← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) ဝိုင်းရံပိတ်ဆို့ခြင်း

"အား..."

လုဝမ်၏ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း။ သောက်ခွေးမ"

ယဲ့ထျန်းလုံသည် ရက်စက်ကြမ်းကြုတ်စွာ မျက်နှာကို ရှုံ့မဲ့လိုက်ပြီး သူမ၏ ဆံပင်များကို ကြမ်းတမ်းစွာ ဆွဲကိုင်ကာ နံရံနှင့် အားကုန် ဆောင့်ပစ်လိုက်တော့သည်။

အော်ဟစ်သံမှာ ရုတ်ချည်း တိတ်ဆိတ်သွား၏။

ဖြူဖွေးသော နံရံထက်တွင် မည်းနက်သော သွေးများ ချက်ချင်း စီးကျလာတော့သည်။

အလွန်တရာ မြန်ဆန်လွန်းလှသည်။ ပတ်ဝန်းကျင်မှ လူများ အခြေအနေကို သဘောပေါက်သွားချိန်တွင် လုဝမ်မှာ အသက်ဝိညာဉ် ကင်းမဲ့နေလေပြီ။

"သောက်ကျိုးနည်း။ ငါ့ကို ဖုံးကွယ်ထားတယ်ပေါ့လေ။ သောက်ခွေးမ"

ယဲ့ထျန်းလုံ၏ ဒေါသများမှာ ပြေလျော့မသွားသေးပေ။ အလောင်း၏ ခေါင်းကို ဆွဲကိုင်ထားလျက် ရူးသွပ်နေသူတစ်ဦးပမာ နံရံနှင့် အကြိမ်ကြိမ် ဆောင့်နေတော့၏။

ထိုင်းမှိုင်းသော အသံများ ထွက်ပေါ်လာတိုင်း နွေးထွေးသော သွေးများက ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ယခင်က ဆွဲဆောင်မှုရှိသော အလှတရားများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သွေးနှင့် အသားများ ရောထွေးနေကာ ဇွန်ဘီထက်ပင် ပို၍ ရင်လန့်ဖွယ်ကောင်းသော အသားတုံးကြီးအဖြစ် ပြောင်းလဲသွားလေပြီ။ လုဝမ်၏ ဦးခေါင်း မူလပုံပန်းသဏ္ဍာန် မပေါ်တော့သည်အထိ ယဲ့ထျန်းလုံက သူ၏ ဒေါသများကို ဆက်လက် ပေါက်ကွဲနေခဲ့သည်။ သူသည် အစကတည်းက ဒေါသထွက်နေခဲ့ပြီး လုဝမ်မှာ ကံဆိုးစွာဖြင့် ပစ်မှတ် ဖြစ်သွားခဲ့ခြင်းပင်။

သို့သော်လည်း… ကျေနပ်သေးပုံမရချေ။ သူသည် လုဝမ်၏ အလောင်းကို ဆွဲမကာ လှေကားထိပ်သို့ ခပ်ကြမ်းကြမ်း ပစ်ချလိုက်တော့သည်။

လုဝမ်၏ အလောင်းက လှေကားပေါ်မှ လိမ့်ကျသွားသည်။ ထိုနေရာ တစ်လျှောက်တွင် သွေးစက်များ တောက်တောက်ကျလျက် ကျန်ရစ်ခဲ့၏။

ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ လေးရက်သာ ရှိသေးသော်လည်း လူသားတို့၏ စိတ်နှလုံး အနက်ရှိုင်းဆုံးနေရာမှ အကျည်းတန်မှုများက ယခုလို ထင်ရှားစွာ ပေါ်ထွက်နေခဲ့လေပြီ။

ဘေးမှ ကြည့်နေသော ချန်ရှောက်ရယ်မှာ အကြောက်လွန်ကာ မျက်နှာတစ်ခုလုံး ဖြူဆွတ်သွားပြီး လုံးဝ ကြက်သေ သေသွားတော့သည်။ တစ်ရေးလောက် အိပ်လိုက်ရုံလေး ရှိသေးတာကို ဒီကလူတွေ အားလုံး ဘာလို့ ရူးသွားကြတာလဲ။

ထိုအမျိုးသမီးနှင့် မိန်းကလေးက သေနတ်ကိုင်ကာ ရက်စက်ကြမ်းကြုတ်လွန်းသည်။ ထို့အပြင် အမြဲတမ်း လူကောင်းတစ်ယောက်ဟု ထင်ခဲ့ရသော ယဲ့ထျန်းလုံကလည်း ရုတ်တရက် လူသားဆန်မှုများကို စွန့်လွှတ်လိုက်ပြီး ရက်စက်သော ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

မထင်မှတ်ဘဲ လူသတ်လိုက်တာလား။

ပိုဆိုးသည်မှာ ထိုသို့သတ်ရသည့် အကြောင်းအရင်းက အလွန်တရာ အဓိပ္ပာယ်မဲ့လွန်းလှသည်။ တစ်ဖက်လူက ဇွန်ဘီမဟုတ်ဘဲ အသက်ရှင်နေသော လူသားတစ်ယောက် ဖြစ်သည် မဟုတ်လော။

ဒီကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ။ ဒီလိုလူမျိုးတွေကို ယုံကြည်မိခဲ့တဲ့ ငါကတော့ တကယ် ရူးနေတာပဲ။

ခလွမ်း...

ရုတ်တရက် အောက်ထပ်မှ ကျောချမ်းဖွယ် မှန်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထိုအသံမှာ အချက်ပြသံတစ်ခုနှင့် တူသလို လူသားများ မျှော်လင့်ချက် ကင်းမဲ့မှုထဲသို့ မကျရောက်မီ ကြိုတင်သတိပေးသံ တစ်ခုနှင့်လည်း တူနေ၏။ သေမင်းနှင့် မရင်ဆိုင်ရမီ အဆုံးအစမရှိသော ကြောက်ရွံ့မှုများကို မြည်းစမ်းခိုင်းခြင်းပင် ဖြစ်သည်။

"သွားပြီ။ သူတို့ မှန်ကို ခွဲလိုက်ပြီ"

ချူဟန်သည် လှေကားထိပ်သို့ အလျင်အမြန် သွားလိုက်ပြီး လက်ထဲမှ ပုဆိန်ကို ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် တိကျပြတ်သားသော အမိန့်များကို ပေးလိုက်သည်။

"ဖက်တီး၊ ငါ့ဘယ်ဘက်မှာ နေရာယူ။ ငါ လွတ်သွားတဲ့ အကောင်တွေကို ရှင်း။ ရှန်ကျိုတီက နောက်ကနေ သေနတ်နဲ့ ပစ်ကူ။ ကျန်တဲ့လူတွေလည်း အကုန် လက်နက်ကိုင်ထားကြ"

ချူဟန်က ချက်ချင်းပင် တာဝန်များကို ခွဲဝေပေးလိုက်သည်။

ချန်ရှောက်ရယ်အတွက် ပြောစရာပင် မလိုတော့ချေ။ သူသည် ဇွန်ဘီများကို အလွန်အမင်း ကြောက်ရွံ့သော်လည်း ချူဟန်ကို ပို၍ ကြောက်သည်။ ဤအမျိုးသားမှာ အလွန်တရာ အေးစက်ပြီး အခြေအနေကို သုံးသပ်နိုင်စွမ်း ရှိလွန်းလှသည်။ စက်ရုပ်တစ်ရုပ်များ ဖြစ်နေမလားဟုပင် သံသယဝင်မိသည်အထိ ဖြစ်၏။

ရှန်ကျိုတီကလည်း ချက်ချင်း နေရာယူလိုက်ပြီး ချပ်ခနဲ အသံနှင့်အတူ သေနတ်ကို ချိန်ရွယ်လိုက်သည်။ ကြီးမားသော လှုပ်ရှားမှုကြောင့် သူမ၏ အဝတ်အစားများ လှုပ်ခါသွားပြီး မည်းနက်သော ဆံနွယ်တစ်ချို့က နဖူးမှ ပါးပြင်ပေါ်သို့ ကျဆင်းလာ၏။ ထိုဆံနွယ်များကို သပ်တင်ပေးကာ ဖြူဖွေးသွယ်လျသော လည်တိုင်လေးကို မြင်တွေ့ချင်စိတ်များ ပေါ်ပေါက်လာစေလောက်အောင် ဆွဲဆောင်မှု ရှိလွန်းလှသည်။

ထိုအချိန်တွင် ယဲ့ထျန်းလုံသည် နှုတ်ခမ်းသပ်ကာ ရှန်ကျိုတီကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ထို့နောက် ချူဟန်၏ နောက်ကျောကို အငြိုးတကြီးဖြင့် ကြည့်လိုက်သည်။

ငါ့နေရာကို လုရဲတယ်ပေါ့လေ။ အမိန့်ပေးတာက ခေါင်းဆောင်ဖြစ်တဲ့ ငါ့ရဲ့ အခွင့်အရေးကွ။

အခြား အသက်ရှင်ကျန်ရစ်သူများမှာ ပင့်ကူအုပ်များ ပြန့်ကျဲသွားသကဲ့သို့ အလုအယက် ထွက်ပြေးနေကြပြီး ပတ်ဝန်းကျင်မှာ တစ်ခဏအတွင်း ဖရိုဖရဲ ဖြစ်သွားတော့သည်။ အချို့ဆိုလျှင် အခန်းထဲဝင်ကာ တံခါးလော့ခ်ချသူများပင် ရှိ၏။

ကျန်းဇီယွီနှင့် ကူရှောင်ထုန်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး မတိုင်ပင်ထားဘဲ ချူဟန်၏ အနောက်သို့ ကပ်ရပ်လိုက်ကြသည်။ ဇွန်ဘီများကို ကြောက်သော်လည်း လက်ရှိ ယဲ့ထျန်းလုံကလည်း ကြောက်စရာ ကောင်းနေသည်။ ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်ရန် ချူဟန်ကိုသာ အားကိုးရတော့မည်။

"ဒါဆို သမီးကရော။ သမီး ဘာလုပ်ရမလဲ"

၁၈ က အလောတကြီး မေးလိုက်သည်။

"မင်းလား"

အောက်ထပ်မှ ဇွန်ဘီများ လှေကားပေါ်သို့ တက်လာကြလေပြီ။ ချူဟန်က တစ်ချက်မျှသာ လှည့်ကြည့်လိုက်ပြီး မိန်းကလေး၏ မျက်ဝန်းများတွင် တောက်ပနေသော မျှော်လင့်ချက်များကို မြင်တွေ့လိုက်ရသည်။ သူသည် အနောက်ဘက်ရှိ ယဲ့ထျန်းလုံတို့ကို မေးငေါ့ပြလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"မင်း သူတို့ကို စောင့်ကြည့်ထား။ မသင်္ကာစရာ တစ်ခုခု လုပ်တာနဲ့... သတ်ပစ်လိုက်"

"ဟုတ်ကဲ့ပါရှင်"

၁၈ ၏ သေးငယ်သော ခန္ဓာကိုယ်လေးထဲတွင် တက်ကြွမှုများ အပြည့်အဝ စီးဆင်းသွားတော့သည်။ အပြစ်ကင်းစင်သော မျက်နှာလေးမှာ တောက်ပလင်းလက်သွား၏။

ချူဟန်က တာဝန်တစ်ခုကို အလွယ်တကူ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာသော်လည်း ထိုအချက်က သူမ၏ မျှော်လင့်ချက်များကို အဟန့်အတား မဖြစ်စေခဲ့ပေ။ သူမက ချပ်ခနဲ သေနတ်မောင်းတင်လိုက်ပြီး သေနတ်ပြောင်းဝကို ယဲ့ထျန်းလုံထံသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်သည်။ စောစောက အမှားမှ သင်ခန်းစာ ယူထားသော သူမသည် ယခုတစ်ကြိမ်တွင် ခေါင်းကို မချိန်တော့ဘဲ ရင်ဘတ်ကို ချိန်ရွယ်ထား၏။ ပစ်မှတ် ကျယ်ဝန်းသဖြင့် ပို၍ ထိလွယ်သောကြောင့် ဖြစ်သည်။

ယဲ့ထျန်းလုံတို့ အဖွဲ့မှာ အလန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။

သောက်ကျိုးနည်း၊ ဒီကလေးမ ရူးနေပြီပဲ။

"လက်နက် ကိုင်ထားကြစမ်း"

၁၈ ၏ စူးရှသော အသံ ထွက်ပေါ်လာသည်။ လက်ထဲရှိ သေနတ်၏ အရှိန်အဝါကို အသုံးချကာ သူမ၏ အမူအရာမှာ ပို၍ပင် မောက်မာလာ၏။ သေနတ်ပြောင်းဝဖြင့် ယဲ့ထျန်းလုံတို့ကို တစ်ယောက်ချင်းစီ ညွှန်ပြလျက် မိန်းကလေးငယ်၏ အသံစူးစူးဖြင့် ပြောလိုက်သည်။

"ရှင်၊ ရှင်ရောပဲ။ ရှင်တို့ အားလုံး လှေကား ဘေးနှစ်ဖက်မှာ သွားရပ်နေကြ။ ပြောစကားနားမထောင်ရင် ဒီကျည်ဆန် သေချာပေါက် ကျွေးမယ်"

လှေကားထိပ်မှာ အတော်လေး ကျယ်ဝန်းသဖြင့် ချူဟန်တို့ သုံးဦးတည်းဖြင့် အပြည့်အဝ ပိတ်ဆို့ထားရန် မဖြစ်နိုင်ချေ။ ၁၈ က ယဲ့ထျန်းလုံတို့ကို သနားညှာတာရန် အစီအစဉ် လုံးဝမရှိဘဲ လှေကား ကာကွယ်ရေးတွင် အတင်းအကျပ် ပါဝင်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ယဲ့ထျန်းလုံတို့မှာ ဆန့်ကျင်ရန် သတ္တိမရှိသဖြင့် အမိန့်ကို နာခံရုံသာ ရှိတော့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လှေကား၏ အလယ်တည့်တည့်တွင် ချူဟန် နေရာယူထား၏။ ဇွန်ဘီများ ကိုက်မည်ဆိုလျှင်တောင်မှ ချူဟန်ကိုသာ အရင်ဆုံး ပစ်မှတ်ထားမည်မှာ သေချာသည်။

ဟင်ဟင်…

ယဲ့ထျန်းလုံက စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။ တကယ် အရူးတွေပဲ။ ငါဆိုရင် အသားတုံး နံရံ နည်းဗျူဟာကို သုံးမှာပဲ။ ပြေးနေတဲ့ ကောင်တွေကို ဇွန်ဘီအုပ်ထဲ ပစ်ထည့်ပြီး အကာအကွယ် လုပ်မယ်။ အဲဒီအချိန်မှာ ကိုယ်က လွတ်အောင် ပြေးမှာပေါ့။

ဂါးးးးးး...

လှိုင်းလုံးကြီးများပမာ ဆက်တိုက် ထွက်ပေါ်နေသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများက အောက်ဘက်မှ တဖြည်းဖြည်း နီးကပ်လာသည်။ ပထမဆုံး ဇွန်ဘီ တစ်ကောင် လှေကားထိပ်တွင် ပေါ်လာပြီး ချက်ချင်းပင် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်တို့က နောက်မှ ဆက်တိုက် ပါလာကြ၏။

ယခု ဇွန်ဘီများသည် ကမ္ဘာပျက်ကပ် စတင်စက အခြေအနေနှင့် အနည်းငယ် ကွာခြားနေလေပြီ။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ပုပ်ဟောင်နေသော အသားများမှာ ပို၍ ဆွေးမြေ့လာပြီး ခပ်လှမ်းလှမ်းတွင် ရှိနေလျှင်ပင် အော့နှလုံးနာဖွယ် အနံ့ဆိုးကြီးက နှာခေါင်းဝသို့ တိုးဝှေ့လာသည်။

ကမ္ဘာကြီး အမှောင်ဖုံးသွားရသည့် အကြောင်းအရင်းကိုဖြစ်စေ၊ လူသားများ ရုတ်တရက် ဇွန်ဘီအဖြစ် ပြောင်းလဲသွားရသည့် အကြောင်းအရင်းကိုဖြစ်စေ မည်သူမျှ မသိရှိကြချေ။

သို့သော် ဇွန်ဘီများသည် လူသားများနှင့် မတူညီသော အခြား သက်ရှိတစ်မျိုး ဖြစ်နေပြီဆိုသည်မှာ သေချာသည်။ ကူးစက်ခံရသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်တွင်းရှိ အရာအားလုံးက ပြောင်းလဲသွားမည်။ အရိုးအဆစ်များ ပျော့ပြောင်းသွားပြီး ကြွက်သားများနှင့် ကလီစာများ ပုပ်သိုးလာသည်။ ဤလက္ခဏာများ အားလုံးက ၎င်းတို့သည် လူသားများထက် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် အားနည်းကြောင်း ဖော်ပြနေသည်။

သို့သော် ၎င်းမှာ ယာယီသာ ဖြစ်သည်။

ဆုတ်ယုတ်မှု ဟု ခေါ်ဆိုမည့်အစား ဇီဝကမ္မဖြစ်စဉ် အသစ် ဟု ခေါ်ဆိုခြင်းက ပို၍ သင့်လျော်ပေမည်။ ကနဦး ဇွန်ဘီများသည် ဦးစွာ ခန္ဓာကိုယ်တွင်း ကျန်ရှိနေသော လူသားဆိုင်ရာ အစိတ်အပိုင်းများ ကို ဇီဝကမ္မဖြစ်စဉ်ဖြင့် လုံးဝ ဖယ်ရှားပစ်သည်။ ထို့နောက် ၎င်းတို့ကို စောင့်ကြိုနေသည်မှာ... မျိုးဗီဇ ပြောင်းလဲခြင်း ပင် ဖြစ်သည်။

၎င်းတို့သည် ပို၍ သန်မာလာမည်ဖြစ်ပြီး အဆင့်လိုက် ဆင့်ကဲပြောင်းလဲလာကြမည်။ သို့သော် မည်မျှပင် ပြောင်းလဲစေကာ လုံးဝ မပြောင်းလဲနိုင်သော အရာတစ်ခု ရှိနေသေး၏။

လတ်ဆတ်သော သွေး။

၎င်းမှာ ဇွန်ဘီများအတွက် လုံးဝ အရှုံးပေးရမည့် သေစေနိုင်သော သွေးဆောင်မှုပင် ဖြစ်သည်။

မကြာမီပင် လှေကားပေါ်တွင် လိမ့်ကျနေသော လုဝမ်၏ အလောင်းကို ၎င်းတို့ သတိပြုမိသွားကြသည်။

ဇွန်ဘီအုပ်ကြီးက တစ်ပြိုင်နက်တည်း အလုအယက် ပြေးဝင်သွားကြပြီး ဆာလောင်မွတ်သိပ်မှုကြောင့် ရူးသွပ်နေသည့်အလား လတ်ဆတ်သော လူသားအသားများကို ကိုက်ဖြတ်စားသောက်ကြတော့၏။ ချွန်ထက်သော လက်သည်းများနှင့် အစွယ်များက အလောင်း၏ အဝတ်အစားများကို မျက်စိတစ်မှိတ်အတွင်း ဆွဲဖြဲပစ်လိုက်သည်။

ဇွန်ဘီတစ်ကောင်က လုဝမ်ကို ကြီးမားစွာ ကိုက်ဖြတ်လိုက်သည်။ စုရုံးလာသော ဇွန်ဘီ အရေအတွက်မှာ မျက်စိတစ်မှိတ်အတွင်း တိုးပွားလာပြီး အလောင်းကို ဝိုင်းရံလျက် ခန္ဓာကိုယ် အနှံ့အပြားကို အငမ်းမရ ကိုက်ဖြတ်စားသောက်ကြတော့၏။

ထိုမြင်ကွင်းမှာ အလွန်တရာ ကျောချမ်းဖွယ်ကောင်းပြီး သွေးထွက်သံယို များလွန်းလှသဖြင့် အတိတ်က ငရဲခန်းပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော ချူဟန်ပင်လျှင် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ယဲ့ထျန်းလုံတို့အတွက် ဆိုဖွယ်ရာပင် မရှိတော့ချေ။ သူတို့သည် လူသတ်ဖူးပြီး စကားနားမထောင်သူများကို ဇွန်ဘီအုပ်ထဲ ပစ်ထည့်ဖူးသော်လည်း ယခုကဲ့သို့ အနီးကပ် အနေအထားမှ ဇွန်ဘီများ၏ စားသောက်ပွဲ ကို အသေးစိတ် ကြည့်ရှုခဲ့ရခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပေ။

ချန်ရှောက်ရယ်သည် မီးသတ်ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာ တဆတ်ဆတ် တုန်ယင်နေ၏။

ရှန်ကျိုတီနှင့် ၁၈ တို့မှာလည်း သေနတ်ကိုင်ထားသော လက်များ အနည်းငယ် တုန်ယင်နေသည်။ အပြင်ပန်းတွင် မည်မျှပင် တည်ငြိမ်ဟန်ဆောင်ပြီး သတ္တိရှိဟန် ပြစေကာမူ အတွင်းစိတ်မှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုများကို အပြည့်အဝ ဖိနှိပ်ထားရန် မဖြစ်နိုင်ချေ။

ချူဟန်သည် လက်ထဲရှိ ပုဆိန်ရိုးကို အတတ်နိုင်ဆုံး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဇွန်ဘီလှိုင်း။ ဒီကောင်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။

All Chapters