← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) စိတ်လွတ်ကိုယ်လွတ် ရူးသွပ်ခြင်း

“ထုံမြို့ ကိုလား”

ချူဟန်၏ မျက်လုံးများထဲတွင် သိမ်မွေ့သော အလင်းရောင် တစ်ခု ဖြတ်ပြေးသွား၏။

သူသည် ရင်ဘတ်ထဲမှ ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး မျက်နှာသေဖြင့် ရှန်ကျိုတီကို ကြည့်လိုက်သည်။

“ကောင်းပြီလေ။ ငါကတော့ အန်းလော်မြို့ကို သွားမှာ”

ရှန်ကျိုတီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လွင်လာသည်။ မည်သို့ ပြန်ပြောရမည်ကို တွေဝေနေပုံရ၏။

သို့သော် ၁၈၏ မျက်လုံးများက တောက်ပနေသည်။ သစ္စာရှိမှု ၆ဝ ရာခိုင်နှုန်းဆိုသော ဂဏန်းက ချူဟန်အပေါ်တွင် ရိုးသားသော ယုံကြည်မှုများ ဖြစ်ပေါ်လာစေခြင်း ဖြစ်၏။

“ကျွန်မတို့ သွားရမယ့် လမ်းကြောင်းတွေက တူတူပဲလေ။ အန်းလော်မြို့က အဝေးကြီး။ ထုံမြို့က လမ်းကြုံပဲဟာကို။ ထုံမြို့ကို ဖြတ်သွားရင်း လိုအပ်တဲ့ ပစ္စည်းတွေ ဖြည့်လို့ ရတာပဲ”

ဆက်လက်၍ သူမက မျက်မှောင်ကြုတ်ကာ ရှန်ကျိုတီကို လှမ်းကြည့်လိုက်သည်။

“ဟေ့ အစ်မကျို။ အစ်ကိုကြီး ချူဟန်နဲ့ အတူတူ သွားကြတာပေါ့။ လမ်းမှာလည်း အကူအညီရတာပေါ့။ ကျွန်မတို့ နှစ်ယောက်တည်း သွားရမယ်ဆိုရင် ထုံမြို့ကို ဘယ်တော့ရောက်မလဲတောင် မသိဘူး”

ရှန်ကျိုတီ၏ မျက်ခုံးများ ပင့်တက်သွား၏။

သို့သော် ၁၈၏ စကားများမှာ အမှန်တရားပင် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးမှာ အမျိုးသမီးများ ဖြစ်ကြ၏။ဥပဒေနှင့် စည်းကမ်းများ ပြိုကျပျက်စီးနေသော ကမ္ဘာပျက်ကပ် ကာလတွင် ထိုအချက်ကပင် သေစေနိုင်သော အန္တရာယ်ကြီး ဖြစ်နေသည်။ အမျိုးသမီး နှစ်ဦးတည်း၏ ခွန်အားဖြင့် ထုံမြို့ထဲသို့ ဝင်ရောက်ကာ လူရှာရန်မှာ အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။

သို့သော် ချူဟန် ဆိုသော ဤအမျိုးသားထံမှ ကြောက်စရာကောင်းသော အန္တရာယ် အငွေ့အသက်များကို ခံစားနေရသည်။ မသိစိတ်မှ ခပ်ဝေးဝေး ရှောင်နေချင်စိတ်များ ပေါ်ပေါက်လာစေ၏။

သာမန်လူ တစ်ယောက်က အဲဒီလောက် အမြင့်ကြီးကနေ ခုန်ချတာတောင် အကောင်းပကတိ ဖြစ်နေစရာ အကြောင်းမရှိဘူး။ သာမန်လူ တစ်ယောက်က ဇွန်ဘီတွေရဲ့ အလေ့အထကို အဲဒီလောက်အထိ ကျွမ်းကျင်နေစရာ အကြောင်းမရှိဘူး။

သာမန်လူ တစ်ယောက်က လူအချင်းချင်းကို မျက်တောင်မခတ်ဘဲ သေနတ်နဲ့ ပစ်နိုင်စရာ အကြောင်းမရှိဘူး။

‘သူက တကယ်တော့ ဘယ်သူများလဲ’

ရှန်ကျိုတီက ချူဟန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အန္တရာယ်ကင်းမည့်ဟန် ရှိသော အပြုံးကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ကောင်းပြီလေ... အတူတူ သွားကြတာပေါ့”

“အင်း”

ချူဟန် ပြုံးလိုက်သည်။

“ဒါဆို ကျွန်တော်တို့ကရော...”

ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများက ချူဟန်ကို တစ်ပြိုင်နက်တည်း ဝိုင်းရံလာကြပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်လာကြသည်။ ကယ်တင်ရှင် နတ်ဘုရားပမာ ကိုးကွယ်နေကြခြင်း ဖြစ်၏။

“ငါက ရင်မြို့ကို သွားချင်တာ။ လိုက်ပို့ပေးမှာ မဟုတ်လား”

“ငါက ရင်မြို့ကို မသွားဘူး။ အစ်ကိုကြီး ချူဟန်၊ ကျွန်တော့်ကိုတော့ ချိန်မြို့ကို လိုက်ပို့ပေးပါဗျာ”

“အစ်ကိုကြီး ချူဟန်၊ ကျွန်တော်ကတော့ ဘယ်သွားရမှန်း မသိတော့ဘူး...”

“တော်ကြတော့”

ချူဟန်က သူတို့၏ စကားများကို အေးစက်စက် ဖြတ်ပြောလိုက်သည်။ မျက်ဝန်းများထဲတွင် မည်သည့် ခံစားချက်မျှ ပါဝင်မနေချေ။

“ငါက ရဲလည်း မဟုတ်ဘူး။ နိုင်ငံတော်က လွှတ်လိုက်တဲ့ စေတနာ့ဝန်ထမ်းလည်း မဟုတ်ဘူး။ မင်းတို့လိုပဲ သာမန်လူ တစ်ယောက်ပါ။ ဒါကြောင့် မင်းတို့ကို တာဝန်ယူပေးစရာ အကြောင်းမရှိဘူး။ ငါ ခေါ်သွားပေးမယ်လို့ မမျှော်လင့်ကြနဲ့။ သူစိမ်းတွေကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး”

လူသားများ၏ အောက်တန်းကျမှုများကို သူ ကောင်းကောင်း နားလည်ထားသည်။

ဇွန်ဘီများကို ရှင်းလင်းပြီး ပြန်လာချိန်က သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော ထူးဆန်းသည့် အမူအရာများကို သူ မြင်တွေ့ခဲ့သည်။

ကျေးဇူးကန်းတတ်သော သတ္တဝါ များ၏ စရိုက်လက္ခဏာကို ချူဟန်လောက် နားလည်သူ ရှိမည် မဟုတ်ချေ။ ရေခဲပမာ အေးစက်သော စကားများကြောင့် အသက်ရှင်ကျန်ရစ်သူများမှာ စိတ်ပျက်သွားသည့် အမူအရာများ အထင်းသား ပေါ်လွင်သွား၏။အများစုမှာ ချက်ချင်း မျက်နှာထား ပြောင်းသွားကြပြီး ဆဲဆိုရန်ပင် ပြင်နေကြလေပြီ။

“ကျွန်တော့်ကို ခေါ်သွားပါဗျာ”

ချူဟန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျားချွန်းကျဲ့က အလောတကြီး အော်ပြောလိုက်သည်။ ချူဟန်၏ မျက်နှာပေါ်ရှိ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို ဂရုမစိုက်တော့ဘဲ အလျင်အမြန် ဆက်ပြောလိုက်၏။

“ကျွန်တော် ဟင်းချက်တတ်တယ်။ အရင်က စားဖိုမှူး လုပ်ခဲ့တာပါ။ သေချာပေါက် အသုံးဝင်စေရပါမယ်။ ဇွန်ဘီတွေကိုလည်း မကြောက်တော့ပါဘူး”

မိမိ၏ အသုံးဝင်မှုကို ပြသရန်ကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း ကျားချွန်းကျဲ့ သဘောပေါက်ထားသည်။ ချူဟန်က သူ့ကို စိုက်ကြည့်နေသော်လည်း မည်သည့်စကားမျှ မဆိုချေ။

“ကျွန်တော့်မှာ ကားရှိပါတယ်။ ဒုက္ခ မပေးပါဘူး။ နောက်ကနေ လိုက်ခဲ့ပါ့မယ်။ လမ်းခရီးမှာလည်း အကူအညီ ပေးနိုင်ပါတယ်။ ဂိုဒေါင်ထဲမှာ ရိက္ခာတွေ ကျန်သေးတယ်။ တစ်ဝက်ကို ပေးပါ့မယ်”

ကျားချွန်းကျဲ့မှာ အသည်းအသန် ဖြစ်နေ၏။ချူဟန်နှင့် လိုက်ခွင့်ရမည်ဆိုပါက မည်သည့်အရာကိုမဆို လုပ်ရန် အသင့်ဖြစ်နေသည်။

“ငါရောပဲ၊ ငါလည်း လိုက်မယ်။ ငါ့ကိုတော့ ထားမခဲ့ပါနဲ့ကွာ”

ကျန်းဇီယွီက အလောတကြီး ဝင်ပြောလိုက်သည်။

“ငါလည်း လိုက်မယ်လေ”

ကူရှောင်ထုန်ကလည်း နောက်ကျမခံဘဲ အော်လိုက်သည်။ ကြောက်စိတ်များ မပြေပျောက်သေးသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေဆဲပင်။

“မင်းတို့ကလား”

ချူဟန်က သူတို့နှစ်ဦးကို လှောင်ပြောင်လိုက်သည်။

“မင်းတို့ကို ခေါ်သွားပြီး အရင်တစ်ခါလို ဇွန်ဘီတွေနဲ့ တွေ့တာနဲ့ ထွက်ပြေးကြဦးမလို့လား။ အဲဒီလောက် အသုံးမကျတဲ့ကောင်တွေကို ခေါ်သွားစရာ ဘာအကြောင်းရှိလို့လဲ။ ငါက အဲဒီလောက် အားမနေဘူး”

တိုက်ရိုက် ငြင်းဆန်ခံလိုက်ရသဖြင့် သူတို့နှစ်ဦးစလုံး မျက်နှာများ နီရဲသွားကြသည်။

သို့သော် ပြန်ပြောစရာ စကားတစ်ခွန်းမျှ မရှိချေ။စိတ်ထဲမှသာ ပြင်းပြင်းထန်ထန် ကျိန်ဆဲနေရတော့သည်။တစ်ခါလေး ထားခဲ့မိတာကို ဒီလောက်တောင် အငြိုးကြီးရသလား။ အခုလည်း အကောင်းပကတိကြီး အသက်ရှင်နေတာပဲ မဟုတ်ဘူးလား။

ချူဟန်က ပတ်ဝန်းကျင်မှ မုန်းတီးသော အကြည့်များကို ဂရုမစိုက်တော့ဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေသော ချန်ရှောက်ရယ်ကို နှစ်သိမ့်လိုက်ပြီး အပေါ်ထပ်ကို တက်သွားတော့သည်။

ဒုတိယထပ်၏ အပျက်အစီးများမှာ အောက်ထပ်ထက် အနည်းငယ်မျှ မလျော့နည်းချေ။

ဇွန်ဘီလှိုင်းကြီး၏ တိုက်ခိုက်မှုကြောင့် နံရံများ ပြိုကျနေပြီး မည်းနက်သော သွေးများ အနှံ့အပြား ပေကျံနေသည်။ ကြမ်းပြင်ပေါ်တွင် ပြတ်ထွက်နေသော လက်၊ ခြေများနှင့် ပုပ်ဟောင်နေသော အသားစများ ပြည့်နှက်နေပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အသားစများကို နင်းမိနေတော့သည်။

လှေကားတွင်လည်း ဇွန်ဘီ အလောင်းများ ပြည့်ကျပ်နေ၏။

အချို့မှာ အပြည့်အဝ မသေဆုံးသေးဘဲ ခေါင်းပြတ်ကြီးများကပင် အသက်ရှင်နေဆဲ ဖြစ်သည်။ လူသားတို့၏ အနံ့ကို ရသဖြင့် အသက်မထွက်သေးသော ခေါင်းများက ပါးစပ်ကြီးများ ဟကာ သွားများကို တကျွီကျွီ မြည်အောင် ကိုက်နေကြသည်။

ချူဟန်က ပုဆိန်ဖြင့် တစ်ချက်ချင်း ခုတ်ချလိုက်ပြီး ထိုအော့နှလုံးနာဖွယ် ကောင်းလှသော အသက်ဝိညာဉ်များကို အပြီးတိုင် အဆုံးသတ်ပေးလိုက်သည်။

ဇွန်ဘီများသည် လူသားအဖြစ်သို့ ထာဝရ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ချေ။

“အား...”

“အား...”

“အား...”

ရုတ်တရက် အောက်ထပ်မှ အော်ဟစ်သံ သုံးကြိမ် ဆက်တိုက် ထွက်ပေါ်လာသည်။

အလွန်အမင်း ကြောက်လန့်မှုများ ရောယှက်နေသော အော်ဟစ်သံများ ဖြစ်၏။ ဆက်လက်၍ ပစ္စည်းများ ပြုတ်ကျသံများ၊ ဖရိုဖရဲ ဆူညံသံများ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော လေထုမှာ မျက်စိတစ်မှိတ်အတွင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ချူဟန်သည် ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး လှေကားပေါ်မှ အလျင်အမြန် ပြေးဆင်းသွားသည်။

မြေညီထပ် ဧည့်ခန်း…

အသက်ရှင်ကျန်ရစ်သူ အချို့မှာ တဆတ်ဆတ် တုန်ယင်လျက် နံရံထောင့်တွင် စုရုံးနေကြသည်။ ချန်ရှောက်ရယ်၊ ရှန်ကျိုတီနှင့် ၁၈တို့ သုံးဦးက တစ်နေရာတွင် စုနေကြ၏။

ချန်ရှောက်ရယ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများနှင့် သနားညှာတာမှုများ ပေါ်လွင်နေသော်လည်း ရှန်ကျိုတီနှင့် ၁၈တို့မှာ လုံးဝ တည်ငြိမ်စွာဖြင့် ရိုင်ဖယ်သေနတ်ကို ချိန်ရွယ်ထားကြသည်။

ဘာဖြစ်တာလဲ။ ချူဟန် မေးရန် ပြင်လိုက်စဉ်မှာပင်...

“ဝေါင်း...”

ဝမ်းဗိုက်ထဲမှ လာသော ဇွန်ဘီများ၏ ထူးခြားသည့် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

ဆက်လက်၍ ချူဟန်၏ မျက်စိရှေ့သို့ ရောက်လာသည်မှာ ရင်းနှီးနေသော လူရိပ်တစ်ခုပင်။ ချို့ယွင်းနေသော စက်ရုပ်တစ်ရုပ်ပမာ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများဖြင့် မတ်တတ်ရပ်လာပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာ၏။

အသားအရေမှာ ဖြူရော်နေပြီး သွေးကြောများ ပျောက်ကွယ်နေလေပြီ။ မျက်လုံးအိမ်အတွင်းရှိ သူငယ်အိမ်များ လုံးဝ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးခိုးဖြူရောင်များ ဖုံးလွှမ်းနေတော့သည်။

“ကျန်းဇီယွီ...”

ကူရှောင်ထုန်၏ ပါးစပ်မှ မယုံနိုင်သော အသံ ထွက်ပေါ်လာသည်။ အော်ဟစ်ကာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်သော်လည်း ကြမ်းပြင်ပေါ်ရှိ ဇွန်ဘီ၏ လက်ပြတ်ကို တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားတော့သည်။

ဇွန်ဘီအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီဖြစ်သော ကျန်းဇီယွီမှာ ကူရှောင်ထုန်၏ အော်သံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

မိန်းမပျိုလေး၏ သွေးဆောင်မှုအလား သူက လုံးဝ မစောင့်ဆိုင်းနိုင်တော့ဘဲ အလုအယက် ခုန်အုပ်သွားတော့၏။ ဇွန်ဘီ အသစ်စက်စက် တစ်ကောင်ဟု မထင်ရလောက်အောင် အမြန်ဆုံး အရှိန်ဖြင့် ကူရှောင်ထုန်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်သည်။

ဝှစ်...

ချူဟန်သည် လေးမှလွတ်ထွက်သွားသော မြားတစ်စင်းပမာ ပြေးဝင်သွားပြီး ကျန်းဇီယွီကို အားကုန် ကန်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှန်ကျိုတီ ကိုင်ဆောင်ထားသော အော်တိုမက်တစ် ရိုင်ဖယ်မှ မီးပွင့်သွား၏။

ဒိုင်း...

ကျည်ဆန်က ကျန်းဇီယွီ၏ ဦးခေါင်းကို ဖောက်ထွင်းသွားပြီး မည်းနက်နေသော ပြည်များနှင့် သွေးများ ပြင်းထန်စွာ ပန်းထွက်လာသည်။ ထိုအရာများက လဲကျနေသော ကူရှောင်ထုန်၏ မျက်နှာပေါ်သို့ အပြည့်အဝ စင်ကျသွားတော့၏။

ရှန်ကျိုတီ၏ ပစ်ခတ်မှုမှာ အနည်းငယ်မျှ တွေဝေခြင်း မရှိခဲ့ချေ။ ဤကောင်က လူမဟုတ်တော့ဘဲ ဇွန်ဘီ ဖြစ်သွားပြီ မဟုတ်လော။

“တခြား ဇွန်ဘီ အကိုက်ခံရတာ၊ အကုတ်ခံရတာ ရှိသေးလား”

ချူဟန်က တင်းမာသော မျက်နှာထားဖြင့် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို အကဲခတ်လိုက်သည်။

ဇွန်ဘီ ဗိုင်းရပ်စ်၏ ကူးစက်နိုင်စွမ်းမှာ အလွန်တရာ ပြင်းထန်လှသည်။ ဆင့်ကဲပြောင်းလဲခြင်း မရှိသေးသော လက်ရှိ လူသားများအနေဖြင့် ခုခံနိုင်စွမ်း လုံးဝ မရှိချေ။

“အား...”

ရုတ်တရက် ကူရှောင်ထုန်၏ ရူးသွပ်နေသော အော်ဟစ်သံကြီးက ချူဟန်၏ စကားကို ဖြတ်တောက်သွားသည်။

သူမသည် အဆုံးစွန်သော ကြောက်ရွံ့မှုများထဲမှ ရုန်းမထွက်နိုင်ဘဲ အရူးတစ်ယောက်ပမာ အော်ဟစ်နေတော့၏။ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ငိုကြွေးနေပြီး မျက်နှာပေါ်ရှိ ဇွန်ဘီသွေးများကို ကြမ်းပြင်နှင့် ပွတ်တိုက်ပစ်နေသည်။ အသားများ ပွန်းပဲ့သည်အထိ အားကုန် ပွတ်တိုက်နေခြင်း ဖြစ်၏။

“ရပ်လိုက်စမ်း”

ချူဟန်က လန့်ဖျပ်သွားပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

သို့သော် နောက်ကျသွားလေပြီ။

ကူရှောင်ထုန်၏ ပါးပြင်ရှိ အရေပြားများမှာ ပွတ်တိုက်မှုကြောင့် ပေါက်ပြဲသွားပြီး ဖြူဖွေးသော အသားအရေပေါ်မှ သွေးနီနီများ စီးကျလာသည်။ ထို့နောက်... ဇွန်ဘီ ဗိုင်းရပ်စ် အမြောက်အမြား ပါဝင်နေသော သွေးနက်များက ထိုဒဏ်ရာမှတစ်ဆင့် သူမ၏ သွေးကြောများထဲသို့ ဝင်ရောက်သွားလေပြီ။

ချူဟန်၏ တားဆီးမှုကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ သူမက ကြမ်းပြင်တွင် မျက်နှာကို ရူးသွပ်စွာ ဆက်လက် ပွတ်တိုက်နေခဲ့သည်။

“ရွံစရာကောင်းလိုက်တာ ရွံစရာကြီး ဘာတွေလဲ၊ ညစ်ပတ်လိုက်တာ လာမကပ်နဲ့ ကျန်းဇီယွီ၊ နင် သေသွားတာကမှ ပိုကောင်းဦးမယ် သွားစမ်း ဟိုဘက်ကို သွား အား...”

All Chapters