အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ယုတ်မာသော ရည်ရွယ်ချက်
ဤသစ်သားတံခါးမှာ အလွန်ပင် ဆွေးမြည့်ပျက်စီးလုနီးပါး ဖြစ်နေသည်။ တံခါးမျက်နှာပြင်ထက်၌
ပုံမှန်မဟုတ်သော အဖုအထစ်များစွာ ရှိနေပြီး ယင်းမှာ ဇွန်ဘီများ၏ ချွန်ထက်လှသော လက်သည်းများနှင့် အချိန်အတော်ကြာ ကုတ်ခြစ်ထားသည့် အထောက်အထားများပင် ဖြစ်သည်။
ဆိုလိုသည်မှာ ဤတံခါးနောက်ကွယ်၌ ဇွန်ဘီများ ရှိနေခြေပြီ။
ဝုန်း...
ချူဟန် တံခါးကို ကန်ဖွင့်လိုက်သည့် အသံမှာ အလွန်ပင် ကျယ်လောင်လှပြီး ထိုပြင်းထန်လှသော
ကန်ချက်ကြောင့် သစ်သားတံခါးမှာ တစ်ချက်တည်းဖြင့် လွင့်ထွက်သွားတော့သည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အပုပ်နံ့ကြီးက မျက်နှာကို အရှိန်အဟုန်ဖြင့်
ရိုက်ခတ်လာသည်။
"ဝေါ့..."
အလွန်ပင် ပိန်လှီခြောက်ကပ်နေပြီး အချိန်အတော်ကြာ ငတ်မွတ်နေကြောင်း သိသာလှသော
ဇွန်ဘီနှစ်ကောင်မှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် လေးလံသော ခြေလှမ်းများကို ဆွဲကာ ၎င်းတို့ဆီသို့
ယိမ်းထိုးလျက် တရွေ့ရွေ့ ချဉ်းကပ်လာကြသည်။
အမျိုးသားတစ်ကောင်နှင့် အမျိုးသမီးတစ်ကောင် ဇွန်ဘီများ ဖြစ်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်
ပုပ်ပွနေမှု အခြေအနေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပျက်ကပ် စတင်ခါစကတည်းက ကူးစက်ခံခဲ့ရပြီး
ဤအခန်းထဲ၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
အချိန်အတော်ကြာ ဘာမျှမစားရသဖြင့် အခြားဇွန်ဘီများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင်
အင်အားချည့်နဲ့နေသည်။ အရှိန်နှင့် ခွန်အားမှာလည်း အန္တရာယ်ပြုနိုင်စွမ်းမရှိသည့် အဆင့်တွင်သာ
ရှိတော့သည်။ အရေပြားများမှာ အရိုးပေါ် အရေတင်ရုံမျှသာ ကျန်ရှိတော့ပြီး အရိုးစုများပေါ်တွင်
ကပ်ညှိနေသကဲ့သို့ ဖြစ်နေသည်။
ချူဟန် တုံ့ဆိုင်းမနေဘဲ ပုဆိန်ကို မြှောက်ကာ ခုတ်ချလိုက်သည်။ ရိုးရှင်းသော လှုပ်ရှားမှု နှစ်ချက်ဖြင့်
ထိုဇွန်ဘီနှစ်ကောင်ကို အလွယ်တကူပင် ရှင်းလင်းလိုက်တော့သည်။ လွင့်စင်သွားသော မည်းနက်သည့်
သွေးပုပ်နံ့မှာ အလွန်ပင် ပြင်းထန်လှသဖြင့် တစ်ချက်မျှ ရှူရှိုက်မိရုံဖြင့်
မူးမေ့လဲကျသွားနိုင်လောက်သည်။
"ငါတော့ မခံနိုင်တော့ဘူး"
ကျားချွန်းကျဲ့က ခြေလှမ်းကျဲကြီးများဖြင့် ပြတင်းပေါက်နားသို့ ပြေးသွားကာ
လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်ကို ဖွင့်ရန် ပြင်လိုက်သည်။
ဝူး...
လေးလံသော သံပုဆိန်ကြီးက လေထုကို ခွဲဖြတ်ကာ ကျားချွန်းကျဲ့၏ ရှေ့တည့်တည့်တွင် တိခနဲ
ရပ်တန့်သွား၏။ ထက်မြက်လှသော ပုဆိန်သွားမှ ထွက်ပေါ်လာသည့် လေဖိအားမှာ သူ၏ ခန္ဓာကိုယ်ကို
နှစ်ပိုင်းပိုင်းဖြတ်ပစ်တော့မည့်အလား ပြင်းထန်လှသည်။ ပုဆိန်သွားထက်မှ မသုတ်သင်ရသေးသော
ဇွန်ဘီသွေးများမှာ တောက်တောက်ကျနေလျက် ကျားချွန်းကျဲ့၏ ဖိနပ်ပေါ်သို့ မည်းနက်ပျစ်ချွဲသော
အရည်များ တစ်စက်ချင်းစီ ကျဆင်းလာသည်။
ကျားချွန်းကျဲ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထကာ ချွေးစေးများ ပြန်သွားသော်လည်း ထိုပုဆိန်ကို
ကိုင်ထားသူမှာ ချူဟန်ဖြစ်ကြောင်း သိလိုက်ရသည့်ခဏ၌ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
‘ဒီကောင် တော်တော်လွန်နေပြီ’
အန်းကဲမြို့နယ်သို့ လာခြင်း၊ ဤကဲ့သို့ ပျက်စီးယိုယွင်းနေသော နေရာ၌ တည်းခိုခြင်းမှာ
ချူဟန်တစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရေဆိုးမြောင်းထက်ပင်
ပိုမိုပျို့အန်ချင်စရာကောင်းသော ဤနေရာ၌ ပြတင်းပေါက်တစ်ခု ဖွင့်ခွင့်ကိုပင် မပေးပေ။
ချူဟန်က ထုံးစံအတိုင်း တည်ငြိမ်သော မျက်နှာဖြင့် နှုတ်ခမ်းကို မဲ့ကာ အနည်းငယ်
လှောင်ပြုံးပြုံးလိုက်သည်။
"ငါ့ဆုံးဖြတ်ချက်ကို ဝင်မစွက်ဖက်နဲ့။ မင်း ပြတင်းပေါက် ဖွင့်ချင်တယ်ဆိုရင် အခြားအခန်းကို သွား"
ချူဟန်၏ အာဏာရှင်ဆန်လှသော အပြုအမူကြောင့် ကျားချွန်းကျဲ့ မြိုသိပ်ထားရသော ဒေါသများမှာ
တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။ သူက ခက်ထန်သော လေသံဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
"အကယ်၍ ငါက အတင်းဖွင့်မယ်ဆိုရင်ရော"
"မင်းကို ပြတင်းပေါက်ကနေ အောက်ကို ပစ်ချလိုက်ရုံပဲ။ ငါ့ကို လာမရှုပ်သရွေ့ ငါက
လူသားအချင်းချင်းကို တတ်နိုင်သမျှ မသတ်ချင်ဘူး"
တတ်နိုင်သမျှ လူသားအချင်းချင်း မသတ်ဖြတ်ခြင်း ဟူသည်မှာ ချူဟန် အမြဲတမ်း စောင့်ထိန်းလာခဲ့သော
စည်းကမ်းချက်တစ်ခု ဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း၌ အလွယ်တကူ ကျရောက်နိုင်သော ကျော့ကွင်းတစ်ခုမှာ လူသတ်ခြင်း ၏
ပျော်ရွှင်မှုကို စွဲလန်းသွားခြင်းပင် ဖြစ်သည်။ ထိုခံစားချက်မှာ ဇွန်ဘီများကို သတ်ဖြတ်ခြင်းနှင့် လုံးဝ
ကွဲပြားခြားနားလှသည်။ ပြင်းထန်သော သာယာမှုနှင့် လှုံ့ဆော်မှုများ ရှိနေသဖြင့် အလွယ်တကူပင်
စွဲလမ်းသွားနိုင်သည်။
ချူဟန်သည် အတိတ်ဘဝ၌ ထိုဖြစ်စဉ်ကို ကြုံတွေ့ဖူးခဲ့သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်
ထိန်းချုပ်နိုင်ခြင်းမှာ သူ၏ အားသာချက်တစ်ခု ဖြစ်သော်လည်း ဆန့်ကျင်ဘက်လူက
အခွင့်ကောင်းယူလာသည်ကို ငြိမ်ခံနေလောက်အောင်အထိ မိုက်မဲသူ မဟုတ်ပေ။ လာမရှုပ်ရင်
ဘာမှမလုပ်ဘူး။ သို့သော် ငါ့ကို လာထိပါးမည်ဆိုလျှင်တော့ ဆွေစဉ်မျိုးဆက်ပါ မကျန် သတ်ပစ်မည်။
ဘုန်း... ဘုန်း...
ချူဟန်က ခြေကန်ချက် နှစ်ချက်ဖြင့် ဇွန်ဘီအလောင်းနှစ်လောင်းကို တံခါးအနီးသို့
ကန်ထုတ်လိုက်သည်။ ပုဆိန်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ထားသော ဇွန်ဘီဦးခေါင်းထဲမှ အနံ့ဆိုးလှသော
ဦးနှောက်ပျစ်ချွဲကြီးများမှာ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။ ကော်ဇောပေါ်၌ ညစ်ပတ်ပေရေနေသော
အရည်များ စီးဆင်းသွားသဖြင့် အခန်းတွင်းရှိ အနံ့ဆိုးမှာ ပိုမိုပြင်းထန်လာတော့သည်။
ဇွန်ဘီများ၏ အလောင်းပုပ်နံ့မှာ အခြေခံအကျဆုံးနှင့် အထိရောက်ဆုံးသော အကာအကွယ်ပစ္စည်း
ဖြစ်သည်။ လက်ရှိ ပထမအဆင့် ရှိ ဇွန်ဘီများမှာ ထိုအနံ့အသက် ကွဲပြားမှုကို ခွဲခြားနိုင်စွမ်းမရှိသေးသဖြင့်
အလွယ်တကူပင် လှည့်စားနိုင်သည်။ ထို့ကြောင့် လက်ရှိအချိန်၌ ဇွန်ဘီအလောင်းများ၏ အနီးအနားတွင်
နေထိုင်ခြင်းမှာ အလုံခြုံဆုံး ဖြစ်ပေသည်။
လက်ရှိအချိန်၌ သူ၏အမှတ်များ အရေးပေါ် လိုအပ်နေသဖြင့် ဇွန်ဘီများကို သတ်နိုင်သမျှ သတ်ရန်
လိုအပ်သော်လည်း ထိုအရာထက် လက်ရှိအချိန်၌ လေထီးချရိက္ခာထုပ် က ပိုမို အရေးကြီးလှသည်။
ယင်းထဲတွင် ပါရှိမည့် သေနတ်များနှင့် ခဲယမ်းများမှာ သူ၏ အဓိက ပစ်မှတ်ဖြစ်သဖြင့် အဲ့ရိက္ခာ
မရရှိမချင်း ပြဿနာများ နည်းနိုင်သမျှ နည်းခြင်းက အကောင်းဆုံးပင်။
ချူဟန်၏ တတ်နိုင်သမျှ လူသားအချင်းချင်း မသတ်ဖြတ်ဘူး ဟူသော စကားတစ်ခွန်းကြောင့်
ကျားချွန်းကျဲ့ တစ်ကိုယ်လုံး သွေးဆုတ်ဖြူရော်သွားကာ ဘာမျှ ဆက်မပြောရဲတော့ပေ။
လွန်ခဲ့သော ဆယ်ရက်ကျော် ခရီးစဉ်အတွင်း ချူဟန်၏ အေးဆေးတည်ငြိမ်သော အပြုအမူများကြောင့်
သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ချူဟန်သည် ယခင်က မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ယဲ့ထျန်းလုံ၏
ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်မှုန်းခဲ့သည့် မြင်ကွင်းကို မြင်ယောင်သွားသည်။
မှန်ပေသည်၊ မျက်စိရှေ့ရှိ ဤလူသားမှာ မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နိုင်သည့်
အန္တရာယ်ရှိသော လူတစ်ယောက် ဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း၌ ဥပဒေနှင့် စည်းစနစ်ဟူသည် မရှိတော့ပေ။ လူသားတို့၏ လောဘနှင့်
အတ္တများမှာ ကြီးထွားလာပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွင်း နှလုံးသားအောက်ခြေ၌
ဖိနှိပ်ထားခဲ့သော အမှောင်ထုများမှာ အတိုင်းအဆမရှိ ပေါက်ကွဲထွက်လာကြသည်။
လူသတ်ခြင်း၊ မီးရှို့ခြင်း၊ သေနတ်ပစ်ခြင်းများမှာ ဤနေရာ၌ နေ့စဉ် ကြုံတွေ့နေရသော
သာမန်ကိစ္စရပ်များသာ ဖြစ်သည်။
"အစ်မကျို... အစ်မကျို..."
ရုတ်တရက် ကောင်မလေး၏ စူးရှလှသော အော်ဟစ်သံက အခန်းတွင်းရှိ ခြောက်ခြားဖွယ်ရာ လေထုကို
ဖြတ်သန်း၍ ထွက်ပေါ်လာသည်။
လူတိုင်း အလန့်တကြား လှည့်ကြည့်လိုက်ရာ ရှန်ကျိုတီတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျနေသည်ကို
တွေ့လိုက်ရသည်။
၁၈က ပျာပျာသလဲဖြင့် သူမ၏အနားသို့ ပြေးသွားကာ တွဲထူလိုက်သည်။ ရှန်ကျိုတီ၏ မျက်နှာမှာ
ထူးဆန်းစွာ နီရဲနေပြီး နဖူးထက်၌ ချွေးစေးများစွာ ပြန်နေသည်။
ချူဟန်က ခြေလှမ်းအမြန်ဖြင့် ချဉ်းကပ်သွားကာ ရှန်ကျိုတီကို ပွေ့ချီ၍ ကုတင်ပေါ်သို့ ကြမ်းတမ်းစွာ
လှဲသိပ်လိုက်သည်။ ကျွမ်းကျင်သော လှုပ်ရှားမှုဖြင့် ကိုယ်ကိုကိုင်းကာ သူမ၏ မျက်ခွံများကို
အတင်းအကျပ် ဖွင့်ကြည့်ပြီး ပါးစပ်အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။
"ညင်ညင်သာသာ လုပ်ပါလား"
၁၈က အော်ဟစ်လိုက်သည်။ ချူဟန်၏ ခွန်အားကြီးမားမှုမှာ ရှန်ကျိုတီ၏ မျက်လုံးများကိုပင်
ဖျက်ဆီးပစ်တော့မည့်အလား ကြမ်းတမ်းလွန်းလှသည်။
"သူ ဘာဖြစ်တာလဲ"
ကျားချွန်းကျဲ့သည်လည်း အခြေအနေကို ကြည့်ရန် ချဉ်းကပ်လာသည်။ ရှန်ကျိုတီကဲ့သို့
အလွန်လှပသော မိန်းမလှလေး ဖြစ်နေသဖြင့် သူ၏ အပြုအမူမှာလည်း သိသိသာသာ
ကွဲပြားခြားနားနေသည်။
"ဇွန်... ဇွန်ဘီ ဖြစ်တော့မှာလား"
ချန်ရှောက်ရယ်က ထိုဖြစ်နိုင်ခြေကို ပထမဆုံး စဉ်းစားမိသဖြင့် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားသည်။
သူ၏ လက်မောင်းနှစ်ဖက်မှာ မသိစိတ်ကြောင့် မီးသတ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
ချန်ရှောက်ရယ်၏ စကားကြောင့် အခန်းတွင်းရှိ လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
မမြင်နိုင်သော တင်းမာမှုနှင့် ရန်လိုမှုများမှာ သူတို့ကြား၌ တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။
ဇွန်ဘီ ဖြစ်တော့မယ် ဟုတ်လား။
ရှန်ကျိုတီက ဇွန်ဘီဖြစ်တော့မှာလား။ တစ်နေရာရာမှာ အကိုက်ခံခဲ့ရလို့လား။ ဒါမှမဟုတ်
အခြားအကြောင်းပြချက်ကြောင့်လား။
မဖြစ်နိုင်တာ။
"ဘာတွေ လျှောက်ပြောနေတာလဲ"
၁၈က မျက်လုံးများ ပြူးကျယ်သွားကာ ချန်ရှောက်ရယ်၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည်။ သို့သော်
သေးငယ်သော ကောင်မလေး၏ ခွန်အားမှာ ဝဝတုတ်တုတ် ချန်ရှောက်ရယ်ကို မယှဉ်နိုင်ပေ။ သူ့ကို
မရွေ့လျားစေနိုင်သည့်အပြင် သူမကိုယ်တိုင်ပင် ဟန်ချက်ပျက်ကာ လဲကျလုမတတ် ဖြစ်သွားသည်။
"နေပါဦး... မင်း တကယ်ပြောနေတာလား..."
ကျားချွန်းကျဲ့က မသိစိတ်ကြောင့် တစ်မီတာခန့် နောက်ဆုတ်လိုက်ပြီး ကုတင်ပေါ်၌
မျက်စိမှိတ်ထားသော ရှန်ကျိုတီကို အဝေးမှ လှမ်းကြည့်လိုက်သည်။ သူက မိန်းမမက်သူ ဖြစ်သော်လည်း
မိမိအသက်ကို ထိုအရာထက် ပိုမို နှမြောတွန့်တိုလှသည်။
ချူဟန်က ထိုလူသုံးယောက်၏ ကွဲပြားခြားနားလှသော အပြုအမူများကို တိတ်ဆိတ်စွာ
စောင့်ကြည့်နေသည်။ ထို့နောက် ရှန်ကျိုတီ၏ မေးစေ့ကို ကိုင်ထားသော လက်ကို လွှတ်လိုက်သည်။
အားအလွန်အကျွံ စိုက်ထားမိသဖြင့် သူမ၏ မေးစေ့အရေပြားမှာ ဖြူရော်နေသည်။
"ဖျားနေတာပဲ။ ဒါပေမဲ့ ငါတို့ဆီမှာ အဖျားပျောက်ဆေး မရှိဘူး"
ချူဟန် ထရပ်လိုက်ပြီး တာဝါတစ်ခုကို ရေဆွတ်ကာ ရှန်ကျိုတီ၏ နဖူးပေါ်သို့ တင်ပေးလိုက်သည်။
သာမန်အချိန်မျိုးသာဆိုလျှင် အဖျားတက်ခြင်းမှာ ကြီးမားသော ရောဂါဝေဒနာ မဟုတ်ပေ။ ဆေးရုံသို့
သွားရောက်ကာ ဆေးတစ်ပုလင်း ချိတ်လိုက်ရုံဖြင့် ချက်ချင်း သက်သာပျောက်ကင်းနိုင်သည့် အဆင့်သာ
ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေ၌ အလွန်ပင် အခက်တွေ့လှသည်။
ချူဟန် လက်ရှိအချိန်အထိ စုဆောင်းထားသော ဆေးဝါးများမှာ ပြင်ပဒဏ်ရာ ကုသဆေးများသာ ဖြစ်ပြီး
နှာစေးချောင်းဆိုးနှင့် အဖျားတက်ခြင်း ကဲ့သို့သော ရောဂါလက္ခဏာများကို လုံးဝ
ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ ခံနိုင်ရည်ရှိရုံဖြင့် ပျောက်ကင်းနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း
ရှန်ကျိုတီ ခံနိုင်ရည်မရှိကြောင်းမှာ ထင်ရှားလှသည်။ သို့မဟုတ်ပါက အဖျားရှိန်ကြောင့်
သတိလစ်သွားစရာ အကြောင်းမရှိပေ။
‘တောက်... ဒီမိန်းမ၊ နေမကောင်းတာကို ဘာလို့ ကြိုမပြောတာလဲ’
ချူဟန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ တော်တော်လေးကို အားနည်းတဲ့ ခန္ဓာကိုယ်ပဲ။
ဒီအတိုင်းဆိုလျှင် သေသွားနိုင်သည် မဟုတ်ပါလော။
အနည်းငယ် စိတ်အေးသွားရသော ၁၈၏ နှလုံးသားမှာ တစ်ဖန် ပြန်လည် စိုးရိမ်ပူပန်လာပြန်သည်။
သူမက မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲလျက် မော့ကြည့်လိုက်သည်။
"ကိုကိုချူဟန်... မမကျိုကို ကယ်ပေးမယ် မဟုတ်လား။ သမီး မမကို မသေစေချင်ဘူး..."
မျက်ရည်များဖြင့် နီရဲနေသော ကောင်မလေး၏ မျက်လုံးများကို စိုက်ကြည့်ရင်း ချူဟန်က
တိုက်ရိုက်ပြန်မဖြေဘဲ ချန်ရှောက်ရယ်ဆီသို့ အကြည့်လွှဲလိုက်သည်။
"ငါ အပြင် ခဏသွားဦးမယ်။ မင်း ဒီမှာ နေခဲ့"
"ကျွန်တော်လည်း အတူတူ လိုက်ခဲ့မယ်"
ချန်ရှောက်ရယ်က အလိုအလျောက် နောက်မှ လိုက်ရန် ပြင်လိုက်သည်။
ချူဟန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"မင်း ဒီမှာပဲ နေ။ အခန်းထဲက ဘာပစ္စည်းကိုမှ လက်နဲ့ မထိနဲ့။ အားလုံးကို ငါပြန်လာမှ လုပ်မယ်"
"ကောင်းပါပြီဘောစ်။ သတိထားဦး"
ချန်ရှောက်ရယ်က တစ်စုံတစ်ခုသော ပုံမှန်မဟုတ်သည့် အခြေအနေကို အာရုံခံမိသဖြင့်
ခေါင်းငြိမ့်လိုက်သည်။
ထိုစကားများကို တိတ်ဆိတ်စွာ နားထောင်နေသော ကျားချွန်းကျဲ့၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ
ရုတ်တရက် ပြင်းထန်လာတော့သည်။
သူက အခန်းထဲမှ ထွက်ခွာသွားသော ချူဟန်၏ ကျောပြင်ကို စိုက်ကြည့်လိုက်ပြီးနောက် ကုတင်ပေါ်၌
ပြင်းထန်သော အဖျားရှိန်ကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည့် အလွန်လှပသော မိန်းမလှလေးဆီသို့
အကြည့်လွှဲလိုက်သည်။
ထိုခဏ၌... မကောင်းသော စိတ်ကူးယဉ် အကြံစည်တစ်ခုက သူ၏ ဦးနှောက်ထဲသို့ ရုတ်တရက်
ဝင်ရောက်လာတော့သည်။