အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) ၉ နှင့် ၁၈
"ဘယ်သွားမလို့လဲ"
အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"အိမ်သာ သွားမလို့"
ကျန်လဲ့ ၏ အသံ ဖြစ်သည်။
"နှစ်ယောက်တည်း သွားတာ မကောင်းဘူး"
အမျိုးသား၏ အသံတွင် အမိန့်ပေးမှုများ ရောယှက်နေ၏။
"တစ်ယောက်စီပဲ သွား။ မဟုတ်ရင်..."
"ကလေးကို အိမ်သာ လိုက်ပို့ပေးရုံလေးပါရှင်"
ကျန်လဲ့၏ အသံက အနည်းငယ် ကျယ်လောင်လာသည်။
‘မိန်းမနဲ့ ကလေး နှစ်ယောက်တည်းက ဘာလုပ်နိုင်မှာမို့လို့လဲ’
"အဲ့တာဆို... မြန်မြန်လုပ်"
အမျိုးသားက သဘောမတူချင် တူချင်ဖြင့် ခွင့်ပြုလိုက်သည်။
မကြာမီ ကျန်လဲ့သည် ယဲ့ထင်း၏ လက်ကိုဆွဲကာ လမ်းထောင့်မှ ထွက်လာ၏။
ထိုနေရာတွင် ချူဟန်က မလှုပ်မယှက် ရပ်နေသည်။ သူတို့နှစ်ဦး၏ မျက်နှာထားမှာ ချူဟန်နှင့် တစ်ပုံစံတည်း အေးစက်တည်ငြိမ်နေပြီး ဤနေရာတွင် သူရှိနေသည်ကို အနည်းငယ်မျှ အံ့သြသည့် အရိပ်အယောင် မပြကြချေ။
ကျန်လဲ့က နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း အသံထွက်မလာပေ။
ချူဟန်က အသံတိတ် ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦး၏ နောက်မှ ခြေသံလုံလုံဖြင့် လိုက်ပါသွားတော့သည်။
ကျန်လဲ့နှင့် ယဲ့ထင်းတို့မှာ သာမန်ခြေသံများ ထွက်ပေါ်နေသော်လည်း ၎င်းမှာ လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ သူတို့နှစ်ဦးမှာ ဘယ်ဘက်သို့ သွားနေသော်လည်း ညာဘက်သို့ ကွေ့သွားသကဲ့သို့ ခြေသံကို တမင် ဖန်တီးထားခြင်း ဖြစ်၏။
သူတို့၏ နောက်မှ လိုက်ပါသွားရင်း ချူဟန်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လွင်နေသည်။
ဒီ မိန်းမနဲ့ မိန်းကလေးငယ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။
ချူဟန်သည် ဤ သားအမိ ၏ ထူးခြားချက်ကို စောစောကတည်းက ရိပ်မိခဲ့သည်။ သွေးသားတော်စပ်သော သားအမိ အရင်း ဟုတ်မဟုတ်ပင် သံသယဖြစ်ဖွယ် ကောင်းနေ၏။
ထို့အပြင် ယဲ့ထင်း ဆိုသော ဤမိန်းကလေးငယ်မှာ နှုတ်ခမ်းဖတ်စွမ်းရည် (စကားပြောတဲ့အခါ ထွက်လာသည့်အသံကို နားနဲ့မကြားရပဲ နှုတ်ခမ်းရွေ့လျားမှုကို ကြည့်ပြီး စကားလုံး နားလည်နိုင်စွမ်း) ကို တတ်ကျွမ်းသည်။ နားနေစခန်းသို့ ဝင်လာစဉ်က ယဲ့ထျန်းလုံ၏ ပခုံးပေါ်မှနေ၍ ချူဟန်ကို အသံမထွက်ဘဲ စကားတစ်ခွန်း ပြောခဲ့သေး၏။ တော်တော်လေး ရယ်စရာကောင်းသော စကားတစ်ခွန်း ဖြစ်သည်။
'ဒီမယ်၊ ရှင် လူသတ်ရဲလား'
စောစောကလည်း ကျန်လဲ့ ဆိုသော အမျိုးသမီးက သူ့ကို နှုတ်ခမ်းဖတ်စွမ်းရည်ဖြင့် ပြောခဲ့ပြန်သည်။ ၎င်းမှာလည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှ၏။
'ဟေ့၊ ငါ့နောက် လိုက်ခဲ့'
သူတို့သုံးဦးသည် သော့ခလောက် ခတ်ထားသော တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာကြသည်။
ချူဟန် ချက်ချင်းပင် နားလည်လိုက်သည်။ ဤနေရာတွင် သူတို့နှစ်ဦး၏ ကိုယ်ပိုင်ပစ္စည်းများ ကို ဝှက်ထားခြင်း ဖြစ်ရမည်။ သူ့ကို ပုဆိန်ဖြင့် သော့ကို ရိုက်ခွဲခိုင်းမည့် သဘောပင်။
ဤနေရာမှာ အသက်ရှင်ကျန်ရစ်သူများ စုဝေးရာ နေရာနှင့် အတော်လေး ကွာဝေးပြီး ယဲ့ထျန်းလုံ နေရာယူထားသော အခန်းကျယ်ကြီးနှင့်လည်း အလှမ်းဝေးသည်။ ပုံမှန်အသံဖြင့် စကားပြောလျှင်ပင် မည်သူမျှ ကြားနိုင်မည် မဟုတ်ချေ။
"မင်းတို့ရဲ့ နာမည်အရင်းတွေက ဘာတွေလဲ"
ချူဟန်က အပြုံးရိပ်လေး သန်းလျက် လက်ဖဝါးပေါ်သို့ ပုဆိန်ကို ခပ်ဖွဖွ ရိုက်ကာ မေးလိုက်သည်။ ကျန်လဲ့ နှင့် ယဲ့ထင်း ဆိုသော နာမည်များမှာ အစစ်အမှန် ဖြစ်မည်ဟု သူ လုံးဝ မယုံကြည်ပေ။
"ငါ့နာမည်က… ရှန်ကျိုတီ ပါ"
အမျိုးသမီးက အလွန်တရာ ဝင့်ကြွားသော အမူအရာဖြင့် သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်သည်။
"ငါ့ကို ရှန်ကျိုတီလို့ ခေါ်"
လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသည့် မောက်မာမှုမျိုး ဖြစ်သည်။
ချူဟန်မှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ တော်တော် မောက်မာတဲ့ မိန်းမပဲ။
‘ဘာလို့ အဲဒီလောက် မာနကြီးနေရတာလဲ’
ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးက အေးစက်စက် လှောင်ပြုံးပြုံးကာ ချူဟန်ကို စောင်းငဲ့ကြည့်လိုက်သည်။
"ဒီမိန်းမကို လျှို့ဝှက်ကုဒ် ကိုး (၉) လို့ပဲ ခေါ်လိုက်။ ငါ့မှာလဲ နာမည်မရှိဘူး။ လျှို့ဝှက်ကုဒ်က ဆယ့်ရှစ် (၁၈) ပဲ"
"ကောင်းပြီလေ။ ကိုး နဲ့ ဆယ့်ရှစ်"
ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ နှုတ်ခမ်းဖတ်စွမ်းရည်ကိုသာ နားမလည်ခဲ့ပါက ဤနှစ်ဦး၏ သရုပ်ဆောင်မှုအောက်တွင် လုံးဝ လှည့်စားခံခဲ့ရမည်မှာ သေချာသည်။
ချူဟန်က ပုဆိန်ကို ကိုင်လိုက်ပြီး တံခါးသော့ခလောက်ကို အကြည့်ဖြင့် ညွှန်ပြလိုက်သည်။
"မြန်မြန်လုပ်။ အသံကတော့ တော်တော်ကျယ်လိမ့်မယ်"
ဆယ့်ရှစ် (၁၈) ဟု အမည်ခံထားသော ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးက သူမ၏ နှုတ်ခမ်းထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။
"ရှင် စိုးရိမ်နေဖို့ မလိုပါဘူး"
ချူဟန် မျက်နှာပျက်သွားသည်။ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက် ပြောသင့်သော စကား၊ ပြသင့်သော အမူအရာမျိုး လုံးဝ မဟုတ်ချေ။
ရှန်ကျိုတီက နားထင်ကြောများ ထောင်တက်လာပြီး ဆယ့်ရှစ် (၁၈) ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
"မင်း အပိုစကားတွေ လျှောက်မပြောနဲ့"
"ဟွန့်"
ဆယ့်ရှစ်၏ အပြစ်ကင်းစင်သော မျက်နှာပေါ်ရှိ အပြုံးက ပို၍ မကောင်းဆိုးဝါး ဆန်လာသည်။ အစစ်အမှန် မိစ္ဆာငယ်လေး တစ်ကောင်ပမာပင်။
"ငါ့ရဲ့ တစ်ဝက် ဖြစ်တဲ့ မိန်းမကများ ကြီးကြီးကျယ်ကျယ် ဆရာလာမလုပ်နဲ့"
တစ်ဝက်။ ချူဟန် အံ့အားသင့်သွားသည်။
သြော်... သိပြီ။ '၉' ဂဏန်းက '၁၈' ရဲ့ တစ်ဝက် ဖြစ်နေတာကိုး။
သို့သော် ဤ ဆယ့်ရှစ်၏ ပါးစပ်မှ ထိုစကား ထွက်လာသောအခါ အလွန်တရာ ထူးဆန်းနေသည်။ တစ်ဖက်လူကို လှောင်ပြောင် သရော်နေတာပဲ။
ချူဟန်မှာ စက္ကန့်အနည်းငယ်မျှ မှင်သက်သွားပြီးနောက် ကောက်ချက်ချလိုက်တော့သည်။
တော်တော်လေး ရူးကြောင်ကြောင်နိုင်တဲ့ မိန်းမတွေနဲ့ ပတ်သက်မိသွားပြီ ထင်တယ်။
ဒုန်း...
ချူဟန်၏ ပုဆိန်က ပြင်းထန်စွာ တံခါးသော့ခလောက်ကို တစ်ချက်တည်းဖြင့် တစ်စစီ ရိုက်ခွဲပစ်လိုက်သည်။
ဝှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်ကျိုတီ နှင့် ဆယ့်ရှစ် (၁၈) တို့က အလုအယက် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားကြတော့သည်။
"ဘာအသံလဲ"
သာယာမှုတွင် နစ်မြောနေသော ယဲ့ထျန်းလုံသည် လုဝမ်ကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်ပြီး အဝတ်အစားများပင် သေချာ မဝတ်နိုင်တော့ဘဲ ပုဆိန်ကို ကောက်ယူကာ အခန်းထဲမှ ပြေးထွက်လာသည်။
"ခေါင်းဆောင်"
အပြင်ဘက်ရှိ တပည့်များ ချက်ချင်း စုရုံးရောက်ရှိလာကြသည်။
"အသံက ဂိုဒေါင်ဘက်က ထွက်လာတာပါ"
ယဲ့ထျန်းလုံ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ဒေါသများ ဖြတ်ပြေးသွား၏။
ဂိုဒေါင်ထဲကို ဝင်တဲ့ကောင် ရှိတယ်ပေါ့လေ။
ဘယ်သူ့ပစ္စည်းကို လာထိသလဲ ဆိုတာ သူမသိဘူးလား။ သေချာပေါက် သတ်ပစ်မယ်။
"လက်နက်တွေ ယူထားကြ"
ယဲ့ထျန်းလုံက ကြောက်မက်ဖွယ် မျက်နှာထားဖြင့် ဟိန်းဟောက်လိုက်သည်။
"အဲဒီကောင်တွေကို တစ်စစီ ခုတ်ထစ်ပစ်မယ်"
ထိုနေရာမှာ ပစ္စည်းမျိုးစုံ ပုံစံမကျ စုပုံထားသော မှောင်မိုက်နေသည့် ဂိုဒေါင်တစ်ခု ဖြစ်သည်။
ရွှိ... ရွှိ...
ချူဟန် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု၏ အိတ်ကို ဆုတ်ဖြဲလိုက်သော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ရှန်ကျိုတီနှင့် ၁၈ တို့သည် သူတို့ရှေ့တွင် ပုံထားသော အမျိုးသမီးသုံး လစဉ်သုံးပစ္စည်း အထုပ်များကို ရူးသွပ်သော အမြန်နှုန်းဖြင့် ဆုတ်ဖြဲနေကြသည်။ အထဲမှ သံထည် အစိတ်အပိုင်းလေးများကို ထုတ်ယူကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပုလေး တစ်ခုပမာ စုပုံသွားတော့၏။
ဖြူဖွေးသွယ်လျသော လက်တစ်စုံစီက စက်ရုပ်များပမာ လှုပ်ရှားနေပြီး ရှေ့ရှိ အစိတ်အပိုင်းများကို အချိတ်အဆက်မိမိ တပ်ဆင်နေကြသည်။ သံထည်များ ပွတ်တိုက်မိသော အသံလေးများက နားစည်ကို စည်းချက်ကျကျ ရိုက်ခတ်နေ၏။
ချူဟန်မှာ မိမိမျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
မိန်းမကြီးနှင့် မိန်းကလေးငယ် နှစ်ဦးသည် ဘေးတွင်ရှိနေသော ချူဟန်ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အံ့မခန်း အမြန်နှုန်းဖြင့် အစိတ်အပိုင်းများကို တပ်ဆင်ကာ အော်တိုမက်တစ် ရိုင်ဖယ်သေနတ် နှစ်လက်ကို ဖန်တီးလိုက်ကြခြင်း ဖြစ်သည်။
သေနတ် အစစ်တွေပဲ။
၁၈ က ပို၍ လက်မြန်ပုံရပြီး သူမက အပိုကျည်အိမ်ကို ရှာတွေ့သွားချိန်တွင်မှ ရှန်ကျိုတီ က သေနတ်တပ်ဆင်ခြင်းကို ပြီးစီးသွားသည်။
ချူဟန်သည် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကုတ်လိုက်သည်။
အကယ်၍ ကမ္ဘာပျက်ကပ် စတင်ပြီးနောက် ဆယ်နှစ်အကြာ ကာလဆိုလျှင် အနည်းငယ်မျှ အံ့သြစရာ မရှိချေ။ လူတိုင်း သေနတ်ကိုင်တွယ်မှုကို ကျွမ်းကျင်နေသည့် ခေတ်ဖြစ်သောကြောင့်ပင်။ သို့သော် ယနေ့မှာ ကမ္ဘာပျက်ကပ် စတင်သည့် လေးရက်မြောက်နေ့သာ ရှိသေးသည်။ မျက်စိရှေ့မှ မြင်ကွင်းမှာ မည်သို့စဉ်းစားစေကာမူ ယုတ္တိမရှိလှပေ။
လက်ရှိအချိန်အထိ စစ်တပ်၏ ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်း ချထားပေးခြင်းများ မရှိသေးချေ။ သာမန်လူတစ်ယောက်က သေနတ် ကိုင်ဆောင်ထားခြင်းမှာ မဖြစ်နိုင်သလို တစ်ဦးမှာ ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးငယ်သာ ဖြစ်နေသေးသည် မဟုတ်လား။
ထိုတပ်ဆင်မှု အမြန်နှုန်းကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးသည် သေနတ်၏ ဖွဲ့စည်းပုံကို အသေးစိတ် နားလည်ထားပြီး အကြိမ်ထောင်သောင်းမက လေ့ကျင့်ထားကြောင်း ထင်ရှားနေသည်။
ဒီနှစ်ယောက်က တကယ်တော့ ဘယ်သူတွေလဲ။
"မင်းတို့တွေ ဘာလုပ်နေတာလဲ"
ရုတ်တရက် ကျယ်လောင်သော ဒေါသတကြီး အော်သံနှင့်အတူ ယဲ့ထျန်းလုံသည် တပည့်ငါးဦးကို ခေါ်ဆောင်ကာ ဂိုဒေါင်ထဲသို့ အလုအယက် ပြေးဝင်လာသည်။
ချပ်...
ရှန်ကျိုတီက ရေခဲပမာ အေးစက်သော မျက်နှာထားဖြင့် ကျည်အိမ်ကို တပ်ဆင်လိုက်ပြီး သေနတ်ပြောင်းဝကို တံခါးပေါက်ဆီသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်သည်။
သူမက ချူဟန်ကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်၏။ ချူဟန်သည် တံခါးအကွယ်တွင် ရပ်လျက် ပုဆိန်ကို ကိုင်ကာ အလွန်တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
သူ၏ နေရာယူမှုမှာ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်လှသည်။ အပြင်ပန်းကြည့်လျှင် အကာအကွယ်မဲ့နေသကဲ့သို့ ထင်ရသော်လည်း အမြန်ဆုံး ပြန်လည်တိုက်ခိုက်နိုင်သည့်အပြင် မိမိ၏ လုံခြုံရေးကိုပါ အပြည့်အဝ အာမခံနိုင်သော နေရာဖြစ်နေ၏။
ရှန်ကျိုတီမှာ တိတ်တဆိတ် အံ့အားသင့်သွားသည်။
ထိုထောင့်ချိုး အနေအထားအရ ချူဟန် သတိထားနေသည်မှာ ဝင်လာသော ယဲ့ထျန်းလုံတို့ကိုသာ မဟုတ်ချေ။
ရှန်ကျိုတီ၏ စိတ်ထဲတွင် ယုံကြည်မှု တစ်ခု ပေါ်ပေါက်လာသည်။
ဒီလူက ငါနဲ့ အမျိုးအစား တူတယ်။ မဟုတ်ဘူး၊ ငါတို့ထက်တောင် ပိုသန်မာသေးတယ်။
"မင်းတို့ကောင်တွေ..."
အခန်းထဲသို့ ဝင်လာသော ယဲ့ထျန်းလုံ၏ ဟိန်းဟောက်သံမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။ အနောက်မှ ပါလာသော တပည့်ငါးဦးမှာလည်း ခြေလှမ်းများ တန့်သွားပြီး ထိုအထဲမှ နှစ်ဦးဆိုလျှင် နောက်လှည့်ကာ ထွက်ပြေးတော့မည့် အနေအထား ဖြစ်နေ၏။
"မင်း... အဲဒီသေနတ်ကို ဘယ်ကရတာလဲ"
ယဲ့ထျန်းလုံသည် ဒူးတစ်ဖက်ထောက်လျက် သူတို့ထံ သေနတ်ဖြင့် ချိန်ရွယ်ထားသော ရှန်ကျိုတီကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်လိုက်သည်။
ကစားစရာလား။ မဟုတ်ဘူး၊ ကစားစရာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီဂိုဒေါင်တစ်ခုလုံးကို ထောင့်စေ့အောင် ရှာဖွေပြီးပြီ မဟုတ်လား။
ယဲ့ထျန်းလုံ၏ အကြည့်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အမျိုးသမီးသုံး လစဉ်သုံးပစ္စည်း အထုပ်များကို မြင်တွေ့လိုက်ရသည်နှင့်... ပြင်းထန်သော ဒေါသနှင့် အရှက်ရမှုများက အလုံးအရင်း ထွက်ပေါ်လာတော့သည်။ ဒီလိုနေရာမျိုးမှာ ဝှက်ထားခဲ့တာလား။
အစစ်ဖြစ်စေ၊ အတုဖြစ်စေ သူ၏ ဂုဏ်သိက္ခာကို ရွှံ့ထဲ ဆွဲချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ နှာခေါင်းအောက်တွင် ခိုးကြောင်ခိုးဝှက် ပစ္စည်းလာဝှက်ထားခြင်းကို မည်သို့မျှ သည်းမခံနိုင်တော့ချေ။
သို့သော် နောက်တစ်စက္ကန့်မှာပင် ယဲ့ထျန်းလုံ၏ အကြည့်များ ထပ်မံ တောင့်တင်းသွားပြန်သည်။
အကြောင်းမှာ ထိုနေရာတွင် ရှိမနေသင့်သော လူတစ်ယောက် ရပ်နေသောကြောင့်ပင်။