← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ကူရှောင်ထုန် လုံးဝ ရူးသွပ်သွားလေပြီ။

ဘေးပတ်ဝန်းကျင်မှ အသံများ သူမနားထဲ မဝင်တော့ပေ။ လူစိတ်ပျောက်နေသော မိစ္ဆာမတစ်ကောင်ပမာ ကိုယ့်မျက်နှာကိုယ် ကြမ်းပြင်နှင့် အတင်းပွတ်တိုက်နေလျက် သွေးများစိမ့်ထွက်လာသည်အထိ အရေပြားကို အကြမ်းပတမ်း ဖဲ့ခြစ်နေတော့သည်။

နာကျင်မှုကိုပင် အမှုမထားနိုင်တော့ချေ။

သူမ၏ စိတ်အစဉ်မှာ လုံးဝ ပြိုလဲပျက်စီးနေခဲ့ပြီ ဖြစ်သည်။

ချူဟန်၏ မျက်ဝန်းထဲ၌ သနားကြင်နာစိတ် အနည်းငယ် ဖြစ်သွားသော်လည်း ချက်ချင်းပင် အေးစက်စက် အကြည့်များအဖြစ် ပြောင်းလဲသွား၏။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်ဘဝ၌ သူ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးလေပြီ။ ရူးသွပ်ခြင်း၊ ငိုကြွေးဟစ်အော်ခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း... ကမ္ဘာပျက်ကပ်ကြီးသည် အရာအားလုံးကို ကမောက်ကမဖြစ်ကာ ရူးသွပ်သွားစေနိုင်စွမ်း ရှိသည်။

ယခု ကူရှောင်ထုန်၏ အခြေအနေအရဆိုလျှင် ဗိုင်းရပ်စ် ကူးစက်မခံရပါကလည်း ရှင်သန်နိုင်မည့် နည်းလမ်း မရှိပေ။ ဤမျှ အားနည်းလွန်းသော စိတ်ဓာတ်ဖြင့် ဤရက်စက်ကြမ်းကြုတ်လှသော လောကကြီးထဲ၌ ကြာရှည် ရပ်တည်နိုင်မည် မဟုတ်ချေ။ အနှေးနှင့်အမြန် ရူးသွပ်သွားခြင်း သို့မဟုတ် သေဆုံးခြင်းဟူသော လမ်းနှစ်သွယ်သာ ရှိလေသည်။

ဤအချိန်သည် ငရဲပမာ နှိပ်စက်ခံရသကဲ့သို့ ဖြစ်စေကာမူ သေဆုံးခါနီး နောက်ဆုံးအချိန်လေးကိုတော့ ကောင်းကောင်းကြီး ခံစားသွားစေလိုက်မည်။

ချူဟန် ပြန်လည်တည်ငြိမ်သွားသည်။ အသက်ရှင်ကျန်ရစ်သူများထံ အကြည့်ရွှေ့လိုက်သောအခါ ချူဟန်၏ မျက်ဝန်းအစုံ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ကိန်းအောင်းနေ၏။

“မင်းတို့ထဲမှာ ဇွန်ဘီ အကိုက်ခံရတာဖြစ်ဖြစ်၊ အကုတ်ခံရတာဖြစ်ဖြစ် ရှိသေးတဲ့လူ ပါသေးလား”

ထိုစကားတစ်ခွန်းကြောင့် ဧည့်ခန်းမဆောင် တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။

မည်သူမျှ ဝင်မဖြေရဲကြပေ။ အားလုံးမှာ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများဖြင့် အခန်းအလယ်ဗဟိုကိုသာ စိုက်ကြည့်နေကြသည်။

ကြမ်းပြင်ပေါ်၌ ကျန်းဇီယွီ၏ အလောင်းက ပက်လက်လန်နေကာ အပစ်ခံထားရသော ခေါင်းမှ သွေးမည်းများ တပွက်ပွက် ပန်းထွက်နေ၏။

မကြာမီလေးကတင် ဤကမောက်ကမလောကကြီးကို အတူတကွ ကျိန်ဆဲနေခဲ့သော သက်ရှိလူသားတစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း၌ ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ထိုစက်ဆုပ်ဖွယ် အဖြစ်အပျက်က သူတို့၏ အာရုံကြောများကို ပြင်းပြင်းထန်ထန် နှိပ်စက်နေတော့သည်။

ကူရှောင်ထုန်မှာ ဆက်လက် ရူးသွပ်နေဆဲပင်။ ယခုအခါ မျက်နှာကို ကြမ်းပြင်နှင့် ပွတ်တိုက်နေရုံဖြင့် အားမရတော့ဘဲ သတိလွတ်နေသူတစ်ဦးအလား ခေါင်းကိုပါ ကြမ်းပြင်နှင့် အတင်းအကြပ် ဆောင့်ချနေလေပြီ။

မျှော်လင့်မထားဘဲ ကျရောက်လာသော ကမ္ဘာပျက်ကပ်ကြီးနှင့် နေရာအနှံ့ ပြည့်နှက်နေသော ဇွန်ဘီများ။ သို့သော် ကိုယ့်ဘေးနားရှိ လူသားတစ်ဦး ဇွန်ဘီအဖြစ် ပြောင်းလဲသွားခြင်း၏ ထိတ်လန့်ဖွယ်ရာက ထိုအရာများနှင့် လုံးဝ ကွာခြားလွန်းလှသည်။ လူ့သဘာဝ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်နေသည့် ဤကဲ့သို့သော အဖြစ်ဆိုးမျိုးကို မည်သူမျှ လွယ်လွယ်ကူကူ လက်မခံနိုင်ကြချေ။

“ဖြေကြလေ”

ချူဟန်၏ လေသံမှာ တည်ငြိမ်နေ၏။

ဤတိတ်ဆိတ်မှုကြား၌ ထိုလေသံက မုန်တိုင်းမလာမီ ငြိမ်သက်နေခြင်းသဖွယ် ရိုက်ခတ်သွားသည်။

“ဘယ်သူ ကူးစက်ခံထားရလဲ”

တစ်ချိန်တည်းမှာပင် သူကိုင်ဆောင်ထားသော ပုဆိန်ကို ဖြည်းညင်းစွာ မြင့်လိုက်လေသည်။ ထက်မြက်သော ပုဆိန်သွားဆီမှ သွေးအေးရက်စက်သော အလင်းရောင်များ တလက်လက် တောက်ပနေ၏။

“ငါ... ငါ မဟုတ်ဘူးနော်။ ငါ လုံးဝမဟုတ်ဘူး”

အသက်ရှင်ကျန်ရစ်သူတစ်ဦးမှာ

ထိတ်လန့်တကြားဖြစ်သွားပြီး အတင်းအကြပ် ခေါင်းရမ်းပြလေသည်။

“ငါလည်း မဟုတ်ဘူး။ အဲ့ဒီကောင်တွေ ငါ့ကို လက်ဖျားနဲ့တောင် မထိသွားဘူး”

“ငါလည်း ကူးစက်မခံထားရဘူး”

ကျန်ရစ်သူများက တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။ ရှေ့ဆက်၍ ဘာဖြစ်လာမည်ကို အလွယ်တကူ ခန့်မှန်းနိုင်ကြသဖြင့် မိမိတို့ ကူးစက်မခံထားရကြောင်း အလုအယက် ထုတ်ဖော်ပြောဆိုနေကြခြင်း ဖြစ်သည်။

သို့သော်လည်း ချူဟန်က လုံးဝ မယုံကြည်ပေ။ လိမ်လည်ခြင်းနှင့် ဖုံးကွယ်ခြင်း။ ၎င်းသည် ဇွန်ဘီ အကိုက်ခံရသူများ၊ အကုတ်ခံရသူများ ပြုလုပ်တတ်သည့် မသိစိတ်၏ ခုခံကာကွယ်မှု တစ်ရပ်သာ ဖြစ်သည်။ ထိုသူတို့သည် ဘယ်တော့မှ နှုတ်ဆိတ်ဖွင့်မည် မဟုတ်ချေ။ မိမိ၏ သားသမီး၊ သူငယ်ချင်းနှင့် မိဘအရင်းခေါက်ခေါက်များကိုပင် ထုတ်ပြောကြမည် မဟုတ်ပေ။

“ခင်ဗျားပဲ”

ရုတ်တရက် ကျားချွန်းကျဲ့က အသံပြဲကြီးဖြင့် အော်ဟစ်လိုက်ကာ လူအုပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လက်ညှိုးထိုးလိုက်သည်။

“ခင်ဗျား... စောစောက ဇွန်ဘီ အကုတ်ခံလိုက်ရတယ်မလား။ ကျုပ် မျက်စိနဲ့ တပ်အပ်ကို မြင်လိုက်တယ်”

ထိုလူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများ နီရဲသွားကာ ဒေါသတကြီးဖြင့် ပြန်အော်လေသည်။

“သောက်ရူး… ဘာတွေ လာပြောနေတာလဲ။ ဒီဝက်ကောင်... ငါ့ကို သတ်ချင်နေတာလား”

“ခင်ဗျားကသာ ကျုပ်တို့ကို ပြန်သတ်ချင်နေတာမလား”

ကျားချွန်းကျဲ့၏ မျက်လုံးများလည်း ရဲရဲနီနေ၏။ သူက ရှေ့ရှိလူကို စိုက်ကြည့်လျက် ကြောက်ရွံ့မှုကို ဖုံးကွယ်ထားသည့်ဟန်ဖြင့် အသံကို ညှစ်ထုတ်ကာ ပြောလိုက်သည်။

“ကျုပ်မျက်လုံးကိုတော့ လာလှည့်စားလို့ မရဘူး။ ခင်ဗျား ကူးစက်ခံထားရတာ အသေအချာပဲ”

“ခွေးကောင်... မင်းကို သတ်ပစ်မယ်”

လူလတ်ပိုင်း အမျိုးသားက ဟိန်းဟောက်လိုက်ပြီး ကျားချွန်းကျဲ့ထံ လက်သီးဖြင့် ပြေးထိုးလေတော့သည်။

သူတို့နှစ်ဦးသား ချက်ချင်းပင် လုံးထွေးသတ်ပုတ်ကြတော့သည်။ လုံးဝ အလျှော့ပေးခြင်းမရှိဘဲ တစ်ဖက်လူကို အသေသတ်မည့် အရှိန်အဟုန်များဖြင့်သာ ထိုးကြိတ်နေကြ၏။

သို့သော် ဘေးပတ်ဝန်းကျင်ရှိ လူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်မဆွဲကြချေ။ အချင်းချင်း ခပ်ခွာခွာနေကြကာ အသံတိတ် စောင့်ကြည့်နေကြလေသည်။

“အဟွတ်... ဝေါ့... အဟွတ်”

ရုတ်တရက် ကူရှောင်ထုန်ထံမှ သွေးမည်းများ အန်ကျလာသည်။

ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရီနေ၏။ သူမ၏ အရေပြားထက်မှ သွေးရောင်များမှာလည်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ဆုတ်ယုတ်ပျောက်ကွယ်သွားလေသည်။ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမှာ ပိုမိုမြန်ဆန်လာ၏။ သူမ ဤမျှမြန်မြန်ဆန်ဆန် ဇွန်ဘီအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သတ်ပုတ်နေကြသော ကျားချွန်းကျဲ့နှင့် လူလတ်ပိုင်း အမျိုးသားတို့လည်း ရပ်တန့်သွားကြသည်။ အားလုံး၏ အကြည့်များမှာ ကူရှောင်ထုန်ထံသို့ ရောက်ရှိသွား၏။ သူမ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ရီနေပြီး ပါးစပ်ထဲမှ သွေးမည်းများ ရေပန်းသဖွယ် ပန်းထွက်လာသည်ကိုသာ မှင်သက်စွာ ရပ်ကြည့်နေကြတော့သည်။ ထိတ်လန့်ကြောက်ရွံ့မှုများက လူတိုင်း၏ ရင်ထဲသို့ လွှမ်းခြုံဝင်ရောက်သွားလေပြီ။

သွေးမည်းများ ထပ်မံ အန်ကျလာပြန်သည်။ ကူရှောင်ထုန်၏ လည်ချောင်းအတွင်းမှ လူသားတစ်ဦး၏ အသံနှင့်မတူတော့ဘဲ လည်ပင်းအညှစ်ခံထားရသော သားရဲတစ်ကောင်ပမာ ဩရှရှအသံများ ထွက်ပေါ်လာ၏။ ထိုအသံသည် အားလုံးအတွက် သေမင်း၏ သတိပေးခေါင်းလောင်းသံသဖွယ် ဖြစ်နေတော့သည်။

“ငါ့ကို အပြစ်မတင်နဲ့တော့”

ချူဟန်မှာ ရက်စက်အေးစက်သော မျက်နှာထားဖြင့် လက်ထဲရှိ ပုဆိန်ကို အထက်သို့ မြှောက်တင်လိုက်သည်။

ပုဆိန်သွားက ကူရှောင်ထုန်၏ ဦးခေါင်းတည့်တည့်သို့ အညှာအတာကင်းမဲ့စွာ ကျဆင်းသွားလေသည်။ ဇွန်ဘီတစ်ကောင်ကို သတ်ဖြတ်စဉ်ကကဲ့သို့ပင် မည်သည့် တုံ့ဆိုင်းမှု၊ မည်သည့် ညှာတာမှုမျှ မပါဝင်သော ပိုင်းဖြတ်မှု တစ်ချက်ပင် ဖြစ်သည်။

ကူရှောင်ထုန်ကို မည်သို့မျှ ကယ်တင်၍ မရနိုင်တော့ချေ။ သူမ သေကိုသေရမည့် အခြေအနေပင် ဖြစ်သည်။ ရှန်ကျိုတီ မျက်နှာလွှဲလိုက်ကာ တက်လာသော အန်ချင်စိတ်ကို အတင်းအကြပ် မြိုချလိုက်ရ၏။ ၁၈ တစ်ယောက်တည်းသာ အတွေးနက်နေသော မျက်နှာထားဖြင့် ကြမ်းပြင်ထက်၌ အိုင်ထွန်းနေသော ကူရှောင်ထုန်၏ သွေးမည်းများကို စိုက်ကြည့်နေလေသည်။

“အကိုက်ခံရတာဖြစ်ဖြစ်၊ အကုတ်ခံရတာဖြစ်ဖြစ် ရှိတဲ့သူတွေ ကိုယ့်ပြဿနာ ကိုယ်ရှင်းကြ။ မင်းတို့ရဲ့ နောက်ဆုံး ရွေးချယ်ပိုင်ခွင့်ကိုတော့ ငါ ဝင်မစွက်ဖက်ဘူး”

ချူဟန်က ထိုသို့ ပြောဆိုပြီးနောက် ပုဆိန်ကိုဆွဲကာ အပြင်ဘက်သို့ ထွက်သွားလေသည်။

ချန်ရှောက်ရယ်၊ ၁၈နှင့် ရှန်ကျိုတီ သုံးဦးသားလည်း သူ၏နောက်မှ ကပ်ပါသွားကြသည်။

“စောင့်... စောင့်ပါဦးဗျ”

ရုတ်တရက် ကျားချွန်းကျဲ့တစ်ယောက် အပြေးအလွှား လိုက်လာ၏။ သူ၏ မျက်နှာပေါ်၌ စိုးရိမ်တကြီး

ဖြစ်နေသော အရိပ်အယောင်များကို တွေ့ရသည်။

“ကျုပ်ကိုလည်း ခေါ်သွားကြပါဗျာ။ ကျုပ်ဆီမှာ ကူးစက်ခံထားရတာ လုံးဝ မရှိပါဘူး။ စိတ်ကြိုက် စစ်ဆေးလို့ ရပါတယ်”

ချူဟန်သည် ကျားချွန်းကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းအရာနှင့် မသက်ဆိုင်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“စောစောက မင်း ဟင်းချက်တတ်တယ်လို့ ပြောခဲ့တယ်မလား”

“ဟုတ်... ဟုတ်ကဲ့ပါဗျ”

ကျားချွန်းကျဲ့မှာ လည်ပင်းကျွတ်ထွက်မတတ် ခေါင်းကို အဆက်မပြတ် ညိတ်ပြလေသည်။

“အဲ့ဒါအပြင် စာရင်းဇယားတွေလည်း လုပ်တတ်ပါသေးတယ်ဗျ။ ပစ္စည်းတွေ ခွဲဝေပေးဖို့ဆိုရင် ကျုပ်ကိုသာ အားကိုးလိုက်ပါ”

ချူဟန် အကြည့်ကို ပြန်လွှဲလိုက်၏။

“ဒါဆိုလည်း လိုက်ခဲ့”

“ဟာဗျာ... ကျေးဇူးတင်လိုက်တာ။ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ကျားချွန်းကျဲ့မှာ ဝမ်းသာလွန်းလှသဖြင့် မျက်ရည်များပင် ကျဆင်းလာပြီး ချူဟန်ကို ကျေးဇူးရှင် အဖေတစ်ယောက်လိုပင် သဘောထားတော့မည့်ပုံ ပေါ်နေသည်။

ချူဟန် နောက်သို့ ပြန်မလှည့်ကြည့်တော့ဘဲ ခြေလှမ်းကျယ်ကြီးများဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ကျန်ရစ်ခဲ့သည့် သူများ မည်သို့ပင်ဖြစ်စေကာ သူနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

အမြန်လမ်းမကြီးထက်၌...

ဧရာမ G55 ကားကြီးက ရှေ့ဆုံးမှ ဦးဆောင်မောင်းနှင်နေပြီး ၎င်း၏နောက်မှ ကားနှစ်စီးက အကွာအဝေးမပျက် ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက် ခုနစ်ရက်မြောက်နေ့။

အချိန်တစ်ပတ်ဆိုသည့် ကာလလေးသည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေရန် လုံလောက်ခဲ့လေပြီ။

မည်သည့် ကြိုတင်သတိပေးချက်မျှမရှိဘဲ ရုတ်တရက် ဝင်ရောက်လာသော ကမ္ဘာပျက်ကပ်ကြီးကြောင့် ကမ္ဘာ့အစီအစဉ်များ မျက်စိတစ်မှိတ်အတွင်း ပြိုလဲသွားရသည်။ လူသားတို့ ရင်းနှီးကျွမ်းဝင်ခဲ့သော အရာများသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ကာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများဟူသည်လည်း မရှိတော့ချေ။

မော့ကြည့်လိုက်လျှင်ပင် ကောင်းကင်ယံထက်၌ နေမင်းကြီးကို ရှာဖွေတွေ့ရှိရန် ခဲယဉ်းလှသည်။ ကြည်လင်နေသော ကောင်းကင်ပြာကြီး ပျောက်ကွယ်သွားသလို တိမ်လွှာများလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ထိတ်လန့်ဖွယ်ကောင်းသော၊ သွေးရောင်ခပ်သန်းသန်း ရှိနေသည့် မြူခိုးများက အရပ်လေးမျက်နှာကို ဖုံးလွှမ်းထား၏။ နေရာအနှံ့အပြား၌ တည်ရှိနေသော ထိုမြူခိုးများက ကောင်းကင်ကြီးကို မွဲခြောက်ခြောက်အရောင် ပြောင်းလဲသွားစေရုံသာမက ပါးလွှာသော ပိတ်ပါးစတစ်စကဲ့သို့ အမြင်အာရုံကိုပါ ကွယ်ဝှက်ထားလေသည်။

အမြန်လမ်းမကြီးမှာ ပိတ်ဆို့ကြပ်တည်းလာနေပြီ ဖြစ်သည်။ အတိတ်ကာလက ကျယ်ဝန်းလှသော လမ်းမကြီးသည် ယခုအခါ ရှေ့တစ်လှမ်းတိုးရန်ပင် ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်နေ၏။ ပြန့်ကျဲနေသော အပျက်အစီးများနှင့် စွန့်ပစ်ထားခဲ့သည့် ကားများက ပထမဆုံး အတားအဆီးမျှသာ ဖြစ်သည်။ ဤလမ်းခရီးကို အခက်ခဲဆုံးဖြစ်အောင် ဖန်တီးနေသည့် အဓိကတရားခံမှာ အဆက်မပြတ် ထွက်ပေါ်လာနေသော ဇွန်ဘီအုပ်များပင် ဖြစ်လေသည်။

“ကားရပ်ပြီး ခဏနားကြမယ်”

ချူဟန်က စကားပြောစက်မှတစ်ဆင့် လှမ်း၍ ညွှန်ကြားလိုက်သည်။

ကားသုံးစီးလုံး လမ်းဘေး၌ ထိုးရပ်သွားကြ၏။

ကွဲအက်နေသော G55 ကားကြီး၏ နောက်ဘက်မှန်ချပ်နေရာတွင် သံဇာကာများဖြင့် ပိတ်ဆို့ကာကွယ်ထားလေပြီ။ လေအေးများကို မတားဆီးနိုင်သော်ငြား အနည်းဆုံးတော့ ကားရပ်နားထားစဉ်အတွင်း ဇွန်ဘီများ၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုကို စိုးရိမ်စရာ မလိုတော့ပေ။

ဤသံဇာကာမှာ ကျားချွန်းကျဲ့တစ်ယောက် တစ်နေရာရာမှ ရှာဖွေတွေ့ရှိလာခြင်းဖြစ်ပြီး G55 ကား၏ ပြတင်းပေါက်တွင် တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ သူက အလွန် တက်ကြွလွန်းလှ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူတိုင်းအတွက် ပူပူနွေးနွေး အစားအသောက်များ ချက်ပြုတ်ပေးရန် ပြေးလွှားနေခဲ့သလို ဇွန်ဘီများကို သတ်ဖြတ်ရာတွင်လည်း ကြောက်ရွံ့နောက်တွန့်ခြင်းမရှိဘဲ ရင်ဆိုင်ခဲ့လေသည်။

“ကိုကိုချူဟန်”

ကားပေါ်မှ ဆင်းဆင်းချင်းပင် ၁၈ က ပြေးလာခဲ့သည်။

ကောင်မလေး၏ မျက်နှာထက်မှ အပြစ်ကင်းစင်သော အပြုံးလေးက မှောင်မိုက်အေးစက်နေသည့် ဤလောကကြီးထဲ၌ ရင်ကို နွေးထွေးသွားစေသည်။

သို့သော်လည်း သူမ၏ နောက်ဆက်တွဲ စကားတစ်ခွန်းက ပတ်ဝန်းကျင်ရှိ လူတိုင်းကို အမြဲတမ်း ဆွံ့အသွားစေတတ်သည်ကား အမှန်ပင်။

All Chapters