အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃ဝ) ကန်ထုတ်လိုက်ခြင်း
“ပါးစပ်ပိတ်ထား”
ဟုတ်လား...
ကျားချွန်းကျဲ့ မျက်နှာမှာ ဖြူရော်သွားရာမှ ပြာနှမ်းလာကာ တဖြည်းဖြည်း မည်းမှောင်သွားတော့သည်။ ချူဟန်ကို အငြိုးတကြီး စိုက်ကြည့်လိုက်စဉ် နှလုံးသားအောက်ခြေမှ ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လောင်လာသည်။ ဒီကောင်ကများ ငါ့ကို ပါးစပ်ပိတ်ထား ဟု ရဲတင်းစွာ ပြောဆိုဝံ့သည်ပေါ့။
ကားအတွက် သံဇကာကို သူကိုယ်တိုင် ရှာဖွေပေးခဲ့ရသည် မဟုတ်ပါလား။ သူက သာမန်စားဖိုမှူးတစ်ယောက်ဆိုသော်လည်း စားဖိုမှူးမှာလည်း ထိုက်တန်သည့် အကျိုးခံစားခွင့် ရသင့်သည်ပင်။ သို့တိုင်အောင် သူစားရသည့် ရိက္ခာပမာဏမှာ ချန်ရှောက်ရယ်ထက်ပင် နည်းပါးနေသေးသည်။ ချူဟန်က သူ့တစ်ယောက်တည်းကိုသာ သိသိသာသာ သတိထားစောင့်ကြည့်နေသဖြင့် ကျန်သုံးယောက်ကပါ သူ့ကို အယုံအကြည်ကင်းမဲ့နေကြသည်။ ရှေ့ဆက်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း သူ့ကို ဖယ်ကြဉ်ထားကြောင်း သိသာလွန်းလှသည်။
‘တောက်... ဒီကောင်က ဘာတွေများ အဲ့လောက် အထင်ကြီးစရာရှိနေလို့လဲ။ ခွန်အား နည်းနည်းပိုကြီးနေတာလေးကိုများ’
ကျားချွန်းကျဲ့ တစ်ယောက် လုံးဝမသိနိုင်သည့် အချက်တစ်ချက် ရှိနေသည်။ ချူဟန်၌ ပြန်လည်စတင်ခြင်း စနစ် ဟူသော ထူးခြားသည့်စွမ်းအားတစ်ခု ရှိနေပြီး ထိုစနစ်မှတစ်ဆင့် အဖွဲ့ဝင်များ၏ သစ္စာရှိမှုကို တိကျစွာ သိမြင်နိုင်စွမ်း ရှိနေခြင်းပင်။
ထို့ပြင် ကျားချွန်းကျဲ့၏ သစ္စာရှိမှု အမှတ်မှာ အမြဲတမ်း (သုည) ၌သာ ရှိနေကြောင်းကိုလည်း ချူဟန် သိထားပြီးဖြစ်သည်။
ကျားချွန်းကျဲ့ မျက်နှာကြွက်သားများ တွန့်လိမ်သွားသော်လည်း ဒေါသကို မြိုသိပ်ကာ ဟန်ဆောင်ပြုံးလိုက်သည်။
“ဟီးဟီး... ဟုတ်ပါတယ်ဗျာ။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
“အမြန်လမ်းကနေ ဆင်းကြမယ်”
ချူဟန် မျက်ဝန်းများထဲ၌ မျှော်လင့်ချက်နှင့် ရည်မှန်းချက်ရောင်ခြည်များ ဖြတ်ပြေးသွားသည်။ ယခုဆိုလျှင် ရက်ပေါင်းများစွာ ကြိုတင်ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစစ်တပ်က (လေထီးချရိက္ခာ) ကို မည်သို့ပင်ဖြစ်စေ သူပထမဆုံး ရှာဖွေတွေ့ရှိရမည်သာတည်း။
အန်းကဲမြို့နယ်။ အလွန်သေးငယ်သော မြို့လေးဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ကြီးမားလှသော လူဦးရေအရ ဤမြို့လေးတွင်ပင် လူဦးရေ တစ်သိန်းကျော် နေထိုင်ကြသည်။ အနည်းဆုံး တစ်သိန်းဟု တွက်ဆလျှင်ပင် ဤမြို့ထဲ၌ ဇွန်ဘီကောင်ရေ ရှစ်သောင်းခန့် လှည့်လည်သွားလာနေကြောင်း ဆိုလိုပေသည်။
ဓာတ်ဆီချွေတာနိုင်ရန် ကားနှစ်စီးကို စွန့်ပစ်ခဲ့ပြီး ချူဟန် မောင်းနှင်သည့် G55 ကားပေါ်သို့ လူငါးယောက်လုံး ပြောင်းစီးခဲ့ကြသည်။ ကားအတွင်းခန်းမှာ ကျယ်ဝန်းလှပြီး နောက်ခန်းရှိ ရိက္ခာများမှာလည်း ကုန်လုနီးပါး ဖြစ်နေသဖြင့် လူငါးယောက် စီးနင်းရန် အနေတော်ပင် ဖြစ်နေသည်။
ချူဟန်က အင်ဂျင်သံကို အတတ်နိုင်ဆုံး တိုးလျက် အန်းကဲမြို့ဆီသို့ ဖြည်းညင်းစွာ မောင်းနှင်သွားသည်။ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ဆိုင်ငယ်လေးများမှာ တံခါးများ တင်းကြပ်စွာ ပိတ်ထားကြသည်။
တချို့သော တံခါးပွင့်နေသည့် ဆိုင်များအတွင်း၌ ကြက်သီးမွေးညင်းထစရာ ငရဲခန်းအလား မြင်ကွင်းများ ရှိနေသည်။ ပြန့်ကျဲနေသော လူ့အရိုးစုများနှင့် မည်းခြောက်နေသော သွေးကွက်များ။ လမ်းမအနှံ့ ပြတ်တောက်နေသော ခြေလက်အင်္ဂါများ ပြန့်ကျဲနေလျက် တစ်မြို့လုံးမှာ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အထူးသဖြင့် ဤမြို့ငယ်လေးအတွင်း၌ ပျို့အန်ချင်စရာကောင်းလောက်အောင် ပုပ်ဟောင်နေသော အနံ့ဆိုးကြီး လွှမ်းခြုံနေလေသည်။
“ငါတို့ ဒီကို တမင်လာဖို့ လိုလို့လား”
ရှန်ကျိုတီက လုံးဝနားမလည်နိုင်သည့် မျက်နှာဖြင့် ချူဟန်ကို ကြည့်လိုက်သည်။
“မြို့ထဲမဝင်ဘဲနဲ့လည်း ရိက္ခာနဲ့ ဓာတ်ဆီကို ရှာလို့ရတာပဲဟာ”
ချူဟန် ဘာမှပြန်မဖြေပေ။ သူကိုယ်တိုင်က အနာဂတ်မှ လာသူဖြစ်ကြောင်းနှင့် ဤနေရာသို့ လေထီးချရိက္ခာများ ကျဆင်းလာမည်ကို သိနေကြောင်း သူ့အနေဖြင့် လုံးဝထုတ်ပြောနိုင်မည် မဟုတ်ချေ။
“ဟင်”
ကျားချွန်းကျဲ့က နှုတ်ခမ်းမဲ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“အဖွဲ့သားတွေရဲ့ လုံခြုံရေးကိုမှ မတွေးဘဲ လုပ်ချင်သလို လုပ်နေတာပဲ။ ခင်ဗျားက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဆိုပေမယ့် ငါတို့ကို သေတွင်းထဲ အတင်းပို့ဖို့ အခွင့်အရေးမရှိဘူးနော်။ စဉ်းစားကြည့်စရာတောင် မလိုဘူး၊ ဒီမှာ ဇွန်ဘီဘယ်လောက်တောင် ရှိနေမလဲဆိုတာ”
ချူဟန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း ဆင်း။ ဘယ်သူမှ အတင်းအကျပ် မခေါ်ဘူး”
“ဆင်းရမယ် ဟုတ်လား”
ကျားချွန်းကျဲ့က အေးစက်သော အကြည့်ဖြင့် တန်ပြန်လိုက်သည်။
“အခု ဒီကားတစ်စီးပဲ ရှိတာလေ။ ငါ့ကို ဒီမှာဆင်းပြီး ဇွန်ဘီအကိုက်ခံရအောင် လုပ်နေတာလား”
“အစကတည်းက ကိုယ့်သဘောနဲ့ကိုယ် လိုက်လာမယ်ဆိုတာ မင်းကိုယ်တိုင်ပဲလေ”
ချူဟန်က နောက်ကြည့်မှန်မှတစ်ဆင့် သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ကာ တိတ်ဆိတ်နေသော အမျိုးသမီးနှစ်ဦးနှင့် ချန်ရှောက်ရယ်ဆီသို့ အကြည့်လွှဲလိုက်သည်။
“သင့်တော်တဲ့ တည်းခိုခန်းတစ်ခုရှာပြီး ဇွန်ဘီတွေကို ရှင်းလင်းမယ်။ အရင်ဆုံး အဲ့ဒီနေရာကို အခြေစိုက်စခန်း လုပ်ရမယ်။ နောက်မှ ကားနဲ့ ရိက္ခာကို ရှာကြတာပေါ့။ ရှေ့ဆက်ပြီး မင်းတို့ နေခဲ့ချင်နေ၊ ထွက်သွားချင်လည်း သဘောပဲ”
ချူဟန်ဆိုလိုသည်မှာ ရှန်ကျိုတီ၊ ၁၈နှင့် ကျားချွန်းကျဲ့တို့ သုံးယောက်ကို ဖြစ်သည်။ သစ္စာရှိမှု ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သော ချန်ရှောက်ရယ်က လမ်းခွဲသွားရန် အကြောင်းမရှိပေ။ ချူဟန်အတွက် အစကတည်းက လေထီးချရိက္ခာကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
“ထွက်သွားစရာလား”
၁၈က ကျားချွန်းကျဲ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ ကောင်မလေး၏ ဖြူစင်သော မျက်နှာထက်၌ ပြင်းပြသော ဆုံးဖြတ်ချက်များ ကိန်းအောင်းနေသည်။
“ဆစ်မြို့ကို မရောက်မချင်း ငါကတော့ လိုက်မှာပဲ”
ရှန်ကျိုတီသည်လည်း ပြတင်းပေါက်အပြင်ဘက်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းများထံမှ အကြည့်လွှဲလိုက်ပြီး ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလာသည်။
“ငါလည်း ကန့်ကွက်စရာမရှိပါဘူး”
ကျားချွန်းကျဲ့ အပြောရခက်သွားသည်။ ချူဟန်အပေါ် အနည်းငယ်မျှ သဘောမကျသော်လည်း ချူဟန်၏ စွမ်းရည်ကို အသုံးချကာ ဆစ်မြို့သို့ ရောက်လိုသော ရည်ရွယ်ချက် ရှိနေသည်။ အကယ်၍ တစ်ယောက်တည်း ခရီးဆက်ရပါက သေချာပေါက် အသက်ဘေးကြုံရပေမည်။
“ဟီးဟီး... အစ်ကိုချူ။ ကျွန်တော်က ကြောက်လို့ပါဗျာ...”
ကျားချွန်းကျဲ့က ဖားယားသော လေသံသို့ အမြန်ပြောင်းလိုက်သည်။
“လူတိုင်း အန္တရာယ်ကြုံရမှာ စိုးရိမ်လို့ပါ။ ငါကတော့ အစ်ကို့နောက်ကိုပဲ လိုက်မှာပါ”
“သဘောပဲ”
ကျားချွန်းကျဲ့ ထွက်သွားမည်လား နေခဲ့မည်လား ဆိုသည်ကို ချူဟန် အလျဉ်းဂရုမစိုက်ပေ။ လိုက်လာမည်ဆိုပါက ခိုင်းဖတ်စားဖိုမှူးအဖြစ် အသုံးချမည်ဖြစ်ပြီး မလိုက်လျှင်လည်း ထွက်သွားရုံပင် ရှိတော့သည်။ ဇွန်ဘီအုပ်များကို သတိထားရှောင်ကွင်းရင်း ရှေ့ဆက်လာရာ ချူဟန် ဟောင်းနွမ်းနေသော တည်းခိုခန်းငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။
အဝင်ဝအထက်၌ (ချန်ကွမ်းတည်းခိုခန်း) ဟု ရေးသားထားသော ဆိုင်းဘုတ်မှာ ပြုတ်ကျလုမတတ် တွဲလောင်းကျနေသည်။ ပွင့်ဟနေသော အဝင်ပေါက်အနီးတွင် အလုပ်သမားဝတ်စုံဝတ် ဇွန်ဘီအချို့ ယိမ်းထိုးသွားလာနေကြသည်။ ထောင့်တစ်နေရာ၌ မည်သူမည်ဝါမှန်း မသိရတော့သော အလောင်းအကြွင်းအကျန်များ ပြန့်ကျဲနေပြီး အမျိုးသမီးဇွန်ဘီတစ်ကောင်က နံရိုးများပေါ် မှောက်လျက် သွေးသားများကို ရူးသွပ်စွာ စုပ်ယူစားသောက်နေသည်။
“ဝေါ့...”
ချန်ရှောက်ရယ် မအောင့်နိုင်ဘဲ အန်ချလိုက်မိသည်။ ရွံရှာဖွယ်ကောင်းလွန်းသဖြင့် သူက မျက်နှာလွှဲလိုက်တော့သည်။
“ဒီမှာဆင်းကြ”
တည်းခိုခန်းအနောက်ဘက်ရှိ တိတ်ဆိတ်သော ကားပါကင်တွင် ကားရပ်လိုက်ကာ မျက်စိရှေ့ရှိ ငရဲခန်းအလား မြင်ကွင်းကို ချူဟန်က မျက်နှာတစ်ချက်မပျက်ဘဲ ပြောလိုက်သည်။ ဤသို့သော မြင်ကွင်းများကို သူ ယဉ်ပါးနေသည်မှာ ကြာပြီဖြစ်သည်။
“ဒီမှာ တည်းဖို့တော့ မဟုတ်ပါဘူးနော်”
ကျားချွန်းကျဲ့ မျက်နှာထက်၌ သိသာထင်ရှားသော ရွံရှာမှုများ ပေါ်လွင်နေသည်။
“ဒီထက်ကောင်းတဲ့နေရာ ရှိဦးမှာပါ။ ဒီမြို့က သေးတယ်ဆိုပေမယ့် ကြယ်သုံးပွင့်အဆင့် ဟိုတယ် တစ်လုံးနှစ်လုံးတော့ ရှိရမှာပေါ့။ ကြယ်နှစ်ပွင့်ဆိုရင်တောင် ရသေးတယ်။ အရင်က ပိုက်ဆံမရှိလို့ ကောင်းကောင်းမတည်းနိုင်ခဲ့ပေမယ့် အခုလိုအချိန်မှာ ဒါတွေ ဂရုစိုက်နေစရာ မလိုဘဲနဲ့ ဘာလို့ ဒီလိုနေရာမျိုးကို တမင်ရွေးရတာလဲ။ ပြီးတော့ ခြောက်သွေ့သွေ့နဲ့”
ချူဟန် ကားပေါ်မှဆင်းကာ ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခံစားချက်ကင်းမဲ့နေသော အေးစက်စက် မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
“စောစောက ပြောပြီးပြီလေ။ သဘောမကျရင် ထွက်သွားလို့ရတယ်”
ဤနေရာမှာ တည်နေရာ အလွန်ဆိုးရွားသည်။ အထက်တန်းလွှာ လူ့အဖွဲ့အစည်းသာဆိုလျှင် တစ်ယောက်မျှ လာမည်မဟုတ်ဘဲ ဆိုင်ပိတ်ရမည့်နေ့ကိုသာ စောင့်ရမည့် နေရာမျိုးဖြစ်သည်။ သို့သော် ဤကမ္ဘာပျက်ကပ် ကာလကြီး၌ ဤသို့သော နေရာမျိုးကသာ အလုံခြုံဆုံး ဖြစ်ပေသည်။ လူသူကင်းမဲ့ပြီး ဧည့်သည်မရှိခြင်းက ဇွန်ဘီအရေအတွက်လည်း နည်းပါးကြောင်း ဆိုလိုခြင်းပင်။
သေချာသည်မှာ ချူဟန်တွင် ထိုအကြောင်းများကို ရှင်းပြနေရန် တာဝန်မရှိသလို သစ္စာရှိမှု သုည သာရှိသော လူတစ်ယောက်ကို အကြောင်းပြချက်များ တစ်ခုချင်း ရှင်းပြနေလောက်အောင်သည်အထိ သည်းခံနိုင်စွမ်းလည်း မရှိပေ။
ချန်ရှောက်ရယ်၊ ရှန်ကျိုတီနှင့် ၁၈တို့မှာ ဘာမျှမပြောဘဲ ကိုယ်စီ လက်နက်များကိုင်ဆောင်လျက် ချူဟန်နောက်မှ လိုက်လာကြသည်။
“တောက်...”
ကျားချွန်းကျဲ့က တိုးတိုးလေး ကျိန်ဆဲလိုက်ပြီး ချူဟန် မကြားနိုင်သော နေရာမှနေ၍ ထပ်မံဆဲရေးနေသေးသည်။
“ဒီကောင် ရူးနေတာလား မသိဘူး”
သူတို့တစ်စု ခြေသံဖျောက်ကာ မည်သည့်အသံမျှ မထွက်စေဘဲ တည်းခိုခန်း အဝင်ပေါက်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြသည်။ တည်းခိုခန်းမှာ အမှန်တကယ်ပင် အလွန်သေးငယ်လှပြီး နှစ်ထပ်သာ ရှိသည်။ အတွင်းသို့ ခြေချလိုက်သည်နှင့် နှာခေါင်းကို စူးရှသွားစေမည့် အနံ့အသက်ဆိုးကြီးက မျက်နှာကို ရိုက်ခတ်လာသည်။ ဇွန်ဘီတို့ထံမှသာ ရနိုင်သည့် အလောင်းပုပ်နံ့ကြီးပင်။
မြေညီထပ် ဧည့်ခန်းဆောင်၌ ဇွန်ဘီအချို့ ရှိနေသော်လည်း ချူဟန် ရွေးချယ်ထားသော နောက်ဖေးပေါက်မှ ဝင်လိုက်သည်နှင့် မျက်စိရှေ့၌ လှေကားကို တိုက်ရိုက်တွေ့လိုက်ရသည်။ သူက စကားတစ်ခွန်းမျှ မဆိုဘဲ လှေကားပေါ်သို့ တက်သွားရာ မြေညီထပ်၌ ပြန့်ကျဲနေသော ဇွန်ဘီများကို လုံးဝလျစ်လျူရှုထားလိုက်သည်။
“မသတ်တော့ဘူးလား...”
နောက်မှလိုက်လာသော ချန်ရှောက်ရယ်က စိုးရိမ်တကြီး မေးလိုက်သည်။
ချူဟန် ခေါင်းခါပြလိုက်ပြီး နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ “ရွှတ်” ဟု တိုးတိုးလေး အချက်ပြလျက် ဒုတိယထပ်သို့ ဆက်တက်သွားသည်။
အပေါ်ထပ်သို့ ရောက်သောအခါ မှောင်မိုက်နေသည့် စင်္ကြံလမ်းကို တွေ့လိုက်ရသည်။ အကျယ်မှာ နှစ်မီတာခန့်သာ ရှိမည်။ ကြမ်းပြင်ပေါ်၌ အနီရင့်ရောင် ကော်ဇောတစ်ချပ် ခင်းထားသော်လည်း ယင်းမှာ မူလအရောင်လား သွေးများစွန်းထင်းနေခြင်းလား ဆိုသည်ကို ခွဲခြား၍မရနိုင်ပေ။ ဇွန်ဘီများကို မတွေ့ရသော်လည်း အပုပ်နံ့ကြီးက ပြင်းထန်လှသည်။
စင်္ကြံလမ်း တစ်ဖက်တစ်ချက်၌ မီတာအနည်းငယ်အကွာတိုင်းတွင် သစ်သားတံခါးများ ပိတ်ထားသည်။ အလင်းရောင်မရှိဘဲ ကျဉ်းမြောင်းသော ပြတင်းပေါက်မှ ဝင်ရောက်လာသည့် အလင်းရောင် မှိန်မှိန်လေးကသာ အနံ့ဆိုးများ ဖုံးလွှမ်းနေသော စင်္ကြံလမ်းကို ခြောက်ခြားဖွယ်ရာ ထွန်းလင်းပေးနေသည်။
ချူဟန်၏ ခြေလှမ်းများက ကော်ဇောပေါ်၌ အသံမထွက်စေဘဲ ရှေ့ဆက်သွားနေသည်။ သူက အခန်းတစ်ခန်းကို ဖြတ်သွားတိုင်း ခြေလှမ်းတန့်ကာ တံခါးမှတစ်ဆင့် နားစွင့်လျက် အနံ့ခံကြည့်နေသည်။
နောက်မှ လျှောက်လာသော ကျားချွန်းကျဲ့က ထိုလုပ်ရပ်ကို လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်နေသည်။ ဘာကိုများ အဲဒီလောက်တောင် သတိထားနေစရာ လိုလို့လဲ။ တံခါးရှေ့မှာ မတ်တတ်ရပ်နေရုံနဲ့ ဘာတွေ သိနိုင်မှာမို့လို့လဲ။
ထိုစဉ် ရုတ်တရက် ချူဟန် ခြေလှမ်းများ ရပ်တန့်သွားသည်။
မျက်နှာပြင်များ ချိုင့်ဝင်တွန့်လိမ်နေသော တံခါးတစ်ချပ်ရှေ့၌ ရပ်တန့်လိုက်ခြင်းပင်။ သူက ပုဆိန်ကိုင်ထားသော ညာဘက်လက်ကို အောက်သို့ချထားလိုက်ပြီး ပေါင်ကြွက်သားများကို တစ်ဟုန်ထိုး အားယူလိုက်သည်။
ဝုန်း...
ကြောက်မက်ဖွယ်ကောင်းသော ကန်ချက်တစ်ချက်က တံခါးကို ချိုးဖျက်ပစ်လိုက်လေတော့သည်။