အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) အသုံးမကျတဲ့သူတွေကို ကျွေးမွေးဖို့ အစီအစဉ်မရှိဘူး
ဇွန်ဘီအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီဖြစ်သော ဖန်ဝေကို လူသားဟု ခေါ်ဆို၍ မရနိုင်တော့ချေ။ သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော ညည်းတွားသံများနှင့် မြေပြင်ပေါ်မှ ကုန်းထလာသော ထူးဆန်းသည့် လှုပ်ရှားမှုများမှာ ဇွန်ဘီအစစ်များနှင့် တစ်ပုံစံတည်း ပင်ဖြစ်တော့သည်။
ချန်ရှောက်ရယ်သည် ဟော့ပေါ့အနံ့ကို ရှူရှိုက်မိလိုက်ပြီး ချက်ချင်းပင် အူပြတ်မတတ် ဆာလောင်မှုကို ခံစားလိုက်ရ၏။ မြေပြင်ပေါ်၌ ကျနေသော မီသတ်ပုဆိန်ကို မသိစိတ်မှ ကောက်ယူကာ လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ အကြည့်များက ယခုလေးတင် နိုးထလာတော့မည့် ဖန်ဝေထံသို့ စူးစိုက်ကျရောက်နေ၏။
ချူဟန်က ဖန်ဝေကို ခပ်ပေါ့ပေါ့ပင် တစ်ချက်ကြည့်လိုက်သည်။ မတ်တတ်ရပ်လိုက်သော သူ၏ မျက်လုံးအိမ်များထဲတွင် မကြည်လင်သော မီးခိုးဖြူရောင် သူငယ်အိမ်များက နေရာယူထားလေပြီ။
တကယ်ပဲ ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ဘူးပဲ။
ပုဆိန်ကိုင်ထားပုံကလည်း အချိုးမကျ၊ တစ်ကိုယ်လုံး တုန်ခါစက် တပ်ထားသည့်အလား တဆတ်ဆတ် တုန်ယင်နေသော ချန်ရှောက်ရယ်ကို ချူဟန် ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ခေါင်းကို ချိန်ရိုက်။ ဦးနှောက်ကို ခွဲမပစ်နိုင်ရင် သူသေမှာမဟုတ်ဘူး"
တောက်... တောက်...
ချန်ရှောက်ရယ်၏ မျက်နှာပေါ်မှ ချွေးပေါက်ကြီးများ စီးကျလာသည်။ အချိန်တိုလေးအတွင်းမှာပင် ချွေးအေးများက ရေတံခွန်ပမာ စီးကျနေလေပြီ။
ရုတ်တရက် ဖန်ဝေသည် သားရဲတစ်ကောင်ပမာ ဟိန်းဟောက်လိုက်ပြီး ရှေ့ရှိ ချန်ရှောက်ရယ်ထံသို့ ခုန်အုပ်လာတော့သည်။ ထိုပါးစပ်ကြီးမှာ လူသားတို့၏ အရိုးအဆစ် တည်ဆောက်ပုံကို လျစ်လျူရှုထားသကဲ့သို့ ပုံမှန်မဟုတ်သော အနေအထားဖြင့် ပြဲအာနေကာ မည်းနက်သော သွေးများ စိမ့်ထွက်နေသည့် သွားဖုံးများ အထင်းသား ပေါ်လွင်နေ၏။ အသားအရေမှာလည်း လူ့အသားအရေနှင့် မတူတော့ဘဲ မီးခိုးဖြူရောင် မျက်နှာကြီးက ကျောက်ဆင်းတုပမာ အက်ကွဲနေသည်။
"ဟီး... အဟားဟားဟား..."
ချန်ရှောက်ရယ်က ငိုနေသလား၊ ရယ်နေသလား မကွဲပြားသော ထူးဆန်းသည့် အသံကြီး ထုတ်အော်လိုက်ပြီး မျက်စိကို မှိတ်ထားလိုက်သည်။ ထို့နောက် စိတ်လွတ်ကိုယ်လွတ်ဖြင့် ပုဆိန်ကို မြှောက်ကာ အရှေ့သို့ အားကုန် ရမ်းခုတ်ချလိုက်တော့သည်။
ရွှင်း...
ထိုအချက်က လေထဲသို့သာ တိတိကျကျ ပိုင်းဖြတ်သွား၏။ အားကုန်လွှဲခုတ်လိုက်မှုကြောင့် ဟန်ချက်ပျက်သွားကာ ချန်ရှောက်ရယ်၏ ခန္ဓာကိုယ်ကြီးက ရှေ့သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားသည်။ သို့သော် ထိုသို့ ယိုင်သွားခြင်းကပင် ဇွန်ဘီ၏ နှေးကွေးသော တိုက်ခိုက်မှုကို တိုက်ဆိုင်စွာ ရှောင်တိမ်းပြီးသား ဖြစ်သွားစေ၏။
တကယ့် ငပိန်းကောင်ပဲ။
ဘေးမှ ကြည့်နေသော ချူဟန်မှာ စိတ်ထဲမှနေ၍ အပြင်းအထန် ကျိန်ဆဲလိုက်မိသည်။
‘ငါ တကယ်ပဲ လူရွေးမှားခဲ့တာလား။ ဒီလောက် အနီးကပ် မျက်နှာချင်းဆိုင် အနေအထားကိုတောင် လွဲအောင် ခုတ်နိုင်တဲ့ကောင်က အနာဂတ်ရဲ့ နတ်ဘုရားအဆင့် လက်ဖြောင့်သေနတ်သမား ဖြစ်လာမယ်တဲ့လား။ နောက်နေတာလား’
ချူဟန်သည် စိတ်ပျက်လွန်းသဖြင့် ဆက်မကြည့်တော့ဘဲ ဟော့ပေါ့အိုးထဲသို့ အသားများ ပစ်ထည့်လိုက်သည်။ ၎င်းမှာ ချန်ရှောက်ရယ်ကို ပေးသော နောက်ဆုံးအခွင့်အရေးပင်။ သူက အနည်းငယ်မျှ ဝင်ရောက်ကူညီပေးရန် အစီအစဉ် မရှိပေ။
ပွက်ပွက်ဆူနေသော ဟော့ပေါ့အိုးထဲတွင် သိုးသားများက စားချင်စဖွယ် ရနံ့များ ထွက်နေသည်။ စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် မွှေးပျံ့သော ရနံ့များက ချန်ရှောက်ရယ်၏ နှာခေါင်းဝသို့ တိုးဝှေ့လာ၏။
သူက တံတွေးမြိုချရင်း ချူဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သိုးသားများ ကျက်သွားပြီဖြစ်ရာ ချူဟန်က တူဖြင့် ယူကာ စားသောက်နေလေပြီ။
"အား...."
ရုတ်တရက် ချန်ရှောက်ရယ်သည် သတ္တိမွေးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးရဲနေသော မျက်လုံးများဖြင့် ဇွန်ဘီထံသို့ ပြေးဝင်သွားတော့သည်။
အသား စားချင်တယ်။ ဟော့ပေါ့ စားချင်တယ်။ ဇွန်ဘီက ဘာအရေးကြီးလို့လဲ။ အခုအချိန်မှာ ဟော့ပေါ့က အဆတစ်ရာ ပိုအရေးကြီးတယ်
ဒုတ်...
ပုဆိန်က ဇွန်ဘီ၏ နားထင်ပေါက်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။ ချိန်တွယ်မှု အားနည်းသဖြင့် အလယ်တည့်တည့်မှ လွဲချော်သွားသော်လည်း ဦးနှောက်ကို ဖျက်ဆီးပစ်ရန်အတွက် လုံလောက်သော သေစေနိုင်သည့် ဒဏ်ရာပင် ဖြစ်သည်။
သို့သော် ချန်ရှောက်ရယ်က ထိုမျှလောက် အတိုင်းအတာကို နားမလည်ပေ။ ပုဆိန်ကို ဆွဲနှုတ်ကာ အကြိမ်ကြိမ် အခါခါ ခုတ်ချနေပြီး ဖန်ဝေ၏ ခေါင်းကို မူလပုံပန်းသဏ္ဍာန် မပေါ်တော့သည်အထိ အသားစဉ်းကောပမာ ထုခြေပစ်လိုက်တော့သည်။
"အား... အား..."
ပုဆိန်ကို ခုတ်ချနေရင်း ချန်ရှောက်ရယ်သည် သားရဲတစ်ကောင်ပမာ ဆက်တိုက် အော်ဟစ်နေခဲ့၏။ သူ၏ စိတ်ပိုင်းဆိုင်ရာမှာ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီ ဖြစ်ကာ ယခင်က ယုံကြည်လက်ခံထားသော အမြင်များ လုံးဝ ပြိုကျပျက်စီးသွားပြီး ဘာလုပ်ရမှန်းမသိသော ထိတ်လန့်မှုထဲသို့ ကျဆင်းသွားခြင်း ဖြစ်သည်။
ငါးမိနစ် အကြာတွင်။
"အစ်... အစ်ကိုချူ"
ချန်ရှောက်ရယ်က မောကြီးပန်းကြီးနဲ့ အသက်ရှူရင်း မေးလိုက်သည်။
"ကျွန်တော်ရော... ဟော့ပေါ့ စားလို့ရပြီလားဗျ"
"စားလေ"
ချူဟန်က သူ့ဘက်သို့ လှည့်မကြည့်ဘဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်၏။
ယခုမှ နိုးထလာသော ဇွန်ဘီများသည် သာမန် ပထမအဆင့် ဇွန်ဘီများထက် ပို၍ အားနည်းသည်။ ထို့ကြောင့် ချန်ရှောက်ရယ်လို အတွေ့အကြုံမရှိသူပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။ ချီးကျူးလောက်စရာ အောင်မြင်မှုတော့ မဟုတ်ပေ။
ငိုယိုကာ အသားများကို အငမ်းမရ စားသောက်နေသော ချန်ရှောက်ရယ်ကို ကြည့်ရင်း မိမိ၏ ရှေ့ရေးမှာ အခက်အခဲများစွာ ရှိနေကြောင်း ချူဟန် နားလည်လိုက်သည်။
‘ဒီလူဝကြီးက တကယ်ကို အစွမ်းအစမရှိ အသုံးမကျလွန်းတာလား။ ဇွန်ဘီ တစ်ကောင်လောက် သတ်ရတာနဲ့ ငိုတဲ့သူ ရှိသေးလား’
နောက်တစ်နေ့ နံနက်။ နေမထွက်လာသေးခင်မှာပင် ချူဟန်၏ လက်ဝါးရိုက်ချက်က ချန်ရှောက်ရယ်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
"ထစမ်း ဖက်တီး"
ပြင်းထန်သော ပါးရိုက်ချက်ကြောင့် ချန်ရှောက်ရယ်မှာ လန့်ဖျပ်နိုးလာပြီး မျက်နှာပေါ်ရှိ အဆီများပင် တုန်ခါသွား၏။
"ဘာ... ဘာဖြစ်လို့လဲဗျ။ ဇွန်ဘီတွေ လာလို့လား"
"ယောင်ပြီး လျှောက်ပြောမနေနဲ့"
ချူဟန်က ချန်ရှောက်ရယ်၏ အင်္ကျီကော်လာကို ဆွဲကာ ကားပေါ်မှ ဆွဲချလိုက်သည်။
"ထ၊ လေ့ကျင့်ခန်း လုပ်ရမယ်"
ဤလူဝကြီးကို အဖော်အဖြစ် ခေါ်ဆောင်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ ချူဟန်သည် သူ့ကို အနည်းငယ်မျှဖြစ်စေ လေ့ကျင့်ပေးထားချင်သည်။ အကယ်၍ တကယ်တမ်း အရည်အချင်းမရှိပါက ထိုမျှဖြင့် ပြီးဆုံးသွားမည်ဖြစ်သော်လည်း၊ တကယ်လို့များ သေနတ်ပစ်စွမ်းရည်က အစစ်အမှန် ဖြစ်နေခဲ့လျှင်ကော။ အရေးကြုံလာချိန်မှ ပါရမီတော့ ပါပါတယ်၊ ဒါပေမဲ့ သေနတ်ပစ်တဲ့ ကြံ့ခိုင်မှုဒဏ်ကို မခံနိုင်ဘူး ဆိုသည့် ရယ်စရာ အခြေအနေမျိုးကိုတော့ အဖြစ်မခံနိုင်ပေ။
ချူဟန် ကိုယ်တိုင်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်ထား၏။
ပြန်လည်စတင်ခြင်း စနစ်ကို စစ်ဆေးကြည့်ရာ ပွိုင့်များ အသုံးမပြုဘဲ မိမိဘာသာ လေ့ကျင့်ကာ ခန္ဓာကိုယ်ကို ပထမအဆင့်သို့ မြှင့်တင်နိုင်ကြောင်း သိလိုက်ရသည်။ ဇွန်ဘီ အကောင်နှစ်ရာ အမဲလိုက်ရန်မှာ မည်သည့်အချိန်မှ ပြီးဆုံးမည်ကို မသိနိုင်သည့်အပြင် ကားဖြင့် တိုက်ကြိတ်ခြင်းကလည်း အကြံကောင်း မဟုတ်ချေ။ ကန့်သတ်ချက်များ များပြားလှပြီး ရရှိမည့် ပွိုင့်များ ထက်ဝက် လျော့ကျသွားခြင်းက အလွန် အကျိုးအမြတ် နည်းပါးလွန်းလှသည်။
ချန်ရှောက်ရယ်မှာ အခြေအနေကို လုံးဝ နားမလည်သေးဘဲ မှောင်ရီပျိုးနေသေးသော အရှေ့ဘက် ကောင်းကင်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။
"အခု... ဘယ်နှစ်နာရီ ရှိပြီလဲဗျ"
ချူဟန်သည် ဘေးနားတွင် အရှိန်အဟုန်ဖြင့် ဒိုက်ထိုးနေပြီဖြစ်ကာ မမောမပန်း မဖြစ်ဘဲ ပြန်ဖြေလိုက်သည်။
"မနက် ငါးနာရီ"
"မနက် ငါးနာရီ"
ချန်ရှောက်ရယ်က အော်လိုက်သည်။
"ဘာလို့ ဒီလောက် စောကြီး ထရတာလဲဗျ။ ကျွန်တော် အိပ်ရတာ လေးနာရီပဲ ရှိသေးတယ်"
"တစ်ရက်ကို အိပ်ချိန် သုံးနာရီဆို လုံလောက်ပြီ"
ထိုသို့ပြောပြီးသည်နှင့် ချူဟန်သည် ချွေးရွှဲနေသော ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ကိုယ်နေဟန်ထား ပြောင်းကာ ခြေထောက် လေ့ကျင့်ခန်းများကို စတင်လိုက်သည်။
လက်ရှိ ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းလွန်းနေ၏။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် ပင်ပန်းနွမ်းနယ်လာသည်။
အနာဂတ် ဆယ်နှစ်တာ ကာလအတွင်း လူသားများသည် ကိုယ်ပိုင် လေ့ကျင့်ရေး နည်းစနစ်များကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ အသက်သုံးနှစ်၊ ငါးနှစ် အရွယ် ကလေးငယ်များပင် ချွင်းချက်မရှိ ခန္ဓာကိုယ် သန်စွမ်းအောင် လေ့ကျင့်ရန် မဖြစ်မနေ လိုအပ်ခဲ့၏။ ကမ္ဘာပျက်ကပ် ကာလ၌ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်သည် အသက်ရှင်ကျန်ရစ်သူများ ဖြတ်ကျော်ရမည့် အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ ဇွန်ဘီများကို တိုက်ခိုက်ရန်သာမက အရေးပေါ် အခြေအနေတွင် ထွက်ပြေးလွတ်မြောက် ရန်အတွက် အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်သောကြောင့်ပင်။
အန္တရာယ်က မည်သည့်အချိန်၊ မည်သည့်နေရာမှ ရောက်လာမည်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ပေ။
ကျောချမ်းဖွယ်ရာ နီရဲသော နေမင်းကြီးက မိုးကုတ်စက်ဝိုင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ချူဟန်က တစ်နာရီတိတိ ချန်ရှောက်ရယ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးပြီးနောက် သူတို့နှစ်ဦး ကားပေါ်ပြန်တက်ကာ ခရီးဆက်ခဲ့ကြသည်။ ခန္ဓာကိုယ် လေ့ကျင့်ခန်းများကို အလွန်အကျွံ လုပ်၍မရပေ။ ကန့်သတ်ချက်ကို ကျော်လွန်သွားပါက အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးရန် ခွန်အား ကျန်ရှိတော့မည် မဟုတ်ချေ။
သို့တိုင်အောင် တစ်နာရီကြာ လေ့ကျင့်လိုက်ရုံဖြင့် ချန်ရှောက်ရယ်မှာ သေလုမျောပါး ခွေးတစ်ကောင်ပမာ ထိုင်ခုံပေါ်တွင် ခွေကျနေပြီး ဆုံးရှုံးသွားသော ခွန်အားများကို ပြန်လည် ဖြည့်တင်းသည့်အလား ထမင်းဆုပ်များကို ဆက်တိုက် စားသောက်နေတော့သည်။
ချူဟန်က သူ ရူးသွပ်စွာ စားသောက်နေခြင်းကို မတားဆီးခဲ့ပေ။ ထိုအစားအစာများမှာ သက်တမ်းတိုသဖြင့် မစားပါကလည်း အလဟဿ ဖြစ်သွားမည်။ ကာလရှည် သိမ်းဆည်းထားနိုင်သော ရိက္ခာများကို ကားနောက်ဖုံးထဲတွင် လုံခြုံစွာ သိမ်းဆည်းထားပြီး ချန်ရှောက်ရယ်ကို လက်တစ်ဖက်မျှ ထိခွင့် မပေးထားချေ။
G55 ကားကြီးသည် အမြန်လမ်းပေါ်တွင် သိပ်အမြန်ကြီး မောင်းနှင်၍ မရခဲ့ပေ။
အကွာအဝေး တစ်ခုရောက်တိုင်း လမ်းဘေးတွင် ထိုးရပ်ထားသော ကားများက လမ်းပိတ်နေပြီး ထိုအနီးတစ်ဝိုက်၌ ဇွန်ဘီ သုံးလေးကောင်က အသိစိတ်မဲ့စွာ လှည့်လည်နေကြသည်။ ထိုအကောင်များသည် ပါးစပ်များကို အဆမတန် ဖြဲဟထားပြီး ထူးဆန်းကာ နှေးကွေးသော ခြေလှမ်းများဖြင့် လမ်းမပေါ်တွင် သွားလာနေကြသည်။
ထိုကဲ့သို့သော ဇွန်ဘီများနှင့် ကြုံတွေ့ရတိုင်း ချူဟန်သည် ကားဖြင့် တိုက်၍ရသည်များကို တိုက်သတ်ကာ၊ အတားအဆီးများကြောင့် ကားမောင်း၍မရသော နေရာများရှိ အကောင်များကိုသာ ဆင်း၍ ပုဆိန်ဖြင့် ရှင်းလင်းခဲ့သည်။
ပွိုင့်များကို အရေးမစိုက်၍တော့ မဟုတ်ပေ။ သို့သော် လက်ရှိအချိန်တွင် မိဘများကို ရှာဖွေရေးက ပို၍ အရေးတကြီး လိုအပ်နေသည်။ ချူဟန်၏ မှတ်ဉာဏ်များအရဆိုလျှင် သူသည် မိဘများ၏ မျက်နှာကို မမြင်ရသည်မှာ ဆယ်နှစ်တိတိ ရှိနေပြီ ဖြစ်သည်။
အန်းလော်မြို့သို့ ရောက်ရန် အလှမ်းဝေးနေသေး၏။
လက်ရှိအချိန်အထိ အမြန်လမ်းမပေါ်တွင် ဇွန်ဘီအရေအတွက် နည်းပါးနေသေးရာ ဤအခြေအနေကို အသုံးချ၍ ခရီးများများ ရောက်ထားရန် လိုအပ်သည်။ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ဤလမ်းက ယခုကဲ့သို့ ချောမွေ့စွာ ဖြတ်သန်းနိုင်မည်ဟု အာမမခံနိုင်တော့ပေ။ ကီလိုမီတာ တစ်ရာခရီးကို သွားရန်အတွက် တစ်ရက်လုံး အချိန်ယူရသည်အထိ ဖြစ်သွားနိုင်သည်။
ထိုထက်ဆိုးသည်မှာ အမြန်လမ်းမကြီး ကိုယ်တိုင်က ဘေးကင်းမည် မဟုတ်တော့ချေ။
ဇွန်ဘီများသည် သက်ရှိလူသားများကို အနံ့ခံနိုင်သော မွေးရာပါ စွမ်းရည် ရှိကြသည်။ လူသားများ ရှိရာအရပ်သို့ အုပ်စုလိုက် ချီတက်လာတတ်သည့် အလေ့အထ ရှိ၏။ အချိန်ကြာလာသည်နှင့်အမျှ အခန်းထဲတွင် သေနေ့စောင့်နေခြင်းကို လက်လျှော့လိုက်ကြသော လူအများစုက မြို့များကို စွန့်ခွာလာကြလိမ့်မည်။ ထိုသို့ဖြစ်လာပါက အမြန်လမ်းမကြီးပေါ်တွင် အသက်ရှင်ကျန်ရစ်သူများဖြင့် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော ဇွန်ဘီများကို မလွဲမသွေ ဆွဲဆောင်လာတော့မည် ဖြစ်သည်။
ကားနောက်ခန်းရှိ ကွဲအက်နေသော ပြတင်းပေါက်မှ အေးစက်သော လေများ တဝူးဝူး တိုက်ခတ်ဝင်ရောက်လာပြီး ချန်ရှောက်ရယ်၏ ဖောင်းအစ်နေသော ပါးပြင်ပေါ်မှ အသားများကို တုန်ခါသွားစေသည်။
အတားအဆီးများ ပြည့်နှက်နေသော အမြန်လမ်းပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်၍ မရသည့်အပြင် လမ်းခုလတ်၌ စွန့်ပစ်ထားသော ကားများဆီမှ ဓာတ်ဆီများကို စုပ်ယူရသည့် အလုပ်ကိုလည်း လုပ်ဆောင်ခဲ့ရသည်။
ထိုသို့ဖြင့် သုံးရက်တာ အချိန် ကုန်လွန်သွားခဲ့၏။
သူတို့နှစ်ဦးသည် အဝေးပြေးနားနေစခန်း တစ်ခုသို့ ရောက်ရှိလာကြသည်။ G55 ၏ ဆီတိုင်ကီမှာ ထပ်မံ၍ ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် ချူဟန်သည် ဆီဖြည့်ရန် ကားရပ်လိုက်ရတော့သည်။
ကားစက်သတ်လိုက်ပြီးနောက် ချူဟန်သည် ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကားပေါ်မှ ဆင်းလိုက်သည်။
ထို့နောက် စူးရှသော အကြည့်များဖြင့် ပတ်ဝန်းကျင် အခြေအနေကို လှည့်ပတ် အကဲခတ်လိုက်တော့သည်။