အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) ဒါက လူရော ဟုတ်ရဲ့လား
ချူဟန်သည် သံပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ပုပ်ဟောင်နံဟောင်နေသော လမ်းမထက်၌
လေဟုန်စီးသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနေ၏။ ပတ်ဝန်းကျင်၏ ဆိုးရွားလှသော
အခြေအနေများက သူ့ကို အနည်းငယ်မျှ စိတ်အနှောင့်အယှက် မပေးနိုင်ချေ။ အတိတ်ဘဝတွင်
သူကြုံတွေ့ခဲ့ရသော ငရဲခန်းများနှင့် နှိုင်းယှဉ်လျှင် ဤအပုပ်နံ့မှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
ထို လေထီးချရိက္ခာ အတိအကျ ကျရောက်မည့်နေရာကို သူ အသေအချာ မသိသော်လည်း စစ်တပ်က
ပစ္စည်းများ ချပေးသည့်အခါ အသက်ရှင်ကျန်ရစ်သူရှိပြီး ဇွန်ဘီအရေအတွက် နည်းပါးမည့် နေရာကိုသာ
တမင်ရွေးချယ်မည်မှာ သေချာသည်။ ထိုသို့သော အခြေအနေနှင့် ကိုက်ညီသည့်နေရာများဟူ၍
အကန့်အသတ်သာ ရှိရာ အတိတ်ဘဝမှ မှတ်ဉာဏ်နှင့် အတွေ့အကြုံများအရ ဤလမ်းမပေါ်တွင်
ရှိနေရန် အလားအလာ အကောင်းဆုံးပင်။
ပတ်ဝန်းကျင်၌ လူနေအိမ်ခြေများစွာ ရှိသဖြင့် ဇွန်ဘီများသကဲ့သို့ အသက်ရှင်ကျန်ရစ်သူများလည်း
အများအပြား ရှိနေပေလိမ့်မည်။ ထို့ပြင် အများသုံးအိမ်သာမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့်
အနံ့ဆိုးက လူသားတို့၏ အနံ့အသက်ကို ဖုံးလွှမ်းပေးထားသဖြင့် ဤနေရာရှိ ဇွန်ဘီအရေအတွက်မှာ
အခြားလမ်းများနှင့် နှိုင်းယှဉ်ပါက အဆမတန် နည်းပါးနေခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာခြင်းမှာ လူသားတို့ ဖန်တီးမှု သို့မဟုတ် ဇီဝလက်နက်ကြောင့်
မဟုတ်ဘဲ မည်သည့်အကြောင်းရင်းကြောင့် ကမ္ဘာကြီး ပျက်စီးသွားသည်ကို မည်သူမျှ မသိကြချေ။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက ကမ္ဘာကြီးတစ်ခုလုံးကို အမြစ်မှလှန်ပစ်ခဲ့ရာ
နိုင်ငံအသီးသီးမှ အစိုးရများသည် လူသားများကို ကယ်ဆယ်ရန်နှင့် လူမှုအဖွဲ့အစည်းကို
ပြန်လည်ထူထောင်ရန် ချက်ချင်းပင် လှုပ်ရှားခဲ့ကြသည်။ သို့သော် နောင်တစ်ချိန်တွင်
နိုင်ငံ ဟူသော အယူအဆမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတော့သည်။
သို့သော်လည်း အစိုးရ၏ ဆုံးဖြတ်ချက်မှာ အမှန်ကန်ဆုံး ဖြစ်ခဲ့သည်။ ယင်းမှာ
လေထီးချရိက္ခာများကို အကြီးအကျယ် ဖြန့်ကြက်ချပေးခြင်းပင်။ ရိက္ခာများထဲတွင် ပါဝင်သော
အစားအစာနှင့် ဆေးဝါးများမှာ အရန်ပစ္စည်းများသာ ဖြစ်ပြီး အမြောက်အမြား ပါဝင်လာသည့်
သေနတ်များနှင့် ခဲယမ်းများကသာ အသက်သွေးကြော ဖြစ်သည်။
ဤမျှ များပြားလှသော ကယ်ဆယ်ရေးပစ္စည်းများကို ချပေးရန်အတွက် စစ်တပ်တစ်ခုလုံး နီးပါး
အင်အားစိုက်ထုတ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် စစ်သားများထဲ အနည်းဆုံး ခုနစ်ဆယ်ပုံခန့်မှာ
ဇွန်ဘီများအဖြစ် ပြောင်းလဲသွားခဲ့သောကြောင့် ဖြစ်သည်။
ချူဟန် ယခင်ဘဝတွင် ရရှိခဲ့သော သတင်းအချက်အလက်များအရ ကမ္ဘာပျက်ကပ် စတင်သည့်
ခဏ၌ပင် တိုင်းပြည်ငယ်လေး ဆယ်ကျော်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့သည်။
ထို့နောက်တွင်လည်း နိုင်ငံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ရာ နောက်ဆုံး၌
တရုတ်နိုင်ငံအပါအဝင် အင်အားကြီးနိုင်ငံ အနည်းငယ်သာ မနည်းရုန်းကန်လျက်
ကျန်ရစ်တော့သည်။
စစ်တပ်အင်အား အဆမတန် လျော့နည်းသွားသဖြင့် နိုင်ငံတော်အနေဖြင့် စစ်တပ်ကို စေလွှတ်ကာ
ပြည်သူအားလုံးကို လိုက်လံကယ်ဆယ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် လေထီးချရိက္ခာများ
ချပေးခြင်းက ၎င်းတို့လုပ်ဆောင်နိုင်သည့် အကြီးမားဆုံးသော ကူညီပံ့ပိုးမှုဖြစ်ပြီး လူသားများစွာ
အသက်ဆက်နိုင်စေရန် အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သည့် ကယ်ဆယ်ရေး နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။
သန်းပေါင်းထောင်ချီ ရှိခဲ့သော တရုတ်နိုင်ငံ၏ လူဦးရေမှာ ကမ္ဘာပျက်ကပ် ကျရောက်လာသည်နှင့်
တစ်ပြိုင်နက် အပိုင်းအစအချို့မျှသာ ကျန်ရှိတော့သည်။ ဤကမ္ဘာသစ်တွင် လူဦးရေမှာ
အရေးကြီးဆုံးသော အရင်းအနှီး ဖြစ်သည်။ အသက်ရှင်သန်နေမှသာ အနာဂတ်ကို
ဆုပ်ကိုင်နိုင်မည်ဖြစ်ပြီး မိခင်နိုင်ငံတော်ကို ပြန်လည်တည်ဆောက်မည် ဟူသော စကားကို ပြောဆိုခွင့်
ရရှိပေလိမ့်မည်။
ချူဟန်၏ ခြေလှမ်းများမှာ လျင်မြန်လွန်းလှသဖြင့် လမ်းမထက်၌ လှည့်လည်နေသော ဇွန်ဘီများကို
ခဏချင်းအတွင်း ဖြတ်ကျော်သွားတော့သည်။ ထိုလမ်းလျှောက်နေသော အလောင်းကောင်များသည်
ဆွဲဆောင်မှုရှိလှသော လူသားတို့၏ အနံ့အသက်ကို ရရှိရုံမျှသာ ရှိပြီး ၎င်းတို့၏ သားကောင်ကို
ဖမ်းဆီးနိုင်ခြင်း မရှိချေ။ သူက လေဟုန်စီးသကဲ့သို့ ပြေးလွှားရင်း မြေမျက်နှာသွင်ပြင် အားသာချက်ကို
အသုံးချကာ ဆက်လက် ရှာဖွေနေခဲ့သည်။ သို့သော် ထိုလေထီးချရိက္ခာက ဘယ်နေရာမှာ ရှိနေတာလဲ။
သူသည် ဤလမ်းမပေါ်တွင် အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရင်း အသေးစိတ်
ရှာဖွေခဲ့သော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရသေးချေ။
တစ်ဖက်တွင် ကော်ဖီဆိုင်အတွင်း ပုန်းအောင်းနေသော လေးယောက်စလုံးမှာ ပြတင်းပေါက်နားတွင်
စုရုံးကာ လိုက်ကာနောက်ကွယ်မှ ချောင်းကြည့်နေကြသည်။ ပြတင်းပေါက်ကို ကြားခံထားသည့်အပြင်
အပြင်ဘက်တွင် ချူဟန်ဟူသော သားကောင်ရှိနေသဖြင့် ဉာဏ်ရည်မရှိသည့် ဇွန်ဘီများမှာ
ဤဆိုင်အတွင်း လူရှိနေသည်ကို လုံးဝ ရိပ်မိခြင်းမရှိကြချေ။
"ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရှောင်ယွန်းဖေးက မျက်မှောင်ကြုတ်လျက် လေသံကို တိုး၍ ပြောလိုက်သည်။
ချူဟန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်ထက် ထူးကဲနေကြောင်း သူလည်း သတိပြုမိသည်။
သာမန်လူသားတစ်ယောက်ဆိုလျှင် ဤမျှ ပြင်းထန်သောအရှိန်ဖြင့် အကြိမ်ကြိမ် ပြေးလွှားနိုင်ရန်
မဖြစ်နိုင်ချေ။ ထို့ပြင် ဆိုင်ရှေ့မှ ဖြတ်သန်းသွားသည့် အကြိမ်တိုင်း၌ စောင့်ကြည့်နေခဲ့သော်လည်း
ချူဟန်၏ အရှိန်မှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးပေ။
"ဒီကောင် ရူးနေတာလား"
အခြားအမျိုးသားတစ်ဦးမှာ မျက်နှာပျက်လျက် ဒေါသတကြီး ရေရွတ်လိုက်သည်။
"ဒီလောက်အထိ သိသာအောင် လှုပ်ရှားနေမှတော့ ပတ်ဝန်းကျင်က ဇွန်ဘီတွေအကုန်လုံး ဒီကို
ရောက်လာတော့မှာပဲ"
ထိုစကားကြောင့် ရှောင်ယွန်းဖေးလည်း ထိတ်လန့်သွားတော့သည်။ မှန်ပေသည်၊ ဇွန်ဘီအရေအတွက်မှာ
တဖြည်းဖြည်း များပြားလာနေပြီ ဖြစ်သည်။ ဆူညံသံကြောင့် အခြားလမ်းများမှ ဇွန်ဘီများပါ တရွေ့ရွေ့
ရောက်ရှိလာကြရာ ခဏချင်းအတွင်းမှာပင် အရေအတွက်မှာ တစ်ရာကျော်သွားခဲ့ပြီ ဖြစ်သည်။
"ဒီအတိုင်းဆိုရင် ငါတို့ပါ အန္တရာယ်ရှိလာနိုင်တယ်... ဘယ်လိုလုပ်ကြမလဲ"
နောက်ဆုံးတွင် ထိုအမျိုးသားများကြား၌ စိုးရိမ်တုန်လှုပ်မှုများ ပျံ့နှံ့လာတော့သည်။
"ဒီအရူးကောင်..."
ရှောင်ယွန်းဖေးက ချူဟန်ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေမိသည်။ ထိုခြေထောက်နှစ်ဖက်ကို
ရိုက်ချိုးပစ်ချင်စိတ်များဖြစ်လာသည်။ ဘာလို့ ပြေးနေတာလဲ။
ဘာဖြစ်လို့ ဤကဲ့သို့သော နေရာမျိုးမှာ တမင်တကာ ပြေးလွှားနေရတာလဲ။ အခြားနေရာ မဟုတ်ဘဲ
ဒီလိုနေရာမျိုးမှာ ပြေးနေရတာက ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်နေတာများလား။ သို့သော်
ရှောင်ယွန်းဖေးမှာ ဒေါသထွက်ရုံသာဖြစ်ပြီး မည်သို့မျှ မတတ်နိုင်ပေ။ ဤမျှ များပြားလှသော
ဇွန်ဘီအုပ်ကြီး ဝိုင်းအုံနေသည့် အခြေအနေတွင် ချူဟန်ကို သွားရောက်တားဆီးရန်မှာ မဖြစ်နိုင်ချေ။
အသံအနည်းငယ် ထွက်သွားလျှင်ပင် အသက်ဘေးကြုံရပေမည်။ ကိုယ့်ကိုယ်ကိုယ်
သတ်သေခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိတ်လန့်မှုနှင့် ဒေါသတရားများ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး လေးယောက်စလုံးက
"အမြန်သေစမ်း" ဟု
ချူဟန်ကို တိုးတိုးလေး ကျိန်ဆဲနေကြစဉ်။
ရုတ်တရက် ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းအစုံက ပွင့်ဟသွားပြီး
အကြည့်များက အများသုံးအိမ်သာ အဆောက်အအုံ၏ အမိုးထက်သို့ ကျရောက်သွားသည်။
မူလက ထိုအမိုးပေါ်တွင် သစ်ပင်သစ်ကိုင်းများ ဖုံးလွှမ်းနေရမည် ဖြစ်သည်။ ဘေးဘက်တွင်
ရှည်လျားသော သစ်ကိုင်းကြီးများ ရှိသည့် သစ်ပင်ကြီးနှစ်ပင် ရှိနေသည်။ သို့သော် ကမ္ဘာပျက်ကပ်ကြီး
ရုတ်ချည်း ရောက်ရှိလာမှုကြောင့် အပင်များစွာမှာ ခံနိုင်ရည်မရှိဘဲ တစ်ညချင်းအတွင်း
ခြောက်သွေ့သေဆုံးသွားခဲ့ကြသည်။ အရွက်များ အားလုံး ကြွေကျသွားခဲ့ရာ ယခုအခါတွင်
ခြောက်သွေ့နေသော ပင်စည်များသာ ကျန်ရှိတော့သည်။
လက်ရှိ အများသုံးအိမ်သာ၏ အမိုးထက်တွင်လည်း ခြောက်သွေ့နေသော သစ်ရွက်ဝါများ ထူထပ်စွာ
ဖုံးလွှမ်းနေ၏။ ထိုသစ်ရွက်ခြောက်များကြား၌ စစ်တပ်သုံး ကယ်ဆယ်ရေးအထုပ်တစ်ထုပ်ကို
ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။ သတိမထားမိပါက ကျော်လွန်သွားနိုင်သော်လည်း
သေချာကြည့်လျှင် ရှာဖွေတွေ့ရှိနိုင်သည့် အနေအထားပင်။ ချူဟန် နှုတ်ခမ်းထောင့်များ
ကွေးညွတ်သွားကာ ပြုံးလိုက်မိသည်။
‘တွေ့ပြီ’
စစ်တပ်က ဤနေရာတွင် ပစ္စည်းများ ချပေးခဲ့သည့် အဓိကရည်ရွယ်ချက်ကိုလည်း သူ
သဘောပေါက်သွားသည်။ ဤထောင့်မှကြည့်လျှင် မျက်နှာချင်းဆိုင် လူနေအိမ်များ၌
ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူများအနေဖြင့် အလွယ်တကူ မြင်တွေ့နိုင်သောကြောင့်
ဖြစ်သည်။
"တောက်..."
ကော်ဖီဆိုင်အတွင်း ပုန်းနေသော လေးယောက်အနက် တစ်ဦးက မအောင့်နိုင်ဘဲ ဆဲဆိုလိုက်သည်။
"ဒီသောက်ကောင် ဘာလို့ ရုတ်တရက်ကြီး ရပ်သွားတာလဲ။ ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာမှ လာရပ်ရတာလဲ"
အများသုံးအိမ်သာနှင့် ကော်ဖီဆိုင်မှာ လမ်းမကို ကြားခံ၍ မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေသည်။
အစကတည်းက ဤဆိုင်ပိုင်ရှင်က ဘာကို စဉ်းစားပြီး ဤနေရာတွင် ဆိုင်လာဖွင့်ခဲ့သည်ကို မသိရချေ။
ချူဟန် ရုတ်တရက် ရပ်တန့်လိုက်သဖြင့် သူ့နောက်မှ လိုက်ပါလာသော ဇွန်ဘီအုပ်ကြီးမှာ
တရွေ့ရွေ့ နီးကပ်လာတော့သည်။ ထို့နောက် ကော်ဖီဆိုင်ရှိရာ အရပ်သို့ အရှိန်အဟုန်ဖြင့်
လှိမ့်ဝင်လာကြသည်။ များပြားလှသော အရေအတွက်နှင့် ကြောက်မက်ဖွယ်ကောင်းသော
အော်ဟစ်သံများ။ ဇွန်ဘီသံမှတစ်ပါး အခြားအသံများ ဆိတ်သုဉ်းနေသော လမ်းမထက်၌
ထိုအော်ဟစ်သံမှာ အလွန်ပင် ထင်ရှားလျက် ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။
ဆိုင်ကြမ်းပြင်ပင်လျှင် အနည်းငယ် တုန်ခါနေသကဲ့သို့ ခံစားရသည်။
ဆယ်ဂဏန်းမျှ မဟုတ်ချေ။ အမှန်တကယ်ပင် ရာဂဏန်းရှိသော ဇွန်ဘီအုပ်ကြီး ဖြစ်သည်။
"သွားပြီ... သွားပါပြီကွာ..."
ဆိုင်အတွင်းရှိ လူတစ်ယောက်မှာ ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး
ထိတ်လန့်လွန်းသဖြင့် ဆီးပင်ထွက်လုမတတ် ဖြစ်နေသည်။
ကျန်ရှိသူများလည်း ဤကြောက်မက်ဖွယ် မြင်ကွင်းကို မကြည့်ရဲတော့ဘဲ ထိုနေရာ၌ပင်
ဆောင့်ကြောင့်ထိုင်ချလျက် ဦးခေါင်းကို လက်ဖြင့် အုပ်ထားကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ရင်ထဲမှ
ထိတ်လန့်တုန်လှုပ်မှုများကို အနည်းငယ်မျှ သက်သာစေရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
"ဒီသောက်ကောင်... သေချင်ရင်လည်း တစ်ယောက်တည်း သေပါလား။ ငါ့ကို လာမဆွဲသွင်းနဲ့"
ရှောင်ယွန်းဖေးက ပြင်းထန်စွာ ကျန်ဆဲလိုက်တော့သည်။
"ငါ့အသက်က ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ မင်းတို့ သိလား..."
ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများက ကော်ဖီဆိုင်အတွင်း ဖုံးလွှမ်းသွားသည်။ သို့သော် ၎င်းတို့ မည်သို့ပင်
ရုန်းကန်နေပါစေ၊ များပြားလှသော ဇွန်ဘီအုပ်ကြီး ဆိုင်အဝင်ဝသို့ ရောက်ရှိနေပြီဟူသော အချက်ကို
ပြောင်းလဲ၍ မရနိုင်တော့ချေ။
သေမင်း၏ အရိပ်အယောင်က မျက်စိရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ထိုစဉ် ချူဟန်က ရုတ်တရက် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားသည်။
ထိုအရှိန်မှာ ယခင်ကထက် ပိုမိုမြန်ဆန်လှသည်။ တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လာသော
အရှိန်အဟုန်ကြောင့် ဝင့်ကြွားလှသော ကျားသစ်တစ်ကောင်နှင့်ပင် တူလှတော့သည်။
ဝှစ်...
ပုံရိပ်ယောင်များ ကျန်ရစ်လောက်မည့် လှုပ်ရှားမှုဖြင့် အနားသို့ ရောက်ရှိနေသော ဇွန်ဘီများကို သူ
အလွယ်တကူ ဖြတ်ကျော်သွားသည်။ ချူဟန်က အရှိန်မြှင့်လျက် အများသုံးအိမ်သာ၏ နံရံရှေ့သို့
ရောက်ရှိသွားပြီးနောက် မဆိုင်းမတွဘဲ ခြေထောက်နှစ်ဖက်ဖြင့် နံရံကို တစ်လှည့်စီ
ကန်တက်သွားတော့သည်။
ဘုန်း... ဘုန်း...
တိကျလှသော ကန်ချက်ဖြင့် နံရံကို နင်းကာ ထိုတန်ပြန်အရှိန်ကို အသုံးချလျက် အပေါ်သို့ ဝုန်းခနဲ
ခုန်တက်လိုက်သည်။
ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။ ဆက်တိုက်ဆိုသလိုပင် လေထဲ၌ ကိုယ်ကို လှပစွာ
လှည့်လိုက်ပြီး အများသုံးအိမ်သာ၏ အမိုးထက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်တော့သည်။
သူက တွားတွားတတ်သွားခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လက် ကို အနည်းငယ်မျှ
အသုံးမပြုခဲ့သောကြောင့် ဖြစ်သည်။
သူ၏ လက်နှစ်ဖက်တွင် ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။