အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) အလောင်းတစ်လောင်းတည်းနဲ့ မလုံလောက်ဘူး
ကျန်းဇီယွီမှာ တစ်ကိုယ်လုံး ချွေးများ ထွက်နေသည်။
ချူဟန် ဘယ်တုန်းက သေနတ်ပစ်တတ်သွားတာလဲ။
ဇွန်ဘီတွေကို သတ်ခဲ့တယ်။ ကြောက်စရာကောင်းလောက်တဲ့ အမြန်နှုန်းနဲ့ ပုဆိန်ကို နာရီပေါင်းများစွာ ဆက်တိုက် ခုတ်ခဲ့တယ်။ အခုလည်း လူတစ်ယောက်ရဲ့ ခေါင်းကို မျက်တောင်မခတ်ဘဲ ပစ်ခတ်လိုက်ပြန်ပြီ။
ငါ အိပ်မက် မက်နေတာများလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူလည်း ငါနဲ့ အတူတူ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား တစ်ယောက်ပဲ မဟုတ်ဘူးလား။
ကူရှောင်ထုန်မှာ မျက်လုံးများ အရောင်လက်သွားပြီး ရင်ခုန်သံများ မြန်ဆန်နေတော့သည်။
အခုက ကမ္ဘာပျက်ကပ် ကာလလေ။ အရင်က ယဉ်ကျေးမှု ခေတ်ကာလနဲ့ မတူတော့ဘူး။ ပိုက်ဆံရှိလည်း ဘာမှ အသုံးမဝင်တော့ဘူး။
သူမ အလွန်အမင်း နောင်တရနေမိသည်။
ချူဟန်က ဒီလောက် အစွမ်းအစရှိတဲ့သူမှန်း သိခဲ့ရင် တက္ကသိုလ် ပထမနှစ်တုန်းက ဒီကောင်လေးကို လှောင်ပြောင်ပြီး အထင်သေးခဲ့မှာ မဟုတ်ဘူး။
ယဲ့ထျန်းလုံ၏ နောက်လိုက် အသက်ရှင်ကျန်ရစ်သူများမှာလည်း ရေတံခွန်ပမာ ချွေးများ စီးကျနေပြီး တဆတ်ဆတ် တုန်ယင်နေကြသည်။
ဒီလူငယ်က တကယ်တော့ ဘယ်သူများလဲ။
ချူဟန်သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အလွန်အမင်း တင်းမာနေသော အာရုံကြောများကို အနည်းငယ် ပြေလျော့စေလိုက်သည်။
ယဲ့ထျန်းလုံ၏ ခေါင်းကို တိကျစွာ ပစ်ခတ်နိုင်ခဲ့သော်လည်း မိမိကိုယ်ကို အသိဆုံး ဖြစ်သည်။ အတိတ်ဘဝက သေနတ်ပစ် စွမ်းရည်မျိုး ယခု မိမိတွင် အနည်းငယ်မျှ မရှိသေးချေ။
လက်ရှိ ခန္ဓာကိုယ်မှာ သေနတ် ကိုင်တွယ်ရသည့် ခံစားချက်ကို မမှတ်မိသေးပေ။ စောစောက အသက်လုရမည့် အခြေအနေတွင် ယဲ့ထျန်းလုံကို တိကျစွာ ပစ်ခတ်နိုင်ခဲ့ခြင်းမှာ အကွာအဝေး နီးကပ်လွန်းခြင်းနှင့် ဒူးခေါင်းကို ပစ်ခံထားရသဖြင့် ယဲ့ထျန်းလုံ လှုပ်ရှား၍ မရခြင်းတို့ကြောင့်သာ ဖြစ်သည်။ အတိတ်ဘဝက သေနတ်အသုံးပြုမှု အတွေ့အကြုံများကြောင့် အသာစီး ရခဲ့သည်ဆိုသော်လည်း...
အတိတ်ဘဝက သူ၏ အကောင်းဆုံး အချိန်ကာလနှင့် နှိုင်းယှဉ်ပါက ယခု လက်စွမ်းမှာ မိုးနှင့်မြေ ကွာခြားလှသည်။
“ဒီမယ်၊ ဘယ်အချိန်ထိ ဖိထားဦးမှာလဲ”
သူ့အောက်တွင် ရောက်နေသော ရှန်ကျိုတီထံမှ ဒေါသသံ တိုးတိုးလေး ထွက်ပေါ်လာသည်။
ပူးကပ်နေသော ခန္ဓာကိုယ်များထံမှ အမျိုးသမီးများ၏ သီးသန့် ချိုမြိန်သော ရနံ့များက လွင့်ပျံလာ၏။
ချူဟန် ငုံ့ကြည့်လိုက်ရာ တမင်တကာ ဝါကြန့်ကြန့်ဖြစ်အောင် လုပ်ထားသော ရှန်ကျိုတီ၏ မျက်နှာကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာ မိတ်ကပ် မပြင်နိုင်ခဲ့သည့်အပြင် ချွေးများ အလွန်အမင်း ထွက်ထားသဖြင့် မိတ်ကပ်များ ပျက်ကာ ကွက်ကျား ဖြစ်နေ၏။
ရုပ်ဆိုးသည်ဟု ထင်ရသော်လည်း ဂရုတစိုက် ရုပ်ဖျက်ထားခြင်းကို ကြည့်ခြင်းအားဖြင့် သူမ၏ မူလရုပ်ရည်မှာ ဘယ်လောက်တောင် လှပမည်ဆိုသည်ကို မည်သူမဆို ခန့်မှန်းနိုင်ပေသည်။
သို့သော် ချူဟန်က ဖယ်မပေးပေ။ သူမအပေါ်တွင် အုပ်မိုးထားလျက် သူမ၏ မျက်ဝန်းများကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“စောစောက ဘာလို့ ဒူးကိုပဲပစ်လိုက်တာလဲ”
သူ အကဲခတ်နေခဲ့သည်။ ဤအမျိုးသမီး၏ သေနတ်ပစ်စွမ်းရည်မှာ အလွန်တရာ မြင့်မားလှ၏။ တိကျမှု ရာခိုင်နှုန်း သုံးဆယ်ကျော်ရှိပြီး ထိုမျှ နီးကပ်သော အကွာအဝေးတွင် ယဲ့ထျန်းလုံကလည်း ရှောင်တိမ်းခြင်း မရှိခဲ့ပဲ သေစေနိုင်သော နေရာကို သေချာပေါက် တိကျစွာ ပစ်ခတ်နိုင်ခဲ့မည်မှာ အသေအချာပင်။ ကျည်ဆန် အပိုအချို့ ထပ်မံ ပစ်ခတ်ရန်ပင် အချိန် အလုံအလောက် ရှိခဲ့သည်။
သို့သော် သူမက ယဲ့ထျန်းလုံ၏ ဒူးခေါင်းကိုသာ ပစ်ခတ်ခဲ့သည်။ ထိုအချက်ကြောင့် နောက်ဆုံးတွင် ချူဟန် ကိုယ်တိုင် ဝင်ရောက် ရှင်းလင်းလိုက်ရခြင်း ဖြစ်၏။
ကမ္ဘာပျက်ကပ် စတင်ခါစ အချိန်မှာ တခြားသူကို အားကိုးဖို့ မျှော်လင့်တာက တကယ့် အရူးလုပ်ရပ်ပဲ
“ဘာလို့လဲ… မင်းရဲ့ တွေဝေမှုက ငါတို့ကို ဘယ်လောက်တောင် အန္တရာယ် ပေးနိုင်လဲ ဆိုတာ မင်း သိရဲ့လား”
“ပြောလေ”
ချူဟန်၏ လေသံမှာ ပိုမို ကျယ်လောင်ပြီး တင်းမာလာလေသည်။ ရှန်ကျိုတီ၏ ရည်ရွယ်ချက်ကို သံသယဖြစ်သွားသည်။
ရှန်ကျိုတီမှာ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ ပုံမှန်အားဖြင့် မောက်မာသော စရိုက်ရှိသည့် သူမမှာ ယခုအချိန်တွင်တော့ တစ်ခွန်းမျှ ပြန်မပြောနိုင်ခဲ့ချေ။
သူတို့နှစ်ဦး အပြန်အလှန် စိုက်ကြည့်နေစဉ် ပတ်ဝန်းကျင်မှာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ အားလုံးက ကြမ်းပြင်ပေါ်တွင် ထပ်လျက်ရှိနေသော ထိုထူးဆန်းသည့် အနေအထားကို စိုက်ကြည့်နေကြပြီး မည်သူကမျှ ဝင်ရောက် မပြောဆိုရဲကြပေ။
“ဒီအမျိုးသမီးက လူမှ မသတ်ဖူးတာ”
ရုတ်တရက် ၁၈ ၏ အသံ ထွက်ပေါ်လာသည်။ သူမက ဗီရိုအနောက်မှ ခေါင်းပြူထွက်လာ၏။
ရှန်ကျိုတီက လူမသတ်ဖူးဘူးလား။
ထိုအချက်က ချူဟန်အတွက် လုံးဝ မျှော်လင့်မထားသော အရာဖြစ်ခဲ့သည်။
ရှန်ကျိုတီက မျက်နှာလွှဲလိုက်ပြီး ချူဟန်ကို ရှောင်ဖယ်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ပြင်းထန်သော နောင်တတရားများနှင့် နက်နက်ရှိုင်းရှိုင်း တွေဝေမှုများ ရောယှက်နေ၏။
ထိုအချိန်တွင် ၁၈သည် ယဲ့ထျန်းလုံ၏ အလောင်းအနီးသို့ လျှောက်သွားသည်။ ကြမ်းပြင်ပေါ် ကျနေသော အော်တိုမက်တစ် ရိုင်ဖယ်ကို ကောက်ယူလိုက်ပြီး အလွန်အမင်း ရွံရှာသော အမူအရာဖြင့် အလောင်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။
ဒီလောက်နဲ့တင် ကျေနပ်ပုံမရသေးဘဲ မိန်းကလေးငယ်၏ မျက်လုံးများ အရောင်လက်သွားကာ အလောင်းထံသို့ ရုတ်တရက် သေနတ်ချိန်ရွယ်လိုက်၏။
ဒိုင်း...
မထင်မှတ်ဘဲ ယဲ့ထျန်းလုံ၏ နှလုံးတည့်တည့်သို့ နောက်ထပ် ကျည်တစ်တောင့် ထပ်မံ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူအားလုံး ကြက်သေ သေသွားကြပြီး အများစုမှာ ကြောက်လန့်လွန်းသဖြင့် အရုပ်ကြိုးပြတ် လဲကျသွားကြသည်။
ချူဟန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဒီကလေးမလေး...
“ဒါနဲ့လေ၊ အရမ်းမိုက်တာပဲနော်”
၁၈က မျက်လုံးများ တောက်ပစွာဖြင့် ချူဟန်ကို စိုက်ကြည့်လိုက်သည်။ ကစားစရာ အသစ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ အပြစ်ကင်းစင်သော အမူအရာမျိုး ဖြစ်၏။
“ရှင့်ရဲ့ သေနတ်ပစ်စွမ်းရည်က တကယ် အံ့မခန်းပဲနော်”
“အာ့...”
ထိုစဉ် ချန်ရှောက်ရယ်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။
ချူဟန်သည် ရှန်ကျိုတီ အပေါ်မှ ဖယ်ခွာလိုက်ပြီး ချန်ရှောက်ရယ်ကို ဆွဲထူကာ ဒဏ်ရာကို စစ်ဆေးလိုက်သည်။
နောက်တစ်စက္ကန့်မှာပင်...
ဖြန်း...
ချူဟန်က ချန်ရှောက်ရယ်၏ ထူထဲသော အဆီပိုများကို မညှာမတာ ရိုက်ချလိုက်သည်။
“ပွန်းသွားရုံလေးပါကွာ”
ချူဟန်က အော်ငေါက်လိုက်သော်လည်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒီကောင် ဘာမှမဖြစ်လို့ တော်သေးတာပေါ့။
“ဟင်”
ချန်ရှောက်ရယ်က မယုံနိုင်သော မျက်နှာထားဖြင့် ပြန်ကြည့်လိုက်သည်။
“ဒါပေမဲ့ သွေးတွေ အများကြီး ထွက်နေတာကို”
“မင်း ဝနေလို့ ဖြစ်မှာပေါ့”
ချူဟန်က ပတ်တီးထုတ်ကာ လက်မောင်းတွင် ကြမ်းတမ်းစွာ ပတ်ပေးလိုက်သည်။
“ဒီလောက် ပွန်းသွားတာလေးကို ကတုန်ကယင် ဖြစ်နေတာပဲ။ သတ္တိလေး ဘာလေး မွေးစမ်းပါဦး”
“ဟီးဟီး”
မိမိ၏ ဒဏ်ရာမှာ အရေးမကြီးမှန်း သိလိုက်ရသဖြင့် ချန်ရှောက်ရယ်မှာ အရူးတစ်ယောက်လို ပြုံးလိုက်မိသည်။
“မဟုတ်ဘူးလေ ဘော့စ်ရဲ့၊ ဘော့စ်ရဲ့ သေနတ်ကိုင်တဲ့ ပုံစံက တကယ်ကို လန်းနေတာပဲ”
ချူဟန်၏ နှုတ်ခမ်းထောင့်များ အလိုလို မြင့်တက်သွားတော့သည်။ ရင်ဘတ်ထဲတွင် လွမ်းဆွေးဖွယ်ကောင်းသော၊ မရင်းနှီးသော ခံစားချက်များ ပြည့်လျှံလာ၏။
ယုံကြည်မှု လား။ ဒါမှမဟုတ် သူငယ်ချင်း သံယောဇဉ် လား။
ဂါးးးး...
ကောင်းကင်ကို ဖုံးလွှမ်းမတတ် ကျယ်လောင်သော ဇွန်ဘီများ၏ အော်သံကြီးများက ရုတ်တရက် အသိဝင်လာစေသည်။
ချူဟန် လန့်ဖျပ်သွားပြီး လှေကားဘက်သို့ အမြန် လှည့်ကြည့်လိုက်၏။
အပြင်ဘက်တွင် အမှောင်ကျနေလေပြီ။ လှေကားထိပ်တွင် စုရုံးနေသော ဇွန်ဘီများမှာ ဆက်တိုက် တိုးပွားလာနေသည်။ တွေးခေါ်နိုင်စွမ်း ကင်းမဲ့သော ထိုဇွန်ဘီများမှာ လူသားများ၏ အနံ့ကိုသာ အာရုံခံနိုင်ပြီး လမ်းကြောင်းကို ပိတ်ဆို့နေသော အလောင်းနံရံကြီးကို ရူးသွပ်စွာ ထုရိုက်ကာ ကုတ်ခြစ်နေကြ၏။
အလောင်း တစ်ရာကျော် ထပ်လျက် ဖြစ်ပေါ်လာသော ထူထဲသည့် အသားတုံး နံရံကြီး။ သို့သော် ထိုနံရံကြီးမှာ ယခုအခါ ပြင်းထန်စွာ တုန်ခါနေသည်။
ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာပြီး အချိန်မရွေး ပြိုကျလာတော့မည့် အနေအထား ဖြစ်နေ၏။
သိပ်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ချေ။ အလောင်းနံရံတွင် ဟာကွက်များ ရှိနေပြီး ဟိုဘက်ခြမ်းမှ ဇွန်ဘီများက ဆွဲဆောင်မှုရှိသော လူသားအနံ့များကို ရှင်းလင်းစွာ ရရှိနေကြသည်။ ဇွန်ဘီဆိုသည်မှာ သွေးသားများကို မစားရသရွေ့ လုံးဝ အရှုံးမပေးသော သတ္တဝါမျိုး ဖြစ်သည်။ ဤနံရံကို သေချာပေါက် ဖောက်ထွက်လာမည်။
ပို၍ ဆိုးရွားသည်မှာ ယဲ့ထျန်းလုံ၏ ခေါင်းနှင့် ဒူးခေါင်းမှ ထွက်ကျလာသော သွေးများက ပြင်းထန်သော သွေးနံ့များကို လွှင့်ထုတ်နေခြင်းပင်။
ဇွန်ဘီများက ထိုအနံ့ကို သတိပြုမိသွားကြလေပြီ။
၎င်းတို့မှာ အလွန်အမင်း ရူးသွပ်သွားကြပြီး နံရံတစ်ဖက်တွင် လတ်ဆတ်သော အသားများ ရှိနေကြောင်း သေချာသွားသဖြင့် အလောင်းနံရံကြီးကို အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်နေကြတော့သည်။ နံရံကိုသာ ကျော်ဖြတ်နိုင်ပါက အကောင်းဆုံး ညစာကို စားသုံးရတော့မည် မဟုတ်လော။ လူသား အသားများကို ကိုက်ဖြတ်ပြီး လတ်ဆတ်သော သွေးများကို အငမ်းမရ သောက်သုံးရန်အတွက်ပင်။
“ဘယ်လိုလုပ်ကြမလဲ။ ရှင့်ပြောတဲ့အတိုင်း လုပ်ပါ့မယ် “
အပြည့်အဝ တည်ငြိမ်သွားပြီဖြစ်သော ရှန်ကျိုတီက အော်တိုမက်တစ် ရိုင်ဖယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ချူဟန်ကို ကြည့်လိုက်သည်။
ချူဟန်၏ မျက်မှောင်ကြုတ်ထားမှုများက ပြေလျော့မသွားသေးပေ။ ထွက်ပေါက်မှာ ထိုနေရာ တစ်ခုတည်းသာ ရှိသည်။ သို့သော် ထိုနေရာမှာ ဇွန်ဘီများဖြင့် အပြည့်အဝ ပိတ်ဆို့ခံထားရလေပြီ။ အစကတည်းက သူတို့သည် ထောင်ချောက်ထဲတွင် လုံးလုံးလျားလျား ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေညီထပ် ကွက်လပ်တွင်လည်း ဇွန်ဘီ အကောင်တစ်ရာ နီးပါး စုရုံးနေပြီး နားနေစခန်း ဝင်ပေါက်သို့ အလုအယက် ပြေးဝင်နေကြသည်။ အတွင်းဘက်တွင် ပြည့်ကျပ်နေသဖြင့် ဝင်မရခြင်း ဖြစ်ပုံရ၏။ ဤ အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် ယခု ဇွန်ဘီလှိုင်းမှာ စုစုပေါင်း အကောင် ခြောက်ရာကျော် ရှိမည်မှာ သေချာသည်။
လတ်ဆတ်သော သွေးနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသော အောက်ထပ်မှ ဇွန်ဘီများသည် ဆာလောင်မွတ်သိပ်မှုကြောင့် ရူးသွပ်နေကြပြီး ဒုတိယထပ် ပြတင်းပေါက်ဆီသို့ လက်များ ဆန့်တန်းကာ အဆက်မပြတ် အော်ဟစ်နေကြ၏။ ထိုသို့လုပ်ပါက လူသားများကို ဖမ်းမိမည်ဟု ထင်မှတ်နေကြပုံရသည်။
ရှေ့မှ ကျား၊ နောက်မှ ဝံပုလွေ။ လွတ်လမ်း လုံးဝ ပိတ်သွားလေပြီ။
“ပြီးသွားပြီ။ ငါတို့ သေရတော့မှာပဲ။ ထွက်ပြေးလို့ မရတော့ဘူး”
ရှန်ကျိုတီ သည် ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးတော့သည်။
“ဟင်းးးး... မင်ချူးမြို့ကနေ ဘာလို့ ထွက်လာခဲ့တာလဲ။ စူပါမားကတ်မှာပဲ ဆက်နေခဲ့ရင် ရေရော အစားအသောက်ရော ရှိနေတာကို။ ဘာလို့ ထွက်လာခဲ့မိတာလဲ။ ဘာလို့လဲ”
“ဒီလောက်များတဲ့ ဇွန်ဘီတွေ... အစ်ကိုချူဟန် ကယ်ပါဦး။ တောင်းပန်ပါတယ်။ ကျွန်တော် မသေချင်သေးဘူး”
ကူရှောင်ထုန်မှာလည်း ရူးသွပ်လုမတတ် ဖြစ်နေပြီး ချူဟန်၏ အင်္ကျီစကို ဆွဲကိုင်ကာ တစာစာ အော်ဟစ်နေတော့၏။
“နင်က သန်မာတယ် မဟုတ်လား။ သေနတ်လည်း ပစ်တတ်တယ်လေ။ မြန်မြန် သွားပြီး အဲဒီအကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်ပါလား။ တောင်းပန်ပါတယ်ဟာ”
“ဒီကောင်မက ဘယ်သူလဲ။ ဆူညံနေတာပဲ”
ငိုယိုနေသော ကူရှောင်ထုန်၏ စုတ်ပြတ်သတ်နေသည့် ပုံစံကို ငုံ့ကြည့်လျက် ၁၈က လုံးဝ အေးစက်စက် လေသံဖြင့် လှောင်ပြောင်လိုက်သည်။