← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) ရေဒီယို အသံလွှင့်ချက်

“အဟွတ်၊ အဟွတ်”

ချန်ရှောက်ရယ်သည် ရုတ်တရက် မိမိတံတွေးနှင့်မိမိ ပြင်းထန်စွာ သီးသွားလေသည်။ မျက်နှာကြီး နီရဲလာသည်အထိ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေသော သူ၏ မျက်နှာအမူအရာမှာ ချေးကျွေးခံလိုက်ရသူတစ်ဦးပမာ အလွန်အမင်း ရှုံ့မဲ့နေ၏။

“ဟေ့... မင်းက ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးပဲ ရှိသေးတာကို အဲ့ဒီလို အရှက်မရှိတဲ့ စကားတွေ လျှောက်ပြောမနေနဲ့”

၁၈က သူ့ကို အထင်သေးသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“အရှက်မရှိတာ။ ဘယ်နေရာက အရှက်မရှိတာလဲ။ ငါက သာမန်စကားလေး ပြောလိုက်ရုံပဲလေ။ နင့်စိတ်တွေ ညစ်ညမ်းနေလို့ အဲ့ဒီလို ကြားနေရတာ။ ဟောဟိုမှာ ကိုကိုချူဟန်ကို ကြည့်လိုက်စမ်း၊ ဘာပြောနေလို့လဲ။ ဟွန်း...”

ချန်ရှောက်ရယ်မှာ အတွင်းဒဏ်ရာရသွားသည့်အလား စကားများ ဆို့နင့်သွားကာ ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့တော့ချေ။ ဆရာဆိုတာ ဆရာပဲလေ။ သူမလိုလူကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။

ချူဟန်က စကားတစ်ခွန်းမျှ မဟဘဲ ရေဒီယိုခလုတ်ကိုသာ တိတ်ဆိတ်စွာ လှည့်ပတ်ကလိနေ၏။

ကျားချွန်းကျဲ့က ကိုယ့်သဘောနှင့်ကိုယ် မီးမွှေးကာ ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်နေလေပြီ။ ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ဦးပီပီ ရရှိထားသော ဟင်းလျာအနည်းငယ်ကို အကောင်းဆုံး စီမံချက်ပြုတ်နေ၏။

ထိုစဉ် ရှန်ကျိုတီ မောင်းနှင်လာသော ကား၏ အင်ဂျင်သံ ရပ်တန့်သွားသည်။ ဂျလောက်ခနဲ တံခါးဖွင့်သံ ထွက်ပေါ်လာ၏။ ချူဟန်မှလွဲ၍ ထိုနေရာရှိ အမျိုးသားနှစ်ဦး၏ အကြည့်များက ထိုနေရာသို့ တစ်ပြိုင်နက် ရောက်ရှိသွားသည်။ ပထမဆုံး ထွက်ပေါ်လာသည်မှာ အနက်ရောင် သားရေဘောင်းဘီကျပ်ကျပ်ကို ဝတ်ဆင်ထားသော သွယ်လျရှည်လျားသည့် ခြေတံအစုံပင် ဖြစ်သည်။ ခြေဖျားတွင် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထား၏။

ထို့နောက် ဖန်သားပမာ ဖြူဖွေးနေသော လက်တစ်ဖက်က ကားတံခါးဘောင်ကို လှမ်းကိုင်လိုက်သည်။

ခပ်ဖွဖွ အားပြုကာ သူမ ကားအပြင်ဘက်သို့ ထွက်လာချိန်တွင်တော့ တင်းကျပ်သော အပေါ်ဝတ်အင်္ကျီကြောင့် ပိုမို ပေါ်လွင်နေသည့် ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်အထက်ပိုင်းက ပတ်ဝန်းကျင်၏ အာရုံကို ဖမ်းစားသွားတော့သည်။

ငန်းဖြူတစ်ကောင်ကဲ့သို့ လှပသော လည်တိုင်။ တောက်ပနေသော ဆံကေသာအနက်ရောင်များကို နောက်ဘက်တွင် သပ်ရပ်စွာ စည်းနှောင်ထား၏။ ယခုအချိန်တွင် ရှန်ကျိုတီသည် ရုပ်ဖျက်ထားမှုများကို ဖယ်ရှားလိုက်လေပြီ။ ပေါ်လွင်လာသော ထိုအသွင်အပြင်မှာ တစ်ကြိမ်မြင်ရုံနှင့် ဘယ်တော့မှ မေ့ဖျောက်မရနိုင်လောက်အောင် စူးရှလှသည်။ လောကရှိ ယောက်ျားသားအားလုံးကို ဖမ်းစားနိုင်စွမ်းရှိသည့် ပြိုင်ဘက်ကင်း အလှတရားပင် ဖြစ်သည်။ စူးရှထက်မြက်စွာ တွန့်ချိုးထားသော မျက်ခုံးများနှင့် ထူးခြားစွာ တောက်ပနေသည့် မျက်ဝန်းအစုံ။ ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းအစုံ။

တည့်တည့်ရင်ဆိုင်ကြည့်ရန်ပင် တွန့်ဆုတ်သွားစေနိုင်လောက်သော ပြင်းထန်သည့် အရှိန်အဝါများကို သူမက ထုတ်လွှတ်နေ၏။ သာမန်မိန်းမများနှင့် လုံးဝ ကွဲပြားခြားနားနေသော အထက်တန်းကျသည့် ဟန်ပန်မျိုး ရှိနေသည်။ အားနည်းခြင်း၊ ချွဲနွဲ့ခြင်းစသည့် အရိပ်အယောင်များ တစိုးတစ်စိမျှ မတွေ့ရချေ။ ယင်းအစား လူတိုင်းကို ဒူးထောက် အညံ့ခံသွားစေနိုင်လောက်သည့် မောက်မာသော မိန်းမစွမ်းရှင်တစ်ဦး၏ ဟန်ပန်မျိုးကိုပင် လွှမ်းခြုံထားလေသည်။

“လိုင်းဖမ်းလို့ရပီလား”

ကားပေါ်မှ ဆင်းလာသော ရှန်ကျိုတီသည် ချူဟန်၏ ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်လာပြီး စကားစစချင်းပင် ထိုသို့ မေးလိုက်သည်။ ကျားချွန်းကျဲ့မှာ သိသာလွန်းသော အကြည့်များကို အလုအယက် ရုပ်သိမ်းလိုက်ပြီး လက်ထဲမှ အလုပ်များကို အလုပ်များဟန်ပြကာ ဟင်းချက်ခြင်းကို ပြန်လည်စတင်လိုက်သည်။ သို့သော် သူ၏ အကြည့်များက မသိစိတ်၏ စေ့ဆော်မှုအရ သူမ၏ ခန္ဓာကိုယ်နောက်သို့ လိုက်ပါသွားဆဲပင်။ ခန္ဓာကိုယ် အချိုးအစားကို အထင်းသား ပေါ်လွင်စေသော တင်းကျပ်သည့် ဝတ်စုံ။ ပြီးပြည့်စုံလွန်းလှသော ထိုကိုယ်လုံးကိုယ်ပေါက်က ယောက်ျားများကို အဆိပ်အတောက်လိုပင် ညို့ယူဖမ်းစားနေ၏။

“ချိန်နေတုန်းပဲ”

ချူဟန်သည် ခေါင်းပင်မမော့ဘဲ အေးစက်စက် ပြန်ဖြေလိုက်ကာ လိုင်းများကို ဆက်လက် ပြောင်းလဲနေ၏။ သူ၏ မှတ်ဉာဏ်သာ မှန်ကန်မည်ဆိုပါက ရေဒီယို အသံလွှင့်ချက် စတင်မည့်အချိန်မှာ အတိအကျပင် ဤအချိန်၌ ဖြစ်ရမည်။

ဇီး... ဇီး...

ခလုတ်ကို မည်မျှပင် လှည့်နေစေကာ ရေဒီယိုထဲမှ နားငြီးဖွယ်ရာ အသံများသာ ထွက်ပေါ်လာလေသည်။ ဘေးဘက်၌ ချန်ရှောက်ရယ်က မှန်ပြောင်းဖြင့် ကြည့်ရှုကာ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေ၏။ ဤနေရာသည် မြင်ကွင်းရှင်းလင်းသော နေရာဖြစ်သော်လည်း လုံခြုံရေး အာမခံချက်ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တစ်ယောက်ယောက်က အမြဲတမ်း သတိဝီရိယရှိရှိ စောင့်ကြည့်နေရန်လိုအပ်သည်။ ဒါကလဲ ချူဟန် တင်းကြပ်စွာ ညွှန်ကြားထားသော အချက်ပင် ဖြစ်သည်။

“သမီးကို ပေးလုပ်ပါလား”

၁၈ က ချူဟန်၏ ဘေးဘက်မှ သူမ၏ ခေါင်းလုံးလုံးလေးကို ရုတ်တရက် ပြူထွက်လာကာ စိတ်ဝင်တစား မျက်နှာထားဖြင့် ကိုယ်ကို ကိုင်းညွတ်လာသည်။

ချူဟန် ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။ ကြည့်ရသည်မှာ ဤအနီးတစ်ဝိုက်၌ လိုင်းမမိဘူးဟု ထင်ရသည်။ သူက လက်ထဲရှိ ရေဒီယိုကို ၁၈ထံ ကမ်းပေးလိုက်သည်။

“ဖျက်မပစ်လိုက်နဲ့နော်”

ရေဒီယိုကို လက်ခံရယူပြီးသည်နှင့်တစ်ပြိုင်နက် ၁၈က လူတိုင်း၏ မျက်စိရှေ့မှောက်၌ပင် တဂျောက်ဂျောက်မြည်အောင် ဖြုတ်ကာ အစိတ်အပိုင်းများကို တစ်စစီ ခွဲထုတ်ပစ်လေတော့သည်။ အလွန်တရာ လျင်မြန်လွန်းလှသဖြင့် ချူဟန်မှာ တားဆီးရန်ပင် အချိန်မရလိုက်ချေ။

“ဟ... သောက်ကျိုးနည်း”

ချူဟန် အမှတ်တမဲ့ ဆဲလိုက်မိသည်။ တကယ့် မနိုင်စိန် ကလေးမလေးပါလား။

“ချူဟန် ဆိုတာ ရှင့်ရဲ့ နာမည်အရင်းလား”

ရှန်ကျိုတီသည် ကားတံခါးကို မှီလျက် နောက်ပြောင်ချင်သော အကြည့်များဖြင့် မေးလိုက်သည်။

သူမသည် ချူဟန်ဆိုသော ဤအမျိုးသားအပေါ် အနည်းနှင့်အများ သိချင်စိတ် ပြင်းပြနေမိ၏။

ချူဟန်က သူမကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။

“ငါကတော့ တစ်ချို့လူတွေလို နာမည်ရော ရုပ်ရော အကုန်အတုတွေလုပ်တဲ့ အကျင့်မျိုး မရှိဘူးလေ”

“ရုပ်ဖျက်မထားဘူးဆိုရင် အစောကြီးကတည်းက ဒုက္ခရောက်နေလောက်ပြီပေါ့”

ရှန်ကျိုတီ၏ မျက်နှာက ချက်ချင်းပင် တင်းမာသွားသည်။ စကားပြောအပြီးတွင်မူ သူမသည် ချူဟန်ကို အထက်အောက် စုန်ဆန်ကြည့်လိုက်၏။ ဤအမျိုးသားသည် အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်လှသည်။

ထို့ပြင် မိမိကိုယ်တိုင်လည်း သာမန်ထက် သာလွန်သော အလှတရားကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်မှုရှိ၏။ သို့သော် ချူဟန်က သူမအပေါ် မည်သည့် စိတ်ဝင်စားမှုမျှ ပြသခြင်း မရှိပေ။

ချူဟန်က ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

“အထင်ကြီးလွန်းနေတာ... ဟုတ်လား”

ရှန်ကျိုတီမှာ စကားဆွံ့အသွား၏။ ထို့နောက် ချက်ချင်းပင် ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ဒီကောင်... ဘယ်လိုများ ငါ့ကို ဒီလောက်ထိ အရှက်ခွဲရက်ရတာလဲ။

ချူဟန်က ထိုထက်ပို၍ ဘာမျှ ဆက်မပြောတော့ချေ။

အမှန်တကယ်ပင် သူမသည် လှပပြီး ဆွဲဆောင်မှုရှိလှသည်။ သို့သော် လှပသော မိန်းမများကို တွေ့တိုင်း သွားရည်ကျနေရလောက်အောင် သူ အားမနေပေ။ သူ့တွင် လုပ်ဆောင်ရမည့် ပို၍ အရေးကြီးသော ရည်ရွယ်ချက်များ ရှိနေသေးသည်။

“ရပြီဟေ့”

ရုတ်တရက် ထွက်ပေါ်လာသော ၁၈၏ ဝမ်းသာအားရ အော်ဟစ်သံက သူတို့နှစ်ဦး၏ ခဏတာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။

ချူဟန် လှည့်မကြည့်ရသေးမီမှာပင် ၁၈ လက်ထဲရှိ ရေဒီယိုဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“ဒီနေရာက ဆစ်မြို့ စစ်တပ်အခြေစိုက်စခန်း၊ ဒီနေရာက ဆစ်မြို့ စစ်တပ်အခြေစိုက်စခန်းပါ။ ဆစ်မြို့နဲ့ ပတ်ဝန်းကျင်က ပြည်သူများ အထူး သတိပြုကြပါရန်။ အကယ်၍ ဒီရေဒီယို အသံလွှင့်ချက်ကို ကြားရတယ်ဆိုရင် ချက်ချင်းပဲ ကျွန်တော်တို့ စခန်းကို လာရောက် ခိုလှုံကြပါ။ နေထိုင်စရာ နေရာနဲ့ အစားအသောက်တွေ ထောက်ပံ့ပေးပါမယ်။ ဒါ့အပြင် မကြာခင်မှာ ရဟတ်ယာဉ်တွေနဲ့ နိုင်ငံတစ်ဝန်းကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မထိတ်လန့်ကြပါနဲ့။ ကယ်ဆယ်ရေး ပစ္စည်းတွေထဲမှာ အစားအသောက်၊ ဆေးဝါးနဲ့ လက်နက်တွေ ပါဝင်ပါတယ်”

“ဒီနေရာက ဆစ်မြို့ စစ်တပ်အခြေစိုက်စခန်း၊ ဒီနေရာက ဆစ်မြို့ စစ်တပ်အခြေစိုက်စခန်းပါ။ ဆစ်မြို့နဲ့ ပတ်ဝန်းကျင်က ပြည်သူများ အထူး သတိပြုကြပါရန်။ အကယ်၍ ဒီရေဒီယို အသံလွှင့်ချက်ကို ကြားရတယ်ဆိုရင် ချက်ချင်းပဲ ကျွန်တော်တို့ စခန်းကို လာရောက် ခိုလှုံကြပါ။ နေထိုင်စရာ နေရာနဲ့ အစားအသောက်တွေ ထောက်ပံ့…”

ထိုအသံလွှင့်ချက်မှာ အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ ထွက်ပေါ်နေသည်။

ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးကတည်းက ပထမဆုံးအကြိမ် ရရှိလိုက်သော ပြင်ပမှ ခိုင်လုံသည့် သတင်းအချက်အလက်ပင် ဖြစ်သည်။ ထိုနေရာရှိ လူတိုင်း၏ ရင်ထဲ၌ ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ကူးစက်ပြေးလွှားသွားတော့သည်။

ချူဟန်သည် အံ့သြမှုကို ဖုံးကွယ်မထားနိုင်ဘဲ ၁၈ကို ကြည့်လိုက်၏။ ၎င်းမှာ အသက် ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးတစ်ဦး ပိုင်ဆိုင်ထားနိုင်သည့် အသိပညာ သို့မဟုတ် နည်းပညာမျိုး လုံးဝ မဟုတ်ပေ။

“ဆစ်မြို့...”

ကျားချွန်းကျဲ့သည် ဟင်းမွှေတံကို လွှင့်ပစ်လိုက်ပြီး ရေဒီယိုရှေ့သို့ အပြေးအလွှား သွားရောက် ဒူးထောက်လိုက်လေသည်။ ထို့နောက် အကြိမ်ကြိမ် ထပ်ခါတလဲလဲ လာနေသော ထိုအသံကို လောဘတကြီး နားထောင်နေတော့သည်။

“လွတ်ပြီ... ငါတို့တော့ ဘေးကင်းပြီဟေ့။ ကယ်ဆယ်ရေး ပစ္စည်းတွေလည်း ရှိတယ်၊ စစ်တပ်စခန်းလည်း ရှိတယ်။ တော်သေးတာပေါ့၊ တကယ်ကို ကံကောင်းတာပဲ”

ကျားချွန်းကျဲ့မှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် ရူးသွပ်မတတ် ဖြစ်နေလေပြီ။ နိုင်ငံတော်က မိမိတို့အား စွန့်ပစ်လိုက်ပြီဖြစ်၍ ယခုမှစ၍ ငရဲကဲ့သို့သော နေ့ရက်များကို ထာဝရ ဖြတ်သန်းသွားရတော့မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။ ယနေ့ ဤအသံလွှင့်ချက်ကို ကြားလိုက်ရချိန်တွင် ကျဆင်းလာသော မျက်ရည်များကို သူ မထိန်းချုပ်နိုင်တော့ချေ။

၁၈၏ မျက်လုံးများလည်း အရောင်လက်သွားကာ မျှော်လင့်ချက်အပြည့် ပါဝင်သော အကြည့်များဖြင့် ရှန်ကျိုတီနှင့် ချူဟန်ထံသို့ လှမ်းကြည့်လိုက်သည်။

ရှန်ကျိုတီ၏ မျက်နှာထက်၌လည်း နောက်ဆုံးတွင် အပြုံးတစ်ခု ပေါ်လွင်လာ၏။ သူမက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ၁၈ကို ပြောလိုက်သည်။

“ဆယ့်သုံး (၁၃) ကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ ဆစ်မြို့ကို သွားကြမယ်”

“အင်း”

၁၈သည် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။

ချူဟန်က တိတ်ဆိတ်စွာပင် နေနေ၏။ သူမတို့နှစ်ဦး၏ ရွေးချယ်မှုမှာ အစကတည်းက သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ သို့သော် သူ၏ မျက်ဝန်းအောက်ခြေ၌ မည်သူမျှ သတိမထားမိနိုင်လောက်သော အေးစက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယခင်ဘဝက ဤအချိန်ကာလတွင် သူ့အနေဖြင့်လည်း အတိအကျတူညီသော ဤအချိန်၌ပင် ဤအသံလွှင့်ချက်ကို ကြားခဲ့ရပြီး မည်သည့် သံသယမျှမရှိဘဲ အသက်ရှင်ကျန်ရစ်သူများနှင့်အတူ ဆစ်မြို့ဆီသို့ ထွက်ခွာခဲ့ဖူးလေသည်။

“မိုက်လိုက်တာ။ အားလုံးပဲ ဆစ်မြို့ကို သွားကြမယ်။ အဲ့ဒီမှာဆိုရင် အရာအားလုံး ပြည့်စုံသလို စစ်တပ်ကလည်း ကာကွယ်ပေးဦးမှာ။ အဲ့ဒီကျမှ ဘဝသစ်ကို ပြန်စကြတာပေါ့”

ကျားချွန်းကျဲ့က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်သော အသံဖြင့် အော်ဟစ်လိုက်ပြီး မျှော်လင့်ချက်များစွာဖြင့် ရှန်ကျိုတီကို စိုက်ကြည့်လိုက်သည်။ သူသည် ဤလှပသော အမျိုးသမီး၏ အသိအမှတ်ပြုမှုကို ရယူချင်ကာ ဤကမ္ဘာပျက်ကပ်ကြီးထဲ၌ အတူတကွ ဖေးမကူညီရင်း အသက်ရှင်သန်သွားလိုပေသည်။

ချူဟန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။

“အားလုံးပဲ ဆစ်မြို့ကို သွားဖို့ ဆုံးဖြတ်လိုက်ကြပြီဆိုတော့လည်း ဒီနေရာမှာတင် လမ်းခွဲကြတာပေါ့”

တားဆီးချင်သည့် သံယောဇဉ်ဖြစ်စေ၊ အထီးကျန်ဆန်မှုဖြစ်စေ သူ၏စကားထဲ၌ တစိုးတစ်မျှ ပါဝင်မနေချေ။ ချူဟန်၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး မှင်သက်အံ့ဩသွားကြသည်။ ဆစ်မြို့သည် သိပ်မဝေးလှပေ။ ဘေးနားရှိ ထုံမြို့ကို ဖြတ်ကျော်လိုက်သည်နှင့် ချက်ချင်း ရောက်ရှိနိုင်ပေသည်။ သို့ပါလျက် မည်သည့်အတွက်ကြောင့် ဤမျှ လုံခြုံသော နေရာသို့ မသွားလိုရသနည်း။

“ဘာဖြစ်လို့လဲ”

၁၈က ချက်ချင်းပင် မကျေမနပ်အသံဖြင့် အော်ပြောလိုက်သည်။

“ဘာလို့များ အန်းလော်မြို့ ကိုမှ သွားချင်နေရတာလဲ။ အပြင်ဘက်မှာ ဒီလောက်တောင် အန္တရာယ်များနေတာကို”

ချူဟန်၏ မျက်နှာထက်မှ နွေးထွေးမှုများ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းအစုံ၌ မယိမ်းယိုင်သော ခိုင်မာသည့် ဆုံးဖြတ်ချက်များ ကိန်းအောင်းသွား၏။

“အဲ့ဒီမှာ ငါ့မိဘတွေ ရှိနေလို့ပဲ”

“မိဘတွေ...”

ကျားချွန်းကျဲ့မှာ အလွန်တရာ အံ့အားသင့်သွားပြီးနောက် လုံးဝ နားမလည်နိုင်တော့သည့်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။

“အန်းလော်မြို့ ဆိုတာ အတော်ကြီးကို ဝေးတာနော်။ ကမ္ဘာကြီး ဒီလိုမဖြစ်ခင်ကတည်းက ရထားနဲ့သွားရင်တောင် နာရီနှစ်ဆယ်ကျော် ကြာတာ။ အခုလို အဆိုးရွားဆုံး လမ်းအခြေအနေတွေနဲ့ဆိုရင် အချိန်တိုင်း အန္တရာယ်တွေချည်းပဲ။ အဲ့ဒီကို ရောက်ဖို့ဆိုရင် လနဲ့ချီပြီး ကြာသွားလိမ့်မယ်။ အဲ့ဒီအချိန်ရောက်တဲ့အထိ ခင်ဗျား မိဘတွေက တကယ်ပဲ အသက်ရှင်လျက် ရှိနေဦးမယ်လို့ ထင်နေတာလား”

All Chapters