အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) မိတ်ကပ်တွေ ပျက်နေပြီ
ကူရှောင်ထုန်၏အမြင်တွင် ချန်ရှောက်ရယ်လို ငကြောက်လူဝကြီးပင် ထိုမျှကျယ်ဝန်းသော ကားပေါ်သို့ တက်ခွင့်ရသေးသည်။ ဤနေရာ၌ တစ်ဦးတည်းသော မိန်းကလေးဖြစ်ကာ ငယ်ရွယ်လှပသည့် သူမ၏တောင်းဆိုမှုကို ချူဟန် ငြင်းဆန်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့မိ၏။
အနောက်ဘက်ရှိ ကျဉ်းကြပ်လှသော ကားလေးထဲတွင် သူမ ဆက်မလိုက်ချင်တော့ပေ။ ထိုကားကြီးပေါ်တွင်သာ သက်သောင့်သက်သာ အိပ်စက်ချင်တော့သည်။
"ဆောရီးပဲ၊ ငါ့ကားပေါ်မှာ နေရာလွတ်မရှိတော့ဘူး"
ချူဟန်က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
"ဘာ..."
စကားပြောဆိုခွင့်ပင် မပေးသော ချူဟန်၏ အေးစက်စက် အမူအရာကြောင့် ကူရှောင်ထုန်မှာ အလွန်တရာ ရှုံ့မဲ့သွားသည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားက အပြစ်ဆိုဖွယ်ရာမရှိသလို ရုပ်ရည်ကလည်း မဆိုးလှပေ။ ဒီကောင် ရူးနေသလားဟု သူမ တွေးလိုက်မိ၏။
ချူဟန်က ဆက်မပြောတော့ဘဲ ကူရှောင်ထုန်၏ မျက်နှာကို ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်လိုက်သည်။
မျက်လုံးတစ်ဝိုက်ရှိ မိတ်ကပ်များမှာ အရည်ပျော်ကာ မျက်နှာပြင်အနှံ့ ပေပွနေသဖြင့် မီးသွေးပုံထဲ ခေါင်းထိုးမိပြီး မျက်နှာသစ်ရန် မေ့နေသူတစ်ဦးပမာ ဖြစ်နေ၏။ လိမ်းခြယ်ထားသော မိတ်ကပ်အထူကြီးမှာ လုံးဝ ပျက်ယွင်းနေကာ အကြောင်းစုံ မသိသူသာ မြင်ပါက ဇွန်ဘီဟုပင် ထင်မှတ်သွားနိုင်လောက်သည်။
ချူဟန်က ကူရှောင်ထုန်ကို လုံးဝ လျစ်လျူရှုလိုက်သည်။ ပုဆိန်ကိုသာ ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်တော့သည်။
ထိုစဉ် ကျန်းဇီယွီနှင့် ချန်ရှောက်ရယ်တို့ နှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပြေးလာကြသည်။
ကျန်းဇီယွီ၏ မျက်နှာထားက သိပ်မကောင်းလှပေ။ ချန်ရှောက်ရယ်မှာ အတော်လေး စိတ်ဓာတ်ကျနေပုံရကာ ခေါင်းပင်မမော့ရဲလောက်အောင် ဖြစ်နေ၏။
"ဖန်ဝေရော ဘယ်ရောက်သွားလဲ"
ချူဟန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ကျန်းဇီယွီက တံတွေးတစ်ချက် ထွေးချလိုက်သည်။
"ဒီလူဝကြီး ချီးပါတာ နံလွန်းလို့ကွာ။ ဖန်ဝေလည်း သည်းမခံနိုင်တော့လို့ ခပ်လှမ်းလှမ်းကို သွားလိုက်တယ်"
"ဟွန့်"
ကူရှောင်ထုန်က ချန်ရှောက်ရယ်ကို အထက်အောက် စုန်ဆန်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် ချူဟန်ကို အရူး ဟု သူမ စိတ်ထဲတွင် သတ်မှတ်လိုက်၏။ သူမလို မိန်းမလှလေးက ကိုယ်တိုင် အနားကပ်လာသည်ကို တွန်းထုတ်ပြီး အသုံးမကျသည့် လူ၀ကြီးကို ခေါ်သွားမည့် ထိုလူမှာ အသိဉာဏ် မလည်ပတ်တော့သည်သာ ဖြစ်ရမည်။
ချန်ရှောက်ရယ်မှာ ကြောက်လန့်တကြား ဘေးတွင်ရပ်နေကာ အသက်ပင် ပြင်းပြင်းမရှူရဲလောက်အောင် ကျုံ့ကျုံ့လေး ဖြစ်နေရှာသည်။
ချူဟန်က မျက်မှောင်ကြုတ်လိုက်ကာ ဖန်ဝေ ထွက်သွားသည်ဆိုသော ရှေ့ဘက်သို့ လှမ်းကြည့်လိုက်၏။
ပတ်ဝန်းကျင် တစ်ခွင်လုံး အမှောင်အတိကျနေသဖြင့် မည်သည့်အရာကိုမျှ မမြင်ရပေ။ ကြီးစိုးနေသော အမှောင်ထုကြားမှ အချိန်မရွေး တစ်စုံတစ်ရာ ခုန်ထွက်လာတော့မည့်အလား ကျောချမ်းဖွယ်ရာ အငွေ့အသက်များ လွင့်ပျံနေသည်။
"အရင်ဆုံး ကားပေါ်တက်ထားကြ"
အခြေအနေ မဟန်ပါက ချက်ချင်းထွက်ခွာနိုင်ရန် ချူဟန်သည် G55 ကားပေါ်သို့ အလျင်အမြန် တက်လိုက်သည်။ ကမ္ဘာပျက်ကပ်ကာလ၌ သေးငယ်သော ထူးခြားမှုလေးများကပင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ဘေးဆိုးကြီးများ၏ ရှေ့ပြေးနိမိတ် ဖြစ်တတ်သောကြောင့်ပင်။
ချန်ရှောက်ရယ်လည်း ကပျာကယာ နောက်မှလိုက်တက်သည်။ အနည်းငယ် နောက်ကျသွားပါက ချူဟန်က သူ့ကို ထားရစ်ခဲ့မည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
တကယ်တမ်းတွင် သူ၏ စိုးရိမ်မှုမှာ အမှန်ပင်ဖြစ်သည်။ အကယ်၍သာ ချန်ရှောက်ရယ်၌ ရှင်သန်လိုစိတ်နှင့် အနည်းဆုံးထားရှိရမည့် သတ္တိမျိုး မရှိခဲ့ပါက ထိုလူမှာ အနာဂတ်၏ စွမ်းအားရှင် တစ်ဦး ဖြစ်လာမည်ဆိုလျှင်တောင်မှ ချူဟန်က သနားညှာတာမှုကင်းမဲ့စွာ စွန့်ပစ်ခဲ့မည်သာ ဖြစ်သည်။
ကူရှောင်ထုန်က မကျေမနပ်ဖြင့် နှုတ်ခမ်းကိုကိုက်လိုက်သည်။ သို့သော် ချူဟန်က ကားတံခါးကို ခပ်ကြမ်းကြမ်း ဆွဲပိတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အနောက်ဘက်ရှိ ကားလေးဆီသို့ ခေါင်းငိုက်စိုက်ကျကာ ပြန်သွားရတော့သည်။
ကားပေါ်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ရှေ့ဘက်မှ ဖန်ဝေ၏ အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။
"အား... ကယ်ကြပါဦး..."
လည်ပင်းကို အညှစ်ခံလိုက်ရသကဲ့သို့ ဖန်ဝေ၏ အသံမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ချူဟန်မှာ အထိတ်တလန့် ဖြစ်သွားရသည်။ ချက်ချင်းပင် ကားစက်နှိုးလိုက်ပြီး ရှေ့မီးကြီးများကို ဖွင့်ချလိုက်၏။ အမှောင်ထုကို ထိုးခွဲသွားသော မီးရောင်စူးစူးအောက်တွင် ဖန်ဝေ၏ အရိပ်အယောင်ကို အသည်းအသန် ရှာဖွေလိုက်သည်။
"ဘာ... ဘာတွေဖြစ်နေတာလဲ။ တစ္ဆေ... မဟုတ်ဘူး... ဇွန်ဘီတွေလား"
နောက်ကားပေါ်မှ ကူရှောင်ထုန်မှာ အကြောက်လွန်ကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီး ကတုန်ကယင် ဖြစ်နေတော့သည်။
ကျန်းဇီယွီ၏ အခြေအနေကလည်း ထူးမခြားနားပင်။ သူက အလောတကြီး ကားတံခါးများကို လော့ခ်ချလိုက်ကာ တုန်ယင်နေသော လက်များဖြင့် ကားစက်နှိုးလိုက်သည်။ ယခု ဘာဆက်လုပ်ရမည်နည်း။ ထွက်ပြေးရမလား။ ဘာလုပ်ရမလဲ။
"မြန်မြန် လိုက်လေ။ ချူဟန်ကားက ထွက်သွားပြီဟ"
ရှေ့မှ G55ကားကြီး ဝေးကွာသွားသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်ထိတ်လန့်နေသော ကူရှောင်ထုန်က အော်ဟစ်လိုက်သည်။ လက်ရှိအချိန်တွင် သူမအတွက် ဇွန်ဘီများကို မကြောက်တတ်သော ချူဟန်၏ အနီးအနားကသာ တစ်ခုတည်းသော ဘေးကင်းရာ နေရာဖြစ်နေ၏။
"ပါးစပ်ပိတ်ထားစမ်းပါ။ အခု မောင်းထွက်တော့မလို့ လုပ်နေတယ်လေ"
ကျန်းဇီယွီမှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေရသည်။ ကံဆိုးစွာဖြင့် သူ၏ကားမှာ မန်နျူရယ်ဂီယာ အမျိုးအစားဖြစ်နေပြီး ခြေလက်များ အလွန်အမင်း တုန်ယင်နေသောကြောင့် ကားကို ချက်ချင်း မောင်းမထွက်နိုင်ဘဲ ဖြစ်နေ၏။
ဖန်ဝေမှာ သိပ်ဝေးဝေးသို့ ရောက်မသွားခဲ့ပေ။ ကားမောင်းထွက်လိုက်ပြီး မကြာမီမှာပင် ချူဟန်က သူ့ကို လှမ်းမြင်လိုက်ရသည်။ တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်နေသော ဖန်ဝေက သူတို့ရှိရာသို့ အသက်လု ပြေးလာနေသည်။
သူ၏ အနောက်ဘက်၌ အစွယ်ငေါ့ငေါ့ဖြင့် ဇွန်ဘီအုပ်ကြီး တစ်အုပ်က လိုက်လံပြေးဆွဲနေ၏။ ပါးစပ်မှလည်း အော်ဟစ်နေကြပြီး မျက်မှန်းတန်းကြည့်လိုက်ရုံဖြင့် အကောင်ငါးဆယ်ထက် မနည်းသော အုပ်စုကြီးက တဖြည်းဖြည်း နီးကပ်လာတော့သည်။
ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ချန်ရှောက်ရယ်မှာ အော်သံကို ကြားလိုက်ရချိန်မှစ၍ လုံးဝ အသံတိတ်သွားခဲ့သည်။ အလွန်အမင်း ကြောက်ရွံ့သွားသဖြင့် အသံပင် မထွက်နိုင်တော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းနေတော့၏။
'ဒီလောက်များတဲ့ ဇွန်ဘီတွေက ရုတ်တရက်ကြီး ဘယ်လိုလုပ် ပေါ်လာရတာလဲ'
ချူဟန်က မျက်မှောင်ကြုတ်လျက် ကားမီးရောင် ကျရောက်ရာ ရှေ့ဘက် ခပ်လှမ်းလှမ်းသို့ အကဲခတ်လိုက်သည်။
သိလိုက်ပါပြီ။ အမြန်လမ်းဘေးရှိ မြေရိုင်းပြင်တွင် ခရီးသည်တင်ကားကြီး တစ်စီး တိမ်းမှောက်နေသည်။ ကမ္ဘာပျက်ကပ် စတင်ချိန်တွင် အမြန်လမ်းမပေါ်၌ မောင်းနှင်နေရင်း ခရီးသည်အားလုံး ဇွန်ဘီများအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေမည်။
"အား... အား..."
ရှေ့ဘက် ဆယ်မီတာအကွာအထိ ရောက်လာသော ဖန်ဝေမှာ အကြောက်လွန်ပြီး ကတုန်ကယင် ဖြစ်နေသည်။ မည်သည့်စကားကိုမျှ သေချာရေရာစွာ မပြောနိုင်တော့ဘဲ တိရစ္ဆာန်တစ်ကောင်ပမာ ကျယ်လောင်စွာ အော်ဟစ်နေတော့၏။
ချူဟန်၏ မျက်မှောင်ကြုတ်ထားမှုက ပိုမို နက်ရှိုင်းသွားသည်။
'ဖန်ဝေ အကိုက်ခံလိုက်ရတာလား'
စွမ်းအားရှင်များ မပေါ်ပေါက်လာသေးသည့် ကနဦး သုံးလတာ ကာလအတွင်း လူသားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ယေဘုယျအားဖြင့် အားနည်းလှသဖြင့် ဇွန်ဘီဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိသူဟူ၍ ခပ်ရှားရှားပင်။ အကိုက်ခံရလျှင် မဆိုထားနှင့်၊ လက်သည်းဖြင့် အနည်းငယ် အကုတ်ခံလိုက်ရပါကပင် ကူးစက်ခံရနိုင်ပြီး ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်ချေ အလွန်မြင့်မားလှသည်။
မူလကတည်းက သန်မာကြံ့ခိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများကဲ့သို့ ခြွင်းချက်တချို့ ရှိသော်လည်း မျက်မှောက်ရှိ ဖန်ဝေမှာ ထိုအမျိုးအစားထဲတွင် ပါဝင်မည်ဟု လုံးဝ မထင်မိပေ။
အကယ်၍သာ အတိတ်က ချူဟန်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုး၌ ဝင်ပါမည် မဟုတ်ချေ။ လီဗာကို အဆုံးထိနင်းကာ တိုက်ခိုက်ဖောက်ထွက်သွားခဲ့မည်သာ ဖြစ်သည်။ သို့သော် သူက ဘေးရှိ ချန်ရှောက်ရယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် စိတ်ကူးပြောင်းလိုက်၏။
"ဖက်တီး... နောက်နည်းနည်း ဆုတ်လိုက်။ တံခါးဖွင့်ပြီး သူ့ကို ဆွဲတင်လိုက်"
ချူဟန်က ဘရိတ်နင်းကာ အရှိန်လျှော့ရင်း ချန်ရှောက်ရယ်ကို အမြန်ညွှန်ကြားလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့"
ချန်ရှောက်ရယ်၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အလျဉ်းမရှိတော့ပေ။ ကြောက်ရွံ့မှုကြောင့် တွေးခေါ်နိုင်စွမ်း ကင်းမဲ့နေကာ ချူဟန်၏ အမိန့်ကို အလိုအလျောက် လိုက်နာရန်သာ တတ်နိုင်တော့သည်။
ချူဟန်က ဘရိတ်ကို အဆုံးထိ ဖိနင်းချလိုက်သည်။
ကျွီ...
ကားတာယာနှင့် ကတ္တရာလမ်းပြင်တို့ အပြင်းအထန် ပွတ်တိုက်သွားသဖြင့် နားစည်ကွဲမတတ် အသံကြီး ထွက်ပေါ်လာ၏ ရုတ်တရက် ဘရိတ်အုပ်လိုက်သော အရှိန်ကြောင့် ကားပေါ်ရှိ ပစ္စည်းများ ရှေ့သို့ ပြိုကျလာကာ စည်သွပ်ဘူးများနှင့် ရေသန့်ဘူးဖာများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ကားကို ရပ်လုနီးပါး အရှိန်မလျှော့ပါက ထိုလူဝကြီး၏ လှုပ်ရှားနိုင်စွမ်းဖြင့် လူတစ်ယောက်ကို ဆွဲတင်ရန် မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
သို့တိုင်အောင် အခြေအနေက အသက်လုရမည့် အနေအထား ဖြစ်နေသေး၏။ ရှေ့မှ ဇွန်ဘီအုပ်ကြီး အနားရောက်လာချိန်မှသာ ချန်ရှောက်ရယ်က ပြာပြာသလဲဖြင့် ကားတံခါးကို ဖွင့်လိုက်သည်။ ဖန်ဝေကို အသည်းအသန် ဆွဲတင်ရန် ကြိုးစားသော်လည်း အကြောက်လွန်ပြီး ခြေလက်များ တောင့်တင်းနေသော ဖန်ဝေမှာလည်း ကိုယ်ကို အပေါ်သို့ ကောင်းစွာ မကြွနိုင်ပေ။ သူတို့နှစ်ဦးကြားတွင် မည်သည့် ဟန်ချက်ညီမှုမျှ မရှိချေ။
ထိုအချိန်မှာပင် ဧရာမ G55ကားကြီး ရုတ်တရက် ယိမ်းယိုင်သွားသည်။
ဝူး...
ကျယ်လောင်လှသော ကားအင်ဂျင်သံကြီးနှင့်အတူ ဆီဒင်ကားငယ် တစ်စီးက ဘေးမှနေ၍ ကျည်ဆန်တစ်တောင့်ပမာ အရှိန်ပြင်းပြင်းဖြင့် ဖြတ်မောင်းသွား၏။ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ အမြန်နှုန်း ရှိမည်ထင်သည်။ ဇွန်ဘီ အချို့ကို တိုက်ချသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
"အဲ့ကားက...."
ချန်ရှောက်ရယ်၏ လည်ချောင်းထဲမှ အက်ကွဲကွဲ အသံလေး ထွက်ပေါ်လာသည်။
ဖန်ဝေက မယုံနိုင်စရာ မြင်ကွင်းကြောင့် ဒေါသနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ ရောယှက်နေသော စကားလုံးမဲ့ အော်ဟစ်သံကြီးကို မြည်ဟည်းလိုက်သည်။ ထိုကားမှာ သူ၏ကား ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်သို့ ပျံတက်သွားမတတ် အရှိန်အဟုန်ဖြင့် မောင်းပြေးသွားသော ထိုကားပေါ်တွင် ပါသွားသူများမှာ ကျန်းဇီယွီနှင့် ကူရှောင်ထုန်တို့ ဖြစ်သည်။ သူတို့နှစ်ဦး သဘောတူညီမှု ရသွားပြီး ကျန်ရစ်သူများကို အသေခံခိုင်းကာ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း သိသာလွန်းလှသည်။
ချူဟန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဖြတ်မောင်းသွားစဉ်က ဘေးမှန်တစ်ချပ် ကျိုးပဲ့လွင့်စင်သွားသော်လည်း ထိုအရာမှာ ခိုင်ခံ့လှသော G55၏ မှန်မဟုတ်ဘဲ ကျန်းဇီယွီတို့ ကားမှ မှန်သာ ဖြစ်နေ၏။
ထိုအချိန်လေးအတွင်းမှာပင် ဇွန်ဘီနှစ်ကောင်က ဖန်ဝေ၏ ကျောဘက်သို့ ရောက်လာကြပြီ ဖြစ်သည်။ ပုပ်ဟောင်နေသော အစွယ်များက ဖန်ဝေ၏ လည်ပင်းနှင့် ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့၏။ ထို့အပြင် နောက်ထပ် ဇွန်ဘီအချို့က ချူဟန်ဘက်ရှိ ပြတင်းပေါက်ကို တွယ်ကပ်လာကာ အသားစများ ကွာကျနေသော လက်များဖြင့် မှန်ပြတင်းပေါက်ကို ဒုန်းဒုန်း မည်အောင် ထုရိုက်လာသည်။
"သေချာ ကိုင်ထားကြ"
ချူဟန်က စူးရှစွာ အော်ဟစ်လိုက်ပြီး ဂီယာကို နောက်ဆုတ်ဂီယာသို့ အမြန်ပြောင်းကာ ညာဘက်ခြေထောက်ဖြင့် လီဗာကို အဆုံးထိ ဖိနင်းချလိုက်တော့သည်။
ဝူး...
G55 ကားကြီးက ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီးနှင့်အတူ နောက်သို့ အရှိန်ပြင်းပြင်း ဆုတ်သွားသည်။ ရင်တုန်ပန်းတုန် ဖြစ်လောက်သော အရှိန်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့မှ ဇွန်ဘီအုပ်ကြီးနှင့် နှစ်ဆယ်မီတာခန့် ကွာဝေးသွား၏။ ကားထဲတွင် ပြန့်ကျဲနေသော ပစ္စည်းများလည်း ထပ်မံ၍ လူးလှိမ့်သွားပြန်သည်။
ကားအရှိန်တင်လိုက်ချိန်တွင် ကံကောင်းထောက်မစွာဖြင့် ချန်ရှောက်ရယ်က ဖန်ဝေ၏ လက်မောင်းကို မသိစိတ်မှ အတင်းဆွဲထားမိသဖြင့် ဖန်ဝေမှာ ကားအပြင်ဘက်သို့ လွင့်စင်မသွားခဲ့ပေ။ သို့သော် ကတ္တရာလမ်းပေါ်တွင် အတော်အတန် အကွာအဝေးတစ်ခုအထိ တရွတ်တိုက် ပါသွားခဲ့ရာ သူ၏ ဖိနပ်အောက်ခြေများမှာ ပွတ်တိုက်မှုကြောင့် လုံးဝ ပွန်းပဲ့ပျက်စီးသွားတော့သည်။
"မြန်မြန်... မြန်မြန် တက်လေ..."
တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသော ချန်ရှောက်ရယ်က အားအင်များ ပေါက်ကွဲထွက်လာကာ ဖန်ဝေကို ကားထဲသို့ အတင်းဆွဲသွင်းလိုက်ပြီး တံခါးကို ၀ုန်းခနဲနေအောင် ဆွဲပိတ်လိုက်တော့သည်။
မူလကတည်းက ကားအတွင်းခန်း ကျယ်ဝန်းမှုကြောင့် ကီလိုတစ်ရာနီးပါးရှိ လူဝကြီးနှင့် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးတို့ ထိုင်ခုံတစ်ခုတည်းတွင် အတင်းတိုးဝှေ့ထိုင်လိုက်ရသော်လည်း အဆင်ပြေသွားခဲ့သည်။
ချူဟန်က နောက်ကြည့်မှန်မှတစ်ဆင့် ဖန်ဝေ၏ ပခုံးကို စူးရှစွာ ကြည့်လိုက်၏။
ထိုနေရာမှ သွေးနီနီများ စိမ့်ထွက်နေပြီး စုတ်ပြဲနေသော အဝတ်အစားအောက်တွင် ရှင်းလင်းထင်ရှားသော သွားရာ တစ်ခုက အထင်းသား ပေါ်လွင်နေတော့သည်။