← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) ကမ္ဘာပျက်ကပ်မတိုင်မီ နေ့ရက်

"တောက်... ခွေးကောင်တွေ..."

ချူဟန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဘယ်ကောင်ကများ ဒီလောက် အသံကျယ်ကြီး အော်နေရတာလဲ။ ဇွန်ဘီအုပ်ကြီးကို ဆွဲဆောင်နေတာလား။

"ပါးစပ်ပိတ်ထားစမ်း..."

ချူဟန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ကိန်းအောင်းနေ၏။ ချက်ချင်း ထရပ်ပြီး ထိုဆူညံနေသော ပါးစပ်ကို အတင်းသွားပိတ်ပစ်ရန် ဟန်ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်၊ မျက်ဝန်းထဲမှ ကြမ်းတမ်းခက်ထန်သော အကြည့်တို့မှာ အံ့အားသင့်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

မှိုင်းညို့နေသော ကောင်းကင်ကြီး မရှိတော့ပေ။ နှာခေါင်းဝ၌ တိုးဝှေ့နေတတ်သော ပြင်းထန်လှသည့် သွေးညှီနံ့များလည်း မရှိတော့ချေ။ ဇွန်ဘီများ၏ ကြက်သီးမွေးညင်းထဖွယ် ဟိန်းဟောက်သံများ မကြားရတော့သလို၊ ပြန့်ကျဲနေသော ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများလည်း မရှိတော့ပေ။

ပြတင်းပေါက်မှတစ်ဆင့် နွေးထွေးတောက်ပသော နေရောင်ခြည်များ ဖြာကျနေသည်။ အခန်းထဲတွင် ကုတင်လေးလုံးနှင့် စားပွဲတစ်လုံးကို တွေ့လိုက်ရသည်။ ထို့အပြင် အကွက် ကျားရှပ်အင်္ကျီ ဝတ်ဆင်ထားသော သိပ္ပံကျောင်းသား နှစ်ယောက်မှာ ကွန်ပျူတာရှေ့တွင် ထိုင်လျက် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် မောက်စ်နှင့် ကီးဘုတ်ကို အဆက်မပြတ် နှိပ်နေကြသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော မြင်ကွင်းက ချူဟန်၏ အမြင်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

ချွတ်ပုံထားသော အဝတ်အစားဟောင်းများ။ အနံ့အသက်ဆိုးများ ထွက်နေသည့် စားလက်စ ခေါက်ဆွဲဘူးခွံများ။ ရှုပ်ပွနေသော ထိုအခန်းငယ်လေးက သူ့အတွက်တော့ ရူးသွပ်မတတ် လွမ်းဆွတ်ဖွယ်ရာ ဖြစ်နေတော့သည်။ အတိတ်မှ မှတ်ဉာဏ်ဟောင်းများ ပြန်လည်နိုးကြားလာတော့သည်။

ဖန်ရုန်နှင့် တိန့်ဝေပေါ်။ တက္ကသိုလ်တုန်းက ငါ့ရဲ့ အခန်းဖော်တွေပဲ။

"ဘာရုပ်ကြီးလဲကွ၊ အိပ်ချင်မူးတူး ဖြစ်နေတုန်းလား"

ချူဟန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တိန့်ဝေပေါ်က ကွန်ပျူတာ မျက်နှာပြင်မှ အကြည့်ကို ခေတ္တလွှဲကာ ပြောလိုက်သည်။

သူသည် သာမန်ရုပ်ရည်မျိုးရှိပြီး ပါဝါအလွန်မြင့်သော မျက်မှန်ထူကြီးကို တပ်ဆင်ထားသည်။ နောင်တစ်ချိန်တွင် စွမ်းအားရှင်တစ်ဦး ဖြစ်လာမည်ဖြစ်သော်လည်း၊ ဇွန်ဘီအုပ်ကြီး၏ တိုက်ခိုက်မှုမှ မြို့ကို ကာကွယ်ရင်း အသက်စွန့်ခဲ့ရသူ ဖြစ်သည်။

"ချူဟန် နိုးပြီလား... တောက်... မဆော့တော့ဘူး... ရှုံးပြန်ပြီကွာ"

ဖန်ရုန်က ကီးဘုတ်ကို ဒေါသတကြီး ထုရိုက်လိုက်သည်။ အနည်းငယ် မျက်နှာငယ်တတ်သော သူသည်လည်း ဇွန်ဘီများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးရမည့် ကံကြမ္မာ ရှိနေသူဖြစ်သည်။

ချူဟန်သည် မျက်လုံးများကို အားပါးတရ ပွတ်သပ်လိုက်သည်။ ဦးနှောက်ထဲတွင် တစ်စုံတစ်ခုကို ရှင်းလင်းစွာ သဘောပေါက်သွားသဖြင့် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာလေသည်။

ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင်...

လွန်ခဲ့တဲ့ ဆယ်နှစ်က အတိတ်ကို ငါ ပြန်ရောက်လာတာပဲ။ ဇွန်ဘီကပ်ရောဂါ မဖြစ်ပွားခင်၊ အချစ်ဆုံး သူငယ်ချင်းသုံးယောက် အသက်ရှင်နေသေးတဲ့ ဒီအချိန်ကာလကိုပေါ့။

ဖန်ရုန်က လက်တော့ပ်ကို ဖက်ကနဲ ပိတ်ချလိုက်သည်။

"ချူဟန်... ငါနဲ့ ‌တိန့်‌ဝေပေါ် အရင်သွားတော့မယ်... ဆယ်နာရီတောင် ထိုးနေပြီ... ဟေ့ကောင် တိန့်ဝေပေါ် မြန်မြန်သိမ်းစမ်းပါ။ လေယာဉ်မီမှာ မဟုတ်တော့ဘူး"

‘ဆယ်နာရီ ဟုတ်လား။ လေယာဉ် ဟုတ်လား။ ဒီနေ့က ဘယ်လ၊ ဘယ်ရက်လဲ။’

ချူဟန်သည် ကုတင်ပေါ်မှ ထလိုက်သည်။ အနီးဆုံးတွင်ရှိသော တိန့်ဝေပေါ်ကို တွန်းဖယ်လိုက်ပြီး မောက်စ်ကိုလုကာ မျက်နှာပြင် ညာဘက်အောက်ထောင့်ရှိ ပြက္ခဒိန်ကို နှိပ်ကြည့်လိုက်တော့သည်။

"ဘာလုပ်တာလဲကွ... ဟေ့ကောင် အဲ့ဒါ ငါ့ကွန်ပျူတာနော်"

တိန့်ဝေပေါ်ကို ဂရုမစိုက်ဘဲ မျက်နှာပြင်ကိုသာ စူးစိုက်ကြည့်နေလိုက်သည်။

နံနက် ဆယ်နာရီ။

ဒီအချိန်တောင် ရောက်နေပြီလား။ ဇွန်ဘီ ကပ်ရောဂါ ဖြစ်ပွားမည့်နေ့က မနက်ဖြန် ဖြစ်သည်။

နံနက် ခြောက်နာရီတွင် ကောင်းကင်ကြီး တစ်ခုလုံး အမှောင်ကျသွားပြီး မွန်းတည့် ဆယ့်နှစ်နာရီတွင် နေမင်းကြီး ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။ ခြောက်နာရီတိတိ ကြာမြင့်သော အမှောင်ထုကြီး ကင်းစင်သွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးကာ သွေးထွက်သံယို အစုလိုက်အပြုံလိုက် မျိုးဖြုတ်သတ်ဖြတ်မှုကြီး စတင်တော့မည် ဖြစ်သည်။

အချိန် တစ်ရက်တည်းသာ ကျန်တော့သည်။ ချူဟန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားပြီး ရင်ခုန်သံများ ဆက်တိုက် မြန်ဆန်လာတော့သည်။

"မြန်မြန် ဖယ်စမ်းပါ။ ကွန်ပျူတာ သိမ်းဖို့ပဲ ကျန်တော့တာ"

ကျောပိုးအိတ်အကြီးကြီးကို လွယ်ရင်း တိန့်ဝေပေါ်က အလျင်စလို ပြောလာသည်။

ချူဟန် နောက်တစ်လှမ်း ဆုတ်လိုက်ပြီး လည်ချောင်းဝအထိ ရောက်နေသော စကားလုံးများကို ပြန်မြိုချလိုက်သည်။ အတွင်းစိတ်ထဲမှ ပြင်းထန်သော ခံစားချက်များကို အတင်းဖိနှိပ်ကာ တည်ငြိမ်ဟန်ဆောင်လျက် စကားဆိုလိုက်သည်။

"လတ်တလောမှာ ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ပြန့်နှံ့နေတယ်လို့ ကြားတယ်။ မင်းတို့ မိသားစုတွေကို ရိက္ခာနဲ့ သောက်ရေသန့်တွေ အများကြီး စုဆောင်းခိုင်းထားလိုက်။ ဒီရက်ပိုင်း အပြင် လုံးဝ မထွက်ကြနဲ့နော်"

"ဗိုင်းရပ်စ် ဟုတ်လား" "အဲ့ဒီသတင်းကို ဘယ်က ကြားတာလဲ"

"သတင်းထဲကလေ"

သူတို့တွေ ပုံမှန်ဆိုလျှင် သတင်း လုံးဝ မကြည့်တတ်ကြောင်းကို ချူဟန် ကောင်းကောင်းသိသည်။

"မင်းက သတင်းတွေဘာတွေ ကြည့်လို့လား" တိန့်ဝေပေါ်က ရယ်မောလိုက်သည်။

"အေးပါကွာ... ငါတို့ သတိထားပါ့မယ်။ ကဲ ငါတို့ အရင်သွားတော့မယ်"

"လမ်းခရီး ဂရုစိုက်ကြဦး"

ချူဟန်သည် ကာလကြာရှည် ကွဲကွာနေပြီးမှ ပြန်လည်ဆုံတွေ့ရသော ဝမ်းသာမှုကို ရင်ဘတ်ထဲ၌သာ သိမ်းဆည်းထားလိုက်သည်။ ကပ်ရောဂါ မဖြစ်ပွားမီ မင်ချူးမြို့မှ ထွက်ခွာသွားခြင်းက သူတို့နှစ်ယောက်အတွက်တော့ ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။

ဖန်ရုန်နှင့် တိန့်ဝေပေါ်တို့ နှစ်ယောက်စလုံး၏ ဇာတိမှာ ရှန်ကျင်းမြို့ဖြစ်သည်။ စာမေးပွဲ ဖြေဆိုပြီးသော သူတို့နှစ်ယောက်သည် ယနေ့ နေ့လယ် လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူထားပြီး ဖြစ်သည်။

ရှန်ကျင်းမြို့သည် လူဦးရေ ထူထပ်သောကြောင့် ဇွန်ဘီအရေအတွက်လည်း အလွန်များပြားသော်လည်း၊ မြို့တော်ဖြစ်သဖြင့် စစ်တပ်၏ အကာအကွယ် အခိုင်အမာရှိသည်။ အသက်ရှင်ကျန်ရစ်သူ အရေအတွက် အများဆုံးဖြစ်ပြီး။ ကမ္ဘာပျက်ပြီး နှစ်နှစ်အထိ နိုင်ငံအတွင်း အလုံခြုံဆုံးမြို့ဟု ဆိုနိုင်သည်။

ထို့ကြောင့် ချူဟန် ဆက်ပြီး ဘာမှ မပြောတော့ပေ။ နောက်လာမည့် ဆယ်နှစ်စာ သမိုင်းကြောင်းကို သိထားသော သူ့အတွက် ထိုနှစ်ယောက်သည် လာမည့်နှစ်အနည်းငယ်အတွင်း သေဆုံးမည်မဟုတ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။

ထို့နောက် နောက်ထပ် တစ်ယောက် ကျန်သေးသည်။ သူကတော့ ဇာတိ နန်တူးမြို့သို့ ပြန်သွားပြီဖြစ်သော အခန်းဖော် ဖန်ဟုန်ရွှမ်း ဖြစ်သည်။

ကပ်ရောဂါ ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် သူသည် လူတစ်စု၏ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးရမည် ဖြစ်သည်။ အတိတ်ဘဝက ချူဟန်အနေဖြင့် တရားခံကို မည်သို့မျှ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘဲ ထိုအရာက သူ့အတွက် တစ်သက်လုံး ရင်ထဲမှ အမာရွတ်တစ်ခု ဖြစ်နေခဲ့သည်။

နန်တူးမြို့တွင်လည်း စစ်တိုင်းမှူးရုံးချုပ် ရှိသောကြောင့် ကနဦးကာလများတွင် စစ်တပ်၏ စောင့်ရှောက်မှုကို ရရှိမည်ဖြစ်ရာ လောလောဆယ်တော့ လုံခြုံနေမည်သာ။ သို့သော် တစ်နေ့ကျလျှင် နန်တူးမြို့သို့ သွား၍ ဖန်ဟုန်ရွှမ်းကို ကယ်တင်ရန် လိုအပ်ပေမည်။

ယခုဘဝတွင် သူ့ကို အန္တရာယ် လုံးဝ အကျခံမည် မဟုတ်ပေ။ ငါ အခု အဓိက ဦးစားပေးရမည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာမည့် ကမောက်ကမ အခြေအနေတွင် အသက်ရှင်ကျန်ရစ်အောင် နေထိုင်ရမည်။ ထို့နောက် စွမ်းအားများ ရရှိလာအောင် ကြိုးစားရမည်။

ကိုယ်တိုင်သာ မသန်စွမ်းပါက သူငယ်ချင်းသုံးယောက်ကို အန္တရာယ်တွင်းမှ ကယ်တင်နိုင်မည် မဟုတ်ပေ။ အားနည်းနေပါက ဘယ်နေရာရောက်ရောက် သေမင်းကို စောင့်ဆိုင်းနေရုံသာ ရှိမည်။

ကမ္ဘာပျက်ကပ်ကြီးတွင် အရေးအကြီးဆုံးအရာမှာ "အသက်ရှင်ကျန်ရစ်ရေး" ပင် ဖြစ်သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ကျောင်းသားအဆောင်လေးမှာ ပြန်လည်တိတ်ဆိတ်သွားတော့သည်။ ချူဟန်၏ ရင်ခုန်သံများ ပို၍ မြန်ဆန်လာသည်။

ဂျီ... ဂျီ... ဂျီ...

ရုတ်တရက် ကျယ်လောင်သော ဖုန်းမြည်သံ ထွက်ပေါ်လာ၏။

တီ...

ချူဟန်သည် ဖုန်းကို ချက်ချင်း ချပစ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ လက်ခံ ရရှိသော ဖုန်းခေါ်ဆိုမှု သုံးခုကို လျစ်လျူရှုကာ မိဘများအိမ်သို့ ဖုန်းခေါ်လိုက်သည်။

တူ... တူ... ကလစ်

ဖုန်း နှစ်ခါမြည်ပြီးနောက် တစ်ဖက်မှ မိခင်ဖြစ်သူ၏ ဝမ်းသာအားရ အသံကို ကြားလိုက်ရသည်။

"ရှောင်ဟန်လား"

ထိုလွမ်းဆွတ်ဖွယ် အသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်၊ ငရဲတွင်းကဲ့သို့ ဆယ်နှစ်တာ ကာလကို ဖြတ်သန်းလာခဲ့ပြီး သံမဏိသဖွယ် အေးစက်မာကျောနေပြီဖြစ်သော ချူဟန်ပင်လျှင် အလိုအလျောက် အသံတိတ်သွားရသည်။

ကပ်ရောဂါ ဖြစ်ပွားပြီးကတည်းက မိဘများနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့သည်။ ဆယ်နှစ်တိတိ အချိန်ယူကာ မည်မျှပင် လိုက်ရှာနေစေကာ ရှာမတွေ့ခဲ့ပေ။ သူတို့နှစ်ဦး မည်သို့ဖြစ်သွားသည်ကို တွေးကြည့်ရန်ပင် ကြောက်ရွံ့နေခဲ့မိသည်။

သူသည် ရင်ထဲမှ လှိုက်တက်လာသော ခံစားချက်များကို အတင်းဖိနှိပ်ကာ စကားဆိုလိုက်၏။

"အမေ... အဖေကော"

"ရှိတယ်လေ။ ဘာဖြစ်လို့လဲ သားရဲ့"

သားဖြစ်သူ၏ အသံနေအသံထား ပုံမှန်မဟုတ်သည်ကို ခံစားမိသွားသဖြင့် မိခင်ဖြစ်သူက မေးလိုက်သည်။

"အမေနဲ့ အဖေ အခု သားပြောတဲ့အတိုင်း တစ်သွေမတိမ်း လုပ်ပေးပါ"

ချူဟန်၏ အသံက အလွန်တရာ အလေးအနက် ဖြစ်နေသောကြောင့် ဖုန်းတစ်ဖက်မှ မိခင်မှာ တစ်ခဏမျှ အသက်ရှူရပ်မတတ် တိတ်ဆိတ်သွားသည်။

"သား အတန်းဖော်ထဲမှာ ရှန်ကျင်းက အတန်းဖော်တစ်ယောက် ရှိတယ်။ ဖန်ရုန်လေ။ သူ့အဖေက အတွင်းသတင်းတွေကို သိထားတယ်။ နိုင်ငံထဲမှာ မသိရသေးတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ပြန့်နှံ့နေပြီတဲ့။ ကူးစက်နှုန်းက အရမ်းမြန်ပြီး လူတွေတောင် သေကုန်ပြီ။ အခုချက်ချင်း သောက်ရေသန့်တွေ၊ စားစရာတွေ အများကြီးဝယ်ပြီး အိမ်မှာ စုထားပေးပါ။ များလေ ကောင်းလေပဲ။ အခုချက်ချင်း သွားဝယ်ပေးပါ။ ဗိုင်းရပ်စ်က စတင်ပျံ့နှံ့နေပြီ"

ဇွန်ဘီ ဟု ပြောလိုက်လျှင်လည်း ယုံတမ်းစကားဆန်လွန်းသဖြင့် ယုံကြည်ကြမည် မဟုတ်ပေ။

ထို့ကြောင့် လိမ်ညာပြောဆိုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

မိဘများ နေထိုင်သည်က အန်းလော်မြို့။ လက်ရှိ သူရှိနေသည်က မင်ချူးမြို့။

တိုက်ရိုက်သွားသော ရထားမရှိသလို လေယာဉ်လည်း မရှိပေ။ မြို့နှစ်မြို့မှာ အလွန်အမင်း ဝေးကွာလှသည်။ တစ်ရက်မပြောနှင့်၊ နှစ်ရက်အချိန်ပေးလျှင်တောင် အိမ်သို့ ပြန်ရောက်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ယခုအချိန်တွင် မိဘများကို ကြိုတင်ပြင်ဆင်ခိုင်းပြီး အသက်ရှင်နိုင်ခြေကို အနည်းငယ်လေးဖြစ်ဖြစ် အချိန်ဆွဲထားပေးရန်သာ တတ်နိုင်တော့သည်။

အသစ်ပြန်စရန် အခွင့်အရေးရလာသော ဒီဘဝမှာတော့ အန်းလော်မြို့ကို သွားပြီး မိဘတွေကို သေချာပေါက် ရှာဖွေမယ်။

"ဟယ်... ဘယ်လိုလုပ်ကြမလဲ"

လူသေသည်ဟု ကြားလိုက်ရသဖြင့် မိခင်ဖြစ်သူမှာ အတော်လေး ထိတ်လန့်သွားတော့သည်။

၂၀၀၂ ခုနှစ်က ဖြစ်ပွားခဲ့သော SARS ရောဂါ မှတ်ဉာဏ်များ ရှိနေသေးသောကြောင့် ချူဟန်၏စကားကို သူမ အနည်းငယ်မျှပင် သံသယမဝင်ခဲ့ပေ။

"အမေ... စိတ်အေးအေးထား။ ဘာပဲဖြစ်ဖြစ် အဖေနဲ့အတူတူ အိမ်အပြင် မထွက်ရင် ရပြီ"

ချူဟန် အမြန် ချော့မော့ပြောဆိုလိုက်သည်။ "ဒါပေမဲ့ စားစရာတွေကိုတော့ သေချာပေါက် အလုံအလောက် ဝယ်ထားပေးနော်။ ဗိုင်းရပ်စ်က ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိနိုင်သေးဘူး"

"အေးအေး… အခုချက်ချင်း အဖေနဲ့ သွားပြင်ဆင်လိုက်မယ်"

မိခင်ဖြစ်သူက ချက်ချင်း သဘောတူလိုက်သည်။

"သားလည်း ဂရုစိုက်ဦးနော်။ ပိုက်ဆံ လောက်ရဲ့လား။ အမေ နည်းနည်းလောက် ထပ်လွှဲပေးရမလား။ သားလည်း စားစရာတွေ အများကြီး ဝယ်ထားလိုက်ဦး"

"မလိုဘူး အမေ၊ သားဆီမှာ အလုံအလောက် ရှိတယ်။ အမေတို့အတွက်ပဲ အများကြီး ဝယ်ထားလိုက်။ ဒီနေ့အတွင်း အကုန်ဝယ်ထားပြီး မနက်ဖြန် အပြင်ကို ခြေတစ်လှမ်းမှ မထွက်နဲ့နော်။ ပြီးတော့... ဘယ်မှမသွားဘဲ အန်းလော်မြို့ကနေ သားကို စောင့်နေပေးပါနော်"

ချူဟန် မှာကြားလိုက်သည်။ အသက် ငါးဆယ်ကျော်နေပြီဖြစ်သော မိဘများအနေဖြင့် ကိုယ်ပိုင်အင်အားဖြင့် ဇွန်ဘီအုပ်ကြီးကို ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

ဖုန်းချလိုက်သည်နှင့် စောစောက သူချပစ်ခဲ့သော နံပါတ်ထံမှ ဖုန်းထပ်ဝင်လာပြန်သည်။ ချူဟန်သည် ထိုဖုန်းကို ချက်ချင်း ချပစ်လိုက်ပြီး အခန်းဖော် ဖန်ဟုန်ရွှမ်း၏ ဖုန်းနံပါတ်သို့ ချက်ချင်း ခေါ်လိုက်သည်။

စောစောက ဗိုင်းရပ်စ် အကြောင်းကို သူ့အား ထပ်ပြောပြလိုက်သည်။ ဖန်ဟုန်ရွှမ်းမှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေသော်လည်း ချူဟန် ပြောသည့်အတိုင်း ပြင်ဆင်ထားမည်ဟု ကတိပေးခဲ့သည်။

လုပ်စရာရှိသည်များကို လုပ်ပြီးနောက် ချူဟန်သည် အပေါ်အင်္ကျီကို အမြန် ကောက်စွပ်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ ငွေသားကို စစ်ဆေးပြီး တံခါးဆီသို့ အလျင်စလို ထွက်လာခဲ့သည်။

ရိက္ခာပစ္စည်းများ ဝယ်ယူရမည်။ များလေ ကောင်းလေပင်။ စောလေ ကောင်းလေပင်။

သို့သော် အခန်းထဲမှ ပြေးထွက်ရန် ပြင်လိုက်သော ချူဟန်သည် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။

နောက်သို့ ပြန်လှည့်ကာ အခန်းထဲကို အကဲခတ်လိုက်၏။ သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပသွားသည်။

ကွန်ပျူတာ၊ တက်ဘလက်၊ စပီကာ စသည့် ရှုပ်ပွစွာ တင်ထားသော အီလက်ထရောနစ် ပစ္စည်းများ။ ဤအရာများကို ရောင်းလိုက်ပါက ငွေအတော်များများ ရနိုင်သည်။ အားလုံးက ကိုယ်ပိုင်ပစ္စည်းများ မဟုတ်သော်လည်း ကပ်ရောဂါ ဖြစ်ပွားလာပါက အားလုံး အသုံးမကျသော အမှိုက်များသာ ဖြစ်သွားမည် မဟုတ်ပါလော။

ချူဟန်၏ ရင်ခုန်နှုန်း ထပ်မံ မြင့်တက်လာပြန်သည်။

ယခုအချိန်သည် အစီအစဉ်မဲ့ ပြေးလွှားနေရမည့် အချိန်မဟုတ်ပေ။ တတ်နိုင်သမျှ အန္တရာယ်များကို လျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လိုအပ်သည်။

မိသားစု၊ သူငယ်ချင်း၊ ရိက္ခာပစ္စည်းများနှင့်... လက်နက်

ချူဟန်သည် အရာဝတ္ထုများကို အလျှင်အမြန် စတင်သိမ်းဆည်းတော့သည်။ အဆောင်ခန်းထဲရှိ တန်ဖိုးရှိသမျှ အရာအားလုံးကို အပြင်သို့ သယ်ထုတ်ပြီးသည်အထိ သူ၏ လက်များ ရပ်တန့်မသွားခဲ့ပေ။

ဧရာမ ခရီးဆောင်အိတ်ကြီးကို ဆွဲကာ မင်ချူးတက္ကသိုလ် ပရဝဏ်ထဲ လမ်းလျှောက်နေချိန်တွင် နှစ်နာရီတိတိ ကြာမြင့်နေပြီ ဖြစ်သည်။ တောက်ပပူပြင်းသော နွေရာသီ နေရောင်ခြည်အောက်တွင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေတော့သည်။

"ဟေ့... ချူဟန်။ ဘယ်သွားမလို့လဲ။ ဆယ့်နှစ်နာရီ စာမေးပွဲရှိတယ်လေ"

နောက်ကျောဘက်ဆီမှ အံ့အားသင့်နေသော အသံကို ကြားလိုက်ရသည်။

ချူဟန် နောက်လှည့်ကြည့်လိုက်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သတိမရသဖြင့် ဖြစ်သလို လိမ်ညာလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျမှာပဲဟာကို။ စာမေးပွဲ မဖြေတော့ဘူး။ နောက်စာသင်နှစ်ကျမှပဲ ပြန်တက်တော့မယ်"

စာမေးပွဲ ဟုတ်လား။ ကမ္ဘာပျက်တော့မယ့်ဟာကို စာမေးပွဲအကြောင်း ဂရုစိုက်နေပါ့မလား။

"ကိုယ့်အဆင့်ကိုယ် သိတာပေါ့လေ"

နောက်ထပ် တစ်ယောက်ထံမှ အထင်အမြင်သေးလှသော အသံ ထွက်ပေါ်လာသည်။ ချူဟန် မျက်လုံးများ မှေးကျဉ်းသွား၏။

ထိုလူသည် တန်ဖိုးကြီးမားပုံရသော အဖြူရောင် တီရှပ်နှင့် အမှတ်တံဆိပ်ပါ ဘောင်းဘီအမည်းကို တွဲဝတ်ထားပြီး၊ ခြေထောက်တွင် ချူဟန် တစ်ခါမှ မမြင်ဖူးသော နာမည်ကြီး တံဆိပ် ဖိနပ်ကို စီးထားလေသည်။

ဒီလိုအချိန်မျိုးမှာ တွမ်မင်နဲ့ လာဆုံနေရတယ်လို့။ တိုက်ဆိုင်လိုက်တာ။

"တွမ်းမင်... မင်းနာမည်က တကယ် ကောင်းတာပဲ"

" မင်းက တကယ်ပဲ နာမည်နဲ့ လိုက်ဖက်တဲ့ကောင်ပဲ"

တွမ်းမင်ဆိုသည်မှာ တရုတ်ဘာသာစကားဖြင့် သက်တမ်းတိုခြင်းနှင့် အသံထွက် တူညီနေသည်။ ချူဟန်သည် ခနဲ့သလို အေးစက်စွာ ရယ်မောလိုက်သည်။

ထိုလူက ချူဟန်၏ ခနဲ့တဲ့ စကားအဓိပ္ပာယ်ကို နားမလည်ပဲ ချူဟန်အား ခနလောက် စိုက်ကြည့်နေသည်။

ချူဟန်သည် ဆက်ပြီး အဖက်လုပ်ချင်စိတ် မရှိတော့သဖြင့် ခရီးဆောင်အိတ်ကြီးကို ဆွဲကာ ကျောင်းပေါက်ဝဆီသို့ ထွက်လာခဲ့သည်။ ဘောင်းဘီအိတ်ကပ်ထဲတွင် အသံပိတ်ထားသော စမတ်ဖုန်းလေးက စောစောကတည်းက အဆက်မပြတ် တုန်ခါနေဆဲပင်။

တစ်ပတ်ရစ် အီလက်ထရောနစ် ပစ္စည်း အရောင်းအဝယ်ဆိုင်ကို တွေ့သောအခါ အိတ်ထဲတွင် အပြည့်ပါလာသော အမှိုက်များကို ရောင်းချလိုက်ပြီး ယွမ် လေးထောင် ရရှိခဲ့သည်။ ပိုက်ဆံအိတ်ထဲရှိ ယွမ် တစ်ထောင်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပိုင်ဆိုင်မှု ယွမ် ငါးထောင် ရှိလေသည်။

ချူဟန်၏ ဦးနှောက်မှာ အစွမ်းကုန် အလုပ်လုပ်နေသည်။

လွန်ခဲ့သော ဆယ်နှစ်က ကုန်ဈေးနှုန်း မှတ်ဉာဏ်များမှာ ဝေဝါးနေပြီဖြစ်သဖြင့် ဤငွေပမာဏဖြင့် မည်သည့်အရာများကို မည်မျှဝယ်နိုင်မည်ကို ချက်ချင်း အတည်မပြုနိုင်သေးပေ။

ပထမဆုံး အလိုအပ်ဆုံးအရာမှာ လက်နက် ဖြစ်သည်။

မည်သည့် ရိက္ခာပစ္စည်းထက်မဆို လက်နက်က မရှိမဖြစ် လိုအပ်သည်။ ဇွန်ဘီများ၏ ဦးခေါင်း မဖျက်ဆီးပါက သေမည်မဟုတ်သဖြင့် လက်နက်များတွင် သေချာပေါက် သတ်ဖြတ်နိုင်စွမ်း ရှိရန် လိုအပ်သည်။

စစ်သုံး နည်းဗျူဟာမြောက် တူများကို လက်ရှိ အခြေအနေတွင် ဝယ်ယူရန် မဖြစ်နိုင်ပေ။ ဈေးကွက်ထဲရှိ တူများနှင့် ယှဉ်လျှင် ပုဆိန်က ပိုကောင်းသော်လည်း၊ ပုဆိန်မှာ အရိုးထဲစိုက်ဝင်ပြီး ပြန်နှုတ်မရဖြစ်မည့် အန္တရာယ်ရှိသဖြင့် အသုံးပြုရာတွင် မြင့်မားသော ကျွမ်းကျင်မှု လိုအပ်သည်။

ဓားများနှင့် လက်နက်များ ရောင်းချသော သီးသန့်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်သွားသောအခါ ဆိုင်ရှင်ဖြစ်သူက လူငယ်တစ်ဦး ဝင်လာသည်ကို မြင်ပြီး အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်။

"ဒီဆိုင်က လက်မှုပစ္စည်းတွေ ရောင်းတာ။ မဝယ်ဘူးဆိုရင်လည်း အရောင်းအဝယ်ကို လာမနှောင့်ယှက်နဲ့"

ချူဟန်က ဘယ်လိုကြည့်ကြည့် သာမန် ကျောင်းသားတစ်ဦးသာဖြစ်ပြီး ဝတ်ဆင်ထားသော အဝတ်အစားများကလည်း သာမန်ဖြစ်နေသည်။ ဆိုင်ရှင်ဖြစ်သူက ဤလူငယ်လေး သူ့ဆိုင်မှ ပစ္စည်းများကို ဝယ်နိုင်မည်ဟု တစ်စက်ကလေးမျှ ထင်မှတ်မထားခဲ့ပေ။

All Chapters