အခန်း ၂၈၂
Vol. 25 Ch. 282
အခန်း (၂၈၂) ပါးတစ်ချက် အရိုက်ခံရပြီးတော့ နားလည်မှုလွဲတာပါလို့ မင်းက ပြောတယ်ပေါ့
“ဘုန်း…”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ကျန်းချင်းတစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ခွေးတစ်ကောင် ဟပ်ထိုးလဲကျသွားသကဲ့သို့ စောက်ထိုးမိုးမျှော် ကျသွားခြင်းဖြစ်၏။
သူ၏ ဝင်ရောက်လာပုံက အရှက်ရစရာ ကောင်းလွန်းလှပေသည်။
အမြီးလေးက ကျန်းချင်း၏ အရှက်ရနေသော ပုံစံကိုကြည့်၍ မျက်လုံးလေး မှိတ်ကာ တခစ်ခစ် ရယ်မောနေ၏။
ပိုင်ယွဲ့၊ မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့မှာကား အံ့အားသင့်ကာ မှင်သက်နေကြသည်။
တစ်ယောက်ပြီး တစ်ယောက် ဆွံ့အလျက် ရှိနေကြ၏။
ရိုးရိုးသားသားဆိုရလျှင် ကျန်းချင်းကဲ့သို့သော အမြင့်ဆုံးတည်ရှိမှုက ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ ဤမျှလောက် အရှက်ကွဲသွားလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးထင်ထားခဲ့ကြချေ။
ချမ်ချန်ကန်း အလွန်အစွမ်းထက်ကြောင်းကို သူတို့ သိထားကြသကဲ့သို့ ချမ်ချန်ကန်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိထားပြီး သူက ကျန်းချင်းကို ကျိန်းသေပေါက် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သိထားကြသည်။
သို့သော်လည်း အေးစက်စက် အော်ငေါက်လိုက်ရုံဖြင့် ကျန်းချင်းတစ်ယောက် ခံနိုင်ရည် မရှိဖြစ်သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
ဤသည်က ကျန်းချင်း အားနည်းလွန်းနေသောကြောင့် မဟုတ်ချေ။
ချမ်ချန်ကန်းက အစွမ်းထက်လွန်းနေသောကြောင့် ဖြစ်၏။
သူတို့သုံးယောက်မှာ အံ့အားသင့်မှုအပြင် အခြားမည်သည့် ခံစားချက်မျှ မရှိတော့ပေ။
ချမ်ချန်ကန်းက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ နတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ် ရပ်နေပြီး သူ၏ တင့်တယ်ခမ်းနားမှုက ပြိုင်ဘက်ကင်းလွန်းသဖြင့် မည်သူကမျှ သူ့ကို တိုက်ရိုက် မကြည့်ဝံ့ကြချေ။
ကျန်းချင်းအနေဖြင့်မူ ဘာဖြစ်သွားမှန်းကိုပင် မသိလိုက်ပေ။
သူ့ တစ်ကိုယ်လုံး ဝေခွဲမရဖြစ်ကာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
လွန်ခဲ့သော အခိုက်အတန့်လေးက ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးအစမဲ့သော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ရှိ၏။
ဘယ်လိုလုပ် ဤသို့ ဖြစ်နိုင်မည်နည်း။
သူက ပထမအဆင့်အင်မော်တယ်တာအို သူတော်စင်တစ်ပါးဖြစ်ပြီး ကောင်းကင်မီးတောက် တာအိုလမ်းစဉ်ကို တာဝန်ယူထားသူ ဖြစ်သည်။ ဤသေးငယ်သော အောက်ဘုံလေးတွင် သူ မခုခံနိုင်သော စွမ်းအားဖြင့် ဖိနှိပ်ခံရရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
အရာအားလုံးက ထင်ယောင်ထင်မှား တစ်ခုကဲ့သို့ ခံစားနေရသည်။
သူ၏ မျက်နှာအမူအရာက ကမောက်ကမ ဖြစ်နေပြီး အတော်လေးလည်း မည်းမှောင်နေ၏။ သူက ထရပ်လိုက်ပြီး သူ၏ အေးစက်သော မျက်လုံးများက ချမ်ချန်ကန်းနှင့် အခြားသူများအပေါ် ကျရောက်သွားသည်။
စောစောက မည်သို့ပင် ဖြစ်ခဲ့စေကာမူ ကျန်းချင်း အနေဖြင့် ဂရုတစိုက် ရင်ဆိုင်ရန် စတင်ရတော့မည် ဖြစ်၏။
သူက နှစ်ပေါင်း သောင်းချီ၍ အသက်ရှင် နေထိုင်ခဲ့သူ ဖြစ်ရာ ဤမျှလောက် အကဲခတ်နိုင်စွမ်းတော့ ရှိပေသည်။
စောစောက စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလှသည်။
ထင်ယောင်ထင်မှားဖြစ်ရန်မှာ အလွန် လက်တွေ့ဆန်လွန်းနေ၏။
ဤသေးငယ်သော အောက်ဘုံလေးတွင် ကျယ်ပြောလှသော ထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေတစ်ခု ရှိနေသည်ကို တွေးကြည့်ပါက ဤကိစ္စက ရိုးရှင်းမည် မဟုတ်ချေ။
သို့သော်လည်း သူ့ရှေ့ရှိ ချမ်ချန်ကန်းနှင့် အခြားသူများကို ကြည့်လိုက်သောအခါ မည်သည့် အားကောင်း၍ အံ့မခန်းဖြစ်စေသော အငွေ့အသက်ကိုမျှ သူ မခံစားရပေ။
သူတို့က အင်မော်တယ်တာအိုသူတော်စင်နှင့် မည်သို့မျှ ပတ်သက်နေပုံ မရချေ။
ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအို အစောင့်အရှောက်ကို သူ မြင်လိုက်ရသည်။ သူမက ကောင်းကင်တာအို စည်းမျဉ်းများ၏ စွမ်းအားများဖြင့် ဝန်းရံခံထားရပြီး ထိုထက်ပို၍ မည်သည့် ထူးခြားမှုမျှ မရှိပုံရ၏။
ကျန်းချင်းကို စိတ်ရှုပ်ထွေးသွားစေသည်မှာ အခြား မဟုတ်ချေ။
ဤနေရာတွင် ရှိနေသူများက အဖြူရောင် းဝတ်ရုံဝတ် လူငယ်တစ်ဦးကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြောင်း သူ ရှင်းလင်းစွာ မြင်တွေ့နေရခြင်းကြောင့် ဖြစ်၏။
ဤအဖြူရောင်ဝတ်ရုံဝတ် လူငယ်က နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းလာသကဲ့သို့ ပြိုင်ဘက်ကင်းသောတင့်တယ်မှုနှင့် ထူးကဲသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သေချာစွာ အကဲခတ်ကြည့်ပါက မည်သည့် ကျင့်ကြံခြင်းစွမ်းအင် လှိုင်းကိုမျှ မခံစားရချေ။
သာမန်လူတစ်ယောက်နှင့်ပင် တူနေ၏။
ဤသည်က ကျန်းချင်းကို နားမလည်နိုင် ဖြစ်သွားစေသည်။
ထို့နောက် သူ၏ အကြည့်များက အင်မော်တယ်အင်ပါယာ ယီဟိုင်၊ မိန်နျင်နှင့် အမြီးလေးတို့ဆီသို့ ရောက်ရှိသွားသည်။
ဤသုံးယောက်ကိုတော့ သူ ဂရုမစိုက်ပေ။
အထူးသဖြင့် ဤနေရာရှိ အင်မော်တယ်အင်ပါယာယီဟိုင်ကိုလည်း သူ မမှတ်မိတော့ချေ။
ယခင်က ဟွာလုံမြို့တွင် အင်မော်တယ်အင်ပါယာယီဟိုင်ကို သူ မြင်တွေ့ခဲ့ဖူးသော်လည်း။
သို့သော်လည်း တတ်နိုင်မည် မဟုတ်ချေ။ အင်မော်တယ်အင်ပါယာဆိုလျှင်ကော ဘာဖြစ်သနည်း။
ကျန်းချင်း၏ မျက်လုံးထဲတွင် သူက ပုရွက်ဆိတ် တစ်ကောင်သာဖြစ်နေဆဲဖြစ်ပြီး ဤသူ၏ ရုပ်သွင်ကို မှတ်မိနေရန်ပင် လုံးဝ မတန်ချေ။
ကျန်းချင်းက သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ဤတစ်ကြိမ်တွင်မူ သူ မာနမကြီးတော့ပေ။
ခွေးဟပ်ထိုး ပြုတ်ကျပြီးနောက် ဤကျူးရှိူ့တိုက်ကြီးက မြင်ရသလောက် မရိုးရှင်းကြောင်းကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ ကျူးရှိူ့တိုက်ကြီး၏ အသေးစိတ် အချက်အလက်များကို သူ မသိရှိသေးသဖြင့် သိပ်မရမ်းကားရဲတော့ချေ။
သေချာပေါက် သူ၏ ရင်ထဲတွင် ယုံကြည်မှု အပြည့်ရှိနေဆဲပင်။
ကျန်းချင်းက ပိုင်ယွဲ့ကို ကြည့်၍ အေးစက်စက် မေးလိုက်၏။
“မင်းက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်လား...”
ပိုင်ယွဲ့က ကျန်းချင်း၏ အရှက်တကွဲ ဖြစ်နေသောပုံစံကို မြင်တွေ့လိုက်ရပြီးနောက် သူ့ကို ရင်ဆိုင်ရာတွင် မည်သည့် ဖိအားမျှ မခံစားရတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ငါပဲ...”
“ဟွန့်... ငါအဘိုးကြီးက ဘယ်သူလဲဆိုတာ သိရက်နဲ့ ဘာလို့ လာမကြိုရတာလဲ... ကောင်းကင်တာအို အစောင့်အရှောက်လောက်နဲ့ အဲ့လောက်တောင် ရောင့်တက်ပြီး မာနကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
“ဖြန်း…”
ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ ကျန်းချင်းမှာ မျက်မြင်မရသော စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွား၏။
ဤလက်ဝါးရိုက်ချက်၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် ကျန်းချင်း၏ သွားများကိုပင် ကျိုးကြေသွားစေသည်။
ကျန်းချင်းက သူ၏ ညာဘက်ပါးပြင်ကိုအုပ်၍ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကျန်းချင်းမှာ လုံးဝကို ကြောင်အသွားသည်။
လွန်ခဲ့တဲ့ အခိုက်အတန့်လေးက ဘာဖြစ်သွားတာလဲ။
*ငါ တစ်ခုခုရဲ့ ပါးရိုက်တာကို ခံလိုက်ရသလိုပဲ…*
ကျန်းချင်း၏ ရင်ထဲတွင် အံ့အားသင့်ကာ ထိတ်လန့်သွား၏။
ညာဘက်ပါးပြင်မှ စူးရှသော နာကျင်မှု၊ သွားများ ကျိုးကြေသွားမှုနှင့် ပါးစပ်မှ သွေးများထွက်လာမှုတို့က ဤအရာအားလုံးမှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ တကယ် ဖြစ်ကြောင်းကို သူ့အား သိစေခဲ့သည်။
ခမ်းနားထည်ဝါလှသော ပထမအဆင့် အင်မော်တယ်တာအိုသူတော်စင်ဖြစ်သည့် သူက ပါးရိုက်ခံလိုက်ရသည်တဲ့လား။
ကျန်းချင်းအနေဖြင့် တုံ့ပြန်ရန်ပင် အခွင့်အရေး မရလိုက်ချေ။
ဤသည်က ဤသေးငယ်သော ကျူးရှိူ့တိုက်ကြီးတွင် သူ့ထက် ပိုမို အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိနေကြောင်း သက်သေပြရန် လုံလောက်ပေသည်။
ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ပင်။
ကျန်းချင်း၏ သိနားလည်မှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်၏။
သူ့ရင်ထဲတွင် ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။
ထိုအခိုက်၌။
ချမ်ချန်ကန်းက အေးတိအေးစက် ပြောလိုက်၏။
“အဘိုးကြီး... မင်းက ဘယ်သူပဲဖြစ်နေပါစေ... ဒီနေ့ ဒီနေရာကို ရောက်လာမှတော့ မင်းရဲ့ အသက်ကို ဒီနေရာမှာပဲ ထားခဲ့ရမယ်...”
ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ ကျန်းချင်းမှာ လုံးဝကို ဆွံ့အသွားသည်။
သူက သူ၏ စွမ်းအားကို မပြသရသေးသော်လည်း သူ့ရှေ့ရှိ အဖြူရောင် ဝတ်ရုံဝတ် လူငယ်က သူ၏ စွမ်းအားကို ပြသနေပြီ ဖြစ်၏။
*ခုနက သူ လုပ်လိုက်တာများလား…*
*ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…*
ကျန်းချင်းအနေဖြင့် ချမ်ချန်ကန်းထံမှ စွမ်းအား လှုပ်ခတ်မှု အနည်းငယ်ကိုမျှ မခံစားရချေ။
သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ဤဖေးရှန့်တောင်တွင် အင်မော်တယ်တာအို သူတော်စင်တစ်ပါး ပုန်းကွယ်နေမည်မှာ သေချာကြောင်း ကျန်းချင်း သိလိုက်၏။
အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ရှိနေရန်ပင် အလွန်ဖြစ်နိုင်ချေ ရှိသည်။
သူက မာကျောသော သံမဏိပြားကို ကန်မိသွားကြောင်း သိလိုက်ရသဖြင့် ရင်ထဲတွင် လေးလံသွားကာ တံတွေးတစ်ချက် မျိုချ၍ အသနားခံလိုက်သည်။
“တာအိုရောင်းရင်း... ဒေါသမထွက်ပါနဲ့... ခုနက အရာအားလုံးက နားလည်မှု လွဲသွားတာပါ... နားလည်မှုလွဲတာပါ...”
ချမ်ချန်ကန်း၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှမရှိဘဲ ကျန်းချင်းထံသို့ လျှောက်သွားကာ အထက်စီးမှ ငုံ့ကြည့်၍ အေးစက်စက် ပြောလိုက်၏။
“နားလည်မှုလွဲတာလို့ မင်း ပြောလိုက်တာလား...”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါ့ဆီမှာ မင်းနဲ့ ရှင်းစရာ စာရင်းအနည်းငယ် ရှိနေသေးတယ်... အဲဒါလည်း နားလည်မှု လွဲတာပဲလား...”