အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) ငြိမ်းချမ်းစွာ အိပ်စက်ပါတော့
တစ်ခဏအတွင်းမှာပင် လူအားလုံး၏ အကြည့်များမှာ အပြင်ဘက်သို့ ပြေးထွက်သွားသော ကားဆီသို့
တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။
ကားကိုယ်ထည်မှာ မြင့်မား၍ ခိုင်ခံ့လွန်းလှသည်။ အပျက်အစီးများ ပြည့်နှက်နေသော ကြမ်းတမ်းသည့်လမ်းကြောင်းကိုပင် ဂရုစိုက်မနေဘဲ တရစပ် ဖြတ်ကျော်သွား၏။ အရေးကြီးဆုံးအချက်မှာ ကားအတွင်း၌ အားလုံးကို ရူးသွပ်သွားစေလောက်အောင် များပြားလှသော စားနပ်ရိက္ခာနှင့် ရေများ အပြည့်အနှက် ပါဝင်နေခြင်းပင်။
အင်ဂျင်၏ ဟိန်းဟောက်သံမှာ သေးငယ်လှသည် မဟုတ်ချေ။ ဇွန်ဘီ အကောင်အနည်းငယ်ကို ဆွဲဆောင်မိသော်လည်း ခိုင်ခံ့သော ကားကိုယ်ထည်အောက်တွင် စုတ်ပျက် ပျက်စီးသွားကြသည်။ မူလက တောက်ပမှု ကင်းမဲ့နေသော ကားကိုယ်ထည်မှာ ယခုအခါ ပုပ်ဟောင်နေသော အသားစများနှင့် မည်းနက်သည့် သွေးများ ပေကျံနေသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားတော့သည်။
G55 ကားကြီးသည် မည်သည့် တွေဝေခြင်းမျှ မရှိဘဲ ထွက်ပေါက်ရှိရာသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားတော့၏။
“ဒီသောက်ရူးကောင် လူမဆန်တဲ့ကောင်”
အသက်ရှင်ကျန်ရစ်သူ တစ်ဦးက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။
ထိုအော်ဟစ်သံကို အစပြု၍ အခြား အသက်ရှင်ကျန်ရစ်သူများကလည်း G55 ကားကြီး ပျောက်ကွယ်သွားရာ လမ်းကြောင်းသို့ တံတွေးများ ထွေးချကာ အဆဲအဆိုများကို တရစပ် ပြောနေကြသည်။
သူတို့၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသများ ပွက်ပွက်ဆူနေ၏။
သူက ငါတို့ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးသွားတာပဲ
“သူ့ကို အားကိုးမိတဲ့ ငါ့အပြစ်ပဲ။ တကယ်ကို မျက်စိကန်းခဲ့တာပဲ”
“ဒီလူလိမ်ကောင် ကိုယ့်ဘာသာ ထွက်ပြေးရုံတင်မကဘဲ ယဲ့ထျန်းလုံရဲ့ အလောင်းကိုပါ အသုံးချသွားသေးတယ်”
သာမန် ရုပ်ရည်ရှိသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးက အမုန်းတရားဖြင့် မျက်နှာကို ရှုံ့မဲ့လိုက်သည်။ ထိုစကားကို မည်သူမျှ ဆန့်ကျင်မပြောကြချေ။ အားလုံးက ချူဟန်ကို သေသင့်သူ ဟုသာ သတ်မှတ်ထားကြသည်။ အသက်ကယ်ဖို့အတွက် အကောင်းဆုံး ဓားစာခံ ဖြစ်သော အလောင်းကို သူ တစ်ယောက်တည်း အကုန်အသုံးချသွားခဲ့သည် မဟုတ်လား။
အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီနေရာမှာပဲ သေနေ့စောင့်နေရမှာလား။
သောက်ကျိုးနည်း။ ဒီနည်းလမ်းကို အစောကြီးကတည်းကသာ တွေးမိခဲ့ရင် ငါတို့ပဲ လွတ်အောင် ပြေးနိုင်မှာ။
ဇွန်ဘီလှိုင်းမှာ အရေအတွက် လွန်စွာ များပြားလှသည်။
သွေးစွန်းနေသော အိပ်ရာခင်းမှာ ဇွန်ဘီများ၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်း စုတ်ပြတ်သွားကာ အငတ်ဘေးဆိုက်နေသော ဇွန်ဘီများ၏ အစာအိမ်ထဲသို့ ရောက်ရှိသွားတော့သည်။ အပြင်ဘက်စွန်းတွင် ရှိနေပြီး အိပ်ရာခင်းကို မကိုက်လိုက်ရသော ဇွန်ဘီများက အခြား လမ်းကြောင်းတစ်ခုဆီသို့ ရွေ့လျားသွားကြသည်။ အခြား ဆွဲဆောင်မှု မရှိပါက ၎င်းတို့မှာ လမ်းလျှောက်ရင်း သားကောင်အသစ်ကိုသာ ရှာဖွေတတ်သော အကျင့်ရှိ၏။
ထို့နောက် အပြင်ဘက်စွန်းမှ ဇွန်ဘီများမှာ နားနေစခန်းဆီသို့ ချက်ချင်း သတိပြုမိသွားကြသည်။
ပါးလွှာသော်လည်း အမှန်တကယ် ရှိနေသော လူသား ၏ အနံ့။
ဇွန်ဘီများမှာ တိုင်ပင်ထားသကဲ့သို့ပင် နှေးကွေးသော ခြေလှမ်းများဖြင့် စုရုံးကာ နားနေစခန်းဆီသို့ ထပ်မံ ပြေးဝင်လာကြသည်။
တစ်ဖက်တွင် မြေညီထပ်၌ ရှိနေသော အသက်ရှင်ကျန်ရစ်သူများမှာ ဘာလုပ်ဘာကိုင်ရမှန်းမသိ ဖြစ်နေကြသည်။ ဒေါသကြောင့် ဦးနှောက်ထဲသို့ သွေးများ စီးဝင်သွားပြီး အသက်ဘေးကိုပင် မေ့လျော့ကာ ဆဲဆိုအော်ဟစ်လျက် လက်ထဲရှိရာ ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ပြီး ဒေါသဖြေနေကြသည်။
မှန်များမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး မြေညီထပ်မှာ ပျက်စီးနေလေပြီ။ ဝင်ရောက်လာသော ဇွန်ဘီများထက်ပင် ပို၍ ရူးသွပ်နေကြ၏။ ဒီကောင်တွေ တကယ် ရူးကုန်ကြပြီ
‘ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူးဆိုရင် အားလုံး သေကြရုံပဲ’
ဖျက်ဆီးသံများမှာ ရပ်တန့်မသွားချေ။ ၎င်းက ဇွန်ဘီများကို ပို၍ ဆွဲဆောင်နေသည်မှာ အထူးပြောရန် လိုမည် မဟုတ်ပေ။ ဇွန်ဘီများဟာ အရှိန်မြှင့်တင်လိုက်ပြီး သားရဲများကဲ့သို့ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများဖြင့် ပြေးဝင်လာကြသည်။
တဖြည်းဖြည်းနှင့် နီးကပ်လာသော ဝိညာဉ်မဲ့မျက်လုံးများ။ ပို၍ ပြင်းထန်လာသော အလောင်းကောင် အနံ့ဆိုးများ။
ချန်ရှောက်ရယ်၊ ၁၈နှင့် ရှန်ကျိုတီတို့ သုံးဦးမှာ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်းထဲသို့ ကျရောက်သွားတော့သည်။ တကယ်ပဲ မကယ်တင်နိုင်တော့ဘူးလား။
နောက်ဆုံးတွင် ဇွန်ဘီ တစ်ကောင်မှာ ရှေ့ဆုံးသို့ ရောက်ရှိလာသည်။ ပုပ်ဟောင်နေသော လက်များကို ဆန့်ထုတ်ကာ အနီးဆုံးရှိ အသက်ရှင်ကျန်ရစ်သူကို ဖမ်းဆွဲလိုက်၏။
ကျားချွန်းကျဲ့ အမည်ရှိ ဝတုတ်တုတ် အမျိုးသားတစ်ဦး ဖြစ်သည်။ မူလက ဤနေရာ၏ စားဖိုမှူး ဖြစ်သော်လည်း ယခုအခါ အသက်ရှင်လိုစိတ် လုံးဝ ကင်းမဲ့နေသူ ဖြစ်သည်။ ဇွန်ဘီက အနားရောက်လာပြီး လည်ပင်းကို ကိုက်ခဲတော့မည်ကို သိလျက်နှင့်ပင် ခုခံရန်ပင် မကြိုးစားတော့ပေ။
သေလိုက်ရင်ပဲ အေးရော။ ဒီလို ငရဲခန်းမျိုးထဲမှာ အသက်ရှင်ဖို့ မလိုတော့ဘူး။
အချို့မှာ မျက်လုံးများ မှိတ်ထားလိုက်ကြပြီး အားလုံးမှာ မျှော်လင့်ချက်မဲ့ခြင်း၏ မျက်ရည်များဖြင့် ပြည့်နှက်နေကြ၏။
ဒုန်း...
ရုတ်တရက် သေနတ်သံ တစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အင်ဂျင်၏ ပြင်းထန်သော ဟိန်းဟောက်သံကြီးက ပဲ့တင်ထပ်သွားသည်။
ချန်ရှောက်ရယ်မှာ ခန္ဓာကိုယ်ထဲမှ အဆီများပင် တုန်ခါသွားရပြီး မျက်လုံးများကို အားကုန် ဖွင့်လိုက်သည်။
ရှန်ကျိုတီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ပြန်လည် ထွက်ပေါ်လာသည်။
စောစောက ကျားချွန်းကျဲ့၏ ပခုံးကို ကိုက်ရန် ပြင်နေသော ဇွန်ဘီမှာ ထိုပေါက်ကွဲသံကြောင့် တစ်ချက်မျှ ရပ်တန့်သွားသည်။ တွေးခေါ်နိုင်စွမ်း ကင်းမဲ့သော ဇွန်ဘီ၏ ဦးနှောက်မှာ အလုပ်မလုပ်တော့သဖြင့် ကိုက်မည့် လုပ်ဆောင်ချက်မှာ ချက်ချင်း ရပ်တန့်သွား၏။
ထိုအချိန်တွင် ကျားချွန်းကျဲ့၏ မျက်လုံးများထဲတွင် အားမာန်များ ပြန်လည် နိုးထလာသည်။ ရင်ထဲမှ ပြင်းထန်သော အသက်ရှင်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။
“အား...”
သူက ဇွန်ဘီကို အားကုန် တွန်းထုတ်လိုက်ပြီး အနီးအနားမှ သံပိုက်လုံးကို ကောက်ယူကာ ဇွန်ဘီ၏ မျက်နှာထက်သို့ အားကုန် ထိုးသွင်းလိုက်သည်။ ထို့နောက် ဦးခေါင်းကို မူလပုံပန်း မပေါ်တော့သည်အထိ ထုခြေပစ်လိုက်၏။
ထိုအချိန်မှာပင်...
ဒိုင်း... ဒိုင်း... ဒိုင်း...
စနစ်တကျ ရှိသော သေနတ်သံများ ထွက်ပေါ်လာပြီး လူအားလုံး၏ မျက်စိရှေ့သို့ G55 ကားကြီး၏ ဧရာမ ကိုယ်ထည်ကြီး ပေါ်လာသည်။
ဖွင့်ထားသော ကားပြတင်းပေါက်မှ ကျည်ဆန်များ တရစပ် ထွက်ပေါ်လာပြီး ပြင်းထန်သော အသံများနှင့်အတူ နားနေစခန်းသို့ ပြေးဝင်ရန် ပြင်နေသော ဇွန်ဘီများကို အသေအပျောက် များပြားစွာ ဖြစ်ပေါ်စေသည်။
အသက်ရှင်ကျန်ရစ်သူများမှာ ဝမ်းသာလွန်းသဖြင့် အော်ဟစ်နေကြတော့သည်။ အသက်ရှင်ကျန်ရစ်သူများမှာ လက်နက်များကို အသီးသီး ဆွဲကိုင်ကာ အဆောက်အအုံအတွင်း ဝင်ရောက်လာသော ဇွန်ဘီများကို စတင် သုတ်သင်တော့သည်။
၎င်းမှာ ငရဲခန်း၏ အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာသော အလင်းရောင် တစ်ခုနှင့် တူလှသည်။ အဆုံးမရှိသော မျှော်လင့်ချက်များက ရင်ထဲတွင် ပြည့်နှက်လာ၏။
ချူဟန်... သူ ပြန်ရောက်လာပြီ။
“အားလုံးပဲ၊ အသက်စွန့်ပြီး တိုက်ကြစမ်း သူ့ရဲ့ ပေးဆပ်မှုကို အလဟဿ မဖြစ်စေနဲ့”
ရှန်ကျိုတီက အသံတုန်တုန်ဖြင့် အော်ဟစ်လိုက်သည်။
ဤဇွန်ဘီအုပ်မှာ ပုံမှန်မဟုတ်လောက်အောင် များပြားလှသည်။ ထိုနေရာတွင် ချူဟန် ပြန်ရောက်လာပြီ။ ဇွန်ဘီများ အနှံ့အပြားမှ ပိတ်ဆို့လာပါက သူ တကယ်ပဲ သေဆုံးသွားနိုင်သည်။
“အစ်ကိုကြီးချူဟန် ကျွန်တော်တို့ မှားသွားပါတယ် ကျွန်တော်တို့ကို ခွင့်လွတ်ပါ “
အသက်ရှင်ကျန်ရစ်သူများမှာ ကောင်းကင်ကို တိုင်တည်လျက် ကျေးဇူးတင်စကားများ ဆိုနေကြသည်။ သူတို့၏ အမူအရာမှာ အလွန်တရာ ရိုးသားလှပြီး လွန်ခဲ့သော မိနစ်အနည်းငယ်က ချူဟန်ကိုကျိန်ဆဲနေကြသည့်သူများ ဟုတ်ရဲ့လားဟုပင် သံသယဖြစ်ဖွယ် ကောင်းလှ၏။
ချူဟန်သည် G55 ကို မောင်းနှင်လျက် ကွင်းပြင်ကြီးတွင် အကြိမ်ကြိမ် အဝိုင်းလိုက် မောင်းနှင်နေသည်။
ဇွန်ဘီအမြောက်အမြားမှာ သွေးစွန်းနေသော အိပ်ရာခင်း ရှိသည့် နေရာတွင် စုရုံးနေဆဲပင်။ သူတို့မှာ ထိုနေရာကို စွန့်ခွာရန် အစီအစဉ် မရှိဘဲ ကွန်ကရစ် မြေပြင်ကို ရူးသွပ်စွာ လျက်နေကြပြီး သွေးနံ့အနည်းငယ်ကိုပင် လွှတ်မပေးလိုကြချေ။
ချူဟန်က အော်တိုမက်တစ် ရိုင်ဖယ်ကို ချိန်ရွယ်လိုက်သည်။ ကျည်ဆန်မှာ အနည်းငယ်သာ ကျန်တော့၏။
သို့သော် သူ၏ မျက်နှာထားမှာ ရေခဲပမာ အေးစက်နေသည်။ အရှိန်ပြင်းစွာ လှုပ်ခါနေသော ကားထဲတွင်ပင် အံ့အားသင့်ဖွယ် လုပ်ဆောင်ချက် နှစ်ခုကို တပြိုင်နက် လုပ်ဆောင်လျက် ကျည်ဆန်များကို ဆက်တိုက် ပစ်ခတ်လိုက်၏။
ထိုကျည်ဆန် အားလုံးမှာ သူ ဗဟိုချက်ချထားသော ပေပါစည်ပိုင်းထဲသို့ တိကျစွာ ထိမှန်သွားတော့သည်။
ပေပါ စည်ပိုင်းထဲမှ ဓာတ်ဆီများ ပန်းထွက်လာပြီး စုရုံးနေသော ဇွန်ဘီများ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် စီးကျသွား၏။ ကတ္တရာလမ်းပြင်မှာ ချက်ချင်းပင် ဓာတ်ဆီများဖြင့် စိုစွတ်သွားတော့သည်။
ချူဟန်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ လက်သွားသည်။
သူသည် စတီယာရင်ကို အားကုန် ချိုးကွေ့လိုက်ပြီး လီဗာကို အဆုံးထိ နင်းလိုက်၏။ အင်ဂျင်၏ ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ G55 မှာ အဝေးသို့ အရှိန်ပြင်းစွာဖြင့် ထွက်သွားတော့သည်။
ထိုအချိန်မှာပင်...
ကလစ်...
ဇစ်ပို မီးခြစ်မှ မီးပွားများ ထွက်ပေါ်လာသည်။
မီးတောက်နေသော မီးခြစ်မှာ ကားပြတင်းပေါက်မှတစ်ဆင့် လေထဲတွင် ဝဲကာ စုရုံးနေသော ဇွန်ဘီများ၏ ခြေရင်းသို့ တိကျစွာ ကျဆင်းသွားတော့သည်။
အခြားတစ်ဖက်တွင် နားနေစခန်း အတွင်း၌ အမျိုးသားအချို့မှာ စိတ်အသိဉာဏ် ပျောက်ဆုံးသွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသော ချန်ရှောက်ရယ်ကို ကြမ်းပြင်ပေါ်တွင် အတင်း ဖိနှိပ်ထားကြသည်။
ဤလူဝကြီးမှာ လုံးဝ ရူးသွပ်သွားသကဲ့သို့ အစ်ကိုချူဟန်ဆီ သွားမယ် ဟု အော်ဟစ်ကာ အပြင်သို့ ပြေးထွက်ရန် ကြိုးစားနေခြင်း ဖြစ်၏။
“သေချင်နေတာလား။ မင်းသွားလည်း ဘာမှ မတတ်နိုင်ဘူး”
“သောက်ဝတုတ် မင်းသေချင်ရင်လည်း ကိုယ့်ဘာသာ သေ။ ငါတို့ကိုတော့ ဆွဲမထည့်နဲ့”
“ဒီထက် ပိုအော်ရင် မင်းကို အရင်သတ်ပစ်မယ်”
ဒုန်း... ဝုန်း... ဝုန်း... ဝုန်း
အမျိုးသား၏ ဆဲဆိုသံမှာ ရုတ်တရက် မြေပြင်ကို တုန်ခါသွားစေသော ကြီးမားသည့် ပေါက်ကွဲသံကြီးကြောင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။