အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) မင်းကားပေါ် ပေးစီးပါ
ညဆယ့်တစ်နာရီ။ ကပ်ဘေးကြီးစတင်ခဲ့သည်မှာ ဆယ့်တစ်နာရီ ကြာမြင့်ခဲ့လေပြီ။
ကမ္ဘာတစ်ဝန်းလုံး အထိတ်တလန့်ဖြစ်နေကြသည်။ အမှောင်ထုထဲတွင် ဇွန်ဘီများ၏ ဟိန်းဟောက်သံများက ပိုမိုပီပြင်စွာ ပဲ့တင်ထပ်နေသည်။ မရေမတွက်နိုင်သော ဘီလူးသရဲဆိုးများက ပြတင်းပေါက်မှန်များကို ရိုက်ခွဲကာ ဆွေးမြေ့နေသော တံခါးများကို ဖျက်ဆီး၍ လမ်းမကြီးပေါ်သို့ တိုးဝှေ့ထွက်လာကြသည်။ အသက်ရှင်နေသူများ၏ အနံ့ကို ခံယူပြီး မျက်စိရှေ့ရှိ လူသားများကို ကိုက်ဖြတ်စားသောက်နေကြတော့သည်။
မြို့ပြများ ကျဆုံးသွားသည်။ လမ်းများပေါ်တွင် သွေးများနှင့် အပျက်အစီးများ ပိတ်ဆို့နေလျက် ဆက်သွယ်ရေးကွန်ရက်များ လုံးဝ ပြတ်တောက်သွားခဲ့၏။ ခွန်အားမဲ့ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းများနှင့်အတူ အကြွင်းမဲ့ မျှော်လင့်ချက်ကင်းမဲ့ခြင်းများသာ လွှမ်းမိုးနေတော့သည်။
အမြန်လမ်းမပေါ်တွင် ချူဟန် မောင်းနှင်နေသော G55 လမ်းကြမ်းဘုရင်ကားကြီးက ရှေ့ဆုံးမှ ဦးဆောင်နေပြီး ၎င်းနောက်တွင် ဆီဒင်ကားငယ်တစ်စီးက ကပ်လျက် လိုက်ပါလာသည်။ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ရာ နိုင်ငံတော်မှ ဘတ်ဂျက်ငွေ အမြောက်အမြား အကုန်အကျခံကာ တပ်ဆင်ထားသော လမ်းမီးတိုင်များမှာ သံတိုသံစများအဖြစ်သာ ပြောင်းလဲသွားခဲ့လေပြီ။ အမြန်လမ်းမကြီးတစ်ခုလုံး အဆုံးမဲ့ အမှောင်ထုထဲသို့ နစ်မြုပ်နေတော့သည်။
ကံကောင်းသည်မှာ သူတို့ စောစောစီးစီး ထွက်ပြေးလာနိုင်ခဲ့ခြင်းပင်။ လမ်းတစ်လျှောက်တွင် စွန့်ပစ်ထားသော ကားအချို့ ပြန့်ကျဲနေသော်လည်း သွားလာနေသော ဇွန်ဘီအရေအတွက်မှာ သိပ်မများလှပေ။ တစ်ခါတစ်ရံ ချောင်ကြိုချောင်ကြားမှ ဇွန်ဘီအချို့ ပြေးထွက်လာတတ်သော်လည်း ချူဟန်၏ ကားကြီးက သနားညှာတာမှုကင်းမဲ့စွာ ကြိတ်ချေပစ်လိုက်သည်။
"အစ်ကိုချူဟန်..."
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော လူဝကြီး ချန်ရှောက်ရယ်က ရုတ်တရက် တုန်ရီနေသောအသံဖြင့် စကားစလာသည်။
"ဒီကားမှာ အဲကွန်း မရှိဘူးလားဗျ။ စောစောကတည်းက အနောက်ဘက်က ကွဲနေတဲ့ ပြတင်းပေါက်ကနေ လေတွေ တဝူးဝူး ဝင်လာလို့ ကျွန်တော် ပူလွန်းလို့ သေတော့မယ်"
ပြက္ခဒိန်အရ ဇူလိုင်လဆန်း နွေရာသီ အလယ်ခေါင်ဖြစ်သော်လည်း ကပ်ဘေးကြီး ကျရောက်လာသည်နှင့်အမျှ အပူချိန်မှာ ပုံမှန်မဟုတ်လောက်အောင် ထိုးကျသွားခဲ့သည်။ အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်နေသည်မှာ မှန်သော်ငြား ဆောင်းရာသီလောက်တော့ မဟုတ်သေးပေ။
ချူဟန်သည် လက်ရှည်ဘောင်းဘီရှည် ဝတ်ဆင်ထားကာ အဆီပိုများဖြင့် ဖုံးလွှမ်းနေသော ချန်ရှောက်ရယ်ကို တစ်ချက်ကြည့်လိုက်ပြီး လုံးဝ စိတ်ပျက်သွားတော့သည်။ ဤကမ္ဘာလောကတွင် ရုပ်ရည်နှင့် နာမည်တူညီသော အခြားလူတစ်ယောက်များ ရှိနေသေးသလားဟုပင် သူ သံသယဝင်မိသွားသည်။
ထိုသို့မဟုတ်ပါက ဤမျှ ပျော့ညံ့သော ခန္ဓာကိုယ်ပိုင်ရှင်သည် ယခင်ဘဝက နိုင်ငံတစ်ဝန်း တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂၀ ဟူသော ထိပ်တန်းအဆင့်သို့ မည်သို့မည်ပုံ တက်လှမ်းနိုင်ခဲ့မည်နည်း။
ကပ်ဘေးအလွန် ဆယ်နှစ်တာ ကမ္ဘာကြီးတွင် စွမ်းအားရှင်များဟု ခေါ်ဆိုနိုင်သော အစွမ်းထက်သူများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ယခင်ဘဝက ချူဟန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ဆုံး အဆင့်တစ်သန်းအပြင်ဘက်၌သာ ရှိခဲ့သည်။ သို့တိုင်အောင် အဆင့်သုံး၊ အဆင့်လေး ဇွန်ဘီများကို ရင်ဆိုင်ရာတွင် တစ်လှမ်းမျှ နောက်မဆုတ်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။
သို့ဖြစ်ရာ အဆင့် ၂၀ တွင်ရှိသော ချန်ရှောက်ရယ်သည် မည်မျှလောက် ကြောက်စရာကောင်းသော ဘီလူးသရဲဆိုးကြီး ဖြစ်ခဲ့မည်ကို ယခု ချူဟန် တွေးပင်မတွေးရဲချေ။ မျက်စိရှေ့ရှိ ဤလူဝကြီးမှာတော့ အဆိုးဆုံးပြောရလျှင် အလွန်အမင်း ပျော့ညံ့လွန်းနေသည်။
ဂျီ... ဂျီ...
ကားရေဒီယို ခလုတ်ကို အကြိမ်အနည်းငယ် လှည့်ကြည့်သော်လည်း ထင်ထားသည့်အတိုင်း ရေဒီယိုလှိုင်းရှာမရသော ဆူညံသံများကိုသာ ကြားရသည်။ သို့သော် ဤသည်က တစ်နည်းအားဖြင့် သတင်းကောင်းပင် ဖြစ်သည်။ အနည်းဆုံးတော့ ရေဒီယိုစခန်းများ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း သက်သေပင်။ ထိုသို့မဟုတ်ပါက ထိုအသံမျိုးပင် ဖမ်းမိနိုင်မည် မဟုတ်ချေ။
ချူဟန်က လျစ်လျူရှုထားသဖြင့် ချန်ရှောက်ရယ်လည်း ထပ်မံ၍ ဘာမျှ မပြောရဲတော့ဘဲ ခရီးသည်ထိုင်ခုံပေါ်၌ ကွေးကွေးလေးထိုင်ကာ အသံတိတ်နေလိုက်တော့သည်။
“ချူဟန်၊ ဒီနားတစ်ဝိုက်မှာ တခြားကားတွေလည်း မတွေ့ရဘူး။ ဒီမှာပဲ တစ်ညလောက် နားသွားကြမလား”
စကားပြောစက်မှတစ်ဆင့် ကျန်းဇီယွီ၏ အသံ ထွက်ပေါ်လာသည်။ ဤစကားပြောစက်ကို ဖန်ဝေက ပေးထားခြင်း ဖြစ်သည်။ သူသည် အလွန် စကားနည်းသူဖြစ်ပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာဖြင့်သာ ကားမောင်းလာခဲ့သည်။
ချူဟန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အမှောင်ထု ကြီးစိုးနေပြီး အနီးအနားတွင် အန္တရာယ် ပုန်းကွယ်နေခြင်း ရှိမရှိကိုလည်း မသိနိုင်ပေ။ အမှန်တကယ်ပြောရလျှင် အန္တရာယ်ဆိုသည်မှာ နေရာတိုင်းတွင် အမြဲရှိနေတတ်ရာ မည်သည့်နေရာတွင်မဆို အတူတူပင် ဖြစ်သည်။ နာရီပေါင်းများစွာ ဆက်တိုက် ကားမောင်းလာခဲ့သည်မှာလည်း ကြာပြီဖြစ်ရာ အနားယူရန် လိုအပ်နေပြီဖြစ်သည်။
"အေး… ကားရပ်လိုက်"
ကားနှစ်စီးလုံး တစ်ပြိုင်နက် အင်ဂျင်စက်သတ်လိုက်ကာ လမ်းဘေးတွင် တိတ်ဆိတ်စွာ ရပ်တန့်သွားသည်။ အင်ဂျင်စက်သတ်ရခြင်းမှာ ဓာတ်ဆီကို ချွေတာရန်ဖြစ်ပြီး အဓိကအားဖြင့် ကားအင်ဂျင်သံကြောင့် ဇွန်ဘီများကို ဆွဲဆောင်မိမည်ကို စိုးရိမ်၍ ဖြစ်သည်။
လမ်းမကြီးပေါ်၌ မည်သည့်အသံမျှ မရှိသလို အလင်းရောင် တစ်စက်လေးမျှလည်း မရှိချေ။ အဆုံးမဲ့ အမှောင်ထုကြီးက လူတို့၏ ရင်ထဲ အနက်ရှိုင်းဆုံးနေရာအထိ ဖော်ပြ၍မရနိုင်သော အကြောက်တရားများကို သွတ်သွင်းပေးနေသည်။
ဂလု။
ချန်ရှောက်ရယ်က တံတွေးကို အသံမြည်အောင် မြိုချလိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံပေါ်တွင် ကျုံ့ကျုံ့လေးဖြစ်နေပြီး နောက်သို့ပင် လှည့်မကြည့်ရဲချေ။ ထိုစဉ် ရုတ်တရက် သူ၏ ပခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်။
"အားးး...."
ချန်ရှောက်ရယ်မှာ အဆုတ်ကွဲထွက်မတတ် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
"တောက်"
ချူဟန် ဒေါသပေါက်ကွဲတော့မတတ် ဖြစ်သွားသည်။
"အသံပြဲကြီးနဲ့ အော်မနေနဲ့ ဘာကို ကြောက်နေတာလဲ"
"မ... မဟုတ်ပါဘူး..."
ချန်ရှောက်ရယ်မှာ လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံးမှ ချွေးစေးများ ထွက်လာသည်။
"အစ်ကိုချူဟန်က ရုတ်တရက်ကြီး လာလန့်အောင် လုပ်တာကိုးဗျ"
"မင်းက ဘယ်လောက်တောင် သတ္တိကြောင်နေရတာလဲ"
ချူဟန်က ဆဲရေးလိုက်သည်။
"မြန်မြန် ကားပေါ်က ဆင်းစမ်း"
"ဗျာ။ ဆင်း... ဆင်းရမယ် ဘာလို့လဲဗျ။ ကျွန်တော် မဆင်းချင်ဘူး"
ချန်ရှောက်ရယ်က ကမန်းကတမ်း ခေါင်းခါပြလေသည်။
"မင်း အိမ်သာ မသွားချင်ဘူးလား။ စောစောကတည်းက အောင့်ထားတာ မဟုတ်ဘူးလား"
ဤလူဝကြီးသည် ကားပေါ်ရောက်ကတည်းက တစ်ချိန်လုံး စားသောက်နေခဲ့ခြင်း ဖြစ်သည်။ အစာအိမ်နှင့် အူလမ်းကြောင်း မည်မျှပင် ကောင်းမွန်နေပါစေ အခုလောက်ဆိုလျှင် ကိစ္စရှင်းချင်နေလောက်ပြီ ဖြစ်သည်။
ချန်ရှောက်ရယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။
"ကျ... ကျွန်တော်... ဆက်အောင့်ထားနိုင်ပါသေးတယ်"
ချူဟန် လုံးဝ ဆွံ့အသွားတော့သည်။ ဤလူဝကြီးကတော့ တကယ်ကို အသုံးမကျလွန်းလှပေ။
"အစ်ကိုချူဟန် ကျွန်တော် တကယ် မဆင်းချင်လို့ပါဗျာ"
ချန်ရှောက်ရယ်က ငိုသံပါကြီးဖြင့် ပြောသည်။
"ကြောက်စရာကြီးဗျာ၊ အမှောင်ကြီးထဲ ဇွန်ဘီတွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ"
ချူဟန် မျက်နှာပျက်သွားကာ ပုဆိန်ကို ကိုင်လျက် ခရီးသည်ထိုင်ခုံဘက်သို့ သွားလိုက်သည်။ ထို့နောက် တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်ကာ လူဝကြီး၏ ခန္ဓာကိုယ်ကို အတင်းဆွဲချလိုက်တော့သည်။
"မြန်မြန်သွား လုပ်စရာရှိတာ လုပ်။ ရှေ့ဆက်သွားရင် အေးအေးဆေးဆေး ကိစ္စရှင်းလို့ရမယ့် အခွင့်အရေးမျိုး သိပ်ရှိတော့မှာ မဟုတ်ဘူး"
ကပ်ဘေးကမ္ဘာတွင် အန္တရာယ်ဆိုသည်က အမြဲတမ်း ဒွန်တွဲနေတတ်သည်။ ဇီဝကမ္မလိုအပ်ချက်များကို ချက်ချင်း ဖြည့်ဆည်းနိုင်ခြင်းမှာ အလွန်ရှားပါးလှသည်။ ကပ်ဘေးကြီး စတင်ခါစ ယခုလိုအချိန်မျိုးတွင် ဤကဲ့သို့ ကားရပ်ကာ ကိစ္စရှင်းနိုင်သည့် အခွင့်အရေးမျိုးရခြင်းက အလွန်ကံကောင်းလှသည်ဟု ဆိုရမည်။
ချန်ရှောက်ရယ်က ကားကို ဖက်တွယ်ထားရန် ကြိုးစားနေဆဲဖြစ်သော်လည်း ချူဟန်၏ ညာလက်ထဲမှ ပုဆိန်က လရောင်အောက်တွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ ပုဆိန်သွားထက်၌ ကပ်ငြိနေသော မည်းညစ်ညစ် သွေးကွက်များက သူ၏ အားနည်းလှသော စိတ်ပိုင်းဆိုင်ရာကို အစအနမကျန် ရိုက်ချိုးပစ်လိုက်သည်။
ချန်ရှောက်ရယ် ချက်ချင်းပင် အသိစိတ်များ လွတ်ထွက်သွားကာ ယိမ်းယိုင်စွာ လျှောက်သွားပြီး ခပ်လှမ်းလှမ်းရှိ လမ်းဘေးတစ်နေရာတွင် ဘောင်းဘီချွတ်ကာ ကိစ္စရှင်းလိုက်တော့သည်။ ဇွန်ဘီများထက် မိမိရှေ့ရှိ ထိုအမျိုးသားက ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ရုတ်တရက် သဘောပေါက်သွား၏။
အနောက်ဘက်ရှိ ဆီဒင်ကားပေါ်မှ ကျန်းဇီယွီ၊ ဖန်ဝေနှင့် ကူရှောင်ထုန်တို့ သုံးဦး အလှည့်ကျ ဆင်းလာကြသည်။ ထိုအချိန်တွင် ချူဟန်မှာ အမြန်ဆုံးနှုန်းဖြင့် ကိစ္စရှင်းပြီးနေပြီဖြစ်ကာ ပုဆိန်ကိုင်လျက် G55 ကားကြီးဘေး၌ သတိအနေအထားဖြင့် စောင့်ကြည့်နေလေပြီ။
ကျန်းဇီယွီနှင့် ဖန်ဝေတို့ နှစ်ဦးသား ချန်ရှောက်ရယ်ရှိရာဘက်သို့ အတူတကွ သွားလိုက်ကြသည်။ ဤမှောင်မိုက်လှသော ညဉ့်ယံတွင် အချင်းချင်း စုစည်းနေခြင်းက ပို၍ ကောင်းမွန်ပေသည်။ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ အားလုံးက ထိုသို့ တွေးထင်ထားကြ၏။
ကူရှောင်ထုန်က ဘာကို တွေးလိုက်သည်မသိ၊ ခပ်သွက်သွက် ခြေလှမ်းများဖြင့် ချူဟန်အနီးသို့ ချဉ်းကပ်လာသည်။ ထို့နောက် ဖြူဝင်းလှပသော ညှပ်ရိုးများကို မြင်သာအောင် တမင်တကာ ဖော်ပြလိုက်၏။
ချူဟန်က မည်သူမျှ သတိမထားမိစေရန် ပုဆိန်ရိုးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်ဝန်းများ၌ မည်သည့် ခံစားချက်လှုပ်ရှားမှုမျှ မပေါ်လွင်စေဘဲ တိုးတိတ်တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"ငါ အိမ်သာသွားချင်လို့။ အတူလိုက်ပြီး စောင့်ကြည့်ပေးလို့ မရဘူးလား"
ကူရှောင်ထုန်၏ အသံမှာ တိုးညင်းသော်လည်း သူမ၏ အမူအရာက တစ်ခုကို တောင်းဆိုနေသည့်အလား ဖြစ်နေ၏။
သူမ၏ အတွေးအခေါ်အရ စောစောက ချူဟန်၏ အကြမ်းပတမ်း လုပ်ရပ် (အကန်ခံလိုက်ရခြင်း) ကို ခွင့်လွှတ်ပေးခဲ့ပြီးဖြစ်ရာ ချူဟန်က သူမကို တောင်းပန်သင့်ပြီး သူမ၏ တောင်းဆိုချက်များကိုလည်း လိုက်လျောသင့်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ သူမက ချူဟန်ကို ခိုးကြည့်လိုက်ပြီး ကျန်းဇီယွီထက် ဤအမျိုးသားက ပို၍ အားကိုးရလောက်သည်ဟု တွက်ဆထား၏။ အနည်းဆုံးတော့ သူက ဇွန်ဘီများကို မကြောက်ပေ။
ချူဟန်၏ နှုတ်ခမ်းထောင့်များ အေးစက်စွာ တွန့်ကွေးသွားသည်။
"ဟိုဘက်မှာ ယောက်ျားလေး သုံးယောက်ရှိနေတယ် မဟုတ်လား။ ယောက်ျားလေး သုံးယောက်ရှိနေတာကို ကြောက်နေသေးတာလား"
"သူတို့က ယောက်ျားလေးတွေလေ"
ကူရှောင်ထုန်က အသံအနည်းငယ် မြှင့်လိုက်သည်။
"ငါက မိန်းကလေးလေ၊ ဘာလို့ ငါက သူတို့နဲ့အတူ အိမ်သာသွားရမှာလဲ"
ကပ်ဘေးကြီး ဆိုက်ရောက်လာခဲ့သည်မှာ ဆယ်နာရီခန့်သာ ရှိသေးသည်။ သာမန် အမျိုးသမီးတစ်ဦးအနေဖြင့် ရှက်ရွံ့မှုကို လုံးဝ ပစ်ပယ်နိုင်မည်တော့ မဟုတ်ချေ။ သို့သော် မကြာမီအချိန်အတွင်း ထိုကဲ့သို့သော အလှအပစကားများကို ပြောနိုင်တော့မည် မဟုတ်ပေ။ လူသားများ၏ ကိုယ်ကျင့်တရား စည်းမျဉ်းများမှာ အကြီးအကျယ် ပြိုလဲသွားမည်ဖြစ်ပြီး အမျိုးသမီး အများအပြားမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်သာ အသက်ရှင်ကျန်ရစ်သူ အဖွဲ့များ၏ ဖျော်ဖြေရေးမယ် များအဖြစ် ဘဝကို စတေးကြရတော့မည် ဖြစ်သည်။
"ငါလည်း ယောက်ျားလေးပဲလေ"
ချူဟန်က အေးတိအေးစက်ပင် ငြင်းပယ်လိုက်သည်။ ရိက္ခာများ အပြည့်တင်ထားသော ကားနားမှ ခွာရန် စိတ်ကူး လုံးဝမရှိချေ။ ထို့အပြင် သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ယုံကြည်ခြင်းမရှိပေ။
ကူရှောင်ထုန် စကားဆွံ့အသွားပြီးနောက် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
'အထင်လွဲမနေနဲ့ အတူတူ ကိစ္စရှင်းမယ်လို့ ပြောတာမဟုတ်ဘူး၊ စောင့်ကြည့်ပေးဖို့ပဲ ပြောနေတာကို'
သို့သော် ချူဟန်က ကူရှောင်ထုန် မည်သို့တွေးနေသည်ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ ညဉ့်ယံ၏ အေးစက်သော လေပြေကို ခံစားလိုက်သည်။ ရုတ်တရက် အပူချိန်က နောက်ထပ် တစ်ဆင့် ထပ်ကျသွားသလို သူ ခံစားလိုက်ရ၏။
ကူရှောင်ထုန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထပ်ပြီး ဂျီကျရန် သတ္တိမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချူဟန်၏ လက်ထဲ၌ ဆုပ်ကိုင်ထားသော ပုဆိန်ကို တစ်စက္ကန့်လေးမျှပင် လွှတ်မချထားကြောင်း သူမ သတိထားမိနေသောကြောင့်ပင်။
မျက်စိရှေ့ရှိ အမျိုးသားမှာ ယခင်က သူမ အထင်သေးခဲ့ဖူးသော လူညံ့လေး မဟုတ်တော့ချေ။ အသက်ရှူရသလို လွယ်ကူစွာပင် ဇွန်ဘီများကို ခုတ်ထစ်သတ်ဖြတ်နိုင်ပြီး ဇွန်ဘီ ဒါဇင်ပေါင်းများစွာကို မျက်နှာအမူအရာ တစ်ချက်လေးမျှ မပြောင်းလဲဘဲ ဝင်တိုက်ခိုက်ရဲသော သွေးအေးလူသတ်ကောင်ကြီး ဖြစ်နေလေပြီ။
သူမသည် နည်းဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ပူအိုက်နေသည့်အလား အင်္ကျီကော်လာကို တမင်တကာ ဆွဲဟကာ ဖြူဝင်းလှပသော ညှပ်ရိုးများကို ပို၍ ပေါ်လွင်အောင် ပြသလိုက်၏။
"ငါ... ကျန်းဇီယွီနဲ့ လမ်းခွဲလိုက်ပြီ။ အဲဒီကောင်က တာဝန်ယူစိတ် တစ်စက်လေးမှ မရှိဘူးလေ... ဒါနဲ့လေ... ဒီည နင့်ကားပေါ်မှာ အိပ်လို့ မရဘူးလားဟင်"