အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) ဇွန်ဘီ အကောင်တစ်ရာ
ချူဟန်သည် အကြည့်ကိုလွှဲလိုက်ပြီး မည်သည့်စကားမျှမဆိုဘဲ ခပ်တည်တည်ဖြင့် ဂီယာထိုးလိုက်သည်။
ကားရှေ့မီးရောင်က ရှေ့တစ်ခွင်ကို လင်းထိန်သွားစေရာ စုရုံးနေသော ရေတွက်မရနိုင်သည့် ဇွန်ဘီများ၏ မျက်နှာများမှာ အထင်းသား ပေါ်လွင်လာသည်။ သူငယ်အိမ်မပါသော မီးခိုးဖြူရောင် မျက်လုံးများ၊ သားရဲတစ်ကောင်ပမာ ချွန်ထက်ကာ သွေးများ ပေကျံနေသော အစွယ်များကို မြင်တွေ့ရ၏။ ထိုအကောင်များသည် ကားအတွင်းရှိ လူသုံးဦးကို ဆွဲထုတ်ပြီး အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလား ပုံပေါက်နေသည်။
ကားပေါ်ရှိ ချန်ရှောက်ရယ်နှင့် ဖန်ဝေမှာ အသက်ရှူရန်ပင် မေ့လျော့နေပြီး အနည်းငယ်မျှ မလှုပ်ရှားရဲပေ။ ကြောက်လန့်လွန်းသဖြင့် သတိလစ်မသွားသည်ကိုပင် ကံကောင်းသည်ဟု ဆိုရမည်။
ချူဟန်သည် ညာဘက်ခြေထောက်ဖြင့် လီဗာကို အဆုံးထိ ဖိနင်းချလိုက်တော့သည်။
ဝူး...
G55 ကားကြီးသည် ကျည်ဆန်တစ်တောင့်ပမာ ရှေ့သို့ ပစ်ထွက်သွားရာ ရှေ့ဆုံးမှ ပြေးလာသော ဇွန်ဘီအချို့ကို မျက်စိတစ်မှိတ်အတွင်း တိုက်ကြိတ်သွား၏။ ဇွန်ဘီတစ်ကောင်ဆိုလျှင် လေထဲသို့ လွင့်စင်သွားကာ ၀ုန်းခနဲ မြည်သံနှင့်အတူ ကားရှေ့မှန်ကို ဝင်တိုက်မိသည်။ ကြောက်မက်ဖွယ် သွေးနက်များက မှန်ပေါ်မှတစ်ဆင့် ဒရဟော စီးကျလာတော့သည်။
ကားအခွံစွပ်ထားသော တင့်ကား ဟု နာမည်ကြီးသည့် G55 ပီသပေသည်။ မျက်စိတစ်မှိတ်အတွင်း သွေးလမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ထိုဖြစ်စဉ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမွေ့လှ၏။ ဇွန်ဘီ ဆယ်ကောင်ကျော်ကို ကြိတ်ခြေသတ်ဖြတ်ရင်း ကားကြီးသည် ကျယ်ဝန်းသော လမ်းမကြီးပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။
ထိုအတိုင်း လီဗာကိုနင်းကာ မောင်းထွက်သွားမည် ပြုလိုက်သော ထိုစက္ကန့်လေးအတွင်းမှာပင်...
ချူဟန်သည် ရုတ်တရက် ခေါင်းထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ပဟေဠိဆန်သော စက်သံတစ်သံက သူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်လာ၏။
[၁၂ နာရီအတွင်း ဇွန်ဘီ အကောင်တစ်ရာ သတ်ဖြတ်ရမည့် တာဝန် ပြီးမြောက်သွားပါပြီ။ ကြာမြင့်ချိန် - ၁၁ နာရီ ၄၉ မိနစ် ၃၂ စက္ကန့်]
[ပြန်လည်စတင်ခြင်း စနစ်၊ အသက်ဝင်ပါပြီ]
[ပိုင်ရှင်၏ ဇီဝအချက်အလက်များကို စတင်စစ်ဆေးနေပါပြီ]
တစ်ကိုယ်လုံးရှိ အဝတ်အစားများ ချွတ်ချခံလိုက်ရကာ ကိုယ်တုံးလုံး ဖြစ်သွားသကဲ့သို့ ထူးဆန်းသော ခံစားချက်ကြောင့် ချူဟန်မှာ တစ်ခဏမျှ မှင်သက်သွားသည်။
‘ဒါက ဘာကြီးလဲ ဂြိုဟ်သားတွေရဲ့ အဆင့်မြင့် နည်းပညာများလား’
ချူဟန်သည် ချန်ရှောက်ရယ်နှင့် ဖန်ဝေကို မျက်လုံးထောင့်မှ အကဲခတ်လိုက်သည်။ သူတို့နှစ်ဦးမှာ သေဘေးမှ လွတ်မြောက်သွားသဖြင့် သက်ပြင်းချနေကြပြီး ထိုအသံကို ကြားရသည့် အရိပ်အယောင် မရှိပေ။
ချူဟန်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေသည်။ ဦးနှောက်ထဲသို့ တိုက်ရိုက် ပြောဆိုလာသော အသံမှန်း သိထားသော်လည်း အလွန်အမင်း တုန်လှုပ်သွားရ၏။ သူ၏ ဦးနှောက်က အခြေအနေကို လက်ခံနိုင်စွမ်း မရှိတော့ဟု ခံစားလိုက်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
မကြာမီမှာပင် ထိုစက်သံက ဦးနှောက်ထဲ၌ ထပ်မံ ထွက်ပေါ်လာပြန်သည်။
[တီ... စကန်ဖတ်ခြင်း ပြီးဆုံးပါပြီ]
တစ်ချိန်တည်းမှာပင် ချူဟန်၏ မျက်စိရှေ့၌ တစ်ပိုင်းဖောက်ထွင်းမြင်ရသော ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ဖန်ဝေနှင့် ချန်ရှောက်ရယ်တို့က ယခင်အတိုင်း တုံ့ပြန်မှု မရှိကြချေ။ အသံကဲ့သို့ပင် ချူဟန် တစ်ယောက်တည်းသာ မြင်တွေ့နိုင်ပုံရ၏။
ချူဟန်သည် ရင်ထဲ၌ တုန်လှုပ်မှု အံ့သြမှုများနှင့်အတူ ရှေ့မှ မျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။ ဘယ်ဘက်ခြမ်းတွင် စာကြောင်းအချို့ စီတန်းနေ၏
အမည် - ချူဟန်
အသက် - ၂၀
ခန္ဓာကိုယ် ကြံ့ခိုင်မှု - သာမန်
စွမ်းအင် - မရှိ
၎င်းမှာ အခြေခံ အချက်အလက်များ ဖြစ်ပုံရသည်။ ဘယ်ဘက်ခြမ်းတွင် ဖော်ပြထားသည့်အပြင် ညာဘက်ခြမ်း၌လည်း လွတ်နေသော နေရာအချို့ ရှိနေသေး၏
[ပထမအဆင့် ဇွန်ဘီ တစ်ကောင်ကို သတ်ဖြတ်တိုင်း ပွိုင့်တစ်ပွိုင့် ရရှိပါမည်]
ဦးနှောက်ထဲရှိ အသံက ထိုမျှသာပြောပြီး လုံးဝ တိတ်ဆိတ်သွားတော့သည်။
အလွန်အမင်း အံ့အားသင့်ကာ ဇဝေဇဝါ ဖြစ်မှုကြောင့် ချူဟန်၏ နဖူးထက်တွင် ချွေးစေးများ စို့လာသည်။ သူသည် အလင်းမျက်နှာပြင်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး (စွမ်းအင် - မရှိ) ဆိုသည့် နေရာသို့ အကြည့်ရောက်သွားချိန်တွင် အနည်းငယ် စိတ်ပျက်သွားရ၏။
သေဆုံးပြီး အတိတ်သို့ ပြန်ရောက်လာသော ယခုတစ်ကြိမ်တွင်လည်း သူ၌ စွမ်းအင် နိုးထမလာခဲ့ပေ။
စိတ်ကို ပြန်လည်စုစည်းကာ မျက်နှာပြင် အနှံ့သို့ အကြည့်ရွှေ့လိုက်ရာ ညာဘက်အောက်ထောင့်တွင် စာသားငယ်လေးများကို တွေ့လိုက်ရသည်။
ပွိုင့် - ၀
[ပွိုင့်များကို ပြန်လည်စတင်ခြင်း စနစ်အတွင်း၌ ပါရမီစွမ်းရည်များဖြင့် လဲလှယ်နိုင်ပါသည်]
လဲလှယ်မယ်။ ပါရမီစွမ်းရည်။
ချူဟန်က ချက်ချင်းပင် စိတ်ထဲမှ မေးလိုက်သည်။
‘ဘယ်လို ပါရမီစွမ်းရည်တွေနဲ့ လဲလှယ်လို့ရတာလဲ’
[ကိုယ်တိုင် စစ်ဆေးကြည့်ရှုပါ]
‘သောက်ကျိုးနည်း’
ချူဟန်၏ နားထင်ကြောများ ထောင်တက်လာသည်။ ယနေ့တစ်ရက်အတွင်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကြောင့် ခေါင်းထဲ၌ စဉ်းစား၍ပင် မရတော့ချေ။စိတ်ခံစားချက်များက ရဟတ်အလျင်ပမာ အတက်အကျ ကြမ်းတမ်းနေစဉ် မျက်နှာပြင်ကို ထပ်မံစစ်ဆေးကြည့်လိုက်ရာ ညာဘက်ခြမ်းရှိ ကော်လံမှာ အမျိုးအစား နှစ်ခု ကွဲနေကြောင်း သတိပြုမိသွားသည်။
‘အမ်း... ဒါလေး ဖွင့်ပြလို့ရမလား’
ချူဟန်က စိတ်ထဲမှနေ၍ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်ရာ မျက်နှာပြင်က တစ်ချက် လင်းလက်သွားပြီး အချက်အလက်များ ကျလာသည်။
ရုပ်ပိုင်းဆိုင်ရာ (ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း)
ပါရမီစွမ်းရည် (ဖွင့်လှစ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း)
ဒီအမျိုးအစား နှစ်ခုပဲလား။
သို့သော် ပါရမီစွမ်းရည် ကဏ္ဍကို ဖွင့်လိုက်သော နောက်တစ်စက္ကန့်မှာပင်...
ချူဟန်သည် ဘရိတ်ကို အပြင်းအထန် နင်းချလိုက်ပြီး ကားကိုယ်ထည်ကို ရုတ်တရက် လှည့်ပတ်လိုက်ကာ... လာရာလမ်းအတိုင်း လီဗာကို အဆုံးထိနင်းလျက် ပြောင်းပြန် မောင်းနှင်သွားတော့သည်။
ကျွီ...
ဖန်ဝေနှင့် ချန်ရှောက်ရယ်တို့မှာ ပြင်းထန်သော အရှိန်ကြောင့် ကားအတွင်း၌ ဘယ်ညာ ယိမ်းထိုးသွားကြ၏။အထူးသဖြင့် ချန်ရှောက်ရယ်ဆိုလျှင် သူ၏ အမှတ်အသားဖြစ်သော မျက်နှာကြီးဖြင့် ပြတင်းပေါက်မှန်ကို ပြားကပ်နေအောင် သွားစောင့်မိတော့သည်။
ချူဟန်သည် ယာဉ်မောင်းဘေးခုံမှ လူနှစ်ဦး၏ အဖြစ်ဆိုးကို တစ်ချက်မျှ လှည့်မကြည့်ဘဲ လီဗာကိုသာ အဆုံးထိနင်းကာ ဆက်လက် မောင်းနှင်နေခဲ့သည်။
အတိတ်ဘဝက ကမ္ဘာပျက်ကပ် ဆယ်နှစ်တာ ကာလကို ဖြတ်သန်းရှင်သန်ခဲ့သော သူသည် လူသားများ မည်မျှ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိနေကြောင်းကို မည်သူ့ထက်မဆို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားသိရှိထား၏။
ဇွန်ဘီများသည် အချိန်ကုန်လွန်လာသည်နှင့်အမျှ အဆုံးအစမရှိ ဆင့်ကဲပြောင်းလဲလာကြလိမ့်မည်။ မကြာမီတွင် ဒုတိယအဆင့်၊ တတိယအဆင့်နှင့် ထို့ထက်ပို၍ မြင့်မားသော အဆင့်များအထိ မျိုးဗီဇ ပြောင်းလဲသွားကြမည် ဖြစ်သည်။
သို့သော် လူသားများကလည်း ဆက်လက်၍ ဆင့်ကဲပြောင်းလဲလာကြမည်။ အခြေခံ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်တက်လာသည်နှင့် တစ်ပြိုင်နက် လူသားတို့၏ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သည့် ဉာဏ်ပညာ နှင့် စွမ်းရည် တို့ ပွင့်လန်းလာမည် ဖြစ်သည်။
လူသားတို့၏ မျိုးဗီဇမှာ ထူးဆန်းလှပေသည်။ မူလက ပိုင်ဆိုင်မထားသော နည်းပညာများကိုပင် လေ့လာသင်ယူကာ တတ်မြောက်နိုင်ကြ၏။ အနာဂတ် ကမ္ဘာပျက်ကပ်၌ လူတိုင်းက သေနတ်များကို ကိုင်တွယ်အသုံးပြုနိုင်ပြီး လက်ရှိ အသိပညာကို အဆမတန် ကျော်လွန်သော သွက်လက်မှုနှင့် ခွန်အားများကို ပိုင်ဆိုင်လာကြမည် ဖြစ်သည်။
ချူဟန်၌ စွမ်းအင် မရှိပေ။ ထို့ပြင် ဤပြန်လည်စတင်ခြင်း စနစ်ကလည်း သူ့ကို စွမ်းအင် ပေးအပ်မည် မဟုတ်ချေ။သို့သော် စနစ်အတွင်းရှိ အမျိုးမျိုးသော ပါရမီစွမ်းရည် များကို အသုံးချနိုင်ပါက ကြီးထွားတိုးတက်လာရန် လိုအပ်သော အချိန်ကာလ အမြောက်အမြားကို အလွန်တရာ တိုတောင်းသွားစေနိုင်သည်။
‘အတိတ်ဘဝတုန်းက ငါဟာ သာမန်လူတစ်ယောက် ဖြစ်နေပေမယ့် ဆယ်နှစ်တိုင်တိုင် ရှင်သန်နိုင်ခဲ့တယ်။ ဒီဘဝမှာတော့ ပြန်လည်စတင်ခြင်း စနစ်ရဲ့ အကူအညီ ပါနေပြီပဲ... ငါ သေချာပေါက် လုပ်နိုင်ရမယ်’
"အစ်... အစ်ကိုချူ... ဘာလုပ်နေတာလဲဗျ။ ဘာလို့ နောက်ပြန်လှည့်သွားရတာလဲ"
ချန်ရှောက်ရယ်က ငိုသံပါကြီးဖြင့် မေးလိုက်သည်။
"ဇွန်ဘီတွေ သွားသတ်မလို့"
ချူဟန်၏ အဖြေမှာ ယခင်အတိုင်း တိုတောင်းပြတ်သားနေ၏
ဇွန်ဘီ = ပွိုင့်
ပထမအဆင့် ဇွန်ဘီ တစ်ကောင်လျှင် တစ်ပွိုင့် ရရှိမည်။ လက်ရှိအချိန်တွင် ချူဟန်၏ ပွိုင့်မှာ သုည ဖြစ်နေသည်။ စောစောက စာရင်းကို ကြည့်လိုက်ရာ ပါရမီစွမ်းရည်များကို ဖွင့်လှစ်ရန်အတွက် ပွိုင့်အမြောက်အမြား လိုအပ်နေကြောင်း တွေ့လိုက်ရ၏။
ဆိုလိုသည်မှာ စောစောက တွေ့ခဲ့ရသော ဇွန်ဘီ အကောင်ဆယ်ချီရှိသည့် အုပ်စုကြီးမှာ လမ်းလျှောက်နေသော ပွိုင့်အစုအဝေးကြီးပင် ဖြစ်သည်။
‘တစ်ကောင်မှ အလွတ်မပေးဘူးကွ’
"မ... မလုပ်ပါနဲ့ဗျာ။ ဇွန်ဘီတွေက ကြောက်စရာကြီး။ စောစောကမှ လွတ်လာတာ မဟုတ်ဘူးလား"
ချန်ရှောက်ရယ်၏ မျက်နှာမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ရှုံ့မဲ့သွားတော့သည်။
မူလကတည်းက ခန္ဓာကိုယ် ကြီးမားသူဖြစ်သည့်အပြင် ဖန်ဝေနှင့် တစ်ခုံတည်း အတင်းတိုးဝှေ့ထိုင်နေရသဖြင့် လက်ရှိတွင် သူသည် လုံးဝ အသားတုံး ကူရှင်အထူကြီး အဖြစ် ပြောင်းလဲနေ၏။ ထို့အပြင် သနားစရာကောင်းလှသော မျက်နှာထားကြောင့် မည်သို့ပင် ကြည့်စေကာ ဟာသဆန်လွန်းနေသည်။
ချူဟန်သည် ချန်ရှောက်ရယ် အပေါ်သို့ မှီကျကာ သတိလစ်နေသော ဖန်ဝေကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။
‘မင်းက အခု ဇွန်ဘီ ဖြစ်လုနီးပါး လူ တစ်ယောက်ရဲ့ မှီထားမှုကို ခံနေရတာတောင် မကြောက်ဘူးလား’
ချူဟန်၏ ယာဉ်မောင်းကျွမ်းကျင်မှုမှာ အတိတ်ဘဝ၏ ဆယ်နှစ်တာ ကာလအတွင်း အမြင့်မားဆုံး အဆင့်ထိ ရောက်ရှိထားပီ ဖြစ်သည်။ ယာဉ်မောင်းလိုင်စင် မရှိသော်လည်း ကြီးမားလေးလံသော လမ်းကြမ်းသုံးကားကြီးကို ပြိုင်ကားတစ်စီးပမာ မောင်းနှင်လျက် မျက်စိတစ်မှိတ်အတွင်း စောစောက နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
လမ်းမပေါ်တွင် ဇွန်ဘီ အကောင်ဆယ်ချီမှာ ရည်ရွယ်ချက်မဲ့စွာ သွားလာနေကြ၏။တွေးခေါ်နိုင်စွမ်း ကင်းမဲ့သော ထိုအကောင်များသည် အသံရှိရာသို့ သွားတတ်သော အကျင့်ရှိသည်။ နီးကပ်လာသော ကားအင်ဂျင်သံကြီးကို ကြားလိုက်ရချိန်တွင် အန္တရာယ် ကျရောက်လာသည်ကိုပင် မသိဘဲ ရူးသွပ်စွာ အော်ဟစ်လျက် ကားရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြတော့သည်။
‘စုလာကြပြီလား။ အတော်ပဲ’
ချူဟန်၏ မျက်လုံးများထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ကိန်းအောင်းနေသည်။ လီဗာကို အဆုံးထိ ဖိနင်းလိုက်ပြီး ဇွန်ဘီများ အများဆုံး စုဝေးနေသော ဗဟိုချက်ဆီသို့ တည့်မတ်စွာ ထိုးခွဲဝင်ရောက်သွားတော့၏။
၀ုန်း... ဒုန်း...
ဇွန်ဘီ ဆယ်ကောင်ကျော်မှာ စက္ကူစများပမာ လွင့်စင်သွားကြပြီး မည်းနက်နေသော သွေးသားများက ကားကိုယ်ထည်ကို ပေကျံသွားစေသည်။
ချူဟန်သည် စတီယာရင်ကို ချိုးကွေ့လိုက်ပြီး အခြားနေရာမှ ဇွန်ဘီများကို မနားတမ်း ဆက်လက် တိုက်ကြိတ်ပစ်သည်။ တစ်ချိန်တည်းမှာပင် အခွင့်အရေးကို အမိအရယူကာ မျက်နှာပြင်၏ ညာဘက်အောက်ထောင့်ရှိ ဂဏန်းကို အကဲခတ်လိုက်၏။
ပွိုင့် - ၅
တိုက်မိသံအချို့ ထပ်မံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုဂဏန်းမှာ ချက်ချင်း မြင့်တက်သွားတော့သည်။
ပွိုင့် - ၇
ဇွန်ဘီများကို တိုက်ထုတ်နေသော ချူဟန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသော်လည်း ချန်ရှောက်ရယ်မှာ အကြောက်လွန်ကာ မျက်စိကို မှိတ်ထားပြီး အပြင်ဘက် မြင်ကွင်းကို လှမ်းကြည့်ရန်ပင် ဝန်လေးနေ၏။
သို့သော် ထိုအချိန်မှာပင်...
ဘုန်...
ကျောချမ်းဖွယ်ကောင်းသော အသံတစ်သံ ကားအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသည်။
အမည်မသိ ထိုအသံကြောင့် ချန်ရှောက်ရယ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရ၏။
"အစ်... အစ်ကိုချူ... ဘာ... ဘာအသံကြီးလဲဗျ"
ချန်ရှောက်ရယ်က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
သို့သော် ချူဟန်က လုံးဝ လျစ်လျူရှုထားပြီး ဇွန်ဘီများကိုသာ ကားဖြင့် ဆက်လက် ကြိတ်ခြေနေခဲ့သည်။ ဇွန်ဘီအများစုကို သတ်ဖြတ်ပြီးဖြစ်ရာ အကောင်အချို့သာ ကျန်ရစ်တော့၏။သနားညှာတာမှုကင်းမဲ့စွာ တိုက်ကြိတ်လိုက်တိုင်း ပြန်လည်စတင်ခြင်း စနစ်၏ ပွိုင့်များက ပုံမှန် မြင့်တက်လာနေတော့သည်။