အခန်း ၂၈၃
Vol. 25 Ch. 283
အခန်း (၂၈၃) စာရင်းရှင်းခြင်း၊ ခြေတစ်ဖက်တည်းဖြင့် နင်းချေလိုက်ခြင်း
ချမ်ချန်ကန်း၏ အေးစက်စက် မေးခွန်းထုတ်မှုကြောင့် ကျန်းချင်း၏ ရင်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်သွားပြီး သူ၏ မျက်နှာက မှုန်ကုပ်ကာ အုံ့မှိုင်းသွား၏။
*အသုံးမကျတဲ့ ပုရွက်ဆိတ်... ဒီဖေးရှန့်တောင်မှာ ပုန်းအောင်းနေတဲ့ အရှင်သခင်ကြီးတစ်ပါးသာမရှိရင် မင်းလိုကောင်က ငါ့ကို ဒီလိုပြောရဲမှလား... အသက်မရှင်ချင်တော့လား... အသက်ရှင်ရတာကို ငြီးငွေ့နေပြီလား…*
ပုန်းအောင်းနေသည့် ထိုအရှင်သခင်ကြီးသာ မရှိလျှင် သူက ဤကောင်လေးကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ပစ်ပြီးပြီဖြစ်၏။ တကယ့်ကို ခွေးသူတောင်းစားပင်။
သူက ခေါင်းမော့၍ သူ့အရှေ့တွင် မောက်မာစွာ ရပ်နေသော ဝတ်ရုံဖြူလူငယ် ချမ်ချန်ကန်းကို အေးစက်စက် စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
“ငါက ကောင်းကင်အင်မော်တယ်နယ်မြေက ကျန်းမိသားစုရဲ့ လေးစားခံပုဂ္ဂိုလ်ပဲ... မင်းနောက်မှာလူရှိနေတိုင်း ငါက ကြောက်နေမယ်မထင်နဲ့ ကောင်လေး...”
သူက ဤစကားကို အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အရှင်သခင်ကြီးအား ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်၏။
ကျန်းမိသားစု၏ ဂုဏ်သတင်းက ကြီးမားလှပြီး ကောင်းကင်ဘုံကိုပင် လွှမ်းမိုးထားကာ အင်အားကြီးမားလှသည်။ အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာတွင်လည်း ကျော်ကြားလှ၏။
ဖေးရှန့်တောင်မှ ပုန်းအောင်းနေသည့် အရှင်သခင်ကြီးက မည်မျှပင် အစွမ်းထက်စေကာမူ သူ့ကို သတ်လိုက်မည်ဆိုပါက ကျန်းမိသားစုကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဟွန့်... မည်မျှပင် အစွမ်းထက်နေပါစေ ကျန်းမိသားစုကို ရန်စမိသည့် အကျိုးဆက်ကို ချိန်ဆသင့်သည်။ ကျန်းမိသားစုကို ဆန့်ကျင်သူများအတွက် သေလမ်း တစ်လမ်းသာရှိ၏။
ကောင်းကင်နယ်မြေမှ ကျန်းမိသားစု၏ နာမည်က မိုးခြိမ်းသံကဲ့သို့ ကြီးမားလှသည်။ ပိုင်ယွဲ့၊ မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့ အားလုံးက ထိုနာမည်ကို ကြားဖူးထားကြ၏။ ကျန်းချင်း၏ စကားများကို ကြားပြီးနောက် သူတို့၏ ရင်ထဲတွင် လေးလံသွားကြသည်။
ဤကျန်းချင်း၏ နောက်ခံက ဤမျှ ကြီးမားနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ အကယ်၍ ချမ်ချန်ကန်းကသာ ကျန်းချင်းကို သတ်လိုက်မည်ဆိုပါက အကျိုးဆက်များက ဆိုးရွားလှပေလိမ့်မည်။
အထူးသဖြင့် ကျူးရှိူ့တိုက်ကြီးသည် အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းတော့မည် ဖြစ်၏။
ထိုအချိန်တွင် ကျန်းမိသားစုကသာ လက်စားချေရန် ရောက်လာပါက ကျူးရှိူ့အင်မော်တယ်နယ်မြေက မည်သို့ ခုခံနိုင်မည်နည်း။ ချမ်ချန်ကန်းက မည်မျှပင် အစွမ်းထက်နေပါစေ ကျန်းမိသားစု တစ်ခုလုံးကို သူ တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်လော။
ကျန်းချင်းက ကျန်းမိသားစု၏ နာမည်ကို ထုတ်သုံး၍ ခြိမ်းခြောက်လိုက်သည်။ ကျန်းချင်းသည် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ပထမအဆင့် အင်မော်တယ်တာအို သူတော်စင်တစ်ဦးဖြစ်ကြောင်း သိထားရမည် ဖြစ်၏။
သို့သော် ဖေးရှန့်တောင်မှ ပုန်းအောင်းနေသည့် ထိုအရှင်သခင်ကြီးက သူ့ကို လက်ဝါးတစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ရိုက်ထုတ်နိုင်ခဲ့သည်။ ထိုစွမ်းအားက သူ့ထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူသည် အဆင့်မြင့်အင်မော်တယ်တာအို သူတော်စင်တစ်ဦး ဖြစ်ရမည်ဟု ကျန်းချင်း ခန့်မှန်းလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး တတိယအဆင့် အင်မော်တယ်တာအို သူတော်စင်အထက်တွင် ရှိပေလိမ့်မည်။
ကျန်းချင်း၏ ခြိမ်းခြောက်မှုအပေါ် ချမ်ချန်ကန်းက အမူအရာ ကင်းမဲ့စွာဖြင့် အေးစက်စက် ပြောလိုက်သည်။
“အဘိုးကြီး... မင်းက အခြေအနေကို သဘောမပေါက်သေးဘူးထင်တယ်...”
သူ စကားပြောပြီးသည်နှင့် ယခုမှ ခေါင်းမော့လာသော ကျန်းချင်း၏ ခေါင်းကို ခြေထောက်ဖြင့် နင်းချလိုက်၏။
“ဘုန်း…”
ဤခြေကန်ချက်က ဘီလီယံနှင့်ချီသော နတ်ဘုရားစွမ်းအားများ ပါဝင်နေသကဲ့သို့ပင်။ လွှမ်းမိုးနိုင်လွန်းလှပြီး ခုခံရန် မဖြစ်နိုင်ချေ။
ကျန်းချင်း၏ ခေါင်းက မြေပြင်ပေါ်သို့ ဖိနင်းခံလိုက်ရသည်။ ခေါင်းကွဲသွားပြီး သွေးများ ပန်းထွက်လာကာ ကျန်းချင်း၏ ဦးခေါင်းမှာ မြေကြီးနှင့် ဆောင့်မိပြီး တစ်စစီ ကြေမွသွားတော့မတတ်ပင်။
ကျန်းချင်းမှာ မှင်တက်သွားတော့၏။
အထိတ်တလန့် ဖြစ်သွားသည်။
သူ့အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလှသည့် ဝတ်ရုံဖြူလူငယ်လေးက သူ့ကို မြေပြင်ပေါ်၌ အရှက်ခွဲကာ နင်းချေထားခြင်းပင်။
ထိုခြေကန်ချက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးအစမဲ့သော စွမ်းအားများ ပါဝင်နေ၏။ သူသည် အင်မော်တယ်တာအို သူတော်စင်တစ်ဦး ဖြစ်နေလျှင်တောင်မှ ခုခံနိုင်စွမ်း အလျဉ်းမရှိပေ။
သူ့ကို လက်ဝါးနှင့် ရိုက်ထုတ်ခဲ့သည့် အရှင်သခင်ကြီးဆိုသည်မှာ သူ့အရှေ့မှ ဤဝတ်ရုံဖြူ လူငယ်လေးများ ဖြစ်နေမည်လော။
*မဖြစ်နိုင်ဘူး.. ငါ အမြင်မှားနေတာများလား*
ကျန်းချင်း၏ ရင်ထဲတွင် အလွန်တရာ ဝေခွဲမရ ဖြစ်သွားသည်။ သို့သော်လည်း ကျန်းချင်း၏ ခေါင်းမှာ မြေပြင်ပေါ်တွင် ဖိနင်းခံထားရပြီး သွေးများ အဆက်မပြတ် စီးကျနေကာ မည်သို့မျှ လှုပ်ရှား၍ မရတော့ချေ။ သူ အားကုန်ထုတ်၍ ရုန်းကန်သော်လည်း ချမ်ချန်ကန်း၏ ခြေအောက်မှနေ၍ ခေါင်းကို မော့မလာနိုင်ခဲ့ပေ။
“တာအိုရောင်းရင်း... ငါက မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး... ဘာလို့ ငါ့ကို ခုလို ဆက်ဆံရတာလဲ...”
“ငါ့ကို သတ်တာက ကျန်းမိသားစုကို ဆန့်ကျင်တာပဲ... တာအိုရောင်းရင်းက အစွမ်းထက်တယ်ဆိုပေမယ့် ကျန်းမိသားစုရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးပါဘူး... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ...”
ကျန်းချင်းမှာ အကြောက်လွန်ကာ အသနားခံလိုက်သည်။
“အိုး... ဘာရန်ငြိုးမှမရှိဘူး ဟုတ်လား... ဒီအရှင်က မင်းအတွက် သေချာတွက်ချက်ပေးမယ်...”
စကားပြောနေရင်းနှင့်ပင် သူ၏ ခြေထောက်မှ စီးဆင်းလာသော စွမ်းအားများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။
ကျန်းချင်း၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး မျက်နှာ တစ်ပြင်လုံး သွေးများ စီးကျနေပြီဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက သူ၏ ခေါင်းမှာ ချမ်ချန်ကန်း၏ နင်းချေမှုကြောင့် တစ်စစီ ကြေမွသွားတော့မည်ဖြစ်၏။ မျက်နှာကိုပင် ပြန်မရနိုင်တော့ချေ။
“အဘိုးကြီး... နားစွင့်ပြီး သေချာ နားထောင်စမ်း...”
ချမ်ချန်ကန်းက မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်ရာ ကျန်းချင်း၏ ဝိညာဉ်မှာ တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားတော့သည်။
“ပထမစာရင်းက မင်း ကျူးရှိူ့ကို ကျူးကျော် ဝင်ရောက်ပြီး ကောင်းကင်တာအိုရဲ့ ဥပဒေဿတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ငါ့တပည့်မှာ ဝိညာဉ်ပြန်ကန်တဲ့ဒဏ်ကို ခံရပြီး ဒဏ်ရာရခဲ့တယ်... မင်း သေသင့်တယ်...”
“ဒုတိယစာရင်းက မင်း ငါ့တပည့်ရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တယ်... မင်း သေသင့်တယ်...”
“တတိယစာရင်းက မင်း ကျူးရှိူ့ကို ထပ်လာပြီး ကောင်းကင်တာအို ဥပဒေဿတွေကို ထပ်ဖျက်ဆီးခဲ့ပြန်တယ်... ဒါကြောင့် ငါ့တပည့်မှာ နောက်တစ်ကြိမ် ဝိညာဉ်ပြန်ကန်တဲ့ဒဏ်ကို ခံစားရပြီး ဒဏ်ရာရခဲ့တယ်... မင်း သေသင့်တယ်...”
“စတုတ္ထစာရင်းက ငါ့တပည့်ကို အနိုင်ကျင့်တာဟာ ဒီအရှင်ကို စော်ကားတာပဲ... မင်း သေသင့်တယ်...”
ထိုစကားလုံးများက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး ကြယ်ကိုးပွင့် ပြုတ်ကျလာသကဲ့သို့ ကျန်းချင်း၏ စိတ်အာရုံကို ရိုက်ခတ်သွား၏။
ကျန်းချင်းမှာ လုံးဝမခံနိုင်တော့ချေ။ ဝိညာဉ်က အက်ကွဲသွားပြီး ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားကာ မျက်နှာပေါက် ခုနစ်ပေါက်လုံးမှ သွေးများ ပန်းထွက်လာသည်။
ဤသည်က ချမ်ချန်ကန်း၏ စကားလုံးများသက်သက်သာ ဖြစ်သော်လည်း ပထမအဆင့် အင်မော်တယ်တာအို သူတော်စင်တစ်ဦး ဖြစ်သော ကျန်းချင်းမှာ လုံးဝမခံနိုင်တော့ဘဲ ပြင်းထန်သော ဒဏ်ရာများရရှိကာ သေလုမျောပါး ဖြစ်သွားရ၏။
ဤမြင်ကွင်းကို ကြည့်နေသော ပိုင်ယွဲ့နှင့် အခြားသူများမှာ အလွန်အမင်း ရိုသေလေးစားကာ အံ့သြမှင်တက်သွားကြသည်။ ရန်သူက မည်မျှပင် အစွမ်းထက်နေပါစေ လေပြေက တောင်ကုန်းကို ဖြတ်သန်း တိုက်ခတ်သွားသကဲ့သို့ တည်ငြိမ်နေ၏။ ရန်သူက မည်မျှပင် ကြမ်းတမ်းနေပါစေ လမင်းကြီးက မြစ်ပြင်ကို ထွန်းလင်းနေသကဲ့သို့ မတုန်မလှုပ် ရှိနေသည်။
ရန်သူက မည်မျှပင် အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်နေပါစေ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကား မဟုတ်ပေ။ သူက အကြွင်းမဲ့ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
“စီ... စီနီယာကြီး... ကျွန်တော့်ကို... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ...”
သေရတော့မည်ဟု ခံစားလိုက်ရသဖြင့် ကျန်းချင်းမှာ လုံးဝ ထိတ်လန့်သွားတော့သည်။ သူက မြေပြင်ပေါ်တွင် ခွေးအိုကြီး တစ်ကောင်ကဲ့သို့ သနားစရာကောင်းစွာ လဲကျနေ၏။ သူသည် ချမ်ချန်ကန်းကို တာအိုရောင်းရင်းဟုပင် မခေါ်ရဲတော့ဘဲ စီနီယာကြီးဟုသာ ခေါ်ဝေါ်လိုက်တော့သည်။
ချမ်ချန်ကန်းက အထက်စီးမှနေ၍ အေးစက်စက် စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ သူ၏ ခြေထောက်အောက်တွင် စွမ်းအားများ ရုတ်ခြည်း မြင့်တက်လာ၏။ ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးနိုင်လွန်းသော ထိုစွမ်းအားများက သေခြင်းတရားကို ယူဆောင်လာသည်။
“ဘုန်း…”
ထိုကျန်းချင်းမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။ ခြေကန်ချက် တစ်ချက်တည်းဖြင့် သူ၏ ခေါင်းမှာ တစ်စစီ ကြေမွသွားပြီး သွေးများပန်းထွက်သွားကာ မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤမြင်ကွင်းကို ကြည့်နေသူ အားလုံးမှာ မှင်တက်သွားကြပြီး သူတို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြသည်။
ဤသူသည် ကျန်းမိသားစု၏ လေးစားခံပုဂ္ဂိုလ်ကြီး ဖြစ်၏။ စီနီယာကြီးက သူ့ကို တကယ်ပင် သတ်ဖြတ်လိုက်လေပြီ။ သူတို့မှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး စကားတစ်ခွန်းမှပင် မဟနိုင်တော့ချေ။
အမြီးလေးက သူမ၏ မျက်လုံးဝိုင်းကြီးများကို ပေကလပ် ပေကလပ်လုပ်၍ ကျန်းချင်း၏ အလောင်းကို ကြည့်လိုက်ပြီး ချမ်ချန်ကန်း၏ ပေါင်ကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။
“အီ အီ အီ...”
အမြီးလေးက ဆရာသည် အလွန် အစွမ်းထက်ကြောင်း ပြောနေသည့်ပုံပင်။ သူမမှာ စိတ်လှုပ်ရှားပြီး ထိတ်လန့်နေကြောင်း မြင်နိုင်ပေသည်။