အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) အနှောင့်အယှက်ပေးတဲ့ လူဝကြီး
ချူဟန်သည် မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
ညာလက်ကို ဖြန့်ကာ ပုဆိန်ရိုးကို သိုင်းကြိုးတင်းအောင် ပြန်လည်ဆုပ်ကိုင်လိုက်သည်။ အရိုးထဲအထိ စွဲမြဲနေသော တိုက်ခိုက်ကျွမ်းဝင်မှု ကို သူ၏ လက်မောင်းကြွက်သားများမှတစ်ဆင့် ခံစားလိုက်ရ၏။
လက်တစ်ဖက်တည်းဖြင့် ပုဆိန်ကို လွှဲယမ်းကာ ဇွန်ဘီများကို ခုတ်ထစ်သတ်ဖြတ်ခြင်းသည် ယခင်ဘဝက သူ အကျွမ်းကျင်ဆုံးသော တိုက်ခိုက်ရေးဟန်ပင် ဖြစ်သည်။
ဇွန်ဘီနှစ်ကောင် တစ်ပြိုင်နက် ခုန်အုပ်လာကြသည်။
ပုပ်ဟောင်နေသော အစွယ်များကို ဖြဲထုတ်လျက် ချူဟန်၏ လည်ပင်းကြောကို ကိုက်ဖြတ်ရန် ရွယ်နေကြ၏။ သူ၏အသားများကို ဆွဲဖြဲကာ လတ်ဆတ်သော ကလီစာများကို ဆွဲထုတ်စားသောက်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။
"ပြေး... ပြေးတော့..."
ကျန်းဇီယွီမှာ နောက်ဆုံးတွင် အကြောက်တရားကို မထိန်းချုပ်နိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
သို့သော် ချူဟန်က ခါးကို မတ်မတ်ထားလျက် နောက်သို့ ခြေတစ်လှမ်းမျှ မဆုတ်ခဲ့ချေ။ ဇွန်ဘီများနှင့် တစ်မီတာအလိုသို့ ရောက်ရှိလာချိန်၌ ညာဘက်ခြေထောက်ကို ရုတ်တရက် မြှောက်ကန်ပစ်လိုက်သည်။
ပြင်းထန်လှသော ခြေကန်ချက်က ဇွန်ဘီတစ်ကောင်၏ ရင်ဘတ်ဆီသို့ စိုက်ဝင်သွား၏။ တစ်ချိန်တည်းမှာပင် ညာလက်က အားပါပါ လွှဲယမ်းသွားကာ ပုဆိန်သွားက အေးစက်သော အလင်းတန်းတစ်ခုအသွင်ဖြင့် နောက်ထပ်ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ထက်ပိုင်းပိုင်း ပစ်လိုက်သည်။
ချူဟန်၏ လှုပ်ရှားမှုများမှာ နတ်ဘုရားတစ်ပါးပမာ လျင်မြန်လှသည်။ ဇွန်ဘီများ သေစေနိုင်သည့် နေရာကိုသာ တိတိကျကျ ပစ်မှတ်ထားခြင်းဖြစ်သည်။ ပုဆိန် တစ်ချက်လွှဲလိုက်သည်နှင့် ဇွန်ဘီ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကွဲအက်သွားသည့်အလား ပေါက်ကွဲထွက်သွားတော့သည်။ ပုပ်ပွနေသော အသားစများ လွင့်စဉ်သွားကာ ချူဟန်၏ ပါးစပ်နားအထိပင် စင်လာ၏။
ထိုအချိန်တွင် စောစောက အကန်ခံလိုက်ရသော ဇွန်ဘီမှာ ခေါင်းကိုခါရမ်းလျက် ယိမ်းယိုင်စွာ ပြန်ထလာပြီးနောက် ဟိန်းဟောက်ကာ ထပ်မံခုန်အုပ်လာပြန်သည်။ ဘေးနားမှ အဖော်သေဆုံးသွားခြင်းက သူတို့အတွက်တော့ ဘာမှအရေးမပါလှချေ။
"ထွီ..."
ချူဟန်သည် ပါးစပ်ထဲသို့ ဝင်လာသော အပုပ်စများကို ထွေးထုတ်လိုက်သည်။
ထို့နောက် ပုဆိန်ကို ထပ်မံလွှဲယမ်းကာ ဝင်ရောက်လာသော ဇွန်ဘီ၏ ခေါင်းကိုလည်း ထိုနည်းတူပင် ခွဲချလိုက်တော့သည်။ ဤအချိန်အတွင်း ဘယ်ဘက်လက်ဖြင့် ကိုင်ထားသော ဆီပိုက်ကို တစ်ချက်လေးမျှ လွှတ်မချခဲ့ပေ။ ဇွန်ဘီ၏ ဦးနှောက်များ၊ သွေးမည်းများ ဗလပွ ပေကျံနေသော ပုဆိန်သွားထံမှ ညစ်ပတ်နေသော သွေးစက်များ မြေပြင်ပေါ်သို့ တောက်တောက်ကျလျက်ရှိသည်။
အဝေးသို့ ထွက်ပြေးရန် ပြင်နေသော ကျန်းဇီယွီမှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်နေတော့သည်။
ချူဟန်၏ အဝတ်အစားများမှာ အပုပ်နံ့နံနေသော ပြည်များ၊ သွေးများဖြင့် ညစ်ပေနေလျက် ခြေရင်း၌ ဦးခေါင်းပွင့်ထွက်နေသော ဇွန်ဘီနှစ်ကောင် လဲကျနေသည်။ အလွန်တရာ ရွံရှာဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းက သူ၏ အာရုံကြောများကို ပြင်းထန်စွာ ရိုက်ခတ်သွားစေ၏။
ယခင်က အထင်သေးခဲ့ရသော အသိုင်းအဝိုင်းမရှိသည့် ကျောင်းနေဘက် သူငယ်ချင်းလေးက ရုတ်တရက် အေးစက်ရက်စက်သော လူသတ်ကောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ကျန်းဇီယွီ၏ စိတ်အာရုံများ ကမောက်ကမဖြစ်ကာ လုံးဝကို အထိတ်တလန့် ဖြစ်သွားတော့သည်။
“ဟေ့ကောင်... မင်းဆီဖြည့်နေရင်းနဲ့ လက်တစ်ဖက်တည်းနဲ့ ဇွန်ဘီနှစ်ကောင်ကို သတ်ပစ်လိုက်တယ်ပေါ့...”
မြေပြင်ပေါ်တွင် လဲကျနေသော ရက်စက်ကြမ်းကြုတ်လှသည့် အလောင်းများကို သူ ထပ်မံကြည့်လိုက်မိသည်။ ပွင့်ထွက်နေသော ဦးခေါင်းထဲမှ စီးကျလာသည့် လူသားများနှင့် လုံးဝမတူသော ကြောက်မက်ဖွယ် အရည်များ။ ထို့အပြင် ချူဟန်၏ မျက်နှာပေါ်၌ ကပ်ငြိနေသော ဇွန်ဘီ၏ ဦးနှောက်စများ...
"ဝေါ့..."
ကျန်းဇီယွီမှာ ဆက်မခံစားနိုင်တော့ဘဲ ထိုနေရာ၌ပင် အစာအိမ်ထဲရှိ အရာအားလုံးကို အန်ချပစ်လိုက်တော့သည်။
ချူဟန်က သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ချက်ချင်းပင် ကားဆီဆက်ဖြည့်နေလိုက်သည်။ လောလောဆယ်တွင် ပတ်ဝန်းကျင်၌ အခြားဇွန်ဘီများ၏ အရိပ်အယောင် မရှိသေးချေ။
"မဖွင့်နဲ့... မဖွင့်နဲ့လေ... အားးး..."
ရုတ်တရက် အနည်းငယ် ဝေးသော နေရာမှ ကူရှောင်ထုန်၏ စူးရှသောအော်သံ ထွက်ပေါ်လာသည်။
၀ုန်းခနဲ တံခါးပွင့်သွားကာ ဖန်ဝေက သံပိုက်ကို ဆုပ်ကိုင်လျက် အပြင်သို့ ပြေးထွက်လာသည်။ သို့သော် အပြင်ဘက်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်၌ သူ၏ခြေလှမ်းများ ရပ်တန့်သွားကာ ကူရှောင်ထုန်၏ အော်သံလည်း ရုတ်တရက် တိတ်ဆိတ်သွား၏။
ဇွန်ဘီတွေ သေနေပြီပဲ။
ဖန်ဝေက ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် နေရာမှ တစ်လှမ်းမျှ မရွေ့ရဲဘဲ ဘယ်ဘက်လက်ဖြင့် ဆီဖြည့်ကာ ညာဘက်လက်ဖြင့် သွေးသံရဲရဲ ပုဆိန်ကို ကိုင်ဆောင်ထားသော ချူဟန်ကိုသာ စိုက်ကြည့်နေမိသည်။ ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှ အမည်မသိ အကြောက်တရားများ ထွက်ပေါ်လာ၏။
'ဒီကောင်... တကယ်ပဲ လူကော ဟုတ်ရဲ့လား။ ဘယ်လိုတောင် ပုံမှန်မဟုတ်တဲ့ စိတ်ဓာတ်ခွန်အားမျိုး ရှိနေလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ'
ကူရှောင်ထုန်လည်း တစ်ကိုယ်လုံး တုန်ရီနေလျက် ရှုပ်ထွေးသော မျက်လုံးများဖြင့် ချူဟန်ကို ကြည့်နေမိသည်။ သူမသည် ချူဟန် ဇွန်ဘီများကို သတ်ဖြတ်လိုက်သည့် အခိုက်အတန့်ကို မမြင်လိုက်ရချေ။ ဇွန်ဘီများ သေဆုံးနေပြီး ချူဟန်က အနာအဆာကင်းစွာ ရပ်နေသည်ဟူသော အမှန်တရားသာ ထိုနေရာ၌ ရှိနေခြင်းဖြစ်သည်။
ဂျောက်...
ဆီပြည့်သွားကြောင်း အချက်ပေးသံ ထွက်ပေါ်လာသဖြင့် ချူဟန်က ဆီပိုက်ကို မူလနေရာသို့ ပြန်ထားလိုက်သည်။ ဆီတိုင်ကီ ပြည့်သွားလေပြီ။
လှည့်၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော သူ၏ ညစ်ပေနေသည့် မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ပေါ်လွင်နေခြင်းမရှိတော့ပေ။ G55 ကားထဲတွင် နေရာ အလုံအလောက် ရှိနေသေးသည်။ ဤစတိုးဆိုင်ထဲရှိ ပစ္စည်းများကို ယူဆောင်သွားရန် ရည်ရွယ်ထား၏။
"ဟိုလေ... အခု ဘယ်ကို ဆက်သွားမလို့လဲ"
ကျန်းဇီယွီက အပြေးအလွှား ရောက်လာသည်။ သူသည် ချူဟန်နောက်သို့ လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏။ မဖြစ်မနေ လိုက်သွားရမည်ပင်။
ချူဟန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
"ငါ့မိဘတွေကို သွားရှာမလို့"
မိဘတွေကို ရှာမည်။ ဒါက ကပ်ဘေးကြီး စတင်ပြီးနောက်ပိုင်း ချူဟန်၏ ပထမဆုံးသော ရည်မှန်းချက် ဖြစ်သည်။ ချစ်သူကို ရှာဖွေသူများ၊ မိမိအသက်ကိုသာ ဦးစားပေး၍ ထွက်ပြေးသူများကတော့ ဒုနဲ့ဒေးပင်။ သို့သော် ခရီးမိုင်ထောင်ချီ ဖြတ်ကျော်ကာ မိဘများကို သွားရောက်ကြိုဆိုမည့်သူမျိုးကတော့ အလွန်ရှားပါးလှသည်။
သူတို့ကဲ့သို့ အာခံချင်စိတ်များသော အရွယ်လူငယ်များတွင် ထိုမျှလောက်အထိ ခိုင်မာသော စိတ်ဓာတ်မျိုး ရှိမနေတတ်သည်က ပုံမှန်ပင် ဖြစ်၏။ ထို့အပြင် ကိုယ့်အသက်ကိုယ်ပင် အာမမခံနိုင်သော ဤအခြေအနေမျိုးတွင် ပို၍ပင် ဖြစ်နိုင်ခြေ နည်းပါးလှသည်။
သို့သော် ချူဟန်အတွက်တော့ မဖြစ်မနေ သွားရမည့် အကြောင်းပြချက် ရှိနေသည်။ မသွားခဲ့လျှင် မိမိကိုယ်မိမိ ယောက်ျားတစ်ယောက်အနေဖြင့် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
"ငါ့ကိုရော ခေါ်သွားပေးလို့ မရဘူးလား"
ကျန်းဇီယွီက ဇွတ်တောင်းဆိုလေသည်။
"မင်းရဲ့ ဇာတိက အန်းလော်မြို့ မဟုတ်လား။ လမ်းမှာ ရှီမြို့ကို ဖြတ်သွားရမှာပဲ။ ငါက ရှီမြို့ကို သွားချင်လို့ပါ"
ကျန်းဇီယွီ၏ စိတ်အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
'ချူဟန်ဆိုတဲ့ကောင်က ဘယ်အချိန်တည်းက ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ကောင် ဖြစ်သွားရတာလဲ။ ဟိုပုဆိန်ကို လွှဲသွားတဲ့ပုံစံက ရုပ်ရှင်ထဲက ဇာတ်လိုက်ကျနေတာပဲ။ ပုဆိန်နှစ်ချက်တည်းနဲ့ ဇွန်ဘီတွေကို သတ်ပစ်နိုင်တယ်ဆိုတာ...'
"ငါတို့ကား ရှိတာမို့ အနှောင့်အယှက် မဖြစ်စေရပါဘူး"
ဖန်ဝေလည်း ကမန်းကတမ်း ဝင်ပြောလိုက်သည်။
"ဟုတ်... ဟုတ်တယ်... ကားဆိုရင် ဒီဘက်မှာ ရှိတယ်"
ကျန်းဇီယွီလည်း အပြင်းအထန် ခေါင်းညိတ်ထောက်ခံလေသည်။ ယခုအခါ သူ၏စိတ်ထဲတွင် ယခင်ကလို ချူဟန်ကို အထင်သေးသည့် သဘောထားမျိုး တစ်စက်လေးမျှ မကျန်ရှိတော့ပေ။
ချူဟန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူက သူတို့ကားဖြင့် လိုက်မည်ဆိုပါက ဘာမှ ကန့်ကွက်စရာတော့ မရှိချေ။ သို့သော် လူများလာလျှင် ပြဿနာများလည်း ပိုများလာတတ်သည်။
သို့ရာတွင် ရှီမြို့သည် အန်းလော်မြို့သို့ သွားရာလမ်းရှိ ဖြတ်သန်းရမည့် မြို့တစ်မြို့ဖြစ်သည်။ ကားနှစ်စီးဖြစ်သွားပါက ရိက္ခာပိုသယ်နိုင်မည်ဖြစ်ပြီး လုံခြုံရေးအရလည်း အထောက်အကူတစ်ခု ဖြစ်လာနိုင်သည်။
"ကောင်းပြီလေ။ စတိုးဆိုင်ထဲက စားစရာတွေကို တတ်နိုင်သလောက် များများသယ်ထုတ်ခဲ့ကြ" ချူဟန်က ညွှန်ကြားလိုက်သည်။
"အိုကေဗျာ"
ကျန်းဇီယွီနှင့် ဖန်ဝေတို့ ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။
ချူဟန်သည် သံပုဆိန်ကို ကိုင်ဆောင်လျက် စတိုးဆိုင်ထဲသို့ ဝင်သွားသည်။ ဆိုင်ထဲကို တစ်ပတ်လှည့်ကြည့်ကာ အန္တရာယ်မရှိကြောင်း သေချာစစ်ဆေးပြီးနောက် ဂိုဒေါင်ဘက်သို့ ဦးတည်လိုက်၏။ အပြင်ဘက်ရှိ စင်များပေါ်မှ ပစ္စည်းများကို နည်းနည်းချင်း လိုက်ကောက်နေရန် အချိန်မရှိပေ။
ဖြတ်လျှောက်သွားစဉ် ကူရှောင်ထုန်က ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လာသော်လည်း ချူဟန်က လုံးဝ ဂရုမစိုက်ခဲ့ချေ။
ထို့အတူ အခန်းထောင့်တွင် ထိုင်ကာ တစ်ခုခုကို အဆက်မပြတ် ပါးစပ်ထဲ သွတ်သွင်းနေသော လူဝကြီးကိုလည်း တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။
ကပ်ဘေးကာလ ဆယ်နှစ်တာအတွင်း ချူဟန်၏ စိတ်ဓာတ်သည် အမြင့်မားဆုံးအထိ ရင့်ကျက်ခိုင်မာနေပြီ ဖြစ်သည်။ သူ၏ အမြင်တွင် ထိုလူဝကြီးမှာ နောက်ကျသွားပြီ ဖြစ်၏။ စည်းမျဉ်းများ ပျက်စီးနေသော ဤကမ္ဘာလောကတွင် ထိုကဲ့သို့သော လူမျိုးမှာ အရင်ဆုံး သေဆုံးရမည့် ကံကြမ္မာမျိုး ရှိနေသည်။
စက္ကူဖာများဖြင့် ထည့်ထားသော စားစရာများကို တစ်ဖာပြီးတစ်ဖာ အပြင်သို့ သယ်ထုတ်သွားကြသည်။
G55 ကားကြီး၏ ကျယ်ဝန်းလှသော နောက်ခန်းတစ်ခုလုံး ပြည့်ကျပ်သွားသည်အထိ ထည့်ပြီးသောအခါမှ ချူဟန် လက်စသတ်လိုက်သည်။ ကူရှောင်ထုန်က ကားပေါ်သို့ အရင်ဆုံး တက်ထိုင်လိုက်သည်ကို မြင်သောအခါ ကျန်းဇီယွီက တောက်ခေါက်ကာ ကျိန်ဆဲလိုက်သည်။
ပစ္စည်းများ တင်ပြီး၍ ထွက်ခွာရန် ပြင်လိုက်ချိန်တွင်ပင် အခန်းထောင့်၌ ငိုကြွေးနေသော လူဝကြီးရှေ့မှ ဖြတ်သွားစဉ် ကျန်းဇီယွီက ညှာတာမှုကင်းမဲ့စွာဖြင့် လူဝကြီး၏ မျက်နှာကို ခြေဖြင့် ကန်လိုက်သည်။
"ဖယ်စမ်း... ဝက်ကောင်... လမ်းလာရှုပ်နေတယ်"
မျက်နှာကို အကန်ခံလိုက်ရသော လူဝကြီးမှာ ပို၍ပင် အော်ဟစ်ငိုကြွေးတော့သည်။ အကြောက်တရားကြောင့် မျက်နှာကြီး ရှုံ့မဲ့နေကာ မျက်ရည်များ နှပ်များဖြင့် ပေပွနေသော မျက်နှာကို မော့လျက် ကျန်းဇီယွီကို ကြည့်လာသည်။
ထိုလူဝကြီးသည် ချူဟန် ဆိုင်ထဲသို့ ဝင်လာကတည်းက အဆက်မပြတ် ငိုနေခဲ့ခြင်း ဖြစ်သည်။ ငိုရင်းဖြင့် စားနေခဲ့ရာ ဘဲသားမုန့် ငါးထုပ်နှင့် ငါးအသားချောင်း အချောင်းနှစ်ဆယ်ကိုပင် စားပြီးသွားပြီဖြစ်ကာ ယခုတိုင် စံချိန်တင်အောင် စားနေဆဲပင်။
သို့သော် ထိုလူဝကြီး ခေါင်းမော့လာပြီး အသားတုံးကြီးသဖွယ် မျက်နှာကို မြင်လိုက်ရသော အခိုက်အတန့်တွင် ချူဟန်၏ ခန္ဓာကိုယ်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တင်းသွားတော့သည်။ မယုံကြည်နိုင်သော အရာတစ်ခုကို မြင်လိုက်ရသည့် မျက်လုံးများဖြင့် ထိုနေရာ၌ပင် ကြက်သေ သေသွားသည်။
ဘောလုံးတစ်လုံးပမာ ဝိုင်းစက်နေသော မျက်နှာ။ နှုတ်ခမ်း၏ ဘယ်ဘက်အောက်နားတွင် ပေါက်နေသော အမွေးပါသည့် မှဲ့နက်ကြီးတစ်ခု။
ချူဟန်သည် ဤမျက်နှာကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရခြင်း မဟုတ်ပေ။ သို့သော်လည်း ပြင်းထန်လွန်းသော ထူးခြားချက်ကြောင့် သူ၏ ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ခြင်း ဖြစ်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
ချူဟန်က မေးလိုက်သည်။ မိမိရှေ့မှ လူသည် သူသိထားသော (ထိုပုဂ္ဂိုလ်) ဟုတ်မဟုတ်ကို မသေချာသေးပေ။ ဘယ်လိုကြည့်ကြည့် ဤငိုယိုနေသော ဝက်ကောင်နှင့် (ထိုပုဂ္ဂိုလ်) ၏ ပုံရိပ်မှာ လုံးဝ ထပ်တူမကျချေ။
"ကျ... ကျွန်တော်... ချန်ရှောက်ရယ် လို့ ခေါ်ပါတယ်..."
လူဝကြီးက ကြောက်ရွံ့တုန်လှုပ်သော လေသံဖြင့် ပြန်ဖြေလေသည်။
"ရှောက်ရယ် (သခင်လေး) ဟုတ်လား။ မင်းလို အမှိုက်ကောင်က သခင်လေးဖြစ်စရာ အကြောင်းမရှိဘူး" ကျန်းဇီယွီက ဆဲရေးတိုင်းထွာလိုက်ပြီး ထပ်မံကန်မည့်ဟန် ပြလိုက်ရာ လူဝကြီးမှာ အကြောက်လွန်ကာ နံရံဘေးသို့ ဆုတ်သွားတော့သည်။
ချူဟန်မှာ ပါးစပ်အနည်းငယ် တွန့်ကွေးသွားသည်။
'ချန်ရှောက်ရယ် တဲ့လား...'
ယခင်ဘဝက ရာသီဥတုကိုပင် ထိန်းချုပ်နိုင်သည့်အလား စစ်မြေပြင်ကို လွှမ်းမိုးနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး အယောက်နှစ်ဆယ်စာရင်းဝင်ခဲ့သည့် နတ်ဘုရားအဆင့် စနိုက်ပါသမား ချန်ရှောက်ရယ်လား။
မှန်ပေသည်၊ သူ၏ နာမည်အရင်း ဖြစ်၏။ မျိုးရိုးနာမည်က ချန်၊ နာမည်က ရှောက်ရယ်။
သို့သော် လွန်ခဲ့သော ဆယ်နှစ်က ချန်ရှောက်ရယ်သည် ဤမျှလောက် အသုံးမကျသော ပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု ချူဟန် အိပ်မက်ထဲတွင်ပင် မထင်ထားခဲ့ပေ။ မိမိကိုယ်တိုင် အတိတ်သို့ အချိန်ကာလ နောက်ကြောင်းပြန်ရောက်သွားသည်ထက်ပင် ပို၍ စိတ်ကူးယဉ်ဆန်လှသော မြင်ကွင်းမျိုးပင်။
မည်သို့ပင်ဆိုစေ ကပ်ဘေးကာလ ဆယ်နှစ်တာအတွင်း ချန်ရှောက်ရယ်၏ ဂုဏ်သတင်း ကြီးမားပုံကို မသိသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်နှစ်ဆယ်သာ ရှိသော်လည်း။ ထိပ်ဆုံး ဆယ်ဦးစာရင်းဝင် ဘီလူးသရဲဆိုးကြီးများပင် သူ့ကို မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ရမည့်ကိစ္စကို ရှောင်ရှားခဲ့ကြသည်။
အကြောင်းပြချက်မှာ တစ်ခုတည်းသာ ရှိသည်။ ချန်ရှောက်ရယ်၏ ပစ်ခတ်မှု တိကျသေချာမှုသည် ပုံမှန်မဟုတ်လောက်အောင် အလွန်အမင်း ထူးကဲနေသောကြောင့်ပင်။
သူ့ကိုကျော်လွန်၍ အကောင်းဆုံးဟု ကြွေးကြော်ရဲသော စနိုက်ပါသမားဟူ၍ မရှိချေ။ အမည်နှင့်လိုက်အောင်ပင် အစွမ်းထက်ဆုံးသော နတ်ဘုရားအဆင့် သေနတ်သမား (စနိုက်ပါ) တစ်ဦးဖြစ်ကာ သူ၏ တိုက်ခိုက်ရေးစက်ကွင်းဖြစ်သော အချင်းဝက် ဆယ်မီတာအတွင်းသို့ ချဉ်းကပ်နိုင်သူဟူ၍ လုံးဝ မရှိခဲ့ချေ။
ချူဟန်ကဲ့သို့ အထူးစွမ်းရည်မရှိသော သာမန်လူများမှာ ကပ်ဘေးကမ္ဘာတွင် ခေတ်ဟောင်း ရိုင်ဖယ်များကို ကိုင်ဆောင်ခွင့်ရရန်ပင် မလွယ်ကူလှချေ။ သို့သော် ချန်ရှောက်ရယ်ကတော့ နိုင်ငံတော်မှ အထူးအခွင့်အရေးများ ပေးအပ်ထားခြင်း ခံရသူဖြစ်သည်။ သာမန်လူများ မမြင်ဖူးသော အလွန်စွမ်းအားပြင်းထန်သည့် လက်နက်ကြီးများပင် သူ့အတွက်တော့ သာမန် ကစားစရာ မျှသာ ဖြစ်ခဲ့သည်။
ထိုကဲ့သို့သော လူမျိုးကို မည်သူက ရန်စရဲမည်နည်း။ သန်းခေါင်ယံအချိန် စခန်းဆီသို့ တစ်ချက်မျှ လှမ်းပစ်လိုက်ရုံဖြင့် အဆောက်အအုံတစ်ခုလုံး အရိပ်အယောင်ပင် မကျန်အောင် ပေါက်ကွဲထွက်သွားမည် ဖြစ်သောကြောင့်ပင်။
ကျန်းဇီယွီက ချန်ရှောက်ရယ်ကို ထပ်မံရိုက်နှက်ရန် ပြင်နေသည်ကို မြင်သောအခါ ချူဟန်က တားဆီးလိုက်သည်။
"မင်းဘာသာ မင်းကားပေါ် တက်တော့။ ဒီကောင့်ကို ငါ ခေါ်သွားမယ်"
"သူ့ကို ခေါ်သွားမယ် ဟုတ်လား"
ကျန်းဇီယွီက မယုံနိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်။ အနည်းငယ်မျှ ဉာဏ်ပြေးသူတိုင်း ဤကဲ့သို့ အသုံးမကျသော ဝက်ကောင်ကို ခေါ်သွားခြင်းသည် မည်မျှ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ကို သိနိုင်စွမ်းရှိပေသည်။
"ငါ့ကားပေါ် တင်သွားမှာပါ။ မင်းတို့ကို အနှောင့်အယှက် မဖြစ်စေရပါဘူး"
ချူဟန်က အေးစက်စွာ ပြောလိုက်ပြီး စူးရှသော အကြည့်ဖြင့် ကျန်းဇီယွီကို စိုက်ကြည့်လိုက်သည်။
ပါးနပ်ရုံသာ တတ်နိုင်သော ကျန်းဇီယွီသည် သေချာပေါက် လူသတ်ဖူးသူ မဟုတ်ပေ။ ချူဟန်၏ မျက်လုံးများထဲရှိ အေးစက်သော သတ်ဖြတ်လိုစိတ်များကြောင့် ချန်ရှောက်ရယ်ကို ဂရုစိုက်နေရန် အချိန်မရှိတော့ဘဲ သူ၏ကားပေါ်သို့ တက်သွားတော့သည်။
"ဟေ့... ဖက်တီး... ပစ္စည်းတွေသိမ်းပြီး ငါ့နောက်လိုက်ခဲ့"
ချူဟန်က ပြတ်သားစွာ ပြောလိုက်သည်။
"တ... တကယ် ခေါ်သွားပေးမှာလား ခင်ဗျာ"
ချန်ရှောက်ရယ်က ဝမ်းသာလုံးဆို့သွားသောအသံဖြင့် ပြောလိုက်ပြီး မျက်ရည်များ၊ နှပ်များက ရေတံခွန်ပမာ စီးကျလာလေသည်။
"မြန်မြန်လုပ်... အချိန်ဆွဲမနေနဲ့"
ချူဟန်က ဒေါသတကြီး အော်ငေါက်လိုက်သော်လည်း သူ၏ ခေါင်းထဲတွင်တော့ ဒီလူဝကြီးကို သေနတ်ဘယ်လို ရှာပေးရမလဲ ဆိုသည့်ကိစ္စကို အသည်းအသန် စဉ်းစားနေမိသည်။ ဤကဲ့သို့ ဘုရားပေးသော စွမ်းရည်ရှိသည့် အရည်အချင်းရှိသူကို အဖွဲ့ထဲ မခေါ်သွင်းခြင်းသည် နတ်ဘုရားများကို စော်ကားခြင်းနှင့် တူညီပေလိမ့်မည်။
ချူဟန်က ဆိုင်ထဲရှိ အနီရောင် မီးသတ်ပုဆိန်ကို ချန်ရှောက်ရယ်ဆီသို့ ပစ်ပေးလိုက်သည်။ ပုဆိန်က လူဝကြီး၏ ရင်ခွင်ထဲသို့ ကျသွားသည်။
"သွားမယ်"
ခွမ်းခနဲ အသံ။
ချူဟန် နှစ်လှမ်းမျှပင် မလျှောက်ရသေးခင် အနောက်ဘက်မှ မီးသတ်ပုဆိန်ကြမ်းပြင်ပေါ် ကျသွားသောအသံ ထွက်ပေါ်လာသည်။ ချူဟန်၏ နားထင်ကြောများ ထောင်တက်သွားသည်။ ဤလူဝကြီးကို ယခုချက်ချင်း ဆွဲဖြဲပစ်ချင်သော စိတ်ဆန္ဒများကို အတင်းအကျပ် ဖိနှိပ်ထားရင်း ဖြည်းညင်းစွာ နောက်လှည့်ကြည့်လိုက်သည်။
"တောင်း... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်"
ချန်ရှောက်ရယ်မှာ ချူဟန်၏ နောက်ကျောဘက်တွင် တစ်ကိုယ်လုံး တုန်ရီနေလျက် ရပ်နေသည်။ ရင်ခွင်ထဲ၌ စားစရာများကို အပြည့်ပိုက်ထားပြီး ခြေရင်း၌ စောစောက မီးသတ်ပုဆိန် ကျနေလေသည်။
"ပြန်ကောက်လိုက်စမ်း"
ချူဟန်က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ကပ်ဘေးကမ္ဘာမှာ ဘာပဲဖြစ်ဖြစ် လက်နက်ကိုတော့ လက်ကမချနဲ့။ အဲလိုမှ မဟုတ်ရင် အရင်ဆုံးသေရမှာက မင်းပဲ"
ချန်ရှောက်ရယ် လန့်ဖြတ်သွားကာ ချူဟန် ညာလက်ဖြင့် ဆုပ်ကိုင်ထားသော ပုဆိန်ဆီသို့ အကြည့်ရောက်သွားသည်။
ထိုပုဆိန်မှာ မီးသတ်ပုဆိန်ထက် အများကြီး ပိုကြီးမားပြီး ကြည့်ရုံနှင့်တင် အလွန်လေးလံမည့် အရိုးရှည်ပုဆိန်ကြီး ဖြစ်သည်။ ချူဟန်သည် စောစောကတည်းက ပစ္စည်းများစွာကို ကားပေါ်သို့ သယ်နေခဲ့သော်လည်း ထိုပုဆိန်ကို တစ်ချက်လေးမျှ လက်မှ မချခဲ့ချေ။
"နား... နားလည်ပါပြီ"
ချန်ရှောက်ရယ်၏ ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ကြည်နူးမှုများ ဖြစ်ပေါ်လာသည်။ သူသည် ကြမ်းပြင်ပေါ်မှ မီးသတ်ပုဆိန်ကို ကမန်းကတမ်း ကောက်ယူလိုက်ပြီး ချူဟန်နောက်သို့ လိုက်ကာ အပြင်သို့ ထွက်လာခဲ့သည်။
အခြားကားတစ်စီးပေါ် ရောက်နေသော ကျန်းဇီယွီမှာ ပြတင်းပေါက်အပြင်ဘက်သို့ တံတွေးထွေးချလိုက်သည်။ ချူဟန်က စောစောကတည်းက သူ မျက်စိကျနေသော G55 ကားပေါ်သို့ ထိုလူဝကြီးကို တင်လိုက်သည်ကို မြင်သောအခါ မနာလိုမှုနှင့် မုန်းတီးမှုများ ရောယှက်နေသော လေသံဖြင့် ရေရွတ်လိုက်သည်။
"ချူဟန် ဘာတွေတွေးနေတာလဲ။ ဟိုလူဝကြီးကို တကယ်ပဲ ခေါ်သွားတော့မလို့လား"
မိတ်ကပ်ထူထူနှင့် ကူရှောင်ထုန်က နှုတ်ခမ်းကို သပ်လိုက်ကာ သံသယဝင်သော လေသံဖြင့် ပြောလိုက်သည်။
"အဲဒီကားက တော်တော်ဈေးကြီးတာ မဟုတ်လား။ ဘာလို့ သူက အဲဒီလို ဇိမ်ခံကားမျိုးကို စီးနေရတာလဲ"
ကျန်းဇီယွီ၏ မျက်လုံးထဲတွင်လည်း သံသယအချို့ တစ်ခဏမျှ ပေါ်လာသော်လည်း ချက်ချင်းပင် ချူဟန်၏ စောစောက ကြမ်းကြုတ်ရက်စက်သော ပုံစံကို ပြန်မြင်ယောင်လာကာ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
"အပိုတွေ စပ်စုမနေနဲ့"