← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) ဒီကောင်က ဘယ်သူလဲ

ပြင်းထန်လှသော အဖျားရှိန်ကြောင့် ကုတင်ပေါ်ရှိ မိန်းမလှလေး၏ မျက်နှာတစ်ခုလုံး

နီရဲနေသည်။ သူမ၏ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ် ပွင့်ဟနေပြီး အသက်ရှူသံပြင်းပြင်းများ

အဆက်မပြတ် ထွက်ပေါ်နေ၏။

‘အပိုင်ကြံလိုက်ရမလား...’

ကိစ္စပြတ်လျှင် ဤနေရာမှ ချက်ချင်း လစ်ပြေးရုံပင်။ အပြင်ဘက်တွင် ကားများစွာ ရှိနေသလို

ကုန်စုံဆိုင်ငယ်တစ်ခုလည်း ရှိသည်။ ဤနေရာသို့ မဝင်ရောက်မီကပင် ကျားချွန်းကျဲ့ ဝန်းကျင်ကို

အကဲခတ်ထားပြီး ဖြစ်သည်။ ရိက္ခာများကို ကားပေါ်သို့ အပြည့်တင်ကာ ထွက်ပြေးရုံဖြင့် အရာရာ

အဆင်ပြေသွားမည် ဖြစ်သည်။

ရှန်ကျိုတီ မည်သို့ပင်ဖြစ်ပျက်နေပါစေ၊ သူမ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကျားချွန်းကျဲ့အတွက်

ဂရုစိုက်စရာ မဟုတ်ချေ။ မိမိ၏ ကာမဆန္ဒ ပြည့်ဝဖို့သာ အဓိက ဖြစ်သည်။ ကျန်ရှိနေသည့်အရာများကို

လုံးဝ စိတ်မဝင်စားသလို ပတ်သက်လိုစိတ်လည်း မရှိတော့ပေ။

တစ်ကြိမ်မျှ စိမ့်ဝင်လာသော ထိုမကောင်းသည့် စိတ်ကူးယဉ် အကြံစည်ကို သူ မထိန်းချုပ်နိုင်တော့ဘဲ

ကုတင်ဘေး၌ ရှန်ကျိုတီကို ပြုစုပေးနေသည့် ချန်ရှောက်ရယ်နှင့် ၁၈တို့ကို ကောက်ကျစ်သော

မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

တစ်ယောက်က ဦးနှောက်မရှိသည့် ဝဝတုတ်တုတ် ကောင်ကြီးဖြစ်ပြီး အခြားတစ်ယောက်က

ကလေးမလေးမျှသာ ဖြစ်သည်။ ၎င်းတို့ကို လှည့်စားရန်မှာ ကလေးကစားစရာမျှသာ ဖြစ်ပေသည်။

အန်းကဲမြို့နယ်၏ မြေပုံမှာ ပြည့်စုံမှုမရှိသော်လည်း ချူဟန်၏ မှတ်ဉာဏ်အပိုင်းအစထဲ၌ သွားရမည့်

လမ်းကြောင်းများ ထင်ထင်ရှားရှား ရှိနေသည်။ သေနတ်ကျည်ဆန်များ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူ

ကားမစီးသလို သေနတ်လည်း ယူမလာခဲ့ပေ။

ချူဟန်၏ လက်ထဲတွင် ပုဆိန်တစ်လက်သာ ရှိသည်။ ယခင်အတိုင်း အရိုးရှင်းဆုံးသော

လက်နက်ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ စစ်နတ်ဘုရားတစ်ပါးပမာ

လျင်မြန်ဖြတ်လတ်လှသည်။ ရှုပ်ထွေးလှသော လမ်းကြားများအတွင်း တစ္ဆေတစ်ကောင်ကဲ့သို့

ပြေးလွှားနေပြီး မလိုအပ်သော တိုက်ပွဲများကို ရှောင်ကွင်းရန်အတွက် လှည့်လည်သွားလာနေသော

ဇွန်ဘီများကို တိကျစွာ ရှောင်ကွင်းသွားသည်။

သူ အလွန် စိုးရိမ်ပူပန်နေမိသည်။ တစ်ချက်မှာ လေထီးချရိက္ခာကို အမြန်ဆုံး ရယူလိုခြင်းဖြစ်ပြီး

အခြားတစ်ချက်မှာ ရှန်ကျိုတီ၏ အခြေအနေမှာ အချိန်မဆိုင်းသင့်သောကြောင့် ဖြစ်သည်။ စစ်တပ်၏

လေထီးချရိက္ခာများထဲ၌ လိုအပ်သော ဆေးဝါးများ စုံလင်စွာ ပါရှိမည်ကို သူ သေချာပေါက် သိထားသည်။

အန်းကဲမြို့နယ်၏ ဗဟိုချက်မရှိ လမ်းကြားတစ်ခု၏ အဆုံးတွင် စွန့်ပစ်ထားသော

အများသုံးအိမ်သာတစ်ခု ရှိသည်။

သန့်ရှင်းရေး မလုပ်သည်မှာ ကြာပြီဖြစ်သော အိမ်သာကျင်းထဲ၌ လောက်ကောင်များ တွားသွားနေကြပြီး

အိမ်သာတစ်ခုလုံးမှ ပြင်းထန်လှသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။ ထိုအနံ့ဆိုးမှာ အိမ်သာကို

ဗဟိုပြု၍ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသဖြင့် လမ်းမတစ်ခုလုံး အသက်ရှူရန်ပင် ခက်ခဲလောက်အောင်

အခြေအနေ ဆိုးရွားလှသည်။

ယခင် မြို့ပြ၏ အလှအပများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လမ်းမများပေါ်တွင် အမှိုက်သရိုက်များ

ဖုံးလွှမ်းနေပြီး အမှိုက်ပုံကြီးဖြင့် တည်ဆောက်ထားသော သင်္ချိုင်းကုန်းတစ်ခုပမာ ဖြစ်နေသည်။

လမ်းမပေါ်၌ လှည့်လည်သွားလာနေသော ဇွန်ဘီအရေအတွက်မှာ အနည်းဆုံး တစ်ရာခန့်

ရှိနိုင်သော်လည်း အများစုမှာ ပြန့်ကျဲနေကြသည်။ လမ်းလျှောက်နေသော အလောင်းကောင်များက

လမ်းပေါ်တွင် လှည့်လည်သွားလာရင်း တစ်ခါတစ်ရံ ရပ်တန့်ကာ တစ်စုံတစ်ရာကို အနံ့ခံနေတတ်သည်။

ယင်ကောင်များအုံနေသော ညစ်ပတ်သည့် အကြွင်းအကျန်များကို ၎င်းတို့၏ လျှာဖြင့်လျက်ကာ

စားနေကြလေသည်။

ထိုအများသုံးအိမ်သာ၏ မျက်နှာချင်းဆိုင်တွင် နှစ်ထပ်ကော်ဖီဆိုင်ငယ်လေး တစ်ခု ရှိသည်။

ဆိုင် ဆိုင်းဘုတ်မှာ ပြုတ်ကျပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး မှန်ပြတင်းပေါက်များမှာလည်း

ဖုန်မှုန့်များကြောင့် မှုန်ဝါးနေသည်။ ဇွန်ဘီများ လာရောက်ပွတ်တိုက်ထားသည့် အထောက်အထားအဖြစ်

မှန်မျက်နှာပြင်ထက်၌ မည်းနက်ပုပ်ပွနေသော အသားစများ ကပ်ညှိနေ၏။

တင်းကြပ်စွာ ပိတ်ထားသော ပြတင်းပေါက်နောက်ကွယ်ရှိ လိုက်ကာမှာ အနည်းငယ် လှုပ်ရှားသွားသည်။

ပါးလွှာသော ပိတ်စမှတစ်ဆင့် လူရိပ်အချို့ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

ထိုလူရိပ်များမှာ အမျိုးသား လေးယောက် ဖြစ်ကြသည်။

၎င်းတို့အနက် သုံးယောက်မှာ လူငယ်များဖြစ်ကြပြီး အလွန်ပင် နွမ်းပါးချို့တဲ့သော အဝတ်အစားများကို

ဝတ်ဆင်ထားကြသည်။ ကျန်တစ်ယောက်မှာ အသက်ကြီးပိုင်းဖြစ်ပြီး ဝတ်ဆင်ထားသော ဝတ်စုံမှာ

ယခင်က တန်ဖိုးကြီးဖြစ်နိုင်သော်လည်း ယခုအခါ၌ စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။

၎င်းတို့မှာ အခန်းထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အားလုံး၏ မျက်နှာထက်၌

မောပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး အချင်းချင်း စကားပြောဆိုခြင်းလည်း မရှိသလောက်ပင်။

မျက်နှာချင်းဆိုင် အိမ်သာမှ လွင့်ပျံလာသော အနံ့ဆိုးမှာ ၎င်းတို့ကို မူးမေ့လဲကျသွားစေနိုင်လောက်အောင်

ပြင်းထန်လှသည်။ သို့သော် ဤနေရာက အခြားနေရာများထက် ပိုမိုလုံခြုံကြောင်းကို သူတို့

ကောင်းကောင်း သဘောပေါက်ထားကြသည်။

ဤဝန်းကျင်၏ အခြေအနေမှာ အဆိုးရွားဆုံးပင်။ ညစ်ပတ်ပေရေနေပြီး ရှုပ်ပွနေသည့်အပြင်

အလွန်နံစော်လှသည်။ တစ်မြို့လုံးတွင် အညစ်ပတ်ဆုံးနှင့် အရှုပ်ထွေးဆုံး လမ်းမကြီးပင် ဖြစ်သည်။

ဘေးဘက်ရှိ လမ်းကြားမှာ ပိုမိုသန့်ရှင်းပြီး အနံ့အသက်လည်း ဆိုးရွားမှုမရှိချေ။ သို့သော် ထိုနေရာ၌

ဤနေရာထက် ပိုမိုများပြားသော ဇွန်ဘီများ ပြည့်နှက်နေခြင်း ဖြစ်သည်။

ရှောင်ယွန်းဖေးက တိတ်ဆိတ်နေသော အမျိုးသားသုံးယောက်ကို စိုက်ကြည့်ရင်း ရင်ထဲ၌

စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

သူက ခန့်ညားထည်ဝါသော ရုပ်ရည်ရှိပြီး အထက်တန်းလွှာမှ ပညာတတ်တစ်ဦး ဖြစ်သည်။

အောက်စဖို့ဒ်တက္ကသိုလ် သင်္ချာဌာနမှ ဘွဲ့ရရှိခဲ့ပြီး အမေရိကန်၏ အမြင့်ဆုံး အာမခံသင်္ချာပညာရှင်

အသိအမှတ်ပြုလက်မှတ်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်၏။ အသက် ၂၈ နှစ် အရွယ်နှင့်ပင်

နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ ထိပ်ပိုင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့ကာ ယွမ်သန်းပေါင်းများစွာကို

လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် လုပ်ပိုင်ခွင့် အာဏာကိုလည်း ရရှိထားခဲ့သည်။ ဉာဏ်ရည်ဉာဏ်သွေး

အလွန်မြင့်မားသော သူက မိမိကိုယ်ကိုယ် အမြဲတမ်း ယုံကြည်မှုရှိသူ ဖြစ်သည်။

မိမိကိုယ်ကိုယ် ရွေးချယ်ခံရသော ထူးခြားသည့် လူသားတစ်ဦးအဖြစ် ယုံကြည်ထားသူ ဖြစ်သည်။

သို့သော် ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာမှုက ထိုအရာအားလုံးကို ရေစုန်မျှောပစ်လိုက်တော့သည်။

ယခုအခါ၌ ဝမ်းဗိုက်ပြည့်ဝဖို့ရန်ပင် ခက်ခဲနေပြီး နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်နှင့်

ရင်ဆိုင်နေရသည်။ ရှောင်ယွန်းဖေးက မျက်ဝန်းထဲမှ တုန်လှုပ်မှုများကို ဖုံးကွယ်လိုက်ပြီး

စီးပွားရေးလောကတွင် အသုံးပြုလေ့ရှိသော မုသားစကားများဖြင့် အားပေးလိုက်သည်။

"စိတ်မပူကြပါနဲ့။ ရိက္ခာကို သေချာပေါက် ရှာဖွေနိုင်မှာပါ။ ဒီမြို့မှာ ပစ္စည်းတွေ အများကြီး ရှိနေတာမို့

ခဏလောက် နားပြီးတာနဲ့ သွားရှာကြတာပေါ့"

မည်သူမျှ ပြန်မဖြေကြပေ။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သုံးယောက်စလုံးမှာ

အသက်ကင်းမဲ့နေသော မျက်နှာများ ရှိနေကြသည်။ ဝလင်စွာ မစားရသည်မှာ ကြာပြီဖြစ်သလို

ရေချိုးခြင်းနှင့် အပေါ့အပါးသွားခြင်းကိုပင် စိတ်တိုင်းကျ မလုပ်ဆောင်နိုင်သော နေ့ရက်များက

မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။

ရှောင်ယွန်းဖေး မျက်ဝန်းထဲ၌ ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်း

ဟန်ဆောင်ပြုံးလိုက်ပြီး ချိုသာသော စကားများကို ဆက်ပြောလိုက်၏။

"စိတ်အေးအေးထားကြပါ။ ငါ့ကို ဆစ်မြို့အထိ ရောက်အောင် လိုက်ပို့ပေးမယ်ဆိုရင် မင်းတို့

မျှော်လင့်ထားတာထက် ပိုတဲ့ အကျိုးခံစားခွင့်တွေကို ပေးမယ်လို့ ငါ အာမခံပါတယ်။ ရိက္ခာ၊ အာဏာ၊

မိန်းမ... လိုချင်တာ အားလုံး ရစေရမယ်။ ငါ့ရဲ့ ယခင် ရာထူးကိုလည်း မင်းတို့ သိကြတာပဲ မဟုတ်လား။

အမှန်တော့ ဆစ်မြို့ စစ်တပ်နဲ့ ငါက အဆက်အသွယ် ရှိတယ်။ အဲ့ဒီကို ရောက်သွားတာနဲ့ ဒီလို

ဒုက္ခဆင်းရဲတဲ့ နေ့ရက်တွေကို နှုတ်ဆက်နိုင်ပြီ"

နောက်ဆုံးတွင် သူက ထိုသုံးယောက်ကို ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ အာမခံတယ်"

ရှောင်ယွန်းဖေး၏ ယုံကြည်ချက်အပြည့်ရှိသော စကားများကြောင့် သုံးယောက်စလုံး၏ မျက်ဝန်းထဲ၌

မျှော်လင့်ချက်အရောင်အချို့ လင်းလက်လာသည်။ မှန်ပေသည်၊ အစကတည်းက ရှောင်ယွန်းဖေးက

ဆစ်မြို့သို့ သွားမည်ဟု ပြောခဲ့သည်။ ထို့ပြင် လွန်ခဲ့သော ရက်အနည်းငယ်က ရေဒီယိုသတင်းကိုလည်း

၎င်းတို့ ကြားခဲ့ရပြီး ဖြစ်သည်။ ထိုနေရာ၌ စစ်တပ်အခြေစိုက်စခန်း ရှိနေသည်။

ရှောင်ယွန်းဖေးနောက်ကွယ်၌ သေချာပေါက် အင်အားကြီးသော ကျောထောက်နောက်ခံ ရှိနေပေမည်။

"စိတ်ချပါ။ သူဌေးရှောင်၊ စိတ်ချပါဗျာ ကျွန်တော်အသက်နဲ့လဲပြီး ဆစ်မြို့အထိ ရောက်အောင် လိုက်ပို့ပါ့မယ်"

တစ်ယောက်က ပျာပျာသလဲဖြင့် သစ္စာခံလိုက်သည်။

"ဟုတ်ပါတယ်။ နောက်နောင် ကျနော်တို့ ခင်ဗျားနောက်ပဲ လိုက်ပါ့မယ်"

အခြားတစ်ယောက်ကလည်း ဖားယားကာ ပြောဆိုလာသည်။

"သူဌေးရှောင် နောက်ကျရင် ကျနော့်တို့ကို မေ့မသွားပါနဲ့ဦး"

တတိယမြောက်လူကလည်း အားကျမခံ ပြန်ပြောလိုက်သည်။

သုံးယောက်စလုံးက ရှောင်ယွန်းဖေးကို ဝိုင်းအုံကာ ဖားယားနေကြပြီး ၎င်းတို့ အဆင်ပြေမည့်

စကားများကိုသာ အပြိုင်အဆိုင် ပြောဆိုနေကြတော့သည်။

၎င်းတို့၏ ရင်ထဲ၌ ရူးသွပ်လှသော လောဘဆန္ဒများ ပွက်လောရိုက်နေကြသည်။ နေ့စဉ်နှင့်အမျှ

မြိန်ရှက်လှသော အသားငါးများကို စားသောက်ကာ မကျေနပ်သော လူများကို ခြေဖြင့် ကန်ထုတ်

ပစ်မည်ဟူသော အတွေးများပင် ဖြစ်သည်။

ရှောင်ယွန်းဖေးက ညင်သာစွာ ပြုံးနေသော်လည်း ရင်ထဲ၌ ၎င်းတို့ကို အလွန်အမင်း

နှိမ်ချလှောင်ပြောင်နေမိသည်။

‘ဒီကောင်တွေ၊ အရင်က ရိက္ခာတွေ ခိုးဝှက်ထားတာကို ငါမသိဘူး ထင်နေကြတာလား။ ငါ့ကို

လာကစားချင်တဲ့ သတ္တိကတော့ ချီးကျူးရမယ်။ စခန်းကို ရောက်တာနဲ့ မင်းတို့ကောင်တွေ

အသုံးမဝင်တော့ဘူး။ အဲ့ဒီအချိန်ကျမှ နောင်တမရနဲ့’

သူတို့ကြားတွင် အခြေအနေများ ကောင်းမွန်လာကာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြသည့်

ထိုအချိန်တွင်... ရုတ်တရက် ကော်ဖီဆိုင်အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီများ၏

အော်ဟစ်သံကြီး လွင့်ပျံလာသည်။ သားကောင်ကို တွေ့ရှိသွားသည့် အချိန်၌သာ

ထွက်ပေါ်လေ့ရှိသော ငတ်မွတ်မှုနှင့် အခြေခံအကျဆုံးသော လောဘဆန္ဒများ ပြည့်နှက်နေသည့်

အော်ဟစ်သံပင် ဖြစ်သည်။

ဇွန်ဘီများမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံရသည့်အလား တစ်ပြိုင်နက်တည်း ဤနေရာသို့

ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ အဆက်မပြတ် ထွက်ပေါ်နေသော

အော်ဟစ်သံများမှာ ထပ်ဆင့်လျက် ရှိနေတော့သည်။ ထိုအသံမှာ တဖြည်းဖြည်း နီးကပ်လာသည်။

ထင်ထင်ရှားရှားကြီး ဖြစ်သည်။ ထို့ပြင် ပိုမိုကျယ်လောင်လာ၏။ အရေအတွက်မှာလည်း

ပိုမိုများပြားလာသည်။ ကော်ဖီဆိုင်အတွင်းရှိ လေးယောက်စလုံး၏ မျက်နှာမှာ တစ်ခဏချင်းအတွင်း

အလွန်အမင်းစိုးရိမ်သွားကြသည်။ ဘာဖြစ်လို့ ရုတ်တရက် ဇွန်ဘီတွေ ဒီလောက်အများကြီး

ပေါ်လာရတာလဲ။ ငါတို့ ဒီမှာ ပုန်းနေတာကို သိသွားကြတာတော့ မဟုတ်ပါဘူးနော်။ မဖြစ်နိုင်တာ။

ဤဝန်းကျင်တွင် အနံ့ဆိုးများ ပြင်းထန်လှသဖြင့် လူသားတို့၏ အနံ့အသက်ကို လုံးဝ

ဖုံးလွှမ်းထားနိုင်သည်။ ဒါဆိုရင် ဘာတွေ ဖြစ်ပျက်နေတာလဲ။ အမျိုးသားများမှာ

မလှုပ်ရဲကြတော့ဘဲ အသက်ရှူသံကိုပင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားကြသည်။ သေဘေးကို

ကြောက်ရွံ့နေကြရင်း တောင့်တင်းနေသော ခန္ဓာကိုယ်ဖြင့် မှန်ပြတင်းပေါက် အက်ကြောင်းမှတစ်ဆင့်

အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ချက်ချင်းပင် လေးယောက်စလုံး၏ မျက်နှာထက်၌

အံ့အားသင့်တုန်လှုပ်ခြင်းဟူသော တူညီသည့် ခံစားချက်တစ်ခု ပေါ်လွင်လာတော့သည်။

အမျိုးသားတစ်ယောက် ရှိနေသည်။

လက်ထဲတွင် လေးလံလှသော ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားကာ ထိုအမျိုးသားက

မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပြေးလွှားနေခြင်းပင်။

ထိုအမျိုးသား၏ နောက်ကွယ်တွင် အော်ဟစ်နေသော ဇွန်ဘီအုပ်ကြီး လိုက်ပါလာသည်။ အနည်းဆုံး

တွက်ဆလျှင်ပင် ရှစ်ဆယ်၊ ကိုးဆယ်ခန့် ရှိပေမည်။

သေမင်း၏ အရိပ်အယောင်များ ဖုံးလွှမ်းနေသော ဇွန်ဘီအုပ်ကြီးက ဤမျှလောက် များပြားစွာ

လိုက်ပါလာသည့် မြင်ကွင်းမှာ ကြည့်ရုံမျှဖြင့် စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။ သို့သော်

ထိုဇွန်ဘီအုပ်ကြီးမှာ ရှေ့ဆုံးမှ ပြေးနေသော အမျိုးသားကို လုံးဝ လိုက်မမှီဘဲ ဖြစ်နေသည်။

ထိုအမျိုးသားမှာ ရိုးရှင်းသန့်ရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ

အလွန်ပင် ငယ်ရွယ်လှပြီး အသက် ၂၀ ပင် ကျော်လွန်ဦးမည် မဟုတ်ချေ။

ဤမျှ အန္တရာယ်များသော နယ်မြေကို ဖြတ်သန်းပြေးလွှားနေသော်လည်း ထိုအမျိုးသား၏

လှုပ်ရှားမှုများတွင် တည်ငြိမ်မှုများ ရှိနေပြီး ဇွန်ဘီများကို လက်ခုပ်ထဲမှ ရေပမာ လုံးဝ

ကစားထားနိုင်သည်။ ရှောင်ယွန်းဖေးက ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်

စူးရှသော အရောင်အဝါများ တောက်ပသွားတော့သည်။

ဒီအမျိုးသားက ဘယ်သူလဲ...

All Chapters