝကို အကြောင်းပြချက် မရှိ။ တကယ့်ကို နှမြောစရာ ကောင်းလှသည်။
“ဒီအင်မော်တယ်နယ်မြေကို ဒီနေ့ ငါအဘိုးကြီး သိမ်းပိုက်လိုက်ပြီ...”
သူ၏ မျက်လုံးများက လောဘများဖြင့် ပြည့်နှက်နေပြီး ဤအင်မော်တယ်နယ်မြေကို သူ၏ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုစိတ်များ ပြင်းပြနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ဤထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေကို ပိုင်ဆိုင်သွားပါက သူ ချက်ချင်းပင် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်ပြီး ကျန်းမိသားစုကို သစ္စာဖောက်သွားမည် ဖြစ်၏။
သခင်မလေး ကျန်းရူဟွာက သူ့ထံ အပ်နှင်းထားသော တာ့ဖုန်း အင်မော်တယ်လက်စွပ်လည်း သူ၏ လက်ထဲတွင် ရှိနေသေးသည်ဖြစ်ရာ နှစ်ပေါင်း တစ်သောင်းပင် ကြာမည် မဟုတ်ချေ။
သူက ဤအင်မော်တယ်နယ်မြေကို အားကိုး၍ သူပိုင်ဆိုင်သော ထိပ်တန်း အင်မော်တယ်မိသားစုတစ်ခုကို ဖန်တီးနိုင်မည်မှာ သေချာသကဲ့သို့ ဤအင်မော်တယ်နယ်မြေကို အားကိုး၍ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းနိုင်မည်မှာလည်း ကျိန်းသေပေသည်။ အင်မော်တယ်အင်ပါယာ နေရာကိုပင် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေး ရလာနိုင်သေး၏။
တွေးလေလေ ကျန်းချင်း၏ ရင်ထဲတွင် ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။ သူက စတင် လှုပ်ရှားရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ပထမဆုံး ကောင်းကင်တာအို၏ အစောင့်အရှောက်ကို သတ်ဖြတ်ပြီးနောက် ကျူးရှိူ့တိုက်ကြီးကို သိမ်းပိုက်မည်။
ထို့နောက် သူ ကိုယ်တိုင် ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းခြင်း ပြုလုပ်ပေးလိုက်မည်ဆိုပါက သူ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ခရီးစဉ်ကြီး စတင်တော့မည် ဖြစ်၏။
*မိုဝန်ထျန်း... ဟားဟား... ကျိန်စာသင့်နေတဲ့ ပုရွက်ဆိတ်လေး... ငါအဘိုးကြီးက သူ့ကိုတောင် အာရုံစိုက်ဖို့ ပျင်းလာပြီ…*
ကျယ်ပြောလှသော အင်မော်တယ်နယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဖုံးလွှမ်းထားပြီး ကြိုးစားပမ်းစား ကျင့်ကြံနေကြသည့် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ရှိနေကြသည်။
ကျန်းချင်းက လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသောကြောင့် မျက်မှောင်ကြုတ်သွားပြီး အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွား၏။
“ပုရွက်ဆိတ်တစ်သိုက်က ထိပ်တန်း အင်မော်တယ်နယ်မြေမှာ ကျင့်ကြံရဲတယ်ပေါ့... ငါအဘိုးကြီးက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်ကို သတ်ပြီး ဒီအင်မော်တယ်နယ်မြေကို သိမ်းပိုက်လိုက်တဲ့အခါ မင်းတို့အားလုံး ငါအဘိုးကြီးအတွက် သေပေးရမယ်...”
မကြာမီတွင် မြူခိုးများ ဖုံးလွှမ်းနေသော တောင်တစ်တောင်က သူ၏ ရှေ့တွင် ပေါ်လာသည်။ ထိုနေရာတွင် ကောင်းကင်တာအို စည်းမျဉ်းများက လွန်စွာ အားကောင်းနေ၏။ ဤသည်က ဖေးရှန့်တောင် ဖြစ်ပုံရသည်။ ကောင်းကင်တာအို အစောင့်အရှောက် ရှိနေသည့် နေရာပင်။
ကျန်းချင်းက သရော်ပြုံး ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အလင်းတန်းတစ်ချက် တောက်ပသွား၏။ ထို့နောက် ဖေးရှန့်တောင်ဆီသို့ ဆက်သွားလိုက်သည်။
ဖေးရှန့်တောင်။
ချမ်ချန်ကန်းက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။
သူ၏ ဘေးတွင် ပိုင်ယွဲ့၊ အင်မော်တယ်အင်ပါယာ ယီဟိုင်၊ အမြီးလေးနှင့် မိန်နျင်တို့ ရှိနေကြ၏။
မိုဝန်ထျန်းမှာကား ကျောင်းတော်အတွင်း ကျင့်ကြံနေပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်နေကာ သူ၏ အရည်အချင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သလို သူ၏ ကျင့်ကြံခြင်းကလည်း ပို၍ပင် မြန်ဆန်နေ၏။
ရက်အနည်းငယ် အတွင်းမှာပင် အင်မော်တယ်စွမ်းအင်များက ခန္ဓာကိုယ်အတွင်း ရူးသွပ်စွာ ပြည့်နှက်သွားပြီး လျိုဝေတီဟွမ်ဆေးလုံးကိုလည်း အသက်နှင့်ရင်း၍ သောက်သုံးခဲ့သည်။ ပိတ်ဆို့ တန့်နေမှုဟူ၍ လုံးဝ မရှိခဲ့ချေ။
ရက်အနည်းငယ် အတွင်းမှာပင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီး ယခုအခါ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ မိုဝန်ထျန်း၏ ရင်ထဲတွင် အလွန်ရှင်းလင်းနေသည်။ အောက်ဘုံက တက်လှမ်းခြင်း ပြုလုပ်ပြီး ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားသည်နှင့် သူက ညီမလေး ရူဟွာ ရှိနေသော ကောင်းကင်အင်မော်တယ်နယ်မြေနှင့် ပို၍ နီးကပ်သွားမည် ဖြစ်၏။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်အားနည်းနေသေးသည်။ နီးကပ်သွားလျှင်တောင်မှ။ သူက ကောင်းကင်အင်မော်တယ်နယ်မြေသို့ သိက္ခာရှိရှိ သွားရောက်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍။ သူ ပိုမို အစွမ်းထက်လာရန် လိုအပ်သည်။
ယခုပန်းတိုင်မှာ အမြန်ဆုံး အဆင့်တက်၍ အင်မော်တယ် တက်လှမ်းခြင်းဆီသို့ ရောက်ရှိရန် ဖြစ်၏။
မိုဝန်ထျန်း၏ အစွမ်းထက်လာလိုသော စိတ်ပိုင်းဖြတ်မှုကို ချမ်ချန်ကန်းလည်း သိရှိထားသည်။ ထို့ကြောင့် ကျန်းချင်း ရောက်လာသော်လည်း ချမ်ချန်ကန်းက လောလောဆယ်တွင် သူ့ကို မနှောင့်ယှက်ဘဲ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ထိုးဖောက် မဝင်ရောက်မီ သေချာစွာ ကျင့်ကြံခွင့် ပြုထားလိုက်၏။
ချမ်ချန်ကန်း၏ မျက်လုံးများက နက်ရှိုင်းနေပြီး ခေတ်ကာလများကိုပင် ဖောက်ထွင်း မြင်နိုင်သကဲ့သို့ ကျန်းချင်း၏ ပုံရိပ်ကို မြင်တွေ့နေရသည်။
ကျန်းချင်းထံမှ ထွက်ပေါ်လာသော အံ့မခန်း စွမ်းအားများကိုလည်း သူ ခံစားမိ၏။ ထို့အပြင် ကျန်းချင်းက သူ၏ အင်မော်တယ်နယ်မြေအပေါ် လောဘတကြီး လိုချင်နေမှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြာထွက်နေသည်ကိုလည်း သူ သတိပြုမိလိုက်သည်။
“အင်မော်တယ်နယ်မြေက ခေါင်းဆောင်ကြီး ပီသပါပေတယ်... ငါရဲ့ ဒီအင်မော်တယ်နယ်မြေကို တစ်ချက်ကြည့်ရုံနဲ့ သဘောကျသွားတာပဲ...”
ချမ်ချန်ကန်းက တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။
ကျန်းချင်းက အလွန်အစွမ်းထက်ပြီး သူ မြင်ဖူးသမျှထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံးသူတစ်ဦး ဖြစ်သည်။
ချမ်ချန်ကန်းက မျှော်လင့်တကြီး ဖြစ်နေ၏။ အကယ်၍ သူ့ကို သတ်လိုက်လျှင် ကျန်းချင်းထံမှ နယ်မြေတန်ဖိုး မည်မျှ ရရှိမည်နည်း။
ဤကဲ့သို့သော ဇာတ်ကောင်မျိုးက ဂိမ်းထဲတွင် များသောအားဖြင့် ခေါင်းဆောင်အဆင့် ဖြစ်လေ့ရှိသည်။ အကယ်၍ သူ့ကို သတ်လိုက်လျှင် ငါးဆားနယ်ရတနာသေတ္တာ ပါကျလာမည်လား။
မည်သို့ပင်ဆိုစေ သူက ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံ လက်ဆောင်ထုတ်များ ရရှိခဲ့သော်လည်း ငါးဆားနယ်ရတနာသေတ္တာကိုမူ တစ်ခါမှ မရရှိခဲ့ဖူးပေ။
ရတနာသေတ္တာ ကျနိုင်ခြေက နည်းပါးလွန်း၍ ဖြစ်မည်လား သူမသိချေ။ သို့မဟုတ် ကျူးရှိူ့တိုက်ကြီးရှိ ဤကျင့်ကြံသူများက ရတနာသေတ္တာ ပေါက်ကျလာအောင် အရည်အချင်း မပြည့်မီ၍များလား။
ချမ်ချန်ကန်း စဉ်းစားနေစဉ် အင်မော်တယ်အင်ပါယာ ယီဟိုင်၊ ပိုင်ယွဲ့နှင့် မိန်နျင်တို့၏ ရင်ထဲတွင် လွန်စွာ လေးလံနေကြ၏။
ဤသူက ကြောက်မက်ဖွယ် ကောင်းလှသည်။ စီနီယာသာလျှင် ကိုင်တွယ် ဖြေရှင်းနိုင်ပေမည်။
သူ ဖေးရှန့်တောင်သို့ မရောက်လာမီကပင် မမြင်ရသော ဖိအားကြီးများက သူတို့အပေါ် သက်ရောက်နေခဲ့သည်။ သူတို့၏ အသက်ရှူသံများပင် လေးလံလာပြီး ရင်ထဲတွင် တင်းကျပ်နေကြ၏။
ကံကောင်းထောက်မစွာဖြင့် ချမ်ချန်ကန်း၏ တည်ငြိမ်အေးဆေးသော မျက်နှာကို မြင်လိုက်ရသောအခါ သူတို့ စိတ်သက်သာရာ ရသွားသော်လည်း အလွန်စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။
တတ်နိုင်မည် မဟုတ်ချေ။ ကျန်းချင်းကဲ့သို့သော အမြင့်ဆုံးတည်ရှိမှုတစ်ခုက သူတို့အပေါ် ဖိအားများလွန်းစွာ သက်ရောက်စေ၏။
အမြီးလေးက ချမ်ချန်ကန်း၏ ပေါင်ကို ဖက်ထားပြီး သူမ၏ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသော်လည်း အင်မော်တယ်အင်ပါယာ ယီဟိုင်၊ ပိုင်ယွဲ့နှင့် မိန်နျင်တို့ကဲ့သို့ ဖိအားများကို မခံစားရချေ။
မည်သို့ပင်ဆိုစေ အမြီးလေးက ငယ်ရွယ်၍ အပြစ်ကင်းစင်သူဖြစ်ရာ ကျန်းချင်းကဲ့သို့သော အမြင့်ဆုံးတည်ရှိမှုကို နားလည်နိုင်စွမ်း မရှိပေ။
အထူးသဖြင့် အမြီးလေး၏ ရင်ထဲတွင်။ သူမ၏ ဆရာက ဤလောကတွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ မည်သူကမျှ ဆရာ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
ကျန်းချင်း ဖေးရှန့်တောင်သို့ ရောက်ရှိလာ၏။ သူက အမြင့်တွင် မားမားမတ်မတ် ရပ်နေပြီး ချမ်ချန်ကန်းနှင့် အခြားသူများကို ပစ်မှတ်ထားရန် သူ၏ ဖိအားကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ချမ်ချန်ကန်းမှာ သူ၏ တပည့်ကို နာကျင်အောင် လုပ်ခဲ့သူအပေါ် မည်သည့် ကောင်းသော ခံစားချက်မျှ မရှိသဖြင့် အေးစက်စက် နှာမှုတ်လိုက်၏။
“အောက်ဆင်းခဲ့စမ်း... ဖေးရှန့်တောင်က မင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး...”
အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး စကားလုံးများက စည်းမျဉ်းများ ဖြစ်လာသည်။
ထိုကျန်းချင်းက အဆုံးအစမဲ့သော စွမ်းအားများ ပြုတ်ကျလာသည်ကိုသာ ခံစားလိုက်ရပြီး ကောင်းကင်ကို ကျောက်တုံးဖြင့် ခွဲချလိုက်သကဲ့သို့ ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးက သူ့ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်သွား၏။
၎င်းက သူ့ကို လုံးဝ ခုခံနိုင်စွမ်းမရှိအောင် လုပ်ပစ်လိုက်ပြီး အံ့အားသင့်ရန်ပင် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံမှ ပြုတ်ကျလာတော့၏။