အခန်း ၂၈၆
Vol. 25 Ch. 286
အခန်း (၂၈၆)အထက်တန်းစားများက မေ့တတ်ကြသည်၊ အသက်ကယ် ကောက်ရိုးမျှင်
ဤသည်က ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတစ်ခုဖြစ်၏။
ပိုင်ယွဲ့၊ မိန်နျင်၊ အင်မော်တယ်အင်ပါယာ ယီဟိုင်။
သူတို့က ချမ်ချန်ကန်း၏ အမိန့်ကို နာခံ၍ ကျန်းချင်းကို သေချာပေါက် ‘ဧည့်ခံ’ ပေးလိုက်ကြသည်။
ယခင်ကဆိုလျှင် ကျန်းချင်း၏ မျက်လုံးထဲတွင် သူတို့က ပုရွက်ဆိတ်များသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ချမ်ချန်ကန်းက သူတို့ကို ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားများ ပေးအပ်လိုက်သောအခါ ယခုတော့ ထိုကျန်းချင်းကသာ ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားရ၏။
သူတို့သုံးယောက်က ပေါ့ပေါ့ပါးပါးပင် စတင် တိုက်ခိုက်လိုက်သော်လည်း ကျန်းချင်းမှာ မခံနိုင်တော့ပေ။ ဤသည်က သူတို့ သုံးယောက်ကို အင်မော်တယ်တာအို သူတော်စင်များကို သတ်ဖြတ်ရသည့် အရသာကိုလည်း ခံစားသွားစေခဲ့သည်။
သေချာသည်မှာ ပို၍ အရေးကြီးသည့် အချက်လည်း ရှိသေး၏။ ၎င်းက သူတို့ကို ချမ်ချန်ကန်း ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း စွမ်းအားများကို ခံစားသိရှိသွားစေခြင်း ဖြစ်သည်။
ချမ်ချန်ကန်း ပေးအပ်သော စွမ်းအားများကို လက်ခံရရှိပြီးနောက် ၎င်းက မည်မျှ ထိတ်လန့်ဖွယ် ကောင်းကြောင်းကို သူတို့ စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ဘက်ကင်းမှုက သူတို့၏ စိတ်အာရုံထဲတွင် မည်သို့သော အရာဖြစ်ကြောင်း နားလည်နိုင်စွမ်းမရှိသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူတို့၏ ရင်ထဲတွင် ချမ်ချန်ကန်းအပေါ် အကြောက်တရားနှင့်တကွ ကြည်ညိုလေးစားမှုများ ပြည့်နှက်နေခဲ့သည်။
သူတို့သုံးယောက်က ကျန်းချင်းကို သေခြင်းရှင်ခြင်းနှင့် အတူယှဉ်တွဲလျက် ညဉ့်လမင်းကို ဖြတ်သန်းရသည်မှာ မည်သို့သော အရသာမျိုးဖြစ်ကြောင်း ခံစားကြည့်ခိုင်းလိုက်ကြ၏။
တစ်ခါ သတ်လိုက်၊ တစ်ခါ သေလိုက်... ထို့နောက် ပြန်ရှင်လာလိုက်... အကြိမ်ကြိမ် အခါခါပင်။ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်နေသော သေမင်း၏ နှိပ်စက်မှုက ကျန်းချင်းထံ အစဉ်အမြဲ လိုက်ပါနေခဲ့သည်။
အကယ်၍ ယခုအချိန် ဖေးရှန့်တောင်တွင် ဤကဲ့သို့ သေမင်း၏ နှိပ်စက်မှုကို ခံစားနေရသူတစ်ယောက် ရှိနေကြောင်း ဝူမင်သာ သိလိုက်ရပါက သူ အတော်လေး ကံကောင်းသွားပြီဟု တွေးမိမည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူက ဤခံစားချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီးဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်မိတိုင်း သူ၏ ဦးရေပြားပင် ထုံကျဉ်သွားတတ်၏။
သို့သော်လည်း ဝူမင် မသိခဲ့သည့်အရာမှာ သူ သေဆုံးရခြင်းက ကျန်းချင်း သေဆုံးရခြင်းထက် များစွာသက်သာလွယ်ကူခဲ့ကြောင်းပင် ဖြစ်သည်။ သူ သေဆုံးခဲ့ရသည့် အချိန်တိုင်းလိုလို သေမင်း၏ နှိပ်စက်မှုကို သူ မခံစားခဲ့ရပေ။ ထိုသို့သာ မဟုတ်ပါက ဝူမင်မှာ သေမင်း၏ နှိပ်စက်မှုကြောင့် ရူးသွပ်သွားလောက်ပြီ ဖြစ်၏။
သို့သော်လည်း ကျန်းချင်းကတော့ ဤနေရာတွင် ကွာခြားသွားသည်။
သေဆုံးရသည့် အကြိမ်တိုင်းက သူ၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ နတ်ဝိညာဉ်၊ အမြင်အာရုံနှင့် အခြားသော ခံစားချက်များဆီမှ တိုက်ရိုက် သက်ရောက်လာခြင်း ဖြစ်၏။ သူက ၎င်းကို ခံစားရရန် မွေးဖွားလာသကဲ့သို့ ဖြစ်နေသည်။ ဤနှိပ်စက်မှုက သူ့ကို မျှော်လင့်ချက် ကင်းမဲ့စေပြီး နာကျင်စေခဲ့သည်။
သူက ဤအရာမှ စောစောစီးစီး လွတ်မြောက်သွားရန်ပင် မျှော်လင့်နေမိ၏။ အမြန်လေး သေသွားချင်နေသည်။
သို့သော်လည်း ယခုတော့ သူ သေချင်လျှင်ပင် သေခွင့် မရနိုင်တော့ချေ။ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ နောက်တစ်ခါ ထပ်သေလိုက်၊ ပြန်ရှင်လာလိုက်နှင့် သူ လုံးဝ မျှော်လင့်ချက် ကင်းမဲ့ကာ ထိတ်လန့်ကြောက်ရွံ့နေခဲ့ရ၏။
“ငရဲပဲ... ဒါ ငရဲကျနေတာပဲ... ငါ့ကို သေခွင့်ပေးပါ... ကျေးဇူးပြုပြီး ငါ့ကို သေခွင့်ပေးကြပါ...”
အင်မော်တယ်အင်ပါယာယီဟိုင်က အေးစက်စွာ ပြောလိုက်၏။
“မင်းက စီနီယာကို လုံးဝ သွားမရန်စသင့်ခဲ့တာ... အခုတော့ မင်းနဲ့ ထိုက်တန်သွားပြီ...”
ပိုင်ယွဲ့က ပြောလိုက်သည်။
“မပူပါနဲ့... ဆရာက နောက်ဆုံးကျရင် ရှင့်ကို သတ်မှာပါ... ဒါပေမဲ့ ရှင့ အသက်ရှင်ဖို့ အချိန်နည်းနည်း ကျန်နေသေးတယ်...”
“ဘာလို့လဲ... ဘာလို့လဲ...”
မိန်နျင်က ပြောလိုက်၏။
“ရှင်ဆပ်ရမယ့် အကြွေးတစ်ခု ကျန်နေသေးလို့ပဲ...”
“ဘာအကြွေးလဲ...”
အင်မော်တယ်အင်ပါယာယီဟိုင်က ပြုံးလိုက်သည်။
“အင်မော်တယ်တာအိုသူတော်စင်တွေက အထက်စီးက နေတတ်ကြတော့ အထက်တန်းစားတွေက မေ့တတ်တယ်ဆိုတာ မှန်တာပဲ... ငါ့ကို သေချာကြည့်စမ်းပါဦး... ငါတို့က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တွေ့ခဲ့ကြတာလေ... ကြည့်ရတာ အထက်တန်းစားကြီးက မေ့သွားပုံရတယ်...”
ကျန်းချင်းက အင်မော်တယ်အင်ပါယာ ယီဟိုင်၏ စကားကို ကြားသောအခါ သူ၏ အမူအရာက လန့်ဖြန့်သွားပြီး ရုတ်တရက် သတိရသွား၏။
“မင်းက အဲနေ့က ဟိုကောင်လေးဘေးမှာရှိနေတဲ့တစ်ယောက် မဟုတ်လား...”
“မှန်တယ်... မိုဝန်ထျန်းက စီနီယာရဲ့ တပည့်ပဲ... ဒါပေမဲ့ မင်းက သူ့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့တယ်... မိုဝန်ထျန်းရဲ့ ကျင့်စဉ်စွမ်းအင် အဆင့်တက်ပြီး အတားအဆီးတွေကို ဖြတ်ကျော်နိုင်သွားတဲ့အခါ အဲ့နောက်ဆုံး အကြွေးကို ရှင်းပြီးရင် စီနီယာက မင်းကို သေချာပေါက် အလိုဖြည့်ပေးလိမ့်မယ်...”
ကျန်းချင်းက ဤစကားကို ကြားသောအခါ သူ၏ အမူအရာက ဖြူရော်သွားပြီး မျက်နှာက ပြာနှမ်းသွားကာ စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။
ဤအရာက တကယ့်ကို ကံဆိုးမိုးမှောင် ကျတာပင်။
သူ ဤကျူးရှိူ့တိုက်ကြီးသို့ ရောက်လာချိန်တွင် လူနှစ်ယောက်ကို ရန်စမိခဲ့သကဲ့သို့ ဖြစ်နေသည်။
တစ်ယောက်က ကောင်းကင်တာအို ဥပဒေဿကို ဖျက်ဆီးပြီး ကောင်းကင်တာအိုအစောင့်အရှောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်းဖြစ်၏။
နောက်တစ်ယောက်ကတော့ ငန်းသား စားချင်နေသည့် ဖားပြုတ်ဖြစ်သော မိုဝန်ထျန်း၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးကာ သူ့ကို အသုံးမကျသူတစ်ယောက်ဖြစ်အောင် လုပ်ခဲ့ခြင်းပင်။
ကျန်းရူဟွာက ကျန်းမိသားစု၏ ရတနာတစ်ပါးဖြစ်ပြီး အဆင့်အတန်း မြင့်မားကာ သခင်မလေးနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ သူက မိုဝန်ထျန်း၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်ခြင်းက ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်၏။
ပြီးတော့ ယခုတစ်ကြိမ် အောက်ဘုံသို့ ဆင်းလာချိန်တွင် သူက မိုဝန်ထျန်းကို သတ်ဖြတ်ရန်ပင် ကြံစည်နေခဲ့သေးသည်။
ပိုင်ယွဲ့ရော မိုဝန်ထျန်းပါ ထိုစီနီယာက၏ တပည့်များဖြစ်နေမည်ဟု မည်သူက သိထားခဲ့မည်နည်း။
ဤကျူးရှိူ့တိုက်ကြီးက အရမ်း သေးငယ်လွန်းနေတာလား။
ထို့နောက် ကျန်းချင်းက ကျန်းရူဟွာ မှားကြားလိုက်သော ကိစ္စကို သတိရသွားပြီး နောက်ဆုံးကျန်နေသည့် အသက်ကယ် ကောက်ရိုးမျှင်ကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ငါ့ကို မသတ်ကြပါနဲ့... ငါ့ကို မသတ်ကြပါနဲ့... ဒီတစ်ခါ အောက်ဘုံကို ဆင်းလာတာက သခင်မလေးရဲ့ အမိန့်နဲ့ လာခဲ့တာပါ... အဲကောင်လေးကို ပေးဖို့... အာ... မဟုတ်ဘူး... သခင်လေး မိုဝန်ထျန်းကို တာ့ဖုန်း အင်မော်တယ်လက်စွပ်လာပေးတာပါ...”
ထိုသို့ ပြောရင်း သူက ကျန်းရူဟွာ ပေးလိုက်သော တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို ကမန်းကတန်း ထုတ်ယူလိုက်သည်။
သို့သော်လည်း သူ ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် မိန်နျင်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြန်၏။
အင်မော်တယ်အင်ပါယာယီဟိုင်က သူ၏ လက်ကိုမြှောက်၍ တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို ဖမ်းယူလိုက်သည်။
ဤလက်စွပ်ကို ကြည့်လိုက်သည်နှင့် ၎င်း၏ ထူးခြားပုံမှန်မဟုတ်သော အခြေအနေကို သူ အလိုအလျောက် ခံစားမိလိုက်၏။
ထိုအခိုက်၌ သေဆုံးသွားသော ကျန်းချင်းက နာကျင်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် နောက်တစ်ကြိမ် ပြန်လည် ရှင်သန်လာပြန်၏။ သူ၏ မျက်နှာက ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
သေမင်း၏ ဤကဲ့သို့ နာကျင်မှုနှင့် နှိပ်စက်မှုကို သူ လုံးဝ မခံနိုင်တော့ပေ။ သူက မြေပြင်ပေါ်တွင် ဒူးထောက်၍ အသံထွက်အောင်ပင် ငိုကြွေးလိုက်၏။
“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ဒီကျွန်အိုကြီးက သခင်မလေးရဲ့ အမိန့်နဲ့ ဒီတာ့ဖုန်းအင်မော်တယ်လက်စွပ်ကို သခင်လေး မိုဝန်ထျန်းဆီ လာပေးတာ အမှန်ပါပဲ... သခင်လေး မိုဝန်ထျန်းကို ဒ္ကျွန်အိုကြီးရဲ့ အသက်ကို ချမ်းသာပေးဖို့ အသနားခံပေးကြပါ...”
အင်မော်တယ်အင်ပါယာက ယီဟိုင် မျက်မှောင်ကြုတ်သွား၏။
အဲ့လိုပဲ ဆိုရမည်။
သူက ကျန်းချင်းအပေါ် မည်သည့် ကောင်းသော ခံစားချက်မျှ ရှိမနေပေ။
သေသင့်သေထိုက်သူပင် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က သူ ကျူးရှိူ့တိုက်ကြီးမှ ထွက်ခွာသွားချိန်တွင် မိုဝန်ထျန်း၏ ကျင့်စဉ်စွမ်းအင်များ ဖျက်ဆီးခံခဲ့ရ၏။
ကျန်းချင်းက ဤမျှသဘောကောင်းလိမ့်မည်ဟု သူ မထင်ထားပေ။ ထို့ကြောင့် ကျန်းရူဟွာက ဤမျှအရေးကြီးသော တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို မိုဝန်ထျန်းအား ပေးရန် သူ့ကို အထူးတလည် စေခိုင်းခဲ့ခြင်း ဖြစ်ပေမည်။
အင်မော်တယ်အင်ပါယာယီဟိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“မင်းလို ခွေးအိုကြီးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ မယုံဘူး... ငါ့အမြင်ကို ပြောရရင် မင်းက ဒီကိုလာဖို့ အမိန့်ပေးခံခဲ့ရပေမဲ့ မိုဝန်ထျန်းကို သတ်ပြီး ဒီတာ့ဖုန်း အင်မော်တယ်လက်စွပ်ကို မင်းကိုယ်ပိုင်အဖြစ် သိမ်းပိုက်ဖို့ လာခဲ့တာ ဖြစ်ရမယ်...”
အင်မော်တယ်အင်ပါယာယီဟိုင်၏ စကားကြောင့် ကျန်းချင်း၏ အမူအရာက တောင့်တင်းသွားပြီး အလွန်အမင်း သဘာဝမကျ ဖြစ်သွား၏။
ကျန်းချင်း၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ အင်မော်တယ်အင်ပါယာ ယီဟိုင်က သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါ ထင်တဲ့အတိုင်းပဲ...”
“ကံကောင်းလို့ မိုဝန်ထျန်းက စီနီယာ့ရဲ့ တပည့် ဖြစ်နေတာ... မဟုတ်ရင် မင်းလက်ချက်နဲ့ သူ တကယ် သေရတော့မှာပဲ...”
ထို့နောက် သူက အဘိုးကြီးကျန်းချင်းကို လက်ဝါးဖြင့် ရိုက်သတ်ပစ်လိုက်တော့သည်။