အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) ထပ်အော်ရင် သတ်ပစ်မယ်
ပြင်ပကမ္ဘာကြီးမှာ မျက်ဝါးထင်ထင် မကြည့်ရက်နိုင်လောက်အောင် ဆိုးရွားလှသော ကပ်ဘေးဆိုက်နေပေပြီ။
လမ်းမကြီးပေါ်ရှိ ကားအနည်းငယ်မှာလည်း တစ်စီးနှင့်တစ်စီး တိုက်မိကာ မီးခိုးမည်းများ အူထွက်နေလျက် လမ်းဘေးတစ်ဖက်တစ်ချက်စီ၌ အလောင်းများနှင့် သွေးကွက်များ ပြန့်ကျဲနေသည်။
ချူဟန်မှာ အချိန်မီ လွတ်မြောက်လာနိုင်ခဲ့သည့် သူ၏ဆုံးဖြတ်ချက်အတွက် သက်ပြင်းချနိုင်ခဲ့သည်။ လမ်းများပိတ်ဆို့မနေသေးသလို ဇွန်ဘီအရေအတွက်မှာလည်း သိပ်မများလှပေ။ တစ်ခါတစ်ရံ ကားနောက်သို့ လိုက်လာသည့် ဇွန်ဘီများ ရှိသော်လည်း ချက်ချင်းပင် အရှိန်တင်မောင်းနှင်ကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားစေသည်။
ယာဉ်မောင်းခုံမှ ချူဟန်သည် စတီယာရင်အောက်ရှိ ဒိုင်ခွက်ကို တစ်ချက်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားတော့သည်။
'ဆီတစ်တုံးပဲ ကျန်တော့တယ်...'
ဒီလောက်နှင့်တော့ လုံးဝ မလောက်နိုင်ပေ။
ဓာတ်ဆီဆိုင်က ဘယ်မှာလဲ။ လွန်ခဲ့သောဆယ်နှစ်က မင်ချူးမြို့၏ မြေပုံကို ချူဟန် လုံးဝမမှတ်မိတော့ချေ။ မည်သို့ပင်ဖြစ်စေ လမ်းမကြီးဆီသို့ ဦးတည်ရုံသာ ရှိတော့သည်။ ပုံမှန်အားဖြင့် ဓာတ်ဆီဆိုင်များသည် လမ်းမကြီးဘေး၌ ရှိတတ်စမြဲပင်။
ချူဟန်သည် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်လိုက်သည်။ စိတ်ပူပန်နေသော်ငြား ယခုလိုအခြေအနေမျိုးတွင် အရှိန်မတင်လျှင် ဘယ်အချိန်တင်ရမည်နည်း။
လမ်းမကြီးပေါ်သို့ ရောက်ပြီး ၅ကီလိုမီတာပင် မမောင်းရသေးခင် ဓာတ်ဆီဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။ သို့သော် ဆိုင်ဘေးရှိ စတိုးဆိုင်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားသည်ကို မြင်လိုက်ရသဖြင့် ချူဟန် မျက်လုံးကျဉ်းသွား၏။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော စတိုးဆိုင်များသည် နှစ်ဆယ့်လေးနာရီ ဖွင့်လေ့ရှိသည်။ ယခုလို ပိတ်ထားသည်ဆိုခြင်းမှာ သိသိသာသာပင် လူတွေကြောင့်သာ ဖြစ်ရမည်။
တစ်ဖက်တွင် ဓာတ်ဆီဆိုင်၏ မျက်နှာချင်းဆိုင်ရှိ အင်တာနက်ကဖေးဆိုင်တံခါးမှာ ဟင်းလင်းပွင့်နေလျက် ဇွန်ဘီအုပ်ကြီးက ဝိုင်းအုံနေကြသည်။ အလယ်ဗဟိုရှိ ဇွန်ဘီများမှာ ပုံပန်းသဏ္ဌာန်ပင် မပီပြင်တော့သော အလောင်းတစ်ခုပေါ်၌ အုပ်စုဖွဲ့ကာ အရူးအမူး အသားများကို ကိုက်ဖြတ်စားသောက်နေကြ၏။
ချူဟန် မောင်းနှင်လာသော လမ်းကြမ်းမောင်း ကားကြီး၏ အင်ဂျင်သံမှာ သေးငယ်လှသည်တော့ မဟုတ်ပေ။ ထိုအသံကို ကြားလိုက်ရသော ဇွန်ဘီများသည် အဆာမပြေသေးသော သွေးဆာမှုများဖြင့် သားကောင်အသစ်ဆီသို့ ပစ်မှတ်ပြောင်းသွားကြသည်။ ၎င်းတို့သည် ကားရှိရာဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လာကြကာ သွားများကို အစွယ်ထုတ်လျက် အုံလိုက်ကျင်းလိုက် ပြေးဝင်လာကြတော့သည်။
ဇွန်ဘီအရေအတွက်မှာလည်း နည်းနည်းနောနော မဟုတ်ချေ။
မကောင်းဆိုးဝါးများထက်ပင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများက ၎င်းတို့၏ လည်ချောင်းထဲမှ ထွက်ပေါ်နေသည်။ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ညစ်ပတ်ပေရေနေသော မျက်နှာများထက်ရှိ တောင့်တင်းနေသော အမူအရာများကို ချူဟန် ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူငယ်အိမ်မပါသော မီးခိုးရောင် မျက်လုံးများထဲ၌ လောဘတကြီး အငမ်းမရဖြစ်နေသည့် အရိပ်အယောင်များကိုပင် တွေ့မြင်နေရ၏။
ချူဟန်သည် တစ်ချက်လေးမျှ တုံ့ဆိုင်းမနေဘဲ စတီယာရင်ကို ကွေ့ကာ ဇွန်ဘီအုပ်ကြီးဆီသို့ လီဗာကုန်တင်၍ ဝင်တိုက်ပစ်လိုက်သည်။
အုန်း... ဒိုင်း...
တစ်ချိန်တည်းမှာပင် စတိုးဆိုင်ထဲ၌ အသက်ရှင်ကျန်ရစ်သူ လေးဦးမှာ အသက်အောင့်ကာ ပုန်းအောင်းနေကြသည်။ ပြင်ပမှ ဆူညံသံများကြောင့် အားလုံးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ကြ၏။
ဧရာမ လမ်းကြမ်းမောင်း ကားကြီးက ဇွန်ဘီများကို တစ်ကောင်ပြီးတစ်ကောင် ဝင်တိုက်နေသည်။ ကားကိုယ်ထည်ပေါ်တွင်လည်း အညိုရောင်အပုပ်စများ ဗလပွ ကပ်ငြိနေလေသည်။ တိုက်ခံလိုက်ရသော ဇွန်ဘီများမှာ ချက်ချင်းပင် အသားစအသားနများအဖြစ် ပြန့်ကျဲသွားကာ လမ်းမကြီးပေါ်တွင် အရိုးများထိုးထွက်နေသော ရွံရှာဖွယ် အကြွင်းအကျန်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
သို့သော်လည်း ကူးစက်ခံထားရသူများ၌ ကြောက်ရွံ့ခြင်း သို့မဟုတ် ရှောင်ရှားခြင်းဟူသော အသိစိတ် မရှိကြချေ။ ရှေ့မှကောင်များ အကြိတ်ခံရလျှင်ပင် နောက်မှကောင်များက ဆက်တိုက် တိုးဝင်လာကြပြီး ခြေလက်များ ပြတ်ထွက်သွားသည့်တိုင် မြေပြင်ပေါ်တွင် တွားသွားလျက် ကားရှိရာဆီသို့ ဦးတည်နေကြဆဲပင်။ ကတ္တရာလမ်းမပေါ်တွင် အပုပ်စများနှင့် သွေးမည်းများ စွန်းထင်းနေသော သွေးလမ်းကြောင်းများစွာ ကျန်ရစ်နေသည်။
ထိုသူလေးဦးလုံးမှာ အံ့အားသင့်သွားကြတော့သည်။
ကပ်ဘေးကြီးစတင်ခဲ့သည်မှာ တစ်နာရီသာ ရှိသေးသည်။ ဤကဲ့သို့ လမ်းမကြီးပေါ်တွင် ရဲရဲတင်းတင်း ကားမောင်းကာ ဇွန်ဘီများကို ဝင်တိုက်ရဲသူမှာ မည်သည့် သေမထူး နေမထူးလူစားမျိုး ဖြစ်နေမည်နည်း။ ထိုကား၏ ကြံ့ခိုင်မှုက သာမန်မဟုတ်ပေ။ များပြားသော ဇွန်ဘီများ ဝိုင်းအုံနေသည့်တိုင် ဆက်တိုက်ဆိုသလို အနိုင်ယူ ရှင်းလင်းနေနိုင်သောကြောင့်ပင်။
"ဘယ်သူများပါလိမ့်..."
ထိုသို့ ရေရွတ်လိုက်သူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏အမည်မှာ ဖန်ဝေ ဖြစ်ပြီး ဤဓာတ်ဆီဆိုင်မှ ဝန်ထမ်းတစ်ဦး ဖြစ်၏။ အခြားနှစ်ဦးမှာ လူငယ်ချစ်သူစုံတွဲ ဖြစ်သည်။ အမျိုးသားမှာ ကျန်းဇီယွီ ဟုခေါ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေးသည်။ အမျိုးသမီးမှာတော့ ကူရှောင်ထုန်ဖြစ်ကာ နုနယ်သော မျက်နှာပေါက်နှင့် မလိုက်ဖက်အောင်ပင် မိတ်ကပ်များကို အထူကြီး လိမ်းခြယ်ထား၏။
နောက်ဆုံးတစ်ဦးမှာတော့ ကီလိုတစ်ရာလောက် အလေးချိန်ရှိမည့် ခန္ဓာကိုယ်ထွားထွားနှင့် လူတစ်ဦးဖြစ်သည်။ အခန်းထောင့်တွင် ကွေးကွေးလေးပုန်းနေကာ ခေါင်းပင်မမော့ရဲဘဲ အဆက်မပြတ် ကြားနေရသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလျက် အဆုံးတွင်တော့ ငိုချလိုက်တော့သည်။
"တောက်... ဆူညံနေတာပဲကွာ"
ကျန်းဇီယွီက စိတ်အိုက်ဟန်ဖြင့် ကျိန်ဆဲလိုက်သည်။ မနေ့က သူနှင့် ကူရှောင်ထုန်တို့သည် မျက်နှာချင်းဆိုင်ရှိ အင်တာနက်ကဖေးဆိုင်တွင် တစ်ညလုံး ဂိမ်းဆော့နေခဲ့ကြပြီး မနက်ငါးနာရီကျော်တွင် နံနက်စာဝယ်ရန် ဤစတိုးဆိုင်သို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်၌ ရုတ်တရက် သတိလစ်သွားခဲ့ကာ ပြန်လည်နိုးထလာချိန်တွင်တော့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့လေပြီ။ ထို့နောက် အခြားသုံးဦးနှင့်အတူ ဤနေရာ၌ ပိတ်မိသွားခဲ့ခြင်း ဖြစ်၏။
ကယ်ဆယ်ရေးလည်း ရောက်မလာခဲ့ချေ။ ကမ္ဘာပေါ်ရှိ လူသားအားလုံး ဤဘီလူးသရဲဆိုးကြီးများအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သို့ရာတွင် ရုတ်တရက် ပေါ်လာသော G55 ကားကြီးက ဇွန်ဘီများကို အကြမ်းပတမ်း ဝင်တိုက်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းဇီယွီ၏ ဦးနှောက်များ အလျင်အမြန် အလုပ်လုပ်လာတော့သည်။
'ဟိုလူက သတ္တိကောင်းရုံတင်မကဘူး ယာဉ်မောင်းကျွမ်းကျင်မှုကလည်း သာမန်မဟုတ်ဘူး။ ရဲအရာရှိများ ဖြစ်နေမလား။ သူဆိုရင်တော့ ငါတို့ကို ဒီကနေ ခေါ်ထုတ်သွားပေးနိုင်မှာ သေချာတယ်'
ထို့နောက် တည်ငြိမ်နေဆဲဖြစ်သော ဖန်ဝေဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဦးလေး... ခင်ဗျားမှာ ကားရှိလား။ ဒါက တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အခွင့်အရေးပဲ။ ဟိုလူက တော်တော်လည်း အစွမ်းထက်သလို သတ္တိလည်းကောင်းတယ်။ ငါတို့လည်း ကားထုတ်ပြီး သူ့နောက်လိုက်ကာ ဒီကနေ ထွက်ပြေးကြရင် မကောင်းဘူးလား"
"ဟင့်အင်း... ငါမလိုက်ဘူး။ ဒီမှာ စားစရာရော သောက်စရာရေရော ရှိနေတာပဲကို။ ငါတော့ လုံးဝမသွားဘူး"
မိတ်ကပ်ထူထူနှင့် မိန်းမငယ် ကူရှောင်ထုန်က အသည်းအသန် ခေါင်းခါငြင်းဆန်တော့သည်။
"မလိုက်ချင်ရင်လည်း မင်းဘာသာ ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့လေ။ မင်းကို ခေါ်သွားမယ်လို့ ငါတစ်ခွန်းမှ မပြောရသေးဘူးနော်"
ကျန်းဇီယွီ၏ ဆုံးဖြတ်ချက်က ပြတ်သားနေသည်။ သူ့ကိုယ်သူ အခြေအနေကို အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသော ဉာဏ်ကြီးရှင် ဟု မှတ်ယူထားသူ ဖြစ်၏။ တစ်စုံတစ်ယောက်က လှုပ်ရှားနေပြီဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ဤနေရာမှ ထွက်ပြေးလွတ်မြောက်လိုသော ဆန္ဒများမှာ ပိုမိုကြီးထွားလာခဲ့သည်။
ဤသည်က ကမ္ဘာပျက်ကပ်ကြီးပင် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး ကမောက်ကမဖြစ်နေကာ ဖုန်းများမှာလည်း ပါဝါဖွင့်မရတော့သလို လိုင်းလည်းမမိတော့ပေ။ အီလက်ထရောနစ်ပစ္စည်းများအားလုံး လုံးဝ အလုပ်မလုပ်တော့ချေ။ အဓိကအချက်မှာ ဤမင်ချူးမြို့တွင် စစ်တပ်စခန်း မရှိခြင်းပင်။ လုံခြုံရေးအာမခံချက်မရှိသော ဤနေရာမျိုး၌ တစ်သက်လုံး နေထိုင်သွားရန်ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
"နင်က ငါ့ကို တစ်ယောက်တည်း ပစ်ထားခဲ့မလို့လား။ နင် ငါ့ကို မချစ်တော့ဘူးလား"
ကူရှောင်ထုန်က မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
"ကမ္ဘာပျက်နေတဲ့အချိန်မှာ ချစ်တာတွေ လွမ်းတာတွေ ပြောနေဖို့ အချိန်မရှိဘူး။ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့က အရေးအကြီးဆုံးပဲ"
ကျန်းဇီယွီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အခန်းထောင့်၌ နှပ်တရှူးရှူးဖြင့် ငိုကြွေးကာ ဘဲသားမုန့်ကို ကိုက်စားနေသော လူဝကြီးအား လက်ညှိုးထိုးပြလိုက်သည်။
"နင်သာ ဟိုအသုံးမကျတဲ့ ဝက်ကောင်ကြီးနဲ့အတူ တစ်သက်လုံး ဒီမှာပဲ နေခဲ့လိုက်တော့"
သူတို့နှစ်ဦး၏ စကားများမှုကြားထဲ ဖန်ဝေက ဝင်ပြောလိုက်သည်။
"ရန်မဖြစ်ကြပါနဲ့တော့။ ကားဆိုရင်တော့ ငါ့ဆီမှာ ရှိတယ်။ ဟိုယာဉ်မောင်းက ဆီလာဖြည့်တာ ဖြစ်နိုင်တယ်။ ဒီဘက်ရောက်လာရင် စကားသွားပြောကြည့်ကြတာပေါ့"
"ကောင်းပြီ... ကျွန်တော်တို့ နှစ်ယောက် သွားကြတာပေါ့။ ဦးလေးက ပစ္စည်းတွေ အရင်ရွှေ့ထားလိုက်။ ဟိုလူနဲ့ ကျွန်တော် သွားညှိနှိုင်းလိုက်မယ်"
ကျန်းဇီယွီက ထိုသို့ပြောလိုက်ပြီး ဆွဲထားရန် ကြိုးစားနေသော ချစ်သူကောင်မလေး၏လက်ကို အေးစက်စွာ ပုတ်ချလိုက်သည်။
ချူဟန်သည် ကားကို ကျွမ်းကျင်စွာ ထိန်းချုပ်မောင်းနှင်ကာ အင်တာနက်ကဖေးဆိုင်မှ တွားသွားထွက်လာသော ဇွန်ဘီများကို တစ်ကောင်မကျန် တိုက်သတ်ပစ်လိုက်သည်။ ဇွန်ဘီအသစ်များ ထွက်မလာတော့သည်ကို သေချာအောင် စစ်ဆေးလိုက်၏။ ထို့နောက် ဓာတ်ဆီဆိုင်ထဲသို့ ဝင်လာကာ ဆီတိုင်ကီဘေး၌ ကားကို ရပ်လိုက်တော့သည်။
ကားပေါ်မှ ဆင်းလာချိန်တွင် သူ၏ညာလက်ထဲ၌ သံပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲပင်။ ဘယ်ဘက်လက်ဖြင့် ဆီပိုက်ကို ထိုးထည့်နေစဉ်မှာပင် ပတ်ဝန်းကျင်ကို အကဲခတ်နေသော သတိတရားမှာ တစ်စက်လေးမျှ လျော့ကျမသွားခဲ့ပေ။
အပြင်ဘက်၌ ဇွန်ဘီများမရှိတော့ကြောင်း သေချာသွားသောအခါ ကျန်းဇီယွီသည် စတိုးဆိုင်တံခါးကို ဖွင့်ကာ ချူဟန်ရှိရာဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။
"ဟိုလေ... မင်္ဂလာပါ။
ကျွန်တော့်နာမည် ကျန်းဇီယွီလို့ ခေါ်ပါတယ်။ အခု ဘယ်ကိုသွားမလို့လဲ ဗျ။ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့နဲ့ အဖွဲ့ဖွဲ့ပြီး သွားကြမလား။ အဲဒါက ပိုပြီးလုံခြုံမယ်ထင်လို့ပါ။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ဆီမှာလည်း ကားရှိပါတယ်"
ကျန်းဇီယွီက အပြေးအလွှား စကားများပြောဆိုရင်း ပြောလို့လည်းပြီးရော ချူဟန်ရှေ့သို့ ရောက်ရှိလာလေသည်။
'ကျန်းဇီယွီ...'
ချူဟန် ခေါင်းမော့ကြည့်လိုက်သည်။ ထိုနာမည်ကို တစ်နေရာရာတွင် ကြားဖူးနေသယောင် ရှိ၏။
စတိုးဆိုင်ထဲမှ တစ်စုံတစ်ယောက် ထွက်လာသည်ကို ချူဟန် စောစောကတည်းက သတိထားမိပြီး ဖြစ်သည်။ သို့သော် ခြေသံများမှာ ပြာယာခတ်နေပြီး ရန်ပြုလိုသော ရည်ရွယ်ချက်မရှိမှန်း သိသာလှသဖြင့် သူ ဂရုမစိုက်ဘဲ နေလိုက်ခြင်းပင်။
ချူဟန်၏ စိတ်အာရုံများက ငရဲတမျှဆိုးရွားလှသော ကပ်ဘေးကာလ ဆယ်နှစ်တာ အချိန်ထဲတွင်သာ ကျန်ရစ်နေဆဲ ဖြစ်သည်။ သူတစ်ပါးအပေါ် လွယ်လွယ်ကူကူ ယုံကြည်ပေးရန်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စတစ်ခုပင်။ ဇွန်ဘီအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် မိမိအသက်ရှင်သန်ရေးအတွက် အပေါင်းအဖော်များကို အေးဆေးတည်ငြိမ်စွာပင် တွန်းထုတ်စတေးတတ်ကြသော လူယုတ်မာများကို သူ အများအပြား တွေ့မြင်ခဲ့ဖူးသည်။ အသက်ရှင်သန်လိုသော ပင်ကိုယ်ဗီဇစိတ်ရှေ့တွင် လူသားတို့၏ ကိုယ်ကျင့်တရားနှင့် အသိတရားဆိုသည်မှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတတ်စမြဲ မဟုတ်လား။
ချူဟန် ခေါင်းမော့လိုက်သည့်အချိန်၌ ထိုမျက်နှာသွင်ပြင်ကို မြင်လိုက်ရသော ကျန်းဇီယွီမှာ မယုံနိုင်စရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား မှင်သက်သွားတော့သည်။ လည်ချောင်းထဲတွင် အသံများဆို့နင့်သွားကာ ရုတ်တရက် သီးသွားမတတ်ပင်။
"ချူ... ချူဟန်လား"
ချူဟန်က သူ့ကို ခေါင်းမှစ၍ ခြေအထိ တစ်ချက်မျှ အကဲခတ်ကြည့်လိုက်သည်။ မိမိအတွက် အန္တရာယ်မဖြစ်နိုင်ကြောင်း သေချာသွားမှသာ အကြည့်လွှဲလိုက်ကာ တိတ်ဆိတ်စွာပင် ဆီဆက်ဖြည့်နေလိုက်သည်။
ကျန်းဇီယွီမှာ ချူဟန်ကို အံ့ဩမှင်သက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ သူ၏အကြည့်များက ချူဟန် ဆုပ်ကိုင်ထားသော သံပုဆိန်ထက်တွင် အကြာဆုံး ရပ်တန့်နေ၏။ ထိုလက်နက်ပေါ်၌ မည်းညစ်နေသော သွေးကွက်များ ဗလပွ ပေကျံနေသည်။
"မင်းက ဘယ်လိုလုပ်ပြီး..."
မည်သို့ မေးရမည်၊ မည်သည့်အရာကို မေးရမည်မသိဖြစ်ကာ ကျန်းဇီယွီတစ်ယောက် စကားတွေ ဆွံ့အသွားတော့သည်။ စိတ်ထဲတွင် ရဲအရာရှိ သို့မဟုတ် အထူးတပ်ဖွဲ့ဝင် စစ်သား ဟု ထင်မှတ်ကာ အားကိုးတကြီး မျှော်လင့်ထားခဲ့ရသူမှာ မိမိ၏ တက္ကသိုလ်ကျောင်းနေဘက် သူငယ်ချင်းဖြစ်နေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မတွေးထင်ထားခဲ့ဖူးပေ။
'ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး'
"ချူဟန်... "
ရုတ်တရက် စတိုးဆိုင်ထဲမှ ကူရှောင်ထုန်လည်း ပြေးထွက်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ချူဟန် မဟုတ်လား။ နင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
ချူဟန်၏ မျက်နှာအမူအရာက ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းအောင် တင်းမာသွားကာ ထိုမိန်းမကို လူသတ်ချင်နေသည့်အလား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဇွန်ဘီများ၌ အကြားအာရုံ ရှိကြသည်။ အပြင်ဘက်အခြေအနေက ဤမျှဆိုးရွားနေသည်ကိုပင် သူမက အသံကျယ်ကြီးဖြင့် အော်ရဲသေးသည်လား။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ချူဟန်၏ အော်ငေါက်သံကြောင့် ကူရှောင်ထုန်မှာ လန့်ဖြတ်ကာ တစ်ကိုယ်လုံး တုန်တက်သွား၏။ ကျန်းဇီယွီလည်း အသိပြန်ဝင်လာသော်ငြား သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်အောင် မှင်သက်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။
"ဘာလဲ... ချူဟန်။ နင်က ငါ့ကို ဘယ်လိုလေသံနဲ့ လာပြောနေတာလဲ။ သေချင်နေပြီလား"
ကူရှောင်ထုန်က မျက်နှာတစ်ခုလုံး နီရဲလာသည်အထိ အော်ဟစ်လိုက်သည်။ တစ်သက်လုံးတွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူမကို ဤကဲ့သို့ မအော်ဟစ်ဖူးခဲ့ချေ။ ကူရှောင်ထုန်၏ အသံမှာ အနည်းငယ်မျှ တိုးမသွားဘဲ စိတ်လွတ်ကိုယ်လွတ် စူးရှစွာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သူမသည် ဒေါသထွက်နေကြောင်းကို အသံကျယ်ကျယ်ဖြင့် ဖော်ပြလိုဟန်ပေါ်၏။
ချူဟန်၏ မျက်လုံးများ စူးရှသွားတော့သည်။ သူ၏ မျက်ဝန်းအိမ်ထဲ၌ ဒေါသတရားနှင့် သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ဇွန်ဘီများကို မည်မျှသတိထား ဆွဲဆောင်ကာ တစ်ကောင်မကျန် တိုက်သတ်ပြီးမှ ဤဓာတ်ဆီဆိုင်သို့ ရောက်လာခဲ့သည်ကို သူမ သိပါရဲ့လား။ ယခုတော့ ဤမိန်းမက ကျန်နေသေးသော ဇွန်ဘီများကိုပါ ဒီနေရာရောက်လာအောင် ခေါ်နေခြင်းလား။
ချူဟန်၏ အေးစက်စူးရှသော အကြည့်ကြောင့် သူမလန့်သွားကာ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။ သို့သော်လည်း အရှုံးမပေးလိုစိတ်ဖြင့် ဆက်လက်အော်ဟစ်နေဆဲပင်။
"ဘာ... ဘာလဲ။ ကျေနပ်မနေဘူးလား"
သူမက ပို၍ စိတ်လွတ်ကိုယ်လွတ်ဖြစ်လာကာ ချူဟန်ကို သင်ခန်းစာပေးရန် ပါးရိုက်မည်လုပ်လိုက်စဉ်မှာပင် ရုတ်တရက် မျက်နှာအမူအရာ ပျက်သွားတော့သည်။ ထိုမျက်နှာထက်၌ အဆုံးစွန်သော အကြောက်တရားများ ထင်ဟပ်လာ၏။
"အား… "
နားကွဲမတတ် စူးရှသော မိန်းမသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ မှန်များပင် ကွဲကြေသွားမလား ထင်မှတ်ရလောက်အောင် အသံစူးစူးဝါးဝါးကြီး ဖြစ်၏။
"ဂါး... "
ဆယ်မီတာခန့်အကွာမှ ဇွန်ဘီနှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။
တောင့်တင်းနေသော ခြေထောက်များကို တရွတ်တိုက်ဆွဲကာ သားကောင်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်နေကြသည်။ သွေးမည်းများ ပေကျံနေသော လက်နှစ်ဖက်ကို လေထဲ၌ လွှဲယမ်းလျက် မိန်းမဖြစ်သူ၏ အော်သံနောက်သို့ လိုက်ကာ အရှိန်တင် ပြေးဝင်လာကြတော့သည်။
"ဇွန်... ဇွန်ဘီတွေ... ဟိုမှာ ဇွန်ဘီတွေ လာနေပြီ"
ကျန်းဇီယွီတစ်ယောက် ခြေခေါက်လဲကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားတော့သည်။
"အားးးးး... "
ကူရှောင်ထုန်၏ စူးရှသောအော်သံမှာ ရပ်တန့်မသွားသေးချေ။
ထိုအခါ ချူဟန်၏ သတ်ဖြတ်လိုစိတ်များက လုံးဝကို အတိုင်းအဆမရှိ ပေါက်ကွဲထွက်လာတော့သည်။
သူသည် ရုတ်တရက် နောက်လှည့်လိုက်ပြီးသည်နှင့် ကူရှောင်ထုန်၏ ခန္ဓာကိုယ်ကို အားကုန်လွှဲကန်ပစ်လိုက်သည်။ မိန်းမသားတစ်ယောက်ဟု သနားညှာတာနေသည့် စိတ်ကူးမျိုး တစ်စက်လေးမျှ မရှိချေ။ သူမ၏ ခန္ဓာကိုယ်မှာ ရက်စက်စွာပင် လေထဲသို့ မြောက်တက်သွားကာ အဝေးသို့ လွင့်စင်သွားတော့သည်။
ချူဟန်က မြေပြင်ပေါ်၌ ဖင်ထိုင်လျက်သား ကျနေသော ကျန်းဇီယွီကို ငုံ့ကြည့်ကာ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။
"အဲဒီမိန်းမ ပါးစပ်ကိုပိတ်ခိုင်းထား။ နောက်တစ်ခါ ထပ်အော်ရင် မင်းကိုယ်တိုင် အဲဒီမိန်းမကို သတ်ပစ်လိုက်"
လူသတ်ခြင်း ဆိုသည့် ကိစ္စမှာ ယခုချူဟန်အတွက် အလွန်ရိုးရှင်းသော နေ့စဉ်လုပ်ငန်းစဉ်တစ်ခုပမာ ဖြစ်နေပြီး မည်သို့မျှ ဆိုးရွားသောလုပ်ရပ်ဟု မထင်မှတ်တော့ချေ။ ဤမိန်းမသာ ဆက်လက်အော်ဟစ်နေမည်ဆိုလျှင် ဇွန်ဘီနှစ်ကောင်တည်းနှင့် ပြီးသွားမည် မဟုတ်တော့ပေ။
ချူဟန်သည် ပုဆိန်ကို ကျစ်ကျစ်ပါအောင် ပြင်ကိုင်လိုက်ပြီး ကျန်းဇီယွီနှင့် ကူရှောင်ထုန်တို့အား သူ၏ခေါင်းထဲမှ လုံးဝ ထုတ်ပယ်ပစ်လိုက်သည်။ ဘယ်ဘက်လက်ဖြင့် ဆီပိုက်ကို ကိုင်ထားဆဲဖြစ်ပြီး နီးကပ်လာသော ဇွန်ဘီနှစ်ကောင်ကိုသာ စူးစူးရဲရဲ စောင့်ကြည့်နေ၏။
ဇွန်ဘီများမှာ သူ၏မျက်စိရှေ့သို့ပင် ရောက်ရှိလာလေပြီ။ ချူဟန်နှင့် ဇွန်ဘီ အကွာအဝေးမှာ နှစ်မီတာခန့်သာ ကွာဝေးတော့သည်။ ပြင်းထန်လှသော အပုပ်နံ့ကြီးက နှာခေါင်းနှင့် ပါးစပ်များထဲသို့ စူးဝင်လာ၏။ ၎င်းတို့က မည်းညစ်နေသော ပါးစပ်ကြီးများကို ဟထားကြသည်။
ကျန်းဇီယွီမှာ ကြောက်လန့်တကြားဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေတော့သည်။ တုန်ရီနေသော လက်များကို ဆန့်ထုတ်ကာ အက်ကွဲနေသော လေသံဖြင့် ရေရွတ်လိုက်၏။
"ဇွန်ဘီတွေ လာနေပြီ"
ကျန်းဇီယွီ၏ အမြင်တွင် ချူဟန် တစ်ယောက် ရူးသွပ်နေသည်ဟုသာ ထင်မြင်မိသည်။ ဇွန်ဘီများက တစ်မီတာအကွာအဝေးလောက်အထိ နီးကပ်လာပြီကိုပင် ထိုလူက ဆီဆက်ဖြည့်နေဆဲ ဖြစ်၏။
တစ်ဖက်တွင်လည်း အကန်ခံလိုက်ရသဖြင့် မှင်သက်နေသော ကူရှောင်ထုန် အသိပြန်ဝင်လာသည်။ သူမက ထပ်မံအော်ဟစ်လိုက်ပြီး စတိုးဆိုင်ထဲသို့ တွားသွားကာ ပြေးဝင်သွားပြီးနောက် တံခါးကို အုန်းခနဲ မြည်အောင် ဆောင့်ပိတ်ပစ်လိုက်တော့သည်။
ကျန်းဇီယွီ လန့်ဖြတ်ကာ နောက်လှည့်ကြည့်လိုက်မိသည်။ ချူဟန်ပြောသည့်အတိုင်း ထိုမိန်းမကို ပါးစပ်ပိတ်ထားခဲ့လျှင် ကောင်းမည်ဟု သူ ရင်ထဲမှနေ၍ အလွန်အမင်း နောင်တရသွားတော့သည်။ ယခုတော့ မယုံနိုင်စရာကောင်းလောက်အောင်ပင် ထိုမိန်းမက သူတို့ကို အပြင်ဘက်၌ ပိတ်လှောင်ထားရစ်ခဲ့လေပြီ။