← Chapters

အခန်း ၂၈၄

Vol. 25 Ch. 284

အခန်း ၂၈၄

Vol. 25 Ch. 284

အခန်း (၂၈၄) ကျန်းချင်း၏ စေ့စပ်လှသော အကြံအစည်များမှာ

လက်သီးတစ်ချက်တည်းဖြင့် သွေးမြူမှုန်အဖြစ် ပေါက်ကွဲထွက်သွား၏။

“စနစ်၏ အသိပေးချက်။ ပိုင်ရှင်သည် ပထမအဆင့်အင်မော်တယ်သူတော်စင်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် နယ်မြေတန်ဖိုး သန်း ၃၀ ရရှိပြီး ငါးဆားနယ် ရတနာသေတ္တာ ၅ လုံး ကျလာပါသည်”

သူ၏ စိတ်အာရုံထဲတွင် စနစ်၏ အသိပေးချက် ပေါ်လာသည်။

ထိုအရာက ချမ်ချန်ကန်း၏ မျက်လုံးများကို မီးတောက်မတတ် တောက်ပသွားစေသည်။ ပထမအဆင့် အင်မော်တယ်သူတော်စင်ကို သတ်ဖြတ်လိုက်ရုံဖြင့် နယ်မြေတန်ဖိုး သန်း ၃၀ အထိရရှိခဲ့ခြင်းဖြစ်၏။ ပို၍ အရေးကြီးသည်မှာ ငါးဆားနယ် ရတနာသေတ္တာငါးလုံးပါ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ဤသည်က အင်ပါယာ၏ ပိုင်ဆိုင်မှုများလား။ သို့မဟုတ် ကျန်းချင်းက အင်မော်တယ်သူတော်စင်တစ်ပါး ဖြစ်နေ၍လား...။

ချမ်ချန်ကန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ ဤငါးဆားနယ် ရတနာသေတ္တာငါးလုံးထဲမှ ဘာတွေထွက်လာမလဲဆိုသည်ကို သူ သိချင်နေမိသည်။

သို့သော်လည်း သူက ငါးဆားနယ် ရတနာသေတ္တာများကို လောလောဆယ် မဖွင့်သေးပေ။ အကြောင်းမှာ ကျန်းချင်းအတွက် ရှင်းလင်းရမည့်ကိစ္စများ မပြီးပြတ်သေးသောကြောင့် ဖြစ်၏။

အိုး... သူ၏ ချစ်လှစွာသော တပည့်ကို အနိုင်ကျင့်ထားပြီးမှ ဤမျှ လွယ်လွယ်ကူကူ သေခွင့်ပေးလိုက်ဖို့ ဖြစ်နိုင်ပါ့မလား။

နောက်တစ်ခဏ၌...

သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းအားက ထွက်ပေါ်လာသည်။ သေဆုံးသွားသော ကျန်းချင်းက ပြန်လည် ရှင်သန်လာ၏။

သူ၏ မျက်နှာက ဖြူရော်နေပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ ဝေခွဲမရဖြစ်ခြင်း၊ နားမလည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ချမ်ချန်ကန်း၏ ခြေဖဝါးအောက်တွင် အနင်းခံရပြီး သေဆုံးသွားသည့် မြင်ကွင်းက သူ၏ စိတ်ထဲတွင် ယခုထက်တိုင် စွဲထင်နေဆဲ ဖြစ်၏။ သူ့ခေါင်းကြီး ပေါက်ကွဲထွက်သွားပြီး ဝိညာဉ်ပါ ကွဲကြေသွားသည့် စူးရှသော နာကျင်မှု ခံစားချက်ကို ယခုအချိန်အထိ ရှင်းလင်းစွာ ခံစားနေရဆဲ ဖြစ်သည်။

“ငါ... ငါ... ငါ မသေသေးဘူးလား...”

သူက လုံးဝ နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ ချမ်ချန်ကန်းတို့က သူ့ကို ပြန်လည်ရှင်သန်စေရန်အတွက် ထိပ်တန်းအဆင့် ဆေးလုံးဖြစ်သော အစစ်အမှန် နဂါးအင်မော်တယ်ဆေးကို အသုံးပြုလိုက်ခြင်းများလား။

ဟုတ်လောက်သည်။ သူက ကျန်းမိသားစု၏ ကိုးကွယ်မှုကို ခံရသူဖြစ်ပြီး သူ့ကို သတ်ဖြတ်လိုက်လျှင် ကျန်းမိသားစု၏ လက်စားချေမှုနှင့် ရင်ဆိုင်ရမည်ဖြစ်၏။

ဟင်း... ကြည့်ရသည်မှာ သူတို့ကိုယ်သူတို့ သတိထားမိပုံရသည်။ သူ့နောက်ကွယ်တွင် ကျန်းမိသားစု ရှိနေသည်ကို သိသဖြင့် အလွယ်တကူ ပြဿနာမရှာရဲခြင်း ဖြစ်ပေမည်။

ကျန်းချင်း၏ စိတ်ထဲတွင် ခဏတာမျှ ထိတ်လန့်ကြောက်ရွံ့သွားပြီးနောက် ဤသို့ တွေးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူက အံ့ဩတုန်လှုပ်နေခဲ့၏။

အစစ်အမှန် နဂါးအင်မော်တယ်ဆေးဆိုသည်မှာ လောကတွင် အလွန်ရှားပါးလှပြီး ကောင်းကင်အင်မော်တယ်နယ်မြေ၌ပင် အပင်အနည်းငယ်မျှသာ ရှိကြောင်း သိထားရမည် ဖြစ်သည်။ မထင်မှတ်ဘဲ ချမ်ချန်ကန်း၏ လက်ထဲတွင် အစစ်အမှန် နဂါးအင်မော်တယ်ဆေးကဲ့သို့သော ထိပ်တန်းအဆင့် ဆေးမျိုးရှိနေပြီး ထိုဆေးကို သူ့အား တိုက်ကျွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက စိတ်ထဲမှ ကြိတ်၍ ရယ်မောလိုက်၏။

*ဒီကောင်က အစွမ်းထက်ပေမဲ့ တကယ့် ငတုံးပဲ... သူ့ဒေါသကို ဖြေဖျောက်ဖို့အတွက် ငါ့ကို တစ်ခါ သတ်လိုက်ပေမဲ့ ထိပ်တန်းအဆင့် ဆေးတစ်လုံးကို အလဟဿ ဖြုန်းတီးလိုက်တာပဲ... ငါ ကောင်းကင်ဘုံကို ပြန်ရောက်တာနဲ့ လူတွေခေါ်လာပြီး မင်းကို သင်္ဂြိုဟ်စရာ မြေတောင် မရှိအောင် သတ်ပစ်မယ်…*

ကျန်းချင်းက ထိုသို့တွေးလိုက်သည်။

“အဘိုးကြီး... သေရတဲ့ အရသာ ဘယ်လိုနေလဲ...”

ထိုအခိုက်၌ ချမ်ချန်ကန်း၏ ဂရုမစိုက်ဟန် အသံက ထွက်ပေါ်လာ၏။ ကျန်းချင်းက သူ၏ စိတ်ကူးယဉ် အကြံအစည်များကို ရုပ်သိမ်းလိုက်ပြီး ချမ်ချန်ကန်းကို ကြည့်လိုက်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ မျက်နှာအမူအရာက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ ခေါင်းကို ဆောင့်၍ အသနားခံလိုက်၏။

“သခင်ကြီး... ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သခင်ကြီးနဲ့ ရှိခဲ့တဲ့ ရန်ငြိုးတွေ အားလုံးကို ကျေအေးပြီး ကောင်းကင်အင်မော်တယ်နယ်မြေကို ပြန်သွားပါ့မယ်လို့ ဒီနေရာရဲ့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... သခင်ကြီးအပေါ် ဘယ်တော့မှ အငြိုးမထားပါဘူး...”

ကျန်းချင်းမှာ ယခုအချိန်တွင် ဤနေရာမှ ချက်ချင်း ထွက်သွားချင်နေသည်။ သူ ကောင်းကင်ဘုံသို့ ပြန်ပြေးပြီး နောက်တစ်ဖန် ပြန်လည်တိုက်ခိုက်ရန် အကူအညီများ ခေါ်ယူရမည်ဖြစ်၏။ သူ့ရှေ့မှ ခွေးမသားကို အရင်ဆုံး သတ်ပစ်မည်ဖြစ်သည်။ ထို့နောက် ဤအင်မော်တယ်နယ်မြေကို သိမ်းပိုက်၍ ကျူးရှိူ့တိုက်ကြီးရှိ လူအားလုံးကို သတ်ဖြတ်ပစ်မည်ဖြစ်၏။

*ခွေးကောင်လေး... ငါ့အတွက် စောင့်နေလိုက်... ဒီကိစ္စအတွက် မင်းကို ဒီအတိုင်း လွှတ်ထားပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... *

ကျန်းချင်းက သူ၏ စိတ်ထဲတွင် လက်စားချေရန် ကြံစည်နေ၏။

“ဒီအရှင်က မင်းရဲ့ အသက်ကို ကယ်မယ်လို့ ပြောဖူးလို့လား...”

“ပြီးတော့ မင်းကို ကောင်းကင်နယ်မြေဆီ ပြန်လွှတ်ပေးမယ်လို့ရော ပြောဖူးလို့လား...”

ကျန်းချင်းမှာ လန့်ဖြန့်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းမော့ကာ ချမ်ချန်ကန်းကို ကြောင်အမ်းအမ်း ကြည့်လိုက်သည်။

“သခင်... သခင်ကြီး...”

ရိုးရိုးသားသားပြောရလျှင် ကျန်းချင်းမှာ အတော်လေး ဝေခွဲမရ ဖြစ်သွား၏။ သူ့ကို ပြန်မလွှတ်ပေးဘူးဆိုလျှင် ဘာကြောင့် ကယ်တင်ခဲ့ရသနည်း။ ထိပ်တန်းအဆင့် ဆေးလုံးကို မုန်လာထုပ်များဟု ထင်နေသလား။ ပြန်လည်ရှင်သန်အောင် လုပ်ပြီးမှ ပြန်သတ်ဖို့ လုပ်နေတာလား။ သူများ ဒုက္ခရောက်တာကို ကြည့်ပြီး သဘောကျနေတာလား။ ကျန်းချင်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

ဘေးဘက်တွင်မူ ပိုင်ယွဲ့က သူမ၏ ခန္ဓာကိုယ်ထဲမှ အတိုင်းအဆမရှိ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ ဤစွမ်းအားမျိုးက ပိုင်ယွဲ့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေပြီး သူမ၏ သိမြင်နားလည်နိုင်စွမ်းကိုပင် ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။ အကြောင်းရင်းကို နားမလည်နိုင်ဘဲ သူမ မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုအချိန်တွင် ချမ်ချန်ကန်းက စကားပြောလာ၏။

“ပိုင်ယွဲ့... သူက မင်းကို အနာတရ နှစ်ခါဖြစ်အောင် လုပ်ခဲ့တယ်... ဒါ့ကြောင့် သူ့ကို နှစ်ကြိမ်ပြန်သတ်လိုက်...”

ပိုင်ယွဲ့က မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ဘေးဘက်တွင် ရှိနေသော အင်မော်တယ်အင်ပါယာယီဟိုင်နှင့် မိန်နျင်တို့မှာလည်း နားမလည်နိုင်အောင် ဖြစ်နေကြ၏။ ကျန်းချင်း၏ ကျင့်စဉ်စွမ်းအင်က ထိတ်လန့်ဖွယ်ကောင်းပြီး သူ့ကို ချမ်ချန်ကန်းတစ်ယောက်တည်းကသာ သတ်ဖြတ်နိုင်ခြင်း ဖြစ်သည်။ ပိုင်ယွဲ့၏ စွမ်းအားကိုသာ အားကိုးရမည်ဆိုလျှင် ကျန်းချင်းကို သတ်ဖြတ်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကျန်းချင်းပင်လျှင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်နေ၏။

*တစ်ခုခု မှားယွင်းနေတာလား... ငါ့ကို နှစ်ကြိမ် သတ်မယ် ဟုတ်လား... အစစ်အမှန် နဂါးအင်မော်တယ်ဆေးလို ထိပ်တန်းဆေးလုံးတွေက အရမ်းများနေပြီး သုံးစရာ နေရာမရှိလို့လား... ဒီအဘိုးကြီးဖြစ်သူကို အပင်အနည်းငယ်လောက် ပေးချင်နေတာလား... ပြီးတော့... ဒီကောင်းကင်တာအိုအစောင့်အရှောက်လေးကြောင့် ငါအဘိုးကြီးကို သတ်ချင်တာလား…*

*ဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား... ပထမအဆင့် အင်မော်တယ်သူတော်စင်ဆိုတာကို စက္ကူစုတ်လို့ ထင်နေတာလား…*

ကျန်းချင်းမှာ သူ၏ အသက်အတွက် အလွန်အမင်း စိုးရိမ်နေရသော်လည်း ချမ်ချန်ကန်းက ပိုင်ယွဲ့အား သူ့ကို နှစ်ကြိမ် သတ်ခိုင်းနေခြင်းအပေါ် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။

*သူမလား…*

ကျန်းချင်းက စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်၏။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ...။

သို့သော်လည်း ပိုင်ယွဲ့က ရှေ့သို့ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ပိုင်ယွဲ့၏ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေ၏။ သူမက ဆရာဖြစ်သူ၏ ထိတ်လန့်ဖွယ်ကောင်းပြီး အစွမ်းထက်လှသော စွမ်းအားများကို ကောင်းချီးအဖြစ် ရရှိထားသည်။ သို့သော်လည်း ထိုစွမ်းအားများဖြင့် ပထမအဆင့် အင်မော်တယ်သူတော်စင်ဖြစ်သော ကျန်းချင်းကို သတ်နိုင်မည်လား ဆိုသည်ကိုတော့ သူမကိုယ်တိုင်လည်း မသိပေ။ ဟွမ်ဖူမိသားစုတွင်လည်း အင်မော်တယ်တာအို သူတော်စင်များရှိကြောင်း သိထားရမည် ဖြစ်၏။ သို့သော်လည်း ထိုသူက ဟွမ်ဖူမိသားစု၏ မဟာဘိုးဘေး ဖြစ်သည်။ သူက သေဆုံးလုနီးပါး အခြေအနေတွင်ရှိနေပြီး သေဆုံးရန်ပင် သိပ်မလိုတော့ပေ။ သူက အဆင့်အတန်း မြင့်မားပြီး ဟွမ်ဖူမိသားစုကို အုပ်ချုပ်ခဲ့သူ ဖြစ်၏။

သူမရှေ့မှ ကျန်းချင်းက ဟွမ်ဖူမိသားစု၏ ဘိုးဘေးများနှင့်ပင် ယှဉ်နိုင်လောက်သည့် အဆင့်တွင်ရှိသည်။ သူမကိုယ်တိုင်က ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကို သတ်ဖြတ်ရမည် ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် ပိုင်ယွဲ့၏ စိတ်ထဲတွင် အတော်လေး စိုးရိမ်တုန်လှုပ်နေမိ၏။ သေချာသည်မှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှင်းပြ၍မရနိုင်သော အစွမ်းထက် စွမ်းအားတစ်ခုရှိနေပြီး ထိုအရာကို ဆရာဖြစ်သူက ပေးအပ်ထားခြင်းဖြစ်ကြောင်း ပိုင်ယွဲ့ သိထားသည်။

ဆရာဖြစ်သူက သူမကို သတ်ခိုင်းနေမှတော့ အဆင်ပြေလောက်မှာပါလေ။

ထိုသို့တွေးလိုက်ရင်း ပိုင်ယွဲ့က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ စိုးရိမ်မှုများကို ဖိနှိပ်ကာ သူမ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းလိုက်၏။ ထို့နောက် သူမက ထိုက်ကျိကို ထုတ်သုံး၍ ကျန်းချင်းထံ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ကျန်းချင်းက မူလကတည်းက ပိုင်ယွဲ့ကို စိတ်ထဲမှ အထင်သေးနေခဲ့ခြင်း ဖြစ်၏။ သူ၏ အမြင်အရ ဤလက်သီးချက်က အလှပြ သိုင်းကွက်သက်သက်သာ ဖြစ်သည်။ သူ၏ အင်မော်တယ်သူတော်စင်အဆင့်ရှိ အစွမ်းထက် အင်မော်တယ်ခန္ဓာကိုယ်ကြီးကြောင့် ဤလက်သီးချက်လေးက သူ၏ ဆံပင်တစ်ပင်ကိုပင် ထိခိုက်နိုင်မည် မဟုတ်ပေ။ ကြည့်ရသည်မှာ ဤသခင်ကြီးက တကယ်ပင် စိတ်ဖောက်ပြန်နေပုံ ရ၏။

သို့သော်လည်း ပိုင်ယွဲ့၏ လက်သီးက ကျန်းချင်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့သွားသောအခါ... ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော ဒေါသတကြီး လှိုင်းတံပိုးများ ရိုက်ခတ်လာသကဲ့သို့ အတိုင်းအဆမရှိ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးကို ကျန်းချင်း ခံစားလိုက်ရသည်။ သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။

“ဘယ်လိုလုပ်ပြီး...”

သူ စကားပြော၍ပင် မဆုံးလိုက်ပေ။ သူ၏ ခန္ဓာကိုယ်ကြီးမှာ လက်သီးတစ်ချက်တည်းဖြင့် သွေးမြူမှုန်အဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

All Chapters