အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) ငါတစ်ယောက်တည်း စားမယ်
ချူဟန်က အဖက်မလုပ်သဖြင့် ချန်ရှောက်ရယ်သည် တစ်သက်နှင့်တစ်ကိုယ် အကြီးမားဆုံးသော သတ္တိကို မွေးလျက် နောက်သို့ လှည့်ကြည့်လိုက်၏။ ထိုအချိန်မှာပင် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူ၏ မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့သည်။
ထိုအရာမှာ ပြတ်ထွက်နေသော လက်တစ်ဖက် ဖြစ်နေသည်။ ကျောချမ်းဖွယ်ကောင်းလောက်အောင် ဖြူရော်နေပြီး လက်ချောင်းနှစ်ချောင်းလည်း ပြတ်တောက်နေ၏။ မည်သည့် အကြောင်းကြောင့်မှန်း မသိရဘဲ ထိုလက်ပြတ်ကြီးမှာ ချန်ရှောက်ရယ်၏ နောက်စေ့နှင့် သုံးဆယ် စင်တီမီတာခန့်သာ ကွာဝေးသော နေရာ၌ ကျနေခြင်း ဖြစ်သည်။
ချန်ရှောက်ရယ်မှာ ငိုမဲ့မဲ့ မျက်နှာထားဖြင့် ရှေ့သို့ အမြန်ပြန်လှည့်လိုက်သည်။ ဘေးခုံတွင် ဇွန်ဘီများကို သနားညှာတာမှုကင်းမဲ့စွာ တိုက်ကြိတ်သတ်ဖြတ်နေသော ချူဟန်ကို မြင်နေရသဖြင့် ကြောက်တယ် ဟူသော စကားကို နှုတ်မှ ထုတ်ပြောရန် အလျဉ်းမရဲတော့ချေ။
ထို့ကြောင့် သူသည် စိတ်ထဲမှနေ၍ မိမိကိုယ်ကိုယ်သာ အထပ်ထပ် အားပေးနေရတော့သည်။
‘အဲဒီအကောင် သေသွားပြီ... သေသွားပြီ။ ဒါက သာမန် လက်တစ်ဖက်ပဲ... လက်တစ်ဖက်တည်းပါ...’
တိတိကျကျ သုံးမိနစ် အကြာတွင် ချူဟန်သည် ဇွန်ဘီများကို ရှင်းလင်းသတ်ဖြတ်ခြင်း အမှုကိစ္စကို ပြီးမြောက်သွားခဲ့ပြီး စုစုပေါင်း (၁၈) ပွိုင့် ရရှိလိုက်သည်။ သူသည် ကားကို ဦးတည်ရာပြောင်း၍ ပြန်လည်မောင်းနှင်လိုက်ပြီး ဤလမ်းကို ကျော်လွန်သွားပါက ညအိပ်အနားယူရန် နေရာတစ်ခု ရှာဖွေတော့မည် ဖြစ်သည်။
လမ်းခုလတ်၌ ချန်ရှောက်ရယ်က သတ္တိမွေးကာ စကားစပြောလာ၏။
"အစ်... အစ်ကိုချူဟန်"
"နောက်က မှန်ပြတင်းပေါက်က ဘာလို့ အမြဲတမ်း ပွင့်နေရတာလဲဗျ"
ပြန်လည်စတင်ခြင်း စနစ်ကို စစ်ဆေးနေသော ချူဟန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"ငါ ရိုက်ခွဲလိုက်တာ"
ချူဟန်သည် ပြဿနာတစ်ခုကို သတိပြုမိသွား၏။ ကားဖြင့် ဇွန်ဘီများကို တိုက်သတ်ပါက တစ်ကောင်လျှင် အမှတ် သုညဒသမငါး ပွိုင့်သာ ရရှိပုံပေါ်သည်။ အလွန် နှမြောစရာ ကောင်းလှပေသည်။
အခြား ခေါင်းကိုက်စရာ ကိစ္စတစ်ခုမှာ ပါရမီစွမ်းရည် (လက်ဆောင်) များကို ဖွင့်လှစ်ရန် လိုအပ်သော ကန့်သတ်ချက်များပင် ဖြစ်သည်။ အနည်းဆုံး ခန္ဓာကိုယ် ကြံ့ခိုင်မှု က (ပထမအဆင့်)သို့ ရောက်ရှိနေရန် လိုအပ်၏။ လက်ရှိ ချူဟန်၏ ကြံ့ခိုင်မှုမှာ (သာမန်) အဆင့်သာ ရှိသေးသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပထမအဆင့်သို့ မြှင့်တင်ရန်အတွက် လိုအပ်သော ပွိုင့်မှာ (၂၀၀) ပွိုင့် ဖြစ်နေသည်။ လောကကြီးက ထင်သလောက်တော့ မလွယ်ကူလှချေ။
သို့သော် ယုတ္တိတော့ ရှိပေသည်။ ပြန်လည်စတင်ခြင်း စနစ်အတွင်းရှိ ပါရမီစွမ်းရည် အများစုမှာ ခွန်အား၊ သွက်လက်မှု နှင့် ပစ်မှတ် တိကျမှု စသည်တို့ ဖြစ်ကြ၏။ ဤစွမ်းရည်များသည် သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ဟူသည့် အခြေခံအုတ်မြစ် ရှိနေမှသာလျှင် အမြင့်မားဆုံးသော စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
"အစ်... အစ်ကိုချူ ရိုက်ခွဲလိုက်တာလား"
ချန်ရှောက်ရယ်သည် ချူဟန်ကို ကြက်သေ သေလျက် ကြည့်လိုက်သည်။ သို့သော် ကာယကံရှင် ချူဟန်က ကားရှေ့မှန်ပေါ်ကိုပဲ စူးစူးစိုက်စိုက် ကြည့်နေခဲ့၏။
ချန်ရှောက်ရယ်က စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။
‘ဘာကိစ္စ အလကားနေရင်း မှန်ကို ရိုက်ခွဲရတာလဲ... ဒီအရူးကောင်ရဲ့… စောစောက ဇွန်ဘီရဲ့ လက်ပြတ်ကြီး လွင့်လာလို့ ငါသေပြီတောင် ထင်လိုက်တာ’
"အစ်... အစ်ကိုချူ"
ချန်ရှောက်ရယ်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် တိုးတိုးလေး မေးလိုက်သည်။
"အဲဒီ နောက်ဘက် ပြတင်းပေါက်ကနေ ဇွန်ဘီတွေ တွယ်တက်လာရင် ဘယ်လိုလုပ်မလဲဗျ"
ဒီအခြေနေက အသက်အန္တရာယ်နှင့် သက်ဆိုင်သော ပြဿနာဖြစ်သည်။ အကယ်၍ ဇွန်ဘီ ဝင်လာပြီး သူ့ကို ကိုက်လိုက်လျှင် မည်သို့လုပ်မည်နည်း။
ချူဟန်က အတွေးနက်နေဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
"(ပစ်မှတ် တိကျမှု) ... ဒါက အလွန် အရေးကြီးတယ်။ ဦးစားပေး ဖွင့်လှစ်ဖို့ လိုအပ်တယ်။ အခု ငါက သေနတ်ပစ် သင်တန်း တက်ထားတာ မဟုတ်ဘူး။ ခေါင်းထဲမှာ မှတ်ဉာဏ်တွေ ရှိနေရင်တောင် ခန္ဓာကိုယ်က လက်နက်ကိုင်တွယ်ရတဲ့ အာရုံခံစားမှုကို မှတ်မိနိုင်ပါ့မလား ဆိုတာ မသေချာဘူး။ကျည်ဆန်တွေကို အလဟဿ မဖြုန်းတီးနိုင်ဘူး။ တစ်ချက် ပစ်လိုက်ရင် ကျည်တစ်တောင့် လျော့သွားမှာပဲ"
ချန်ရှောက်ရယ်က တွေးလိုက်သည်။
‘ဘယ်အကြောင်းတွေ ပြောနေတာလဲဗျ။ တစ်လုံးမှကို နားမလည်တော့ဘူး’
ချူဟန်က အနည်းငယ် သုံးသပ်ကြည့်ပြီးနောက် စနစ်နှင့် ပတ်သက်သည့် ကိစ္စများကို ခေတ္တ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ဇွန်ဘီများကို သတ်ဖြတ်ကာ ပွိုင့်များ စုဆောင်းရန်မှာ ပထမဦးစားပေး ဖြစ်သည်။
‘ဒီမျက်နှာပြင်ကို သိမ်းထားလို့ ရမလား’
ချူဟန်က စိတ်ထဲမှ အာရုံပြုလိုက်သည်နှင့် ပုံရိပ်ယောင် မျက်နှာပြင်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော် သူ၏ ဦးနှောက်ထဲ၌ အသေအချာ မှတ်သားထားသကဲ့သို့ အချိန်မရွေး ပြန်လည်ခေါ်ယူ စစ်ဆေးနိုင်သည့် ခံစားချက်မျိုး ကျန်ရစ်နေ၏။
‘တကယ်ကို သောက်ရမ်း အသုံးဝင်တဲ့ စနစ်ပဲ’
ဆယ်မိနစ် အကြာတွင် ချူဟန်သည် အမြင်ရှင်းလင်းသော လမ်းဘေးတစ်နေရာ၌ ကားကို ရပ်လိုက်သည်။ ကားမရပ်မီ ရှေ့မီးကြီးများဖြင့် ပတ်ဝန်းကျင်ကို သေချာစွာ ထိုးကြည့်ကာ အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးမှသာ ဤနေရာကို အနားယူရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အမြင်ရှင်းလင်းပြီး ပွင့်လင်းသော နေရာများသည် ကြည့်လိုက်လျှင် စိတ်မချမ်းသာစရာ ကောင်းသော်လည်း အရေးပေါ် အခြေအနေ ကြုံလာပါက ထွက်ပြေးရန် လွယ်ကူသည်။ ကျဉ်းမြောင်းသော နေရာများ၌ မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရမည်ကို ကြိုတင် မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
သတိလစ်နေသော ဖန်ဝေကို ကားပေါ်မှ ချူဟန် ဆွဲချလိုက်ချိန်မှသာ ချန်ရှောက်ရယ် တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ စောစောက ထိုင်ခုံတစ်ခုတည်းတွင် အမျိုးသားနှစ်ယောက် အတင်းတိုးဝှေ့ထိုင်နေရသဖြင့် သူ ဂုဏ်ယူဝင့်ကြွားရသော အဆီများပင် ကွာကျတော့မည့်အလား ခံစားခဲ့ရသည်။
သတိလစ်နေပြီဖြစ်သော ဖန်ဝေကို မြင်သော်လည်း ချူဟန်၏ ရင်ထဲ၌ မည်သည့် ခံစားချက်မျှ ပေါ်ပေါက်မလာခဲ့ချေ။ သူသည် ကားနောက်ခန်းသို့ သွားကာ ပြန့်ကျဲနေသော ပစ္စည်းများကို စတင် ရှင်းလင်းစီစဉ်တော့သည်။
သက်တမ်းတိုသော အစားအစာများကို အရင်ဆုံး စားသုံးသင့်သည်။ ချူဟန်က ထိုအရာများကို နောက်ခန်းတွင် စုပုံထားလိုက်ပြီး ဘီစကစ်ကဲ့သို့ ကြာရှည်ခံသော မုန့်ခြောက်များကို ကားနောက်ဖုံးထဲသို့ ပစ်ထည့်လိုက်သည်။
ချူဟန်က ဇွန်ဘီ၏ လက်ပြတ်ကြီးကို ခပ်ပေါ့ပေါ့ပင် ကောက်ကိုင်လိုက်ပြီး အေးဆေးစွာ အနောက်ဘက်သို့ လှမ်းပစ်လိုက်သည်ကို မြင်သောအခါ ချန်ရှောက်ရယ်မှာ အသည်းအေးသွားပြီး မျက်နှာတစ်ခုလုံး ဖြူဆွတ်သွားတော့သည်။
သာမန်လူတစ်ယောက်က ဇွန်ဘီကို လက်ဗလာဖြင့် ကိုင်တွယ်ရဲမည် မဟုတ်ပေ။ ထို့ပြင် ပြတ်ထွက်နေသော လက်ကြီး ဖြစ်နေသည်မဟုတ်လော
‘ဒီကောင်က သေချာပေါက် လူမဟုတ်ဘူး... လူ့အရေခွံခြုံထားတဲ့ ဘီလူးပဲ’
ချူဟန် ပစ္စည်းများကို နေရာချနေစဉ်။
ကားကို မှီလျက် လဲကျနေသော ဖန်ဝေက ရုတ်တရက် သွေးနက်များကို အန်ချလိုက်သည်။ အန်ဖတ်များထဲတွင် အစာအိမ်ထဲမှ အစာများ ပုပ်ဟောင်နေသကဲ့သို့ အနံ့ဆိုးများ ရောနှောနေ၏။ သတိလွတ်နေသည့်တိုင် သူ၏ လည်ချောင်းထဲ၌ တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ညည်းတွားသံကြီး ထွက်ပေါ်လာသည်။
ချန်ရှောက်ရယ်သည် လန့်ဖျပ်ကာ ကိုယ်ကို ကျုံ့လိုက်ပြီး ဖန်ဝေနှင့် ခပ်ကင်းကင်း နေလိုက်ကာ ချူဟန်၏ အနားသို့ တိုးကပ်သွားသည်။
"အစ်... အစ်ကိုချူ။ အကယ်၍ လူတစ်ယောက်က ဇွန်ဘီ အကိုက်ခံရရင် ဘာဖြစ်သွားမလဲဗျ"
ချန်ရှောက်ရယ်၏ တုံ့ပြန်မှုကို ကြည့်ပြီး ချူဟန် သဘောပေါက်သွားသည်။ ကြောက်တတ်သော လူများသည် အများအားဖြင့် သတိကြီးပြီး အကဲဆတ်တတ်ကြသည် မဟုတ်လား
"ဇွန်ဘီ ဖြစ်သွားမှာပေါ့ဟ"
ချူဟန်က ပစ္စည်းများကို ဆက်လက် ရှင်းလင်းနေရင်း အားနေသော ဘယ်ဘက်လက်ဖြင့် မီးသတ်ပုဆိန်ကို ချန်ရှောက်ရယ်ထံ ကမ်းပေးလိုက်သည်။
ချန်ရှောက်ရယ် တစ်ကိုယ်လုံးမှ ချွေးစေးများ ထပ်မံ ထွက်ကျလာပြန်၏။အသံတုန်ယင်နေမှုကို အတင်းဖိနှိပ်ကာ ပြန်လည် မေးမြန်းလိုက်သည်။
"ဘယ်... ဘယ်လိုလုပ် သိတာလဲဗျ။ သေချာပေါက် ဖြစ်မယ်လို့တော့ မပြောနိုင်ဘူး မဟုတ်လား"
ချူဟန်က အံ့သြသွားဟန်ဖြင့် သူ့ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
"လူအများစုက ဇွန်ဘီ အကိုက်ခံရရင် ကူးစက်ခံရမှာပဲ"
ချူဟန်သည် အတိတ်ဘဝမှ ရရှိခဲ့သော ဗဟုသုတများထဲမှ အချို့ကို ရွေးချယ်ကာ ပြောပြလိုက်သည်။
"ဒါပေမဲ့ ခြွင်းချက်တော့ ရှိတယ်။ ခန္ဓာကိုယ် အလွန်ကြံ့ခိုင်ပြီး ဒဏ်ရာက သိပ်မနက်ဘူး ဆိုရင်တော့ ခုခံနိုင်စွမ်း ရှိတယ်။ ဖြစ်နိုင်ချေကတော့ သောင်းဂဏန်းမှာ တစ်ယောက်လောက်ပဲ ရှိတာပေါ့"
"ဒါ... ဒါဆိုရင် ဖန်ဝေကရော..."
ချန်ရှောက်ရယ်သည် ဝေခွဲမရ ဖြစ်နေသည်။
ချူဟန်သည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ရေခဲပမာ အေးစက်လှသော အကြည့်များဖြင့် ချန်ရှောက်ရယ်ကို စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် လူသားဆန်သော ခံစားချက် အရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။
"အကယ်၍ သူ ဇွန်ဘီ ဖြစ်သွားရင် မင်း သတ်ရမယ်"
ဒါဟာ ချူဟန်၏ အမှန်တကယ် စိတ်ရင်းဖြစ်သည်။ လူသားများ ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော ဖြစ်စဉ်ကို နောက်ပြန်လှည့်၍ မရနိုင်တော့ချေ။ ဖန်ဝေ လူပြန်ဖြစ်လာမည့် အကြောင်းလည်း လုံးဝ မရှိတော့ပေ။အကယ်၍ ချန်ရှောက်ရယ်သည် ဇွန်ဘီ တစ်ကောင်ကိုပင် သတ်ရဲသည့် သတ္တိမျိုး မရှိပါက ဤလူဝကြီးကို သူ ဆက်လက် ခေါ်ဆောင်သွားတော့မည် မဟုတ်။သူ၏ အနားတွင် အသုံးမကျသော အမှိုက်ကောင်ကို ထားရှိလိုစိတ် မရှိပေ။
ခလွမ်း...
ချန်ရှောက်ရယ်မှာ အကြောက်လွန်သွားသဖြင့် လက်ထဲတွင် ကိုင်ထားသော မီးသတ်ပုဆိန်ကို လွတ်ကျသွားတော့သည်။
"မ... မဖြစ်ဘူး မဖြစ်ဘူး။ ကျွန်တော် လုံးဝ မလုပ်နိုင်ဘူးဗျ"
ချန်ရှောက်ရယ်က ငိုမဲ့မဲ့ မျက်နှာဖြင့် အသည်းအသန် တောင်းပန်လိုက်သည်။
"အစ်ကို... အစ်ကိုချူဟန်။ အစ်ကိုက ဒီလောက်တောင် သန်မာနေတာပဲ၊ ကိုယ်တိုင် သတ်လိုက်လည်း ရနေတာပဲဟာကိုဗျာ"
ချူဟန်သည် တစ်ဖက်သို့ ပြန်လှည့်သွားကာ စားနပ်ရိက္ခာများကို သပ်ရပ်စွာ ပြန်စီနေရင်း အသံနေအသံထား အနည်းငယ်မျှ မပြောင်းလဲဘဲ ပြောလိုက်သည်။
"ခဏနေလို့ ဖန်ဝေ ဇွန်ဘီအဖြစ် ပြောင်းသွားပြီး နိုးလာတဲ့အခါ မင်း သူ့ကို သတ်ရမယ်။ အဲဒီလို လုပ်နိုင်ရင် ငါတို့ အတူတူ ဟော့ပေါ့စားကြမယ်။ အဲဒီလိုမှမဟုတ်ရင် မင်း သူကိုက်တာ ခံရပြီး ဇွန်ဘီ ဖြစ်သွားမယ်။ ပြီးရင် ငါက မင်းခေါင်းကို ဖြတ်ပစ်ရမယ်။ ဒီလိုဖြစ်သွားရင်တော့ ဟော့ပေါ့ကို ငါတစ်ယောက်တည်း စားမယ်"
ထိုသို့ ပြောဆိုနေရင်း ချူဟန်က နောက်ခန်း ကြမ်းပြင်ပေါ်ရှိ စက္ကူဖာထဲမှ ခရီးဆောင် ဂက်စ်မီးဖို တစ်လုံးနှင့် ဂက်စ်ဘူး နှစ်ဘူးကို ထုတ်ယူလိုက်သည်။ မီးမွှေးလိုက်ပြီး အိုးထဲသို့ ရေသန့်များ လောင်းထည့်လိုက်သည်။ ဘေးတွင် စည်သွပ်ဘူးများ၊ ဟော့ပေါ့အနှစ်များအပြင် အမျိုးမျိုးသော အသားလုံးများနှင့် ဟင်းသီးဟင်းရွက် အထုပ်များကို ချထားသည်။
ဤမျှ ဇိမ်ကျလှသော အစားအသောက်များကို မြင်လိုက်ရသဖြင့် ချူဟန်၏ မျက်ဝန်းများတွင်လည်း အပြုံးရိပ်လေးများ သန်းသွားသည်။ အနာဂတ် ကမ္ဘာပျက်ကပ် ကာလတွင် ဤအရာများ အားလုံးမှာ အလွန်တရာ ဈေးကြီးသော ဇိမ်ခံပစ္စည်းများ ဖြစ်လာမည်။ သူကဲ့သို့ အောက်ခြေလူတန်းစားများအတွက် အရသာခံရန်ပင် အရည်အချင်း မမီသော အရာများ ဖြစ်ပေသည်။
"ကျွန်... ကျွန်တော်... မလုပ်နိုင်ဘူးဗျ..."
ချန်ရှောက်ရယ်က မျှော်လင့်ချက် ကင်းမဲ့စွာ ရေရွတ်လိုက်သည်။ ဇွန်ဘီကို သတ်ရမည့် သတ္တိ လုံးဝမရှိပေ။ထို့ပြင် လွန်ခဲ့သော အချိန်လေးအထိ လူတစ်ယောက် ဖြစ်ခဲ့ပြီး မိမိနှင့်အတူ ဇွန်ဘီအုပ်ကြီးထဲမှ လွတ်မြောက်လာခဲ့သော အဖော်တစ်ဦး ဖြစ်နေသည် မဟုတ်လော။မည်သို့ပင်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ချေ။
ချူဟန်က သူ့ကို ဂရုမစိုက်တော့ဘဲ ရေဆူလာသည်နှင့် ဟော့ပေါ့အနှစ်များကို အိုးထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် ခံတွင်းမြိန်စေမည့် မွှေးပျံ့သော အနံ့များက ပတ်ဝန်းကျင် တစ်ခွင်သို့ လွင့်ပျံ့သွားတော့သည်။
ချန်ရှောက်ရယ်မှာ သွားရည်ကျမတတ် နှုတ်ခမ်းများ လျှာသပ်မိသွားပြီး တံတွေးများကို ဂလုခနဲ အကြိမ်ကြိမ် မျိုချလိုက်ရ၏။
"ဟော့... ဟော့ပေါ့..."