အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) ဇွန်ဘီများကို တိုက်ကြိတ်သွားမည့် ကား
‘‘ငတုံးကောင်’’
အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ယောက်ျားလေးအဆောင်၏ ပထမထပ်ပြတင်းပေါက်မှနေ၍ တွမ်းမင်က မီတာတစ်ရာခန့်အကွာရှိ ချူဟန်ကို လှမ်းအော်နေခြင်း ဖြစ်သည်။ ထိုကျယ်လောင်လှသော အော်သံကြီးကြောင့် ရည်ရွယ်ချက်မဲ့ လမ်းလျှောက်နေသော ဇွန်ဘီများမှာ သူ၏ အခန်းဆီသို့ ဖြည်းညင်းစွာ စုရုံးလာကြတော့သည်။
"ချူဟန်။ ငါ့ကို မြန်မြန် လာကယ်စမ်း။ ပိုက်ဆံပေးမယ်။ ငါ့အဖေက ဘယ်သူမှတ်နေလဲ..."
ချူဟန်က လှည့်ကြည့်လာသည်ကို မြင်လိုက်ရသဖြင့် တွမ်းမင်မှာ အခွင့်ကောင်းယူကာ ဆက်တိုက် အော်ဟစ်နေတော့သည်။ ချူဟန်သည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ပုန်းအောင်းနိုင်မည့် ချုံပုတ်တစ်ခုကို တွေ့သည်နှင့် ပြေးထွက်သွားလိုက်သည်။
ခြေသံတစ်ချက်မျှ မထွက်ဘဲ လေဟုန်သကဲ့သို့ မြန်ဆန်လှသည်။ နိမ့်ပါးသော ခြုံပုတ်ငယ်လေးများကပင် ယခု လက်ရှိသူ့အတွက်တော့ အကောင်းဆုံး အကာအကွယ်များ ဖြစ်နေသည်။ ဇွန်ဘီအုပ်ကြီး၏ မျက်စိရှေ့တွင် ရဲတင်းစွာ လမ်းလျှောက်နေခြင်းမှာ မိမိကိုယ်ကို သတ်သေခြင်းနှင့် တူညီနေပေမည်။
တွမ်းမင်၏ အဓိပ္ပာယ်မရှိသော စကားများကို သူ ဂရုမစိုက်ပေ။ ပိုက်ဆံရှိသည်ဖြစ်စေ၊ အဖေက ဘယ်သူပင်ဖြစ်စေ ယခုလို အခြေအနေမျိုးတွင် မည်သူက ဂရုစိုက်နေမည်နည်း။ မကြာမီတွင် ငွေစက္ကူများမှာ အသုံးမဝင်သော စက္ကူပိုင်းများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည် ကမ္ဘာကြီးသည် ပစ္စည်းချင်းဖလှယ်ရသော ကျောက်ခေတ်သို့ ပြန်လည်ရောက်ရှိသွားတော့မည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း အတိတ်က ဂုဏ်ပကာသနနှင့် ရာထူးအာဏာဆိုသည်မှာ အလကားပင် ဖြစ်သည်။
ပြတင်းပေါက်နားတွင် ရပ်နေသော တွမ်းမင်သည် တစ်ချက်လေးမျှ လှည့်မကြည့်ဘဲ ထွက်ခွာသွားသော ချူဟန်ကို ကြည့်ရင်း ဒေါသတကြီး သွားကြိတ်လိုက်သည်။ ကမ္ဘာပျက်ကပ် စတင်ကတည်းက အပြင်ဘက်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် အကြောက်လွန်ကာ တံခါးပင် မဖွင့်ရဲခဲ့ပေ။ သို့သော် တစ်ယောက်တည်း ထွက်ပြေးနေသော ချူဟန်ကို အမှတ်မထင် မြင်တွေ့လိုက်ရချိန်တွင်၊ စောစောက စင်္ကြံလမ်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် တိုက်ပွဲအသံများနှင့် ဆက်စပ်တွေးတောမိသွားသည်။ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် ရှိကောင်း ရှိနိုင်သည်ဟု တွမ်းမင်၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာပြီး ချူဟန်ထံ အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။ သို့သော် ချူဟန်သူ့ကို လျစ်လျူရှုကာ ထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
'ငါ ဒီကနေ လွတ်သွားရင် မင်းကို အလွတ်မပေးဘူး မှတ်ထား...'
ထိုသို့ ကျိန်ဆဲလိုက်သည့် အခိုက်အတန့်မှာပင် နှလုံးသွေး ရပ်တန့်သွားမတတ် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးတစ်ခုက သူ၏ နားအနီးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဂရား..."
တွမ်းမင်၏ မျက်စိရှေ့ရှိ ပြတင်းပေါက်တွင် ဇွန်ဘီတစ်ကောင် ပေါ်ထွက်လာသည်။ သွေးများနှင့် အသားစများ ပေကျံနေသော လျှာနှင့် အစွယ်များက အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ပြင်းထန်သော ပုပ်ဟောင်စော် ရွံရှာဖွယ်ကောင်းသော မျက်နှာနှင့် ဖြူရော်နောက်ကျိနေသော မျက်လုံးများဖြစ်သည်။
တွမ်းမင်မှာ ဝိညာဉ်လွင့်ထွက်မတတ် လန့်ဖြတ်သွားပြီး ပြတင်းပေါက်ကို အမြန်ဆွဲပိတ်လိုက်သည်။ သီသီလေးသာ လွတ်သွားခြင်း ဖြစ်သည်။ ပြတင်းပေါက်ကို ပိတ်လိုက်နိုင်သဖြင့် ဇွန်ဘီ ဝင်ရောက်လာမည့် အန္တရာယ်ကို လုံးဝ တားဆီးနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ တွေ့လိုက်ရသည်မှာ... အနည်းဆုံး ဇွန်ဘီ အကောင်ငါးဆယ်ကျော်ခန့်က သူ၏ ပြတင်းပေါက်ဆီသို့ အုပ်စုလိုက် ပြေးဝင်လာနေခြင်းကိုပင်။ သော့ခတ်ကာ ကန့်လန့်ကာကို ဆွဲချလိုက်ပြီး အပြင်ဘက်မှ အမြင်အာရုံများကို လုံးဝ ပိတ်ဆို့လိုက်သည်။ သို့သော် ဇွန်ဘီများက ပြတင်းပေါက်ကို ရူးသွပ်နေသည့်အလား ထုရိုက်နေသော အသံများမှာ ရပ်တန့်မသွားပေ။ ထို့အပြင် ဒုန်း... ဒုန်း... ဒုန်း ဟူသော အသံများက သံပြားရိုက်စက်တစ်ခု အရှိန်ပြင်းပြင်းဖြင့် တိုက်မိနေသကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
မြေပြင်မှ တွားသွားလာသော ဟိန်းဟောက်သံများပါ ရောယှက်နေသဖြင့် ဒုက္ခရောက်နေသော ငရဲခန်းတစ်ခုပမာ ဖြစ်နေသည်။ တွမ်းမင်မှာ အထိတ်တလန့်ဖြစ်ကာ မျှော်လင့်ချက်ကင်းမဲ့စွာ တုန်ရီနေတော့သည်။ ဇွန်ဘီအုပ်ကြီး ရောက်လာပြီဖြစ်သည်။ ပထမအဆင့် ဇွန်ဘီများ၏ ခွန်အားမှာ သိပ်မကြီးမားသည်ကတော့ အမှန်ပင်။
သို့သော် အကောင်ငါးဆယ်ခန့်က ပြတင်းပေါက်ကို ဝိုင်းဝန်းထုရိုက်နေပါက မည်သို့ ဖြစ်သွားမည်နည်း။ ရေစက်ချဖန်များလျှင် ကျောက်စိုင်ပင် ပေါက်နိုင်သကဲ့သို့ နာကျင်မှုဆိုသည်ကို မသိသော ဇွန်ဘီများ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဤမှန်ပြတင်းပေါက်မှာ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင် ယောက်ျားလေးအဆောင်ရှိ ကျောင်းသားများစွာလည်း စောစောက မြင်ကွင်းကို ပြတင်းပေါက်များမှတစ်ဆင့် မြင်တွေ့လိုက်ကြသည်။ တွမ်းမင်၏ အော်သံက အလွန် ကျယ်လောင်လွန်းသောကြောင့် ဖြစ်သည်။
ကျောပိုးအိတ်ကြီးကို လွယ်ကာ အပြင်ဘက်သို့ လျှောက်သွားသော ချူဟန်ကို မြင်လိုက်ရချိန်တွင် လူတိုင်း၏ ရင်ထဲ၌ 'အသက်ရှင်ချင်သည်' ဟူသော ပြင်းပြသည့် ဆန္ဒများ ပေါ်ပေါက်လာကြသည်။ အချို့သော သူများမှာ တွေဝေနေသော်လည်း ပစ္စည်းများကို စတင်သိမ်းဆည်းလာကြသည်။
ယခုအချိန်မှာ နေ့လယ်စာစားချိန် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျောင်းကန်တင်းတွင် ကြက်သားကြော် စားနေချိန် သို့မဟုတ် မိမိသဘောကျသော ကောင်မလေးကို ခေါ်ကာ အပြင်ဘက်ရှိ စားသောက်ဆိုင်တွင် အရသာရှိသော အစားအစာများကို သုံးဆောင်နေမည့် အချိန်ဖြစ်သည်။
သို့သော် ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာချိန်တွင် အဆောင်အတွင်း ကျန်ရှိနေသော အစားအစာဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။ မွေးရာပါ ဗီဇဖြစ်သော ဆာလောင်မွတ်သိပ်မှုက သူတို့ကို လက်တွေ့ဘဝအား ရင်ဆိုင်လာစေသည်။
အခန်းများထဲတွင် ကံကောင်းစွာဖြင့် မည်သူမျှ ဇွန်ဘီဖြစ်မသွားသော အခန်းများမှာ အနည်းငယ် သတ္တိပိုရှိကြသည်။ တံခါးကို ဟကာ အပြင်ဘက်ကို အကဲခတ်ကြသည်။ မကြာမီတွင် တံခါးများ အသီးသီး ပွင့်လာပြီး ကုတင်ဘောင်မှ ဖြုတ်ယူထားသော သံပိုက်လုံးများကို ဆုပ်ကိုင်ထားသည့် ကျောင်းသားများက အချင်းချင်း ပူးပေါင်းကာ ဤနေရာမှ ထွက်ပြေးရန် စတင်လှုပ်ရှားလာကြသည်။
သို့သော် အများစုမှာ အဆောင်ထဲတွင်သာ နေရန် ရွေးချယ်ခဲ့ကြသည်။ လုံးဝ ပါဝါပွင့်မလာတော့သော ဖုန်းများကို အတင်းထုတ်ကာ အကူအညီတောင်းရန်၊ ရဲစခန်းသို့ ဖုန်းဆက်ရန် ကြိုးစားနေကြသည်။ သို့သော် အရာအားလုံးက အချည်းနှီးသာ။
ထွက်ပြေးရန် ဆုံးဖြတ်လိုက်သူများ ပထမထပ် စင်္ကြံလမ်းသို့ ဆင်းလာသောအခါ မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းကြီးတစ်ခုက ဆီးကြိုနေသည်။
ဇွန်ဘီဆယ်ကောင်က မျဉ်းတစ်ကြောင်းတည်း ညီညာစွာ စီတန်းနေခြင်းပင်။ အိပ်မက်မက်နေသလားဟု ထင်မှတ်ရလောက်အောင် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။ ခွဲခြမ်းခံထားရသော ခေါင်းများထံမှ ပုပ်ဟောင်စော်များ ထွက်ပေါ်နေပြီး ကြမ်းပြင်အနှံ့တွင် ဦးနှောက်အနှစ်များ ပြန့်ကျဲနေသည်။ သွေးပျက်ဖွယ်ကောင်းသော အလောင်းများကို ခေါင်းနှင့်ခြေထောက် ဆက်ကာ သေသပ်စွာ စီရီထားခြင်း ဖြစ်သည်။
ဘယ်သူကများ ဒီလိုလုပ်သွားတာလဲ။ တစ်ကြိမ်တည်းနဲ့ ဇွန်ဘီဆယ်ကောင်ကို သတ်နိုင်တဲ့ လူဆိုတာ ရှိနိုင်ပါ့မလား။များစွာသော သူများမှာ အကြောက်လွန်ကာ ခြေထောက်များ တုန်ရီနေပြီး စိတ်ဓာတ်ပျော့ညံ့သူအချို့မှာ ကြမ်းပြင်ပေါ်တွင် ဝပ်လျက် အော့အန်နေကြတော့သည်။
သို့သော် ဇွန်ဘီတန်းကြီးကို ခြေရာခံလိုက်သွားပြီး အခန်း ၁၀၄ တံခါးပေါ်တွင် ရေးခြစ်ထားသော စာလုံးများကို မြင်လိုက်ရချိန်တွင် သူတို့ ပို၍ပင် ခေါင်းမူးသွားကြသည်။ ဇွန်ဘီများကို ရင်ဆိုင်ရန်ပင် ကြီးမားသော သတ္တိများ လိုအပ်နေချိန်တွင်၊ ဤနေရာမှ လွတ်မြောက်သွားသူ ရှိနေရုံသာမက သူတို့အတွက် လမ်းညွှန်သင်္ကေတများပါ ချန်ရစ်ပေးခဲ့သေးသည်။
'ဒါ ချူဟန်ဆိုတဲ့ကောင် လုပ်သွားတာများလား'
'ဖြစ်နိုင်ပါ့မလားကွာ'
ချူဟန်သည် ကျောင်းပေါက်ဝဆီသို့ တိုက်ရိုက်မသွားဘဲ ယာဉ်ရပ်နားကွင်းဘက်သို့ ဦးတည်သွားလိုက်သည်။ ခြေလျင်လျှောက်၍ ထွက်ပြေးရလောက်အောင် သူ မမိုက်မဲပေ။ ကမ္ဘာပျက်ကပ် စတင်ခါစအချိန်ဖြစ်သဖြင့် လမ်းမများပေါ်တွင် စွန့်ပစ်ထားသော ကားများ သိပ်မရှိသေးပေ။ မော်တော်ယာဉ်သည်သာ အကောင်းဆုံး ခရီးသွားယာဉ် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဇွန်ဘီအနည်းငယ်ကို ထပ်မံရှင်းလင်းလိုက်ပြီး သံပန်းခြံစည်းရိုးကို ကျော်လွှားကာ ဖြတ်လမ်းမှတစ်ဆင့် ကားပါကင်သို့ ရောက်ရှိလာသည်။ ထင်သည့်အတိုင်းပင် ထိုနေရာတွင် ကားအချို့ ရပ်နားထားသည်။
ထိုအထဲတွင် သိသိသာသာ မျက်စိကျစရာကောင်းသော အနီရောင် Ferrari 458 တစ်စီးနှင့် မာစီဒီးဘင့်ဇ် G55 တစ်စီးတို့ ပါဝင်သည်။ G55ကို မြင်လိုက်ရချိန်တွင် ချူဟန်၏ မျက်လုံးများ အရောင်လက်သွားသည်။
G Class သည် ကမ္ဘာပျက်ကပ်အတွင်းရှိ အရပ်ဘက်သုံး မော်တော်ယာဉ်များထဲတွင် ထိပ်တန်းစာရင်းဝင်သော အကြမ်းခံ နာမည်ကြီးကား ဖြစ်သည်။လူအများကြီး မဆံ့ပေမဲ့ ကြမ်းတမ်းသော လမ်းများကို ဖြတ်သန်းနိုင်စွမ်း မြင့်မားပြီး ပြိုင်ဘက်ကင်းသော ခိုင်ခံ့မှု ရှိသည်။ အထူးသဖြင့် ရှေ့ဘန်ပါသည် ကွန်ကရစ်တိုင်ကို ဝင်တိုက်ဖြတ်လျှင်ပင် ပုံပျက်မသွားလောက်အောင် မာကျောသည်။
သို့သော် ကုန်တင်ကားကြီးများ ဘတ်စ်ကားများနှင့် ယှဉ်လျှင် အရွယ်အစားသေးငယ်သော်လည်း...
ယခု ချူဟန်အတွက် အန်းလော်မြို့ရှိ မိဘများကို သွားရောက်ခေါ်ဆောင်ရန်က အဓိက ဦးစားပေးဖြစ်ပြီး အဖွဲ့ဖွဲ့ရန် စိတ်ကူး လုံးဝ မရှိပေ။ ကုန်တင်ကားထက် ပိုမို လျင်မြန်စွာ လှုပ်ရှားနိုင်သော G55မှာ တစ်ကိုယ်တော် လှုပ်ရှားရန်အတွက် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။
ချူဟန်သည် သတိဝီရိယဖြင့် G55၏ ယာဉ်မောင်းဘက်သို့ ပတ်သွားလိုက်သည်။ ကားအတွင်းပိုင်းကို သန့်ရှင်းစွာ ထားရှိပြီး ဒက်ရှ်ဘုတ်ပေါ်တွင် ချစ်စရာ အရုပ်ငယ်အချို့နှင့် ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက် တွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲထားသည်။
တိုက်ဆိုင်စွာပင် ထိုဓာတ်ပုံထဲမှ ကောင်လေး၏ မျက်နှာကို လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်ကမှ သူ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အခြားသူမဟုတ်၊ တွမ်းမင်ပင် ဖြစ်သည်။ ဘေးတွင် တွဲရိုက်ထားသော ကောင်မလေး၏ အမည်မှာ ကျီချင်းလျို ဖြစ်ပြီး မင်ချိုးတက္ကသိုလ်၏ အလှဘုရင်မလေး ဖြစ်သည်။
ဤကားသည် ကျီချင်းလျို ပိုင်ဆိုင်သောကား ဖြစ်သည်။ တိတိကျကျ ပြောရလျှင် တွမ်းမင်က သူမကို ဝယ်ပေးထားခြင်း ဖြစ်သည်။ စောစောက ချူဟန် လျစ်လျူရှုခဲ့သော Ferrari 458 မှာ တွမ်းမင်၏ ကိုယ်ပိုင်ကား ဖြစ်သည်။ ချူဟန်သည် မျက်လုံးများကို မှေးစင်းလိုက်ကာ မေ့လုမတတ် ဖြစ်နေသော အတိတ်မှတ်ဉာဏ်များကို ပြန်လည် ဖော်ထုတ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ အလွန် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာလေသည်။
နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ပုဆိန်ကို တင်းကြပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အားကုန်ရွယ်ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလျက် နောက်ခန်းတံခါးလော့ခ်ဆီသို့ အားကုန် ထုချလိုက်တော့သည်။
ဒုန်း…
ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် ပြတင်းပေါက်မှန်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
တီ... တီ... တီ...
G55 ကားကြီးထံမှ နားစည်ကွဲမတတ် ကျယ်လောင်သော အချက်ပေးသံကြီး ထွက်ပေါ်လာသည်။ ချူဟန်၏ လှုပ်ရှားမှုများက တုံ့ဆိုင်းမသွားသော်လည်း ရင်ထဲတွင် ချွေးပျံသွားသည်။ အချက်ပေးသံမှာ ထင်ထားသည်ထက် ပိုမို ကျယ်လောင်နေသောကြောင့်ပင်။ မီတာဆယ်ကျော်အကွာတွင် ဇွန်ဘီဆယ်ကောင်ကျော်ခန့် ထွက်ပေါ်လာပြီး ဤနေရာသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာကြပြီ ဖြစ်သည်။
ချူဟန်သည် တံခါးကို အမြန်ဖွင့်ကာ ကားထဲသို့ ခုန်ဝင်လိုက်ပြီး ကျောပိုးအိတ်ကို ဘေးခုံသို့ ပစ်တင်လိုက်သည်။ ထိုမှတစ်ဆင့် ယာဉ်မောင်းခုံသို့ ကူးသွားကာ စတီယာရင်အောက်ပိုင်းကို ပုဆိန်ဖြင့် ခွဲလိုက်ပြီး ဝိုင်ယာကြိုးများကို အတင်းဆွဲထုတ်ကာ တိုက်ရိုက်ချိတ်ဆက်ရန် ပြင်ဆင်လိုက်သည်။
ဤသို့ ဝိုင်ယာကြိုးများကို ချိတ်ဆက်ကာ ကားနှိုးသည့် အလုပ်မျိုးကို ယခင်ဘဝက ရိုးအီနေအောင် လုပ်ခဲ့ဖူးသည်။
စမတ်ဖုန်းများနှင့် ကွန်ပျူတာများကဲ့သို့သော အီလက်ထရောနစ် ပစ္စည်းများသည် ကမ္ဘာပျက်ကပ် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အသုံးမဝင်တော့ပေ။ အမည်မသိ စွမ်းအင်များက ကမ္ဘာမြေပေါ်သို့ ကျရောက်လာပြီး အဆင့်မြင့် အီလက်ထရောနစ် အစိတ်အပိုင်းများကို မျက်စိတစ်မှိတ်အတွင်း လောင်ကျွမ်းသွားစေခဲ့ပုံရသည်။
ကား၏ မောင်းနှင်မှု စနစ်များမှာ ကောင်းမွန်နေသေးသော်လည်း အတွင်းပိုင်း အီလက်ထရောနစ် ပစ္စည်းများထဲတွင် ရေဒီယိုတစ်ခုတည်းသာ အကောင်းကျန်ရစ်သည်။ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သတင်းအချက်အလက် ကွန်ရက်များ လုံးဝ ပြိုလဲသွားသော်လည်း အင်အားကြီးမားသော အစိုးရက ချက်ချင်းပင် ဖြေရှင်းရေး လုပ်ငန်းများကို စတင်ခဲ့သည်။
ဖွဲ့စည်းပုံ ရိုးရှင်းသော ရေဒီယိုအသံလွှင့်ဌာနများကို ချက်ချင်း ပြန်လည်ပြုပြင်ခဲ့ပြီး ဤအင်တာနာ ဖမ်းစက်လေးကသာ ကမ္ဘာ့အခြေအနေကို သိရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာသည်။ ထို့နောက် နိုင်ငံတော်သည် လေယာဉ်များကို အသုံးပြုကာ မြို့ကြီးများဆီသို့ ကယ်ဆယ်ရေးပစ္စည်းများ
ဆေးဝါးများ၊ လက်နက်များနှင့် အစားအသောက်များကို စတင်ချပေးမည် ဖြစ်ပြီး၊ တပ်မတော်ကလည်း အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန် အမိန့်ရရှိကာ လှုပ်ရှားလာတော့မည် ဖြစ်သည်။
သို့သော် ချူဟန်အတွက် ထိုအချိန်အထိ စောင့်ဆိုင်းနေရန် အချိန်မရှိပေ။ အန်းလော်မြို့သို့ အမြန်ဆုံး သွားရောက်ရမည် ဖြစ်သည်။ အပြေးမြန်သော ဇွန်ဘီအချို့သည် ကားဘေးနားသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ချွန်ထက်သော လက်သည်းများကို ဆန့်ထုတ်ကာ ကျောချမ်းဖွယ်အသံများ ထွက်ပေါ်လာသည်အထိ မှန်ပြတင်းပေါက်ကို ခြစ်ဆွဲနေကြသည်။
ပုပ်ဟောင်နေသော အမည်မသိ ပြည်များက မှန်ပေါ်တွင် ပေကျံသွားသည်။ ဇွန်ဘီအရေအတွက်မှာ မျက်စိတစ်မှိတ်အတွင်း တိုးပွားလာပြီး ကားကို အထပ်ထပ် ဝိုင်းရံလိုက်ကြကာ အကြမ်းတမ်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်း၊ ခန္ဓာကိုယ်ဖြင့် ဝင်တိုက်သည့် နည်းလမ်းကို အသုံးပြု၍ ကားကိုယ်ထည်ကို ကြမ်းတမ်းစွာ တိုက်ခိုက်လာကြသည်။
ထိုအကောင်များ ဆာလောင်နေကြသည်။ ကားထဲရှိ လူကို အပိုင်းပိုင်းဆွဲဖြဲကာ သွေးသားအားလုံးသာမက အတွင်းကလီစာများကိုပါ မကျန် အငမ်းမရ စားသောက်ရန် ဆာလောင်မွတ်သိပ်နေကြခြင်း ဖြစ်သည်။
ဝိုင်းအုံလာသော ဇွန်ဘီအရေအတွက် များပြားလာသည်နှင့်အမျှ ကြီးမားလှသော ကားကိုယ်ထည်ကြီးမှာပင် ပြင်းထန်စွာ ယိမ်းယိုင်လာတော့သည်။ ရှေ့မှန်ကြီးမှာ မည်းညစ်နေသော သွေးများနှင့် အသားပုပ်များကြောင့် အမြင်အာရုံ လုံးဝ ပိတ်ဆို့သွားပြီ ဖြစ်သည်။ ဤအတိုင်း ဆက်သွားပါက ကားပါ မှောက်သွားနိုင်ချေ ရှိသည်။
ဖျတ်…
ထိုမျှော်လင့်ချက် ကင်းမဲ့ဖွယ် အခိုက်အတန့်တွင် ဝိုင်ယာကြိုးများ ချိတ်ဆက်မိသွားသည်။ အင်ဂျင်စက်နှိုးသွားပြီး ရင်တွင်းအထိ တုန်ခါသွားစေသော အားကိုးရလောက်သည့် အင်ဂျင် စက်သံကြီး ထွက်ပေါ်လာသည်။ ချူဟန်သည် ကားတစ်ခုလုံးကို ဝါးမျိုတော့မည့် ဇွန်ဘီအုပ်ကြီးကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်သည်။
ထို့နောက် လီဗာကို ကြမ်းပြင်နှင့် ကပ်သွားသည်အထိ အားကုန် နင်းချလိုက်တော့သည်။
ဝုန်း…
ကြီးမားသော လမ်းကြမ်းမောင်း ကားကြီးသည် အမြောက်ဆံတစ်လုံးပမာ ရှေ့သို့ ပစ်ထွက်သွားသည်။ အမြင့် ၂ မီတာကျော်ရှိသော ကားကိုယ်ထည်ကြီးနှင့် ကြီးမားလှသော အလေးချိန်က လုံးဝ ဖိကြိတ်ချေမွမှုကို ဖြစ်စေပြီး အရှေ့တွင် စုရုံးနေသော ဇွန်ဘီများကို တစ်ကောင်မကျန် တိုက်ကြိတ်သွားတော့သည်။
စဉ်းစားဆင်ခြင်ဉာဏ်မရှိသော ဇွန်ဘီများအတွက် ရှောင်တိမ်းသည် ဟူသော သဘောတရား မရှိပေ။ အကယ်၍ သိရှိလျှင်ပင် အချိန်မီတော့မည် မဟုတ်ပေ။ ချူဟန်သည် ကြီးမားသော ကားကြီးကို မောင်းနှင်ကာ ထိုအကောင်များအပေါ်မှ ရက်ရက်စက်စက် တိုက်ကြိတ်သွားတော့သည်။
အုန်း... ဒုန်း...
သွားဖြီးကာ ခြိမ်းခြောက်ခွင့်ပင် မရလိုက်ဘဲ ဇွန်ဘီအများအပြားမှာ သွေးသံရဲရဲဖြင့် လွင့်ထွက်သွားကြသည်။ ချူဟန်သည် ကားပါကင်မှ အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်လာပြီးနောက် လမ်းကြောင်းကို အနည်းငယ် အကဲခတ်ကာ ကျောင်းပေါက်ဝဆီသို့ တိုက်ရိုက် မောင်းနှင်သွားတော့သည်။
"တင်းရွှယ်... ဘယ်လိုလုပ်ကြမလဲ။ ဟင်... ငါတို့ ဘယ်လိုလုပ်ရမလဲ"
မိန်းကလေးအဆောင် အခန်းတစ်ခုအတွင်း ကျီချင်းလျိုသည် မျက်လုံးများ နီရဲလာသည်အထိ ငိုကြွေးနေသည်။ တက္ကသိုလ်၏ အလှဘုရင်မလေးဆိုသော တောက်ပသည့် အလှတရားများမှာ ပျောက်ကွယ်နေပြီး ဆံပင်များ ဖရိုဖရဲဖြင့် လုံးဝ စိတ်ဓာတ်ကျဆင်းနေပုံရသည်။
တင်းရွှယ်၏ အခြေအနေမှာလည်း သိပ်မထူးခြားလှပေ။ သို့သော် သူမသည် ပြိုလဲလုမတတ် ဖြစ်နေသော စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားပြီး သတ္တုဘေ့စ်ဘောတုတ်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လျက် တစ်ကိုယ်လုံး တောင့်တင်းနေသည်။ ထိုတုတ်၏ ထိပ်ဖျားမှ လတ်ဆတ်သော သွေးများက တောက်တောက်ကျနေ၏။
သူမတို့ နှစ်ဦးရှေ့တွင် ခေါင်းတစ်ခြမ်း ပွင့်ထွက်နေသော အမျိုးသမီးဇွန်ဘီတစ်ကောင် ကြမ်းပြင်ပေါ်တွင် လဲကျနေသည်။ ဘေးပတ်လည်တွင် ဦးနှောက်များနှင့် သွေးမည်းများ ပြန့်ကျဲနေသည်။
၎င်းမှာ ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော သူမတို့ အခန်းဖော်နှစ်ဦး၏ နောက်ဆုံး အခြေအနေပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် အဆောင်ကုတင်များမှာ နှစ်ထပ်ကုတင်၏ အပေါ်ထပ်ဖြစ်နေသဖြင့် အခြေအနေကို တုံ့ပြန်ရန် အချိန်ရလိုက်ခြင်း ဖြစ်သည်။ သို့သော် ဤတစ်ကောင်တည်းကို သတ်ရုံဖြင့်ပင်
သူမတို့နှစ်ဦး၏ ခွန်အားများ လုံးဝ ကုန်ခမ်းသွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဆယ်နှစ်ရာသီ ဖြတ်သန်းတည်ဆောက်လာခဲ့သော စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များလည်း အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့ပြီ ဖြစ်သည်။
ဘာလုပ်ရမှန်းမသိဘဲ မျှော်လင့်ချက် ကင်းမဲ့စွာ ငိုင်ကျနေသော သူမတို့နှစ်ဦး၏ နားထဲသို့ အပြင်ဘက်မှ ကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသော အင်ဂျင်သံကြီး ရုတ်တရက် ဝင်ရောက်လာသည်။ ဝုန်း... ဒိုင်း... ဟူသော ပြင်းထန်သည့် အသံများလည်း ရောယှက်နေသည်။ ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသော မြို့ကြီးထဲတွင် ထိုအသံမှာ ပုံမှန်မဟုတ်လောက်အောင် ရှင်းလင်းစွာ ထွက်ပေါ်နေသည်။
"တစ်ယောက်ယောက် ကားမောင်းနေတာလား"
တင်းရွှယ်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ယှက်သန်းလာသည်။
"တစ်ယောက်ယောက်က အပြင်ဘက်ကို ထွက်ပြေးသွားပြီပဲ"
သူမတို့ နှစ်ဦးမှာ ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။ ခပ်လှမ်းလှမ်းတွင် လမ်းကြမ်းမောင်း ကားတစ်စီး ကျောင်းပေါက်ဝဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားသည်ကို မြင်လိုက်ရသည်။ လမ်းတွင် ပိတ်ဆို့နေသော ဇွန်ဘီမြောက်မြားစွာကို တစ်ကောင်ပြီးတစ်ကောင် တိုက်ကြိတ်လွင့်စင်သွားစေသည်။
ထိုကားမှာ မိမိ၏ကား ဖြစ်ကြောင်း ကျီချင်းလျို သတိမထားမိပေ။ G55 ကားကိုယ်ထည်ကြီးမှာ ဇွန်ဘီများ၏ သွေးများ ပေကျံနေသဖြင့် မူလအရောင်ကိုပင် မခွဲခြားနိုင်လောက်အောင် ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် တင်းရွှယ်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာမှ ထွက်ပြေးလွတ်မြောက်ချင်သော ပြင်းပြသည့် ဆန္ဒများက ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်လာတော့သည်။
တင်းရွှယ်နှင့် ကျီချင်းလျိုတို့ နှစ်ဦးတည်းသာ မဟုတ်ပေ။ မြောက်မြားစွာသော ကျောင်းသားကျောင်းသူများမှာ အဆောင်ပြတင်းပေါက်များတွင် ကပ်ကာ ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြည့်နှက်နေသည်။ အခြားတစ်ယောက်ယောက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင် သူတို့လည်း လုပ်နိုင်ရမည်ဟု တွေးတောမိကြသည်။
ကျောင်းမှ ထွက်ခွာသွားသော ချူဟန်က ကျောင်းသားများစွာကို ဤမျှလောက် ကြီးမားသော တုန်လှုပ်မှုနှင့် မျှော်လင့်ချက်များ ပေးစွမ်းခဲ့ကြောင်းကို လုံးဝ သိရှိမည် မဟုတ်ပေ။ ထို့အပြင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် မင်ချူးတက္ကသိုလ်မှ ကျောင်းနေဘက် သူငယ်ချင်းများနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ကိုလည်း ယခု လက်ရှိအချိန်တွင် သူ ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ချေ။