အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ဒီနေရာက ငါ့ပိုင်နက်ပဲ
ချူဟန်၏ နှုတ်ခမ်းထက်မှ အပြုံးရိပ်လေးက ရုတ်ချည်း အေးခဲသွားတော့သည်။ သူတို့အုပ်စု နားနေစခန်း၏ ဒုတိယထပ်သို့ တက်လာပြီးသည်နှင့်တစ်ပြိုင်နက် အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသဖြင့် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးတစ်ဦးက ရုတ်တရက် ပြေးထွက်လာကာ မိန်းကလေးငယ်ကို လုယူပွေ့ဖက်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့၏။
"အို... တော်ပါသေးရဲ့။ အမေ့မှာတော့ အသက်တောင် မရှိတော့ဘူး"
"တောင်းပန်ပါတယ်ဗျာ"
ယဲ့ထျန်းလုံက အားနာဟန်ဖြင့် ခေါင်းကုတ်လျက် ပြောလိုက်သည်။
မိန်းကလေး၏ မိခင်မှာ မည်သည့်စကားမျှ မဆိုဘဲ ငိုသံကိုသာ အနည်းငယ် တိတ်သွားအောင် ထိန်းလိုက်၏။ သူမသည် ချူဟန်တို့ဘက်သို့ လှည့်မကြည့်သလို မျက်နှာကိုပင် အမြင်မခံခဲ့ပေ။
ယဲ့ထျန်းလုံက အနေရခက်စွာဖြင့် ချူဟန်ကို ရှင်းပြသည်။
"ဒီကလေးမလေးက ယဲ့ထင်းပါ။ နည်းနည်းတော့ အဆော့တန်တယ်ဗျ။ ဒါက ထင်းထင်းရဲ့ အမေ ကျန်လဲ့ ပါ"
ချန်ရှောက်ရယ်က မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုမိခင်၏ အပြုအမူက ရိုင်းပျလွန်းလှသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဇွန်ဘီအချို့ကို သတ်ဖြတ်ခဲ့ရသဖြင့် အနည်းငယ် သတ္တိရှိလာသော ချန်ရှောက်ရယ်သည် ယခင်ကဲ့သို့ အမြဲတမ်း ကြောက်လန့်တကြား ကျုံ့ကျုံ့လေး နေတတ်သော အကျင့်များ ပျောက်ကွယ်နေလေပြီ။
ချူဟန်သည် ဒုတိယထက် တစ်ခွင်ကို အသံတိတ် အကဲခတ်လိုက်၏။
အသက်ရှင်ကျန်ရစ်သူ အတော်များများ စုဝေးနေကြသည်။ ထိုအထဲတွင် မျက်စိဖမ်းစားလောက်အောင် လှပသော အမျိုးသမီးတစ်ဦးကိုလည်း တွေ့လိုက်ရသည်။
"သူမက လုဝမ်ပါ။ ကျွန်တော့်ရဲ့... အယ်... ချစ်သူပါ"
ချူဟန်၏ အကြည့်ကို သတိပြုမိသွားသော ယဲ့ထျန်းလုံက ရှက်ကိုးရှက်ကန်းဖြင့် ဝင်ပြောသည်။
"ဟူး... မိုက်တယ်ဗျ"
ချန်ရှောက်ရယ်က ပြုံးစိစိဖြင့် ယဲ့ထျန်းလုံ၏ နံဘေးကို တံတောင်နှင့် တွတ်လိုက်သည်။
ယဲ့ထျန်းလုံက ဖော်ရွေစွာ ပြုံးပြနေစဉ် လုဝမ်ဟု ခေါ်သော အမျိုးသမီးက ချူဟန်ကို ညို့ယူဖမ်းစားနိုင်သော အပြုံးလေးဖြင့် ပြုံးပြလိုက်၏။
"ထားပါတော့လေ။ အရင်ဆုံး ဗိုက်ဖြည့်ပြီး ကောင်းကောင်း အနားယူလိုက်ကြပါဦး။ လမ်းခရီးမှာ ပင်ပန်းလာကြပြီ မဟုတ်လား"
ယဲ့ထျန်းလုံက ပြောဆိုပြီးနောက် လုဝမ်ကို အစားအသောက်များ ပြင်ဆင်ပေးရန် အကူအညီတောင်းလိုက်ပြီး ချူဟန်နှင့် ချန်ရှောက်ရယ်ကို ရိုးရှင်းသော အခန်းငယ် တစ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ အလောတကြီး ရှင်းလင်းထားပုံရသော ယာယီအခန်းလေး ဖြစ်၏။
"ဟာဗျာ၊ ကျေးဇူးတင်လိုက်တာ"
ချန်ရှောက်ရယ်မှာ ရင်ထဲမှလှိုက်လဲစွာ ဝမ်းသာသွားတော့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျဉ်းမြောင်းလှသော ကားထဲတွင်သာ အိပ်ခဲ့ရသဖြင့် သူ၏ ကျောနှင့် ခါးများမှာ နာကျင်ကိုက်ခဲနေပြီ ဖြစ်သည်။
"အားနာမနေပါနဲ့။ အသက်ရှင်ကျန်ရစ်သူ အချင်းချင်း ကူညီကြရမှာပေါ့"
ယဲ့ထျန်းလုံက ချန်ရှောက်ရယ်၏ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။ ထို့နောက် ချူဟန်၏ ပခုံးကိုပါ လှမ်းကိုင်ရန် ပြင်လိုက်သော်လည်း ချူဟန်က သတိမထားမိလောက်အောင် သိမ်မွေ့ချောမွေ့သော လှုပ်ရှားမှုဖြင့် ရှောင်ဖယ်လိုက်၏။
ယဲ့ထျန်းလုံ အခန်းထဲမှ ထွက်သွားသည်နှင့် ချန်ရှောက်ရယ်က တံခါးကို ပိတ်လိုက်ပြီး ချူဟန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဘော့စ်၊ အဲဒီ အမူအရာက ဘာသဘောလဲ။ သူတို့က ကောင်းကောင်းမွန်မွန် နေရာပေးထားတာတောင်မှ မျက်နှာကြီးက တင်းနေတာပဲ"
ချူဟန်၏ မျက်နှာကြွက်သားများ အနည်းငယ် တွန့်သွားသည်။
လူမှုဆက်ဆံရေး ဟူသော အယူအဆကို သူ မေ့လျော့သွားသည်မှာ ကြာမြင့်ခဲ့လေပြီ။
မကြာမီ တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသဖြင့် ချန်ရှောက်ရယ်က တံခါး သွားဖွင့်လိုက်သည်။
ဝင်လာသူမှာ လုဝမ် ဖြစ်နေ၏။ သူမသည် ထမင်းပန်းကန် နှစ်လုံး၊ ဟင်းသုံးခွက်နှင့် ဟင်းရည်တစ်ခွက် ပါဝင်သော ဗန်းတစ်ချပ်ကို ကိုင်ဆောင်လာသည်။
"ဝါး၊ ဒီလောက်တောင် ဧည့်ခံပေးတာ အားနာစရာကြီးဗျာ"
ချန်ရှောက်ရယ်က အလောတကြီးဖြင့် ဗန်းကို လှမ်းယူရန် ပြင်လိုက်သည်။
"အားမနာပါနဲ့၊ များများစားကြပါ"
လုဝမ်က ပြုံးရယ်လျက် အခန်းထဲသို့ ဝင်လာပြီး ခါးကို ကိုင်းကာ ဗန်းကို စားပွဲပေါ်တွင် တင်ပေးလိုက်၏။
"ဟုတ်ကဲ့ဗျ။ စားပီနော်"
ချန်ရှောက်ရယ်သည် တူကို ကောက်ကိုင်လိုက်ပြီး အငမ်းမရ စားသောက်နေလေပြီ။
သို့သော် ချူဟန်က တူကို လုံးဝ မကိုင်သေးပေ။
"မစားဘူးလား"
လုဝမ်က မျက်လုံးထောင့်များ ကော့တက်နေသော ညို့မျက်ဝန်းများဖြင့် ချူဟန်ကို စိုက်ကြည့်လိုက်သည်။
"စားမှာပါ"
ချူဟန်က မျက်နှာသေဖြင့် တူကို ကောက်ကိုင်လိုက်သည်။
လုဝမ်က ကျေနပ်စွာ ပြုံးလိုက်ပြီး သေးသွယ်သော ခါးလေးကို လှုပ်ခါလျက် အခန်းထဲမှ ထွက်ခွာသွားတော့၏။
"ဘော့စ်"
ချန်ရှောက်ရယ်က တံတွေးများကို ဂလုခနဲ မြိုချလိုက်သည်။
"စောစောက အစ်မကြီးက ဘော့စ်ကို မျက်စပစ်သွားတယ်နော်။ သေချာတယ်"
"အလကားတွေ လျှောက်ပြောနေမယ့်အစား လက်ကို မြန်မြန်လှုပ်စမ်း"
ချူဟန်က ချန်ရှောက်ရယ်၏ တူကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
"ဘာ... ဘာလုပ်တာလဲဗျ"
ချန်ရှောက်ရယ်က ဒေါသတကြီးဖြင့် ကြမ်းပြင်ပေါ်ကျသွားသော တူကို ကောက်ယူလိုက်ပြီး ဖူးခနဲ မှုတ်ကာ ဆက်လက် စားသောက်နေတော့သည်။
ချူဟန်က ပြန်မဖြေတော့ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်စိမှိတ်ထားလိုက်၏။
"တကယ်ကို ကျေးဇူးကန်းတဲ့ ဘော့စ်ပဲ"
ချန်ရှောက်ရယ်က မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်လိုက်သည်။
အခြား အခန်းတစ်ခန်းတွင် ယဲ့ထျန်းလုံသည် မီးသတ်ပုဆိန်ကို အဝတ်စဖြင့် သေချာစွာ သုတ်သင်နေသည်။
အခန်းတွင်း၌ ပစ္စည်းများ ရှုပ်ပွနေပြီး ချွတ်ပုံထားသော အဝတ်အစားများနှင့် လုံးထွေးနေသော တစ်ရှူးစများက နေရာအနှံ့ ပြန့်ကျဲနေ၏။
ထိုစဉ် လုဝမ်က တံခါးကို တွန်းဖွင့်ဝင်လာပြီး ပြုံးဖြီးဖြီးဖြင့် ယဲ့ထျန်းလုံ၏ ပေါင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။
"အဲဒီကောင်တွေ စားလိုက်ပြီလား"
ယဲ့ထျန်းလုံ၏ မျက်နှာပေါ်မှ စောစောက ဖော်ရွေသော အမူအရာများ လုံးဝ ပျောက်ကွယ်သွားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးဆိုးကြီးတစ်ခု ပေါ်လွင်နေတော့သည်။
"အင်း၊ စားလိုက်ပြီ"
လုဝမ်က ညို့ယူဖမ်းစားနိုင်သော အပြုံးဖြင့် ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် လောဘရမ္မက်များ တောက်ပနေ၏။
"ဒီမယ်၊ အဲဒီကောင်တွေ ကားပေါ်က ရိက္ခာတွေကို ကျွန်မ အရင် ရွေးယူလို့ရမလား"
ယဲ့ထျန်းလုံက မျက်လုံးများကို မှေးစင်းလိုက်ပြီး မကောင်းဆိုးဝါးတစ်ကောင်ပမာ ပြုံးလျက် သူမ၏ ပေါင်ကြားသို့ လက်ညှိုးထိုးပြလိုက်သည်။
လုဝမ်က ဆွဲဆောင်မှုရှိစွာ ပြန်လည်ပြုံးပြလိုက်ပြီး သူ၏ အလိုကို အလွန် ကျိုးနွံစွာ ဖြည့်ဆည်းပေးလိုက်တော့သည်။
ယဲ့ထျန်းလုံသည် မူလက ဤနားနေစခန်းမှ ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။
ကမ္ဘာပျက်ကပ် မစတင်မီလေးတွင် သူသည် သူဌေးပေါက်စတစ်ဦး၏ ကားကို ဓာတ်ဆီ ဖြည့်ပေးနေခဲ့၏။ ထိုဖောက်သည်မှာ အရပ်ပုပု၊ အသားမည်းမည်းနှင့် ဝတုတ်တုတ် အရုပ်ဆိုးသော အမျိုးသားတစ်ဦး ဖြစ်သော်လည်း စီးလာသော ကားမှာကား အလွန် တန်ဖိုးကြီးမားသည့် GTR ပြိုင်ကား ဖြစ်နေသည်။
သို့သော် ထိုအချက်က အဓိက ပြဿနာ မဟုတ်ပေ။ အရေးအကြီးဆုံးအချက်မှာ ထိုကား၏ ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသူမှာ ရုပ်ရှင်မင်းသမီးများကိုပင် အရှုံးပေးရလောက်အောင် လှပသော အမျိုးသမီး ဖြစ်နေခြင်းပင်။ ခန္ဓာကိုယ် အချိုးအစား ပေါ်လွင်နေသော တင်းကျပ်သည့် ဂါဝန်လေးကို ဝတ်ဆင်ထားသော လုဝမ် ဖြစ်သည်။
ထို့နောက် ခြောက်နာရီကြာ သတိလစ်မေ့မြောခြင်းကို ဖြတ်သန်းပြီးနောက် အမှောင်ခေတ် ကမ္ဘာပျက်ကပ်ကြီး စတင်လာခဲ့သည်။
ယဲ့ထျန်းလုံ သတိပြန်လည်လာချိန်တွင် နားနေစခန်းမှ လူများမှာ တစ်ယောက်ပြီးတစ်ယောက် ဇွန်ဘီအဖြစ် ပြောင်းလဲသွားကြလေပြီ။ မူလကတည်းက စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းခက်ထန်မှုကို ပိုင်ဆိုင်ထားသော သူသည် ဤအခြေအနေကို ကောင်းကင်ဘုံက သူ့အတွက် ပေးသနားသော အခွင့်အရေး ဟု ချက်ချင်း ခံစားသိရှိလိုက်၏။
သူသည် ထိုနေရာ၌ပင် ဇွန်ဘီ အချို့ကို ရိုက်သတ်လိုက်ပြီး အသက်ရှင်ကျန်ရစ်သူများကို နားနေစခန်း အဆောက်အအုံ အတွင်းသို့ ခြံလှောင်ပိတ်သွင်းလိုက်သည်။
ဤနေရာတွင် စားသောက်ဆိုင် ရှိသည့်အပြင် ဂိုဒေါင်ထဲ၌လည်း စားနပ်ရိက္ခာများ အမြောက်အမြား သိုလှောင်ထားသည်။ ဇွန်ဘီများကို အလွန်အမင်း ကြောက်လန့်နေကြသော လူများမှာ အပြင်သို့ ထွက်ရန် သတ္တိမရှိတော့ဘဲ နားနေစခန်းတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြ၏။
အသက်ရှင်ကျန်ရစ်သူ ဆယ်ဦးကျော် ရှိသည်။ ထိုအထဲတွင် ထိုသူဌေးပေါက်စနှင့် လုဝမ်တို့လည်း ပါဝင်သည်။
ယဲ့ထျန်းလုံမှာ ဤအဖွဲ့တွင် ခွန်အား အကြီးမားဆုံးသူ ဖြစ်ရာ လူတိုင်းက သူ့ကို ကြောက်ရွံ့ကြသည်။
မည်သူ့ကို အစားအစာ ပေးမည်၊ မည်သူ့ကို မပေးဘူးဆိုသည်မှာ သူ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။ ပထမနေ့တွင် သူ့ကို ဆန့်ကျင်ရန် ကြိုးစားသော အမျိုးသားတစ်ဦး ရှိခဲ့သော်လည်း ယဲ့ထျန်းလုံက ထိုသူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး အလောင်းကို ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ပစ်ချလိုက်သည်။
ထိုအခါ မည်သည့်နေရာမှန်းမသိ ရောက်ချလာသော ဇွန်ဘီအချို့က လတ်ဆတ်သော အလောင်းကို အရိုးကျန်သည်အထိ အငမ်းမရ ကိုက်ဖြတ်စားသောက်ကြတော့သည်။
ဒုတိယထပ်ကနေ ကြည့်ရှုနေကြသော အသက်ရှင်ကျန်ရစ်သူများမှာ ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ကျောချမ်းသွားကြသည်။
ထိုအချိန်မှစ၍ ယဲ့ထျန်းလုံကို ဆန့်ကျင်ရဲသူ တစ်ဦးမျှ မရှိတော့ချေ။ သူ အမည်းရောင်ဟု ဆိုလျှင် အမည်းရောင်သာ ဖြစ်ရမည်။ အကြွင်းမဲ့ အာဏာရှင်တစ်ဦး ဖြစ်လာခဲ့တော့သည်။
ပထမနေ့ ညတွင်ပင် ယဲ့ထျန်းလုံသည် လုဝမ်ကို သူ၏ အခန်းထဲသို့ ခေါ်ယူလိုက်သည်။ သူမက အလွန်အမင်း ပူးပေါင်းပါဝင်ခဲ့၏။ အံ့သြစရာကောင်းလောက်အောင်ပင် ဖြစ်သည်။
သူဌေးပေါက်စကို သူမသတ်ခဲ့ပေ။
သတ်ပစ်မည့်အစား ထိုသူဌေးပေါက်စကို နေ့တိုင်း ပြသရန် သူ ဆုံးဖြတ်လိုက်သည်။
ဤကဲ့သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသော အဆင့်အတန်း ကွာဟမှု။ ဤအရာကပင် သူ့ကို ရူးသွပ်မတတ် သာယာမှုများ ပေးစွမ်းနေခြင်း ဖြစ်သည်။
‘ကမ္ဘာပျက်ကပ်ဆိုတာ တကယ်ကို အကောင်းဆုံးပဲ မဟုတ်လား’
တတိယနေ့ ရောက်သောအခါ။ ယဲ့ထျန်းလုံသည် ဂိုဒေါင်ထဲရှိ ရိက္ခာများ လျော့နည်းလာသည်ကို သတိပြုမိသွားသဖြင့် ဓာတ်ဆီဝင်ဖြည့်သော အသက်ရှင်ကျန်ရစ်သူများကို ပစ်မှတ်ထားလာတော့သည်။
သူတို့သည် လူနှစ်ဦးကို ဖမ်းဆီးထားပြီး ရိက္ခာများကို လုယူထားပြီး ဖြစ်သည်။ အမျိုးသားကို အခန်းထဲတွင် ပိတ်လှောင်ထားပြီး အမျိုးသမီးကို ရုန်းကန်သဖြင့် အဝ စားပြီးနောက် ထိုနည်းတူ ပိတ်လှောင်ထားလိုက်၏။
ငါ့ကံက မကုန်သေးဘူးပဲ။
ထိုသို့ တွေးနေစဉ်မှာပင် ထို G55 ကားကြီး သူ၏ မျက်စိရှေ့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဒီကလေးတေက ဒီလို တန်ဖိုးကြီးကားကို စီးလာတယ်ပေါ့လေ။
လုယူပစ်မယ်။ ကားရော၊ လူရော၊ စားနပ်ရိက္ခာပါ အားလုံး ငါ့အပိုင်ပဲ။
ထိုသို့ တွေးလိုက်သည်နှင့် ယဲ့ထျန်းလုံ၏ ရင်ထဲမှ ကျေနပ်အားရမှုများ ပြည့်လျှံလာတော့သည်။
ဤသည်မှာ သူ လိုချင်သော ကမ္ဘာကြီးပင် ဖြစ်သည်။ မိန်းမများ၊ အာဏာများ၊ အရာအားလုံးက သူ၏ အလိုကျ ဖြစ်နေသည်။ ဘုရင်တစ်ပါးလိုပါပဲ။
အခန်းတွင်း၌ ချူဟန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
ဘေးကုတင်ရှိ ချန်ရှောက်ရယ်မှာ ဝက်တစ်ကောင်ပမာ ကျယ်လောင်စွာ ဟောက်လျက် အိပ်မောကျနေသည်။ စားပွဲပေါ်ရှိ ဟင်းလျာများကိုလည်း သူ တစ်ယောက်တည်း အပြောင်ရှင်းထားလေပြီ။
ချူဟန်က သူ့ကို ဂရုမစိုက်တော့ဘဲ ပုဆိန်ကို ဆုပ်ကိုင်ကာ တံခါးကို အသံမမြည်စေဘဲ ဖွင့်လိုက်ပြီး နံရံကိုမှီလျက် တစ္ဆေတစ်ကောင်ပမာ ခြေသံဖော့ကာ လျှောက်သွားလိုက်သည်။
ဒုတိယထပ် တစ်ခွင်မှာ အတော်လေး ကျယ်ဝန်းသော်လည်း သီးသန့်အခန်း အရေအတွက် နည်းပါးသည်။ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ကျယ်ဝန်းသော နေရာတစ်ခုတည်းတွင် စုဝေးနေကြပြီး မည်သူကမျှ စကားမပြောရဲဘဲ အသက်ကိုပင် ခပ်ဖွဖွ ရှူနေကြရ၏။
ချူဟန်သည် စင်္ကြံလမ်းထောင့်တွင် ပုန်းကွယ်လိုက်ပြီး ပုဆိန်သွားကို လက်ချောင်းဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။
ကျွင်...
အလွန် တိုးတိတ်သော သတ္တုသံလေးက လေထုကို တုန်ခါသွားစေသည်။ သူသည် ထိုနေရာတွင် ရပ်လျက် အာရုံစူးစိုက်ကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေလိုက်၏။
ထို့နောက် အချိန်အနည်းငယ် ကြာသောအခါ...