← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ကြက်သား ပေးလိုက်မယ်

ချူဟန်၏ မျက်ဝန်းအစုံမှာ အေးစက်သွားပြီး တင်းမာနေသော မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

“ဘာပဲဖြစ်ဖြစ်၊ ငါတော့ သွားကိုသွားရမယ်”

မည်သူမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်။ အကယ်၍ မသွားပါက ဆယ်နှစ်လောက် နောက်ကြောင်းပြန်ရောက်လာခဲ့သည့် အဓိပ္ပာယ်မှာလည်း လုံးဝမရှိတော့ပေ။

“ဒါဆိုလည်း ရှင့်မိဘတွေကို အန္တရာယ်ကင်းကင်းနဲ့ တွေ့ပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့”

ရှန်ကျိုတီသည် ချူဟန်၏ စိတ်ဓာတ်ကို ရိုက်ချလိုက်သလို မဖြစ်စေချင်ပေ။ သို့သော် သူမအနေဖြင့်လည်း ချူဟန်၏ မိဘများ အသက်ရှင်လျက် ရှိနေလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

“ကျေးဇူးတင်ပါတယ်”

ချူဟန် ခေါင်းညိတ်လိုက်သည်။

“မင်းတို့တွေ ထုံမြို့မှာ လူစုပြီးတာနဲ့ ဆစ်မြို့ကို အရင်သွားကြ။ အဲ့ဒီလမ်းက ဖြတ်လမ်းပဲ ဖြစ်နေမှာ။ ပြီးမှ ငါလိုက်လာခဲ့မယ်”

ထိုသို့ ပြောလိုက်ပြီးနောက် ချူဟန်တစ်ယောက် စိတ်ဝင်စားမှု အနည်းငယ် ဝင်လာမိသည်။ ဤမိန်းမနှစ်ယောက်က သွားရောက်ခေါ်ဆောင်ရန် ကြိုးပမ်းနေသည့် လူမှာ မည်သူများဖြစ်မလဲ။ သာမန်ဆိုလျှင် သူမတို့နှင့် ထိုမျှထိ ပတ်သက်စရာ မလိုပေ။ ထိုသူမှာ သူမတို့အတွက် အလွန်တရာ အရေးပါသည့်သူ ဖြစ်ရပေမည်။ ၆ဝ ရာခိုင်နှုန်းသော သစ္စာရှိမှု ပိုင်ဆိုင်ထားသည့် ၁၈ ပင်လျှင် ကန့်ကွက်စကား မဆိုခဲ့ပေ။

ရှန်ကျိုတီ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ချူဟန်၏ တည်ငြိမ်လှသည့် မျက်ဝန်းများကို ကြည့်လိုက်မိသည့်အခါ ဤအမျိုးသားနှင့် လမ်းခွဲရမည့်အရေးကို သူမ မလိုလားသလို ခံစားလိုက်ရသည်။

ကျားချွန်းကျဲ့က ရှန်ကျိုတီကို ခိုးကြည့်လိုက်သည်။ ချူဟန် ထွက်ခွာသွားမည့်အရေးမှာ သူ အလိုချင်ဆုံး အရာပင် ဖြစ်သည်။ အထူးသဖြင့် ဆစ်မြို့တွင် စစ်တပ်စခန်း ရှိနေမှန်း သိလိုက်ရသည့်နောက် ပို၍ပင် ဖြစ်သည်။ ချန်ရှောက်ရယ်က ချူဟန်ကို ကြောက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ပြီးမှ သွားကိုစေ့ကာ ပြောလိုက်သည်။

“ဘောစ်... ကျွန်တော် ဆစ်မြို့က စစ်တပ်စခန်းကို မသွားတော့ဘူး။ ဘောစ်နောက်ပဲ လိုက်မယ်၊ ‘အန်းလော်မြို့ကို အတူတူ သွားရအောင်”

ချူဟန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူသိထားသည့် ယခင်ဘဝမှ ချန်ရှောက်ရယ်တွင် ဆွေမျိုးသားချင်း လုံးဝမရှိခဲ့ပေ။ သို့သော် ကမ္ဘာပျက်ကပ် စတင်ချိန်တွင်မှ သူ့ကို တွေ့ဆုံခဲ့ရခြင်းဖြစ်ရာ ယုတ္တိရှိရှိဆိုလျှင် ရှာဖွေရမည့် မိဘဆွေမျိုး ရှိနေနိုင်သေးသည်။

“မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကရော ဘယ်လိုဖြစ်သွားတာလဲ”

ချူဟန် ပထမဆုံးအကြိမ်အဖြစ် ချန်ရှောက်ရယ်၏ နောက်ကြောင်းကို မေးမြန်းလိုက်သည်။

“ကျွန်တော်... ကျွန်တော့်မှာ မိသားစု မရှိပါဘူး”

ချန်ရှောက်ရယ်၏ ဝဝဖီးဖီး မျက်နှာပေါ်၌ ကိုယ့်ကိုယ်ကိုယ် သရော်သည့် အရိပ်အယောင်များ ပေါ်လာ၏။ သူ၏ ထူးခြားသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်တရာ ရယ်စရာ ကောင်းနေလေသည်။

“ကျွန်တော်က မိဘမဲ့ကျောင်းမှာ ကြီးပြင်းလာတာ။ ဘယ်သူမှ မရှိဘူး။ သူငယ်ချင်းဆိုတာလည်း... ဟူး…ကျွန်တော်လို ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးဆိုး၊ ပြီးတော့ အစားကြီးတဲ့လူကို ဘယ်သူက သူငယ်ချင်းလုပ်ချင်ပါ့မလဲ”

ချူဟန် အတွေးနက်သွားသည်။ ယခင်ဘဝက ချန်ရှောက်ရယ်၏ ပတ်ဝန်းကျင်တွင်လည်း ရင်းနှီးသည့်လူဟူ၍ တစ်ယောက်မျှ မရှိခဲ့ချေ။

“ဘာပဲဖြစ်ဖြစ် ကျွန်တော် ဘောစ်နောက်ပဲ လိုက်မယ်။ ကျွန်တော့်ကို စွန့်မပစ်သရွေ့ပေါ့” ချန်ရှောက်ရယ်က ငိုမဲ့မဲ့ဖြစ်နေသည့် မျက်နှာဖြင့် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။

“ကောင်းပြီ”

ချူဟန် ခပ်ပါးပါး ပြုံးလိုက်သည်။

ချန်ရှောက်ရယ်၏ သစ္စာရှိမှုမှာ ၉ဝ ရာခိုင်နှုန်း ရှိနေသည်။ ယခင်ဘဝက သူ၏ စွမ်းရည်မှာ အလွန်တရာ ကြောက်ခမန်းလိမ့်မည်။ ယခုအချိန်တွင် သူ ပိုင်ဆိုင်ထားသည့် ပြန်လည်စတင်ခြင်း စနစ် မှလွဲလျှင် ဤသစ္စာရှိမှုက အကြီးမားဆုံး အမြတ်ထွက်ခြင်းပင် ဖြစ်သည်။

လမ်းခွဲရမည့်အရေး စကားစမိသဖြင့် အားလုံး၏ စိတ်ထဲတွင် မသာမယာ ဖြစ်သွားကြသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက်

“ကဲ... အရင်ဆုံး စားကြစို့”

ကျားချွန်းကျဲ့က ချက်ပြုတ်ပြီးထားသည့် ဟင်းလျာများကို ကျောက်တုံးကြီးတစ်ခုပေါ် တင်လိုက်ပြီး အားတက်သရော ခေါ်လိုက်သည်။ သူ၏ စိတ်ခံစားချက်မှာ အလွန် ကောင်းမွန်နေ၏။ ဆစ်မြို့သို့ ရောက်သည်နှင့် ချူဟန်၏ မျက်နှာကို ကြည့်စရာ မလိုတော့သည့်အပြင် ရှန်ကျိုတီနှင့်လည်း ရင်းနှီးမှုကို တိုးမြှင့်နိုင်မည် ဖြစ်သည်။

“ဝါး... ကြက်သားဟင်းပဲ”

ချန်ရှောက်ရယ်သည် စိတ်ခံစားချက် ပြောင်းမြန်သည့်သူပီပီ ကြက်သားဟင်းကို လုယူလိုက်ပြီးနောက် အားရပါးရ စားသောက်တော့သည်။ ချူဟန်က ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီး ဟင်းသီးဟင်းရွက်များကိုသာ အရင်ဆုံး ရွေးစားလိုက်သည်။ ဤကမ္ဘာပျက်ကပ်တွင် ဟင်းသီးဟင်းရွက်မှာ အရှားပါးဆုံး အစားအစာဖြစ်သည်။ ယခုအချိန်တွင် လူများက ၎င်း၏ အရေးပါမှုကို သတိမထားမိကြသေးပေ။

သို့သော် ခြောက်လလောက် ကြာသွားသည့်အခါ ပထမဆုံး ဆောင်းရာသီကို ဖြတ်ကျော်ပြီးသည်နှင့် ဟင်းသီးဟင်းရွက်များသည် ယခင်ခေတ်က ဇိမ်ခံပစ္စည်းများထက်ပင် ရရန် ခက်ခဲသွားတော့မည်။ သာမန်လူများအနေဖြင့် လုံးဝ စားသုံးနိုင်တော့မည် မဟုတ်ပေ။

“ကဲ... စားကြပါ”

ကျားချွန်းကျဲ့က လူတိုင်းကို ထမင်းထည့်ပေးပြီးနောက် အနံ့အရသာနှင့် ပြည့်စုံသည့် ကြက်ပေါင်ကြီးတစ်ချောင်းကို ၁၈၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“၁၈... အများကြီးစားနော်”

“အင်း”

၁၈က စိတ်ဓာတ်ကျနေသည့်ဟန်ဖြင့် လက်ခံလိုက်သည်။ သို့သော် ရုတ်တရက် ချူဟန်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကိုကိုချူဟန်... ဒီ ကြက်ပေါင်သား စားမလား”

ပြောပြောဆိုဆိုနှင့် သူမသည် ကြက်ပေါင်သားကြီးကို ချူဟန်၏ ပန်းကန်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်လေသည်။ ကျားချွန်းကျဲ့၏ စိတ်ကို အနည်းငယ်မျှ ဂရုမစိုက်တော့ပေ။

ချူဟန် ခပ်ပါးပါး ပြုံးကာ လက်ခံလိုက်သည်။ ၁၈မှာ အလွန်တရာ ကောင်းမွန်သော ကလေးတစ်ဦး ဖြစ်သော်လည်း စကားပြော ကြမ်းတမ်းလွန်းခြင်းမှာ တစ်ခုတည်းသော အားနည်းချက်ပင်။

ကျားချွန်းကျဲ့၏ မျက်နှာမှာ တစ်ချက် တုံ့ခနဲ ဖြစ်သွားသော်လည်း ချက်ချင်း ပြန်ထိန်းကာ ပန်းကန်ထဲ ကျန်နေသည့် နောက်ဆုံးကြက်ပေါင်သားကို ရှန်ကျိုတီ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“ရှန်ကျိုတီ... မင်းလည်း အများကြီး စားဦး။ အရမ်း ပိန်နေတယ်”

ရှန်ကျိုတီက ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဟင်းသီးဟင်းရွက်များကိုသာ တိတ်ဆိတ်စွာ စားနေသည့် ချူဟန်ကို ကြည့်လိုက်မိသည်။ တစ်စုံတစ်ခုကြောင့် သူမ၏ ရင်ထဲ၌ စူးခနဲ ဖြစ်သွားသည်။

ဤရက်အနည်းငယ်အတွင်း စောင့်ကြည့်ခဲ့သမျှ ချူဟန်မှာ တကယ်ကို ထူးခြားသူ ဖြစ်မှန်း သိလိုက်ရသည်။

အသက်နှစ်ဆယ်သာ ရှိသေးသော်လည်း ရင့်ကျက်သည့် အမျိုးသားတစ်ဦးသာ ပိုင်ဆိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။ ထို့ပြင် သူတစ်ယောက်တည်းသာ သူမကို အမဲသားကို လိုချင်နေသည့် ဝံပုလွေကဲ့သို့သော မျက်လုံးမျိုးဖြင့် မကြည့်ပေ။

“ချူဟန်... ရှင်လည်း စားပါဦး”

ဘာမျှ မတွေးတောမိဘဲ ရှန်ကျိုတီသည် သူမ၏ ကြက်ပေါင်သားကို ချူဟန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ချူဟန်မှာ အံ့အားသင့်သွားပြီး သူမကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

‘သူမရဲ့ သစ္စာရှိမှုက ၃ဝ ရာခိုင်နှုန်းပဲ ရှိတာမဟုတ်လား။ ဘာလို့ ရုတ်တရက် ဒီလောက်အထိ ကြင်နာပြနေရတာလဲ’

ကြက်ပေါင်သားကို လက်ခံရသော်လည်း ချူဟန်က ချက်ချင်း မစားသေးဘဲ သူ့အတွက် အလွန်တရာ အဖိုးတန်သည့် ဟင်းသီးဟင်းရွက်များကိုသာ ဆက်စားနေ၏။

ကျားချွန်းကျဲ့မှာ မိမိလျှာကို ကိုယ်တိုင် ကိုက်မိလုနီးပါး ဖြစ်သွားသည်။ သောက်ကျိုးနည်း... ၁၈က တစ်မျိုး၊ အခု ရှန်ကျိုတီပါ သူပေးထားတဲ့ အသားကို ချူဟန်ကို ပေးလိုက်တယ်ပေါ့လေ ပိုဆိုးတာက ချူဟန်က အဲ့ဒါကို လုံးဝ ဂရုမစိုက်တဲ့ပုံပဲ။ သူပေးထားတဲ့ ကြက်ပေါင်သားကို ဘေးဖယ်ထားပြီး အဲ့ဒီ အရသာမရှိတဲ့ အရွက်တွေကိုပဲ စားနေတာ။

သို့သော် ချူဟန်က ကျားချွန်းကျဲ့၏ စိတ်ထဲ၌ ဖြစ်ပျက်နေသည်ကို မသိရှိနိုင်ပေ။ ယခုအချိန်တွင် ဟင်းသီးဟင်းရွက်များကို အဝစားထားမှသာ နောင်အခါတွင် ဤကဲ့သို့ လွယ်လွယ်ကူကူ စားသောက်ရန် ခက်ခဲသွားပေတော့မည်။ မိန်းမနှစ်ယောက်၏ ထူးဆန်းသော အပြုအမူများကြောင့် ဘေးက ချန်ရှောက်ရယ်မှာ မသက်မသာ ဖြစ်သွားသည်။ အားလုံးက ပန်းကန်ထဲမှ အကောင်းဆုံး အစားအစာများကို ချူဟန်ကို ပေးအပ်နေကြသည်။ ဘောစ်၏ အနီးကပ်ဆုံး နောက်လိုက်တစ်ယောက်အနေဖြင့် ကိုယ်လည်း တစ်ခုခု ပြသသင့်နေပြီ မဟုတ်လား။

“ဘောစ်”

ချန်ရှောက်ရယ်က အလွန်တရာ လိုလိုလားလား ဖြစ်နေသည့်ဟန်ဖြင့် တစ်ဝက်လောက် ကိုက်ထားပြီးဖြစ်သော ကြက်ပေါင်သားကို ချူဟန်ရှေ့သို့ ထိုးပေးလိုက်သည်။

“ကျွန်တော့်ကြက်သားကိုလည်း စားပါဦး”

“တော်ပါတော့ဟ”

ချူဟန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ စကားကို ဖြတ်ပြောလိုက်သည်။ ၁၈တို့၊ ရှန်ကျိုတီတို့က တစ်မျိုး၊ အခု မင်းပါ လာရှုပ်နေတာလား။

ထိုမြင်ကွင်းကို ကြည့်နေရသည့် ကျားချွန်းကျဲ့မှာ ပန်းကန်ထဲရှိ အစားအစာများ၏ အရသာကိုပင် မသိတော့ပေ။ အားလုံးက ချူဟန်ကိုသာ ဗဟိုပြုနေကြသည်။ မိမိမှာ အပြင်လူတစ်ယောက်… မဟုတ်ဘူး... အသုံးမကျသည့် ကျွန်တစ်ယောက်သာ ဖြစ်နေတော့သည်။

တိတ်ဆိတ် ငြီးငွေ့ဖွယ်ကောင်းသော အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ချူဟန်က မင်ချူးမြို့ရှိ ကုန်စုံဆိုင်မှ စုဆောင်းလာခဲ့သော အစားအစာများမှာ ကုန်ခါနီး ဖြစ်နေပြီ။ အဓိကတရားခံမှာ ဖက်တီး၏ အလွန်အမင်း အစားကြီးခြင်းကြောင့်ပင် ဖြစ်သည်။ ရေဒီယို အသံလွှင့်ချက်မှာလည်း လွန်ခဲ့သော ရက်အနည်းငယ်ကအတိုင်း တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိပေ။ တူညီသော စကားလုံးများကိုသာ ထပ်ခါတလဲလဲ ပြောနေပြီး ကြားဖြတ် လိုင်းကျနေတတ်သဖြင့် အခြားဒေသများ၏ အခြေအနေကို သိရှိရန် လုံးဝ မဖြစ်နိုင်ချေ။

ကမ္ဘာကြီးမှာ အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီးမှ ပြန်လည် ပေါင်းစပ်ထားသကဲ့သို့ပင် ဖြစ်သည်။ ခွဲခြမ်းထားသော မြေပုံများအလိုက် အသက်ရှင်ကျန်ရစ်သူတို့မှာ တစ်ကိုယ်တော် တိုက်ပွဲဝင်နေကြရသည်။ ကားသုံးစီးလုံး၏ ဆီတိုင်ကီများမှာလည်း ကုန်ခါနီး ဖြစ်နေသည်။ အခြေအနေကို ခြုံငုံသုံးသပ်ပြီးနောက် ချူဟန်သည် အမြန်လမ်းမကြီးအနီးရှိ မြို့ငယ်လေးတစ်မြို့တွင် ပစ္စည်းများ ပြန်လည် ဖြည့်တင်းရန် ဆုံးဖြတ်လိုက်သည်။

လမ်းဘေးတွင် ကားရပ်လိုက်ပြီးနောက် ချူဟန်သည် ကားဘေး၌ ရပ်ကာ ရှေးအကျဆုံးဖြစ်သည့် စက္ကူမြေပုံကို ဖြန့်လိုက်သည်။ မြေပုံပေါ်ရှိ မြို့အမည်များကို တစ်ခုချင်းစီ သေချာစွာ စစ်ဆေးနေသည်။

ချူဟန် မြေပုံကို စူးစိုက်ကြည့်နေသည်မှာ မိနစ်သုံးဆယ်ခန့် ကြာသွားသည်။ ဘေးမှ ကျားချွန်းကျဲ့မှာ သည်းမခံနိုင်တော့ဘဲ…

“ဟေ့... တစ်မြို့လောက် ရှာလိုက်ရင် ပြီးရောမဟုတ်လား။ ဘယ်လမ်းကဆင်းဆင်း မြို့တော့ တွေ့မှာပဲလေ၊ စူပါမားကတ်တွေ၊ ဆီဆိုင်တွေလည်း ရှိမှာသေချာနေတာကို ဘာလို့ ဒီလောက်တောင် သေချာ စစ်ဆေးနေရတာလဲ”

“ပါးစပ်ပိတ်ထား”

ချူဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသေးစိတ် စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်။ သူမျက်ခုံးတွန့်လိုက်ပြီး ယခင်ဘဝမှ မှတ်ဉာဏ်များကို အပြင်းအထန် ပြန်လည် ဖော်ထုတ်နေမိသည်။ ယခင်ဘဝက သူနှင့်အတူ ပါဝင်ခဲ့သည့် အသက်ရှင်ကျန်ရစ်သူအဖွဲ့မှာလည်း ဤနေရာကို ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ၎င်းမှာ ဆယ်နှစ်ကြာခဲ့ပြီ ဖြစ်သော မှတ်ဉာဏ်များပင်။

မိမိဘဝကို ပြန်လည် စတင်နိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးသော ချူဟန်အနေဖြင့် အသေးစိတ်အချက်အလက်များကို ပြန်လည် အမှတ်ရရန် မဖြစ်နိုင်ချေ။

အစားအစာ၊ ဆေးဝါးများ၊ သေနတ်နှင့် ကျည်ဆန်များ ပြည့်နှက်နေသည့် ထိုကယ်ဆယ်ရေး ပစ္စည်းများမှာ တကယ်တော့ ဘယ်နေရာမှာ ရှိနေတာလဲ။

All Chapters