← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) လျှို့ဝှက်သော ကျေနပ်မှု

မီးတောက်ကြီးက တဟုန်းဟုန်း တောက်လောင်လျက် ကောင်းကင်ယံကိုပင် လောင်ကျွမ်းတော့မည့်အလား အလွန်တရာ တောက်ပလွန်းနေသည်။

မျက်စိတစ်မှိတ်အတွင်း ဇွန်ဘီ ရာပေါင်းများစွာမှာ မီးတောက်များထဲသို့ ကျရောက်သွားပြီး ပေါက်ကွဲသံနှင့်အတူ မီးလောင်ခံလိုက်ရသည်။ ဓာတ်ဆီဆိုင်၏ အလယ်ဗဟိုမှ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများက ဖြာထွက်လာပြီး ပတ်ဝန်းကျင်၏ အပူချိန်ကို ရုတ်ချည်း မြင့်တက်သွားစေ၏။

တထောင်းထောင်း ထနေသော မီးခိုးငွေ့များက မူလကတည်းက မှုန်မှိုင်းနေသော လရောင်ကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။ လေထုထဲတွင် တူးဟောင်နေသော အနံ့ဆိုးများ ပြည့်နှက်နေပြီး အပူလှိုင်းနှင့်အတူ အရပ်လေးမျက်နှာသို့ လွင့်ပျံသွား၏။ မီးတောက်များ ပေါက်ကွဲသံ သဲ့သဲ့ကိုသာ ကြားနေရသည်။ နားနေစခန်း အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော ယုံကြည်နိုင်ဖွယ် မရှိသည့် မြင်ကွင်းကြောင့် ကြက်သေ သေလျက် ရပ်ကြည့်နေကြသည်။ ပတ်ဝန်းကျင်တွင် ကျန်ရစ်နေသော ဇွန်ဘီ အနည်းငယ်ကို မည်သူကမျှ သတိမထားမိကြတော့ချေ။

ချူဟန်က... ပေပါ စည်ပိုင်းကို ဖောက်ခွဲလိုက်တာလား။

မျက်စိတစ်မှိတ်အတွင်းမှာ ဇွန်ဘီ ရာပေါင်းများစွာကို မီးရှို့သတ်ပစ်လိုက်တာလား။

သူက ကိုယ့်ဘာသာ ထွက်ပြေးသွားတာ မဟုတ်ဘူး။ အချိန်တောက်လျှောက် ဇွန်ဘီအုပ်ကြီးရဲ့ ဘေးမှာ လှည့်ပတ်မောင်းနှင်ပြီး အခွင့်အရေးကို စောင့်နေခဲ့တာပဲ။

ယဲ့ထျန်းလုံ၏ အလောင်းကို ကိုင်ကာ ဒုတိယထပ်ကနေ ခုန်ချခဲ့သည်။ အိပ်ရာခင်းကို လွှင့်ပစ်ခဲ့ပြီး G55 ကားပေါ်သို့ တက်ကာ ပေပါ စည်ပိုင်းကို သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့လိုက်သည်...

ထိုအရာအားလုံးမှာ ဆယ်မိနစ်ကျော် အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဇွန်ဘီ အမြောက်အမြား ဝိုင်းရံထားသော မျှော်လင့်ချက်မဲ့ အခြေအနေမျိုးတွင် ဤမျှ တိကျသေချာသော အစီအစဉ်ကို ချမှတ်ရန်မှာ သာမန်လူတစ်ယောက်အတွက် မဖြစ်နိုင်ချေ။အမှန်တကယ်တော့ ရင်ဆိုင်ရန် သတ္တိပင် ရှိမည်မဟုတ်ပေ။ သို့သော် ချူဟန်က ကွဲပြားသည်။ အသေးစိတ် အချက်အလက် အားလုံးကို ပြီးပြည့်စုံစွာ တွက်ချက်ထားပြီး ဤကြီးမားသော အောင်မြင်မှုကို ဖန်တီးနိုင်ခဲ့သည်။

သတ္တိ တစ်ခုတည်း မရပေ။ ၎င်းမှာ သာမန်ထက် သာလွန်သော ဆုံးဖြတ်ချက် ပြတ်သားမှု ပင် ဖြစ်သည်။

အကယ်၍ တစ်မိနစ်မျှ နောက်ကျသွားပါက နားနေစခန်း၏ ဒုတိယထပ်တစ်ခုလုံး ဇွန်ဘီအုပ်ကြီး၏ ထိုးဖောက်ဝင်ရောက်မှုကို ခံရမည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အားလုံး အမြစ်ပြတ် သေဆုံးသွားမည်မှာ သေချာသည်။

ဒီလောက် ကြီးမားတဲ့ ဇွန်ဘီလှိုင်းကြီးကို ဒီလို လွယ်လွယ်လေးနဲ့ ဖြေရှင်းလိုက်တာလား။

အဝေးသို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသော G55 ကားကြီးမှာ တဖြည်းဖြည်း အရှိန်လျော့လာပြီး ကားကို နောက်ပြန်လှည့်လိုက်သည်။ အသက်ရှင်ကျန်ရစ်သူများ အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် ကျွီခနဲ တာယာပွတ်တိုက်သံနှင့်အတူ နားနေစခန်း အဝင်ဝတွင် ကားရပ်သွား၏။

ချူဟန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဒိုင်း... ဒိုင်း... ဒိုင်း... ဟူသော သေနတ်သံ အချို့ ထွက်ပေါ်လာပြီး ကျန်ရှိနေသော ဇွန်ဘီ အနည်းငယ်၏ ခေါင်းများကို တိကျစွာ ပစ်ခတ်လိုက်သည်။

ထိုလှုပ်ရှားမှုများ အားလုံးမှာ အလွန်တရာ တည်ငြိမ်ပြီး အပို လှုပ်ရှားမှု လုံးဝ မပါဝင်ချေ။ သေဘေးမှ လွတ်မြောက်လာသော ဝမ်းသာမှု သို့မဟုတ် သက်သာရာရမှု အရိပ်အယောင်များ သူ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ မတွေ့ရပေ။

“ဘော့စ်...”

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ချန်ရှောက်ရယ်၏ အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားသည်။

သူသည် ချူဟန်၏ ခြေရင်းသို့ ပြေးဝင်သွားပြီး ဘောင်းဘီစကို ဖက်တွယ်ကာ မျက်နှာတစ်ခုလုံး ပေပွနေသည်အထိ ရှိုက်ကြီးတငင် ငိုကြွေးတော့၏။

“အား... အစ်ကိုချူဟန်၊ ဘာမှမဖြစ်လို့ တကယ်ကို တော်ပါသေးတယ်ဗျာ”

ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ဤလူဝကြီး တည်ငြိမ်သွားသည်အထိ စောင့်ရန်သာ ရှိတော့၏။အမှန်တကယ်တော့ အပေါ်ထပ်သို့ အမြန်ပြန်တက်ကာ ယွမ်တစ်ထောင်ကျော် ပေးဝယ်ထားရသော သူ၏ သံပုဆိန်ကြီးကို သွားယူချင်နေပြီ ဖြစ်သည်။

ချန်ရှောက်ရယ်၏ ငိုသံကြောင့် အသက်ရှင်ကျန်ရစ်သူများ သတိပြန်ဝင်လာကြသည်။

သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ အံ့မခန်း ဖြစ်နေ၏။ချူဟန်ကို ကြည့်နေသော သူတို့၏ အကြည့်များမှာ ဂြိုဟ်သားတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ပင်။

ချူဟန်က တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ ဇွန်ဘီတွေကို သုတ်သင်ပြီး အားလုံးကို ကယ်တင်လိုက်တာလား။ ဒါ ပုံမှန် လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ။

ရှန်ကျိုတီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေသည်။ တစ်သက်နှင့်တစ်ကိုယ် ဤမျှ ရင်ခုန်သံ မြန်ဆန်ဖူးခြင်း မရှိခဲ့ချေ။ ပျက်ယွင်းနေသော မိတ်ကပ်များအောက်မှ သူမ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည့် ရှုပ်ထွေးသော ခံစားချက်များကို မည်သို့မျှ ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။

၁၈မှာ မျက်လုံးဝိုင်းဝိုင်းလေးများကို တောက်ပနေအောင် ဖွင့်ထား၏။သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ထင်ရှားစွာ ကျန်ရှိနေသေးသည်။

“အာ... ဟိုလေ”

ရုတ်တရက် ချန်ရှောက်ရယ်ထက် အနည်းငယ် ပိန်သော ဝတုတ်တုတ် အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် အသံထွက်လာသည်။

“ကျွန်တော့်နာမည် ကျားချွန်းကျဲ့ပါ။ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ။ အသက်များစွာကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်လို့တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး”

သူ၏ ရုပ်ရည်မှာ သာမန်ဖြစ်ပြီး လူအုပ်ထဲရောက်သွားပါက ချက်ချင်း ပျောက်ကွယ်သွားနိုင်သော ပုံစံ ဖြစ်သည်။ သူသည် ချူဟန်၏ နောက်ထပ် ခြေထောက်တစ်ဖက်ကို ဖက်တွယ်ကာ အတူတူ လိုက်ငိုချင်လောက်အောင် စိတ်လှုပ်ရှားနေ၏။

“ရပါတယ်”

ချူဟန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး မျက်နှာသေဖြင့် ချန်ရှောက်ရယ်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

‘ဒီဖက်တီးလုပ်နေတာ ငါပါ အရှက်ကွဲတော့မယ်’

ထိုအချိန်တွင် လူရိပ်နှစ်ခုက ရှေ့ဆင့်နောက်ဆင့် ပြေးလာကြသည်။ အလွန်အမင်း စိတ်လှုပ်ရှားသော အသံများဖြင့်...

“ချူဟန် အား... ချူဟန်… နင် ဘာမှမဖြစ်လို့ တော်ပါသေးတယ်ဟာ”

“မင်း ဘာမှမဖြစ်လို့ တော်ပါသေးတယ် သူငယ်ချင်း”

ကျန်းဇီယွီနှင့် ကူရှောင်ထုန်တို့ ဖြစ်ကြသည်။

အခြား အသက်ရှင်ကျန်ရစ်သူများလည်း သတိဝင်လာကြပြီး ချူဟန်ကို ဝိုင်းရံလျက် တစ်ယောက်တစ်ပေါက် စကားပြောလာကြသည်။

“အစ်ကိုကြီးချူဟန်။ အစ်ကိုကြီးက ကျွန်တော့်ရဲ့ အိုင်ဒေါပါပဲ”

“အစ်ကိုကြီးချူဟန်၊ အရမ်း မိုက်တယ်ဗျာ”

“အစ်ကိုကြီး၊ ကျွန်တော့်ကို သေနတ်ပစ်နည်း သင်ပေးလို့ရမလား”

“အစ်ကိုကြီး၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပါဗျာ”

ချူဟန်သည် ယခုတိုင် အော်ဟစ်ငိုယိုနေသော ချန်ရှောက်ရယ်ကို နောက်တစ်ချက် ထပ်ကန်လိုက်သည်။

ထို့နောက် မျက်နှာသေဖြင့် အခြား အသက်ရှင်ကျန်ရစ်သူများကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ရှန်ကျိုတီနှင့် ၁၈တို့ဆီသို့ အကြည့်ရွှေ့လိုက်၏။သူတို့နှစ်ဦးသာလျှင် သူ့ကို ဝိုင်းရံနေသော လူအုပ်ထဲတွင် မပါဝင်ကြချေ။

၁၈သည် အခန်းထောင့်တွင် ဆောင့်ကြောင့်ထိုင်ကာ ဇွန်ဘီ အလောင်းတစ်လောင်းကို အကဲခတ်နေသည်။

ဤမိန်းကလေးငယ်မှာ မွေးရာပါ သတ္တိ အလွန်ကောင်းပုံရသည်။ ဇွန်ဘီဆိုသော ပုံမှန်မဟုတ်သည့် သက်ရှိများကို သူမက စူးစမ်းချင်စိတ်ပင် ဖြစ်ပေါ်နေသေး။ ဇွန်ဘီ၏ ဦးခေါင်းကို အနှံ့အပြား ကလော်ကြည့်ပြီး ဘာမျှ မတွေ့ရသောအခါ နှလုံး၊ ဆီးအိမ် စသည့် အခြား အစိတ်အပိုင်းများကို စတင် ခွဲစိတ်ကြည့်ရှုနေတော့သည်။

ချူဟန်၏ မျက်လုံးအိမ်များထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွား၏။

ရှန်ကျိုတီကို လှမ်းကြည့်လိုက်ရာ သူမက ခေါင်းငုံ့ထားပြီး တုန်ယင်နေသော ပခုံးနှင့် အဆက်မပြတ် ကျဆင်းနေသော မျက်ရည်များနဲ့ တွေ့လိုက်ရသည်။

ချူဟန် အနဲငယ်ပြုံးလိုက်သည်။

သူသည် တိတ်တဆိတ် (ပြန်လည်စတင်ခြင်း စနစ်) ကို ဖွင့်လှစ်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။

[ချန်ရှောက်ရယ်၏ သစ္စာရှိမှု ၁ဝ ရာခိုင်နှုန်း တိုးလာသည်။ လက်ရှိ ၉ဝ ရာခိုင်နှုန်း]

[၁၈၏ သစ္စာရှိမှု ၁ဝ ရာခိုင်နှုန်း တိုးလာသည်။ လက်ရှိ ၆ဝ ရာခိုင်နှုန်း]

ယဲ့ထျန်းလုံ၏ လက်ထဲမှ သူမကို ကယ်တင်လိုက်ချိန်ကတည်းက ၅ဝ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ မျှော်လင့်ချက်မဲ့နေသူကို ကယ်တင်ခြင်းက လူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။

သို့သော် ရှန်ကျိုတီ၏ သစ္စာရှိမှုမှာ အနိမ့်ဆုံးဖြစ်ပြီး [၃ဝ ရာခိုင်နှုန်း] သာ ရှိသည်။

ထိုဂဏန်းကို မြင်လိုက်ရသောအခါ ချူဟန်မှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ တော်တော်ကို စည်းရုံးရခက်တဲ့ မိန်းမပဲ။

၁၈ကို ကယ်တင်ခဲ့ချိန်ကရော၊ ဓားစာခံအဖြစ် အောက်သို့ ခုန်ချခဲ့ချိန်က ဤအမျိုးသမီး၏ သစ္စာရှိမှုမှာ အနည်းငယ်မျှ တက်မလာခဲ့ပေ။ ဇွန်ဘီများ အားလုံးကို မီးရှို့သတ်ပစ်ပြီး အားလုံးကို ကယ်တင်ပြီးချိန်မှသာ ၃ဝ ရာခိုင်နှုန်းသို့ ရောက်ရှိလာခြင်း ဖြစ်၏။

၅ဝ ရာခိုင်နှုန်းပင် မပြည့်သေးခြင်းက အချိန်မရွေး သစ္စာဖောက်သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သစ္စာရှိမှု ၅ဝ ရာခိုင်နှုန်းသို့ ရောက်ရှိပါက ဝ.၁ ပွိုင့်၊ ၈ဝ ရာခိုင်နှုန်းတွင် ဝ.၂ ပွိုင့်၊ ၁ဝဝ ရာခိုင်နှုန်းတွင် ဝ.၃ ပွိုင့် ပြန်လည်ရရှိမည့် စနစ်ဖြစ်သည်။ ၅ဝ ရာခိုင်နှုန်းအောက် လျော့နည်းနေသော ရှန်ကျိုတီထံမှ ဝ.၁ ပွိုင့်မျှပင် ရရှိမည် မဟုတ်ချေ။

ထို့နောက် [ပွိုင့်] ကဏ္ဍသို့ အကြည့်ရွှေ့လိုက်ရာ ချူဟန် ထပ်မံ မျက်မှောင်ကြုတ်လိုက်မိသည်။

စောစောက မီးရှို့သတ်ပစ်ခဲ့သော ဇွန်ဘီများမှာ အနည်းဆုံး အကောင် လေးရာခန့် ရှိမည် ဖြစ်သည်။ သို့သော် လက်ရှိ ပိုင်ဆိုင်သော ပွိုင့်များမှာ နှစ်ရာကျော်လေးမျှသာ ရှိသေး၏။

ဒီ ပြန်လည်စတင်ခြင်း စနစ်မှာ ကန့်သတ်ချက်တွေ အများကြီး ဖုံးကွယ်ထားသေးပုံရတယ်။

ဒါပေမဲ့...

ချူဟန်၏ မျက်မှောင်ကြုတ်ထားမှုများ ပြေလျော့သွားပြီး မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လွင်လာ၏။ ယနေ့ တိုက်ပွဲမှ ရရှိသော အကျိုးအမြတ်များမှာ သူ၏ မျှော်မှန်းချက်ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ သစ္စာရှိမှုမှာ မြင့်မားလေလေ တက်ရန် ခက်ခဲလေလေ ဖြစ်မည်မှာ သေချာသည်။ ချန်ရှောက်ရယ်၏ ၉ဝ ရာခိုင်နှုန်း ဆိုသော ဂဏန်းမှာ အလွန်တရာ မြင့်မားနေပြီဖြစ်ပြီး လုံးဝ ယုံကြည်စိတ်ချရသော အဆင့်တွင် ပါဝင်နေပြီ ဖြစ်၏။

၁၈မှာ ငယ်ရွယ်သေးသဖြင့် စိတ်ကူးပြောင်းလွယ်သည်။ ရှန်ကျိုတီမှာ သတိကြီးသော်လည်း ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်နေသည်။ အရေးအကြီးဆုံးအချက်မှာ ရှန်ကျိုတီက မသိစိတ်မှ ၁၈ကို ဗဟိုပြု၍ လှုပ်ရှားနေသည် ဟူသော အမှန်တရားပင် ဖြစ်သည်။

ဆိုလိုသည်မှာ ၁၈၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ပါက ရှန်ကျိုတီ မည်သို့ပင်ဖြစ်စေ ချူဟန်အတွက် စိုးရိမ်စရာ အကြောင်းမရှိတော့ချေ။ ၎င်းမှာ အလွန်တရာ ကြီးမားသော အားသာချက် တစ်ခု ဖြစ်သည်။

ထို့အပြင် နှစ်ရာပွိုင့် ဆိုသည်မှာလည်း များပြားလှသော အမှတ် ဖြစ်သည်။ အနည်းဆုံးတော့ ချူဟန် အမြန်လိုအပ်သော အချိန်ကာလ အမြောက်အမြားကို ဖြတ်တောက်ပေးနိုင်မည် မဟုတ်လော။

“အစ်ကိုချူဟန်…ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

အလွန်အမင်း ရင်းနှီးလာပြီဖြစ်သော ကျားချွန်းကျဲ့က မေးလိုက်သည်။

“ဒီနားနေစခန်းက လုံးဝ ပျက်စီးသွားပြီ။ ဒီကနေ ထွက်ပြီး တခြား နေရာ တစ်ခုခုကို ပြောင်းကြမလား”

“ဟုတ်တယ်၊ ဟုတ်တယ်”

ကူရှောင်ထုန်က အလောတကြီး ဝင်ပြောသည်။

“ချူဟန်၊ နင်နဲ့ငါတို့ ရှီမြို့ ကို သွားဖို့ သဘောတူထားကြတယ် မဟုတ်လား”

ချူဟန်က သူတို့ကို အေးစက်စက် လျစ်လျူရှုထားလိုက်သည်။

ရှန်ကျိုတီထံသို့ အကြည့်ရွှေ့လိုက်သော်လည်း သူမက စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သေးပုံရသည်။ ထို့ကြောင့် ချူဟန်က ၁၈ကိုသာ ပစ်မှတ်ထားလိုက်ရ၏။

“မင်းတို့တွေကော ဘယ်လိုလုပ်မလဲ”

၁၈က ခေါင်းမော့လာပြီး ချူဟန် ခန့်မှန်းထားသည့်အတိုင်း စကားများကို ပြောလိုက်သည်။

“ရှင် သွားတဲ့ နေရာကို ကျွန်မတို့လည်း လိုက်မယ်”

ချူဟန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး ရှန်ကျိုတီထံသို့ အကြည့်ရွှေ့လိုက်သည်။

“မင်းကော ဘယ်လိုလဲ”

ရှန်ကျိုတီက အနည်းငယ် တွေဝေသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းခါလျက် ငြင်းဆန်လိုက်သည်။

“ငါတို့ သွားရမယ့် နေရာနဲ့ တူချင်မှ တူမှာ။ ငါတို့က ထုံမြို့ကို လူသွားရှာရဦးမှာလေ”

All Chapters