← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) မင်းလိုကောင်က ဘာမို့လို့လဲ

မူလက သိပ်မကျယ်ဝန်းသော အခန်းလေးမှာ ရှောင်ယွန်းဖေးတို့ သုံးယောက် ဝင်ရောက်လာခြင်းကြောင့် အလွန်အမင်း ကျဉ်းကျပ်သွားတော့သည်။

ရှန်ကျိုတီမှာ အားအင်ချိနဲ့နေသော ပုံစံဖြင့် နံရံကို မှီထားပြီး ရှောင်ယွန်းဖေးတို့မှာ ရှေ့တွင် ချပေးထားသော အစားအစာများကို ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေများပမာ အငမ်းမရ ကောက်ယူစားသောက်နေကြ၏။

ချန်ရှောက်ရယ်မှာလည်း သတိရလာကတည်းက စားသောက်နေသည်မှာ လက်မနားတမ်းပင်။ ဝမ်းဗိုက်ထဲသို့ အစားအစာများကို အတင်းထိုးသွတ်နေရင်း တစ်ဖက်မှလည်း ဟူး... ဟု သက်ပြင်းချကာ မိမိကိုယ်ကိုယ် အဆက်မပြတ် အပြစ်တင်နေတော့သည်။

ရှေ့ရှိ အစားအစာများကို ပြောင်စင်အောင် စားသောက်ပြီးနောက် ရှောင်ယွန်းဖေးက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ထို့နောက် အပြစ်ကင်းဟန်ဆောင်ကာ ပြုံးလိုက်သည်။

"တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ"

ထိုသို့ ပြောဆိုနေသော်လည်း သူ၏ အကြည့်များက ဘေးနားတွင် ဘဲကင်ကို မြိန်ရည်ယှက်ရည် ကိုက်ဝါးနေသော ချန်ရှောက်ရယ်ထံသို့ ခဏခဏ ရောက်ရှိနေသည်။ ထိုဘဲကင်မှာ ဆီတဝင်းဝင်းဖြင့် အလွန် မွှေးပျံ့လှရာ သူ၏ ဝမ်းဗိုက်မှာ ပြန်လည် ဆာလောင်လာသကဲ့သို့ ခံစားလိုက်ရ၏။

‘တောက်... ဒီဝက်ကောင်က ဘယ်လောက်တောင် စားဦးမှာလဲ။ အမြဲတမ်း ပါးစပ်မနားတမ်း စားနေတာပဲ။ ဒါနဲ့တင် ဘဲကင် နှစ်ကောင်ရှိပြီ’

ရှောင်ယွန်းဖေး၏ ဝမ်းဗိုက်မှာ ပြည့်ဝနေပြီ ဖြစ်သည်။ ရှန်ကျိုတီ ပေးကမ်းထားသော အစားအစာများမှာ လုံလောက်သည်ထက်ပင် ပိုမိုလှ၏။

သို့သော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာ ဆာလောင်မှုမှာ မပျောက်ကွယ်သေးချေ။ ယင်းမှာ အစွန်းကုန် ဆာလောင်မွတ်သိပ်မှုကို ရေရှည်ခံစားခဲ့ရသည့် နောက်ဆက်တွဲ ဝေဒနာပင်။ အစားအစာကို မြင်တွေ့လိုက်သည်နှင့် ပထမဆုံး တုံ့ပြန်မှုမှာ မည်သို့ပင်ဖြစ်စေ မိမိပိုင်ဆိုင်အောင် ပြုလုပ်ပြီး ဝမ်းဗိုက်ထဲသို့ ရူးသွပ်စွာ ထိုးသွတ်ရမည် ဟူသော အတွေးမျိုး ဖြစ်နေတော့သည်။

ထိုအချက်တွင် သူတို့သည် ဇွန်ဘီများနှင့် တစ်ပုံစံတည်း တူညီနေကြသည်။

ထို့နောက် ရှောင်ယွန်းဖေး၏ အကြည့်များက အခန်းထောင့်ရှိ စစ်သုံးကျောပိုးအိတ်ထံသို့ ရောက်ရှိသွားသည်။ ရင်ထဲမှ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ရီလာသည်ကို သူ မနည်း ထိန်းချုပ်လိုက်ရ၏။

‘ကံကောင်းတာပဲ။ အဲဒါ... ဟိုပုဆိန်ကိုင်တဲ့ကောင်ရဲ့ ကျောပိုးအိတ် မဟုတ်လား’

ထိုကျောပိုးအိတ်ထဲတွင် သေနတ် ရှိနေလိမ့်မည်။

ရှောင်ယွန်းဖေး၏ မျက်ဝန်းအစုံတွင် လောဘရမ္မက်များ ဖုံးကွယ်မရအောင် လျှံထွက်လာတော့သည်။ သူသည် မိမိတို့ကို အစားအစာ ကျွေးမွေးခဲ့သော အရှေ့မှ အမျိုးသမီးထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ သူမ ကိုင်ဆောင်ထားသော သေနတ်ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် မျက်လုံး ကစားလျက် ထိုကျောပိုးအိတ်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"မင်းက... ရှန်ကျိုတီ မဟုတ်လား။ အဲဒီ စစ်သုံးကျောပိုးအိတ်က မင်းဥစ္စာလား"

"မဟုတ်ပါဘူး"

ရှန်ကျိုတီ မျက်မှောင်ကြုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူမ ရင်ထဲ၌လည်း သံသယအချို့ ဝင်ရောက်လာသည်။ ထိုကျောပိုးအိတ်မှာ မည်သို့ပင်ကြည့်ကြည့် စစ်တပ်သုံး ပစ္စည်း ဖြစ်နေသောကြောင့်ပင်။ ချူဟန်ဒီအိတ်ကို ဘယ်နေရာက ရရှိခဲ့သနည်း။

ရုတ်တရက် သူမ အသိတစ်ခု ဝင်လာသည်။

‘ဒါက... လေထီးနဲ့ ချပေးတဲ့ ရိက္ခာပစ္စည်းတွေလား’

မှန်ပေသည်။ ရေဒီယိုသတင်းတွင် ကြေညာခဲ့သည်။ စစ်တပ်က လေယာဥ်ဖြင့် ရိက္ခာများ ချပေးမည်ဟု။ ထိုအထဲတွင် အစားအစာ၊ ဆေးဝါးများနှင့် သေနတ်များ ပါဝင်ပေလိမ့်မည်။

ရှန်ကျိုတီ ချက်ချင်းပင် မျက်နှာလွှဲလိုက်၏။ သူမ မျက်ဝန်းများတွင် မကျေမနပ် ဖြစ်နေသော အရိပ်အယောင်များ စွန်းထင်းနေတော့သည်။

‘ချူဟန်... ဒီကောင်။ ဆေးဝါးတွေ တွေ့ထားရင်လည်း ငါ့ကို ကြိုပြောပါတော့လား’

"အဲဒီ ကျောပိုးအိတ်ထဲမှာ ဘာတွေ ပါလဲဆိုတာ နည်းနည်းလောက် ပြပေးလို့ ရမလား"

ရှောင်ယွန်းဖေးသည် ချိုသာသော လေသံဖြင့် ရှန်ကျိုတီအနားသို့ တိုးကပ်ရန် ကြိုးပမ်းလိုက်သည်။ အကယ်၍ ဤအမျိုးသမီးသာ သေနတ်ကိုင်မထားပါက သူ အတင်းအဓမ္မ လုယူပြီးသား ဖြစ်ပေလိမ့်မည်။

ရှန်ကျိုတီက စိတ်ပျက်မှုကို မဖုံးကွယ်ဘဲ ပြန်လည် ဖြေကြားလိုက်၏။

"ကျွန်မပစ္စည်း မဟုတ်ဘူးလို့ ပြောပြီးပြီပဲ။ ကြည့်ချင်ရင် သူပြန်လာမှ ကြည့်ပါ"

"ကျောပိုးအိတ်တစ်လုံးတည်းကိုပဲဥစ္စာ။ အထဲက ပစ္စည်းကို နည်းနည်းလောက် ကြည့်ရုံနဲ့ ဘာမှမဖြစ်ပါဘူး"

ရှောင်ယွန်းဖေးက ပြုံးစိစိဖြင့် မိမိ၏ ဂုဏ်ကို ထုတ်ဖော်ပြသရန် ကြိုးစားလိုက်သည်။

"မင်း သိလား။ တကယ်တော့ ငါက အရင်တုန်းက ရှန်ကျင်းမြို့ လျှို့ဝှက်စစ်အခြေစိုက်စခန်းမှာ ဒီလို ပစ္စည်းမျိုးကို..."

"နားငြီးလိုက်တာ ပွစိပွစိနဲ့ ဘာတွေ ပြောနေတာလဲ"

၁၈၏ စိတ်ဆတ်သော ဗီဇက ပေါက်ကွဲထွက်လာပြီး ရှောင်ယွန်းဖေး၏ စကားကို ချက်ချင်း ဖြတ်ပစ်လိုက်တော့သည်။

သူမသည် ရှောင်ယွန်းဖေးတို့အုပ်စုကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ လက်ရှိတွင် သူမသည် အလွန်အမင်း စိတ်တိုနေသဖြင့် ရှောင်ယွန်းဖေး၏ စကားအပိုများကို နားထောင်ရန် အချိန်မရှိချေ။ လူကောင်းယောင်ဆောင်နေသော ကျားချွန်းကျဲ့၏ လှည့်စားမှုကို ခံရသည့်အပြင် ရှန်ကျိုတီကိုပါ အန္တရာယ်တွင်းထဲ ဆွဲသွင်းမိလုနီးပါး ဖြစ်ခဲ့ရသောကြောင့် ဖြစ်သည်။

ဒါတင်မကသေး

ဘာ...

ရှန်ကျင်းမြို့ လျှို့ဝှက်စစ်အခြေစိုက်စခန်း ဟုတ်လား။ ဟဲ့... ငါက လောကကြီးအကြောင်း ဘာမှမသိတဲ့ ကလေးမလေးလို့ ထင်နေတာလား။

ရှောင်ယွန်းဖေး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။ သူသည် ၁၈၏ ပုံစံကို အထက်စီးမှ စိုက်ကြည့်လိုက်၏။

‘ဘယ်က ရောက်လာတဲ့ ရိုင်းစိုင်းတဲ့ ကောင်မလဲမသိဘူး။ အဆုံးအမ လုံးဝမရှိဘူး။ ဒီလို ဆင်းရဲမွဲတေတဲ့ ကလေးတွေက အကျင့်စာရိတ္တ အောက်တန်းကျလွန်းတယ်’

ထိုစဉ်မှာပင်။

အခန်းတံခါးဝဆီမှ တည်ငြိမ်ပြီး လူငယ်တစ်ဦး၏ အသံမျိုး ဖြစ်သော်လည်း ခံ့ညားအရှိန်အဝါရှိလှသော အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။ ထိုအသံမှာ လေးနက်ပြီး အလွန်အမင်း ဖိအားပေးနိုင်စွမ်း ရှိလှ၏။

"ဘာတွေ ဖြစ်နေတာလဲ"

အခန်းတွင်းရှိ လူအားလုံး ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

မှောင်ရိပ်သန်းနေသော စင်္ကြံလမ်းပေါ်တွင် လူရိပ်တစ်ခု ထင်ဟပ်နေ၏။ အလင်းရောင် မလုံလောက်သဖြင့် သဲသဲကွဲကွဲ မမြင်ရဘဲ ခန္ဓာကိုယ်အထက်ပိုင်းမှာ အမှောင်ထုအတွင်းသို့ လုံးဝ နစ်မြုပ်နေသည်။ သွယ်လျသော ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့် ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ချထားသော ခံ့ညားထည်ဝါလှသည့် ပုဆိန်ကြီးကိုသာ မြင်တွေ့နေရ၏။

ရှောင်ယွန်းဖေး၏ မျက်ဝန်းများ ပြူးကျယ်သွားကာ နှလုံးခုန်သံများ မြန်ဆန်လာတော့သည်။

ထိုပုဆိန်ကြီး၏ ပုံသဏ္ဌာန်ကို သူ အလွန်ကောင်းစွာ မှတ်မိနေသောကြောင့်ပင်။

"ပြန်လာပြီလား"

ရှန်ကျိုတီ သက်ပြင်းချလိုက်မိသည်။ စောစောက သူမသည် ဤနေရာကို ထိန်းချုပ်နိုင်ရန် အားတင်း၍ ဟန်ဆောင်နေခဲ့ရခြင်း ဖြစ်သည်။ ကျားချွန်းကျဲ့၏ သစ္စာဖောက်မှုကို ခံရပြီးနောက်ပိုင်းတွင် သူမသည် မသိကျွမ်းသော လူစိမ်းများအပေါ် အလွန်အမင်း သတိထားနေမိတော့သည်။

"ဘောစ်…"

ချန်ရှောက်ရယ်က အလောတကြီး ထရပ်ကာ ချူဟန်လက်ထဲမှ ကျောပိုးအိတ်အသစ်ကို လှမ်းယူလိုက်၏။ အိတ်ထဲတွင် လျှံထွက်လုနီးပါး ရှိနေသော အစားအစာများကို မြင်တွေ့ရသောအခါ သူ၏ ရင်ထဲ၌ အပြစ်ရှိစိတ်များ ပိုမို ပြင်းထန်လာတော့သည်။

"ကျွန်တော် အစားမက်လို့ ၁၈နဲ့ ရှန်ကျိုတီတို့ပါ ဒုက္ခရောက်ကုန်ကြပြီ..."

"အဲဒီအကြောင်း နောက်မှပြော"

ချူဟန်က ချန်ရှောက်ရယ်၏ စကားကို ဖြတ်ပစ်လိုက်သည်။

သူသည် အခန်းတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာ၏။ ပတ်ဝန်းကျင်မှ စိုက်ကြည့်နေသော အကြည့်များကို လုံးဝ လျစ်လျူရှုထားကာ ရှန်ကျိုတီအရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းသွားပြီး မည်သည့်စကားမျှမဆိုဘဲ သူမ၏ နဖူးကို လက်ဖြင့် စမ်းသပ်လိုက်သည်။

အမျိုးသားတစ်ဦး၏ အေးစက်ပြီး ကြမ်းတမ်းလှသော လက်ဖဝါး အထိအတွေ့ကြောင့် ရှန်ကျိုတီ တစ်ခဏမျှ ကြောင်အမ်းသွားရ၏။

‘ဒီလူ... ဘာလို့ ရုတ်တရက်ကြီး...’

ချူဟန်က သူမ၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ ဆေးမသောက်တာလဲ။ သေချင်လို့လား"

ရှန်ကျိုတီ မျက်နှာ နီမြန်းသွားပြီး ပြန်လည် အော်ဟစ်လိုက်တော့သည်။

"ဒါက ကယ်ဆယ်ရေး ရိက္ခာထုပ်မှန်း ရှင်ကြိုမပြောထားဘူးလေ"

ရေနွေးတည်ရန် ပြင်ဆင်နေသော ချူဟန်၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။ သူက လုံးဝ နားမလည်နိုင်သော အကြည့်ဖြင့် သူမကို ကြည့်လိုက်၏။

"အထဲက ပစ္စည်းကြည့်ရင် သိသာနေတာပဲကို။ မင်းက အကန်းလား"

"ရှင်... ရှင်ကတော့လေ။ ငါ... ငါက..."

ရှန်ကျိုတီမှာ ဒေါသထွက်လွန်းသဖြင့် ဆံပင်များ ထောင်ထွက်မတတ် ဖြစ်သွားရသော်လည်း ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့သဖြင့် ဒေါသတကြီးသာ အော်ဟစ်လိုက်တော့သည်။

"ချူဟန်...အရူးကောင်"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ဘေးနားရှိ ရှောင်ယွန်းဖေး၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချူဟန် အနားသို့ တိုးကပ်လာသည်နှင့်အမျှ သူ၏ မျက်နှာသွင်ပြင်က ထင်ရှားလာ၏။ ရှောင်ယွန်းဖေး၏ မျက်နှာပေါ်တွင် အံ့အားသင့်ရုံမျှမကဘဲ မှင်တက်မိနေသော အရိပ်အယောင်များ ပေါ်လွင်နေတော့သည်။ မျက်လုံးများမှာ မီးသီးကြီးများပမာ ပြူးထွက်လုနီးပါး ဖြစ်သွားရ၏။

ရှန်ကျိုတီက ချူဟန် ဟူသော နာမည်ကို ခေါ်ဆိုလိုက်သည့်အချိန်တွင် သူ၏ ရင်ထဲ၌ သွားပြီ ဟူသော စိတ်ပျက်အားလျော့မှုများ ပြည့်နှက်သွားတော့သည်။

"ချူဟန်... ဟုတ်လား"

ရှောင်ယွန်းဖေး၏ မျက်နှာအမူအရာက စက္ကန့်ပိုင်းအတွင်း အမျိုးမျိုး ပြောင်းလဲသွားကာ အရှေ့မှ အမျိုးသားကို စူးစူးဝါးဝါး စိုက်ကြည့်နေမိသည်။

စောစောက ကော်ဖီဆိုင်တွင် ပုန်းကွယ်နေစဉ်က ထိုလူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ခဲ့ရချေ။ လူငယ်တစ်ယောက် ဟုသာ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမျှလောက် ပြင်းထန်လှသော စွမ်းရည်ရှိသူမှာ ချူဟန် ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။ ထိုကျောင်းသားလေး ဖြစ်နေလိမ့်မည်ဟု။

ချူဟန်က ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရှောင်ယွန်းဖေးကို အေးစက်စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။

"မင်းက ဘယ်သူလဲ"

"မင်း... မင်း ငါ့ကို မမှတ်မိဘူးလား"

ရှောင်ယွန်းဖေး၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသမီးများ ပေါက်ကွဲထွက်လာသည်။ သူသည် မောက်မာစွာဖြင့် မေးစေ့ကို ပင့်လိုက်ပြီး ဝင့်ကြွားစွာ ပြောဆိုလိုက်၏။

"အထက်လူကြီးကို ဒီလို လေသံနဲ့ စကားပြောတာလား။ အခုချက်ချင်း ထွက်သွားစမ်း။ မင်ချူးတက္ကသိုလ်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းက မင်းနဲ့ မဆိုင်တော့ဘူး"

‘ဒီကောင်စုတ်။ ငါ့ကို လာပြီး စိန်ခေါ်နေတာပဲ။ အရင်တုန်းက လာဘ်စားပြီး ဒီကောင်လေးရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ပိတ်ပစ်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ’

"ဘာ…အလုပ်အကိုင်…အထက်လူကြီး"

ချူဟန် ရုတ်တရက် ရယ်မောလိုက်သည်။ ဤလူက လက်ရှိ အခြေအနေကို မရိပ်မိသေးဘဲ ရှိနေဆဲပင်။

သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ရှောင်ယွန်းဖေးကို အမှိုက်သရိုက်တစ်ခုပမာ အထက်စီးမှ ကြည့်ရှုလိုက်၏။

"မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေတာလဲ"

"ဘာပြောတယ်"

ရှောင်ယွန်းဖေး ဝုန်းခနဲ ထရပ်လိုက်သည်။

"ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့။ မင်းရဲ့ အနာဂတ်ဘဝကို ဖျက်ဆီးပစ်ချင်လို့လား။ ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေလို့ တရားဥပဒေမဲ့သွားပြီလို့ ထင်နေတာလား။ နားထောင်စမ်း... ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။ ငါ့ကို ဆစ်မြို့အထိ ဘေးကင်းအောင် ပို့ပေးမယ်ဆိုရင် ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးမယ်။ အကယ်၍ ငြင်းဆန်မယ်ဆိုရင်တော့ နောက်ဆို မင်း ဆစ်မြို့ စစ်တပ်အခြေစိုက်စခန်းမှာ ရှင်သန်နိုင်မယ့် နေရာ ရှိတော့မှာ မဟုတ်ဘူး"

ရှောင်ယွင်ဖေးသည်လည်း အရူးတစ်ယောက် မဟုတ်ပေ။ မိမိ၏ ရာထူးနှင့် ဂုဏ်သိက္ခာများက လက်ရှိကမ္ဘာကြီးတွင် မည်သည့်အဓိပ္ပာယ်မျှ မရှိတော့သော အချည်းနှီး စကားလုံးများမျှသာ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိပါသည်။

သို့သော်လည်း ချူဟန်မှာ အသက်နှစ်ဆယ်အရွယ် လူငယ်လေးမျှသာ ဖြစ်၏။ ကမ္ဘာကြီး ပျက်စီးခဲ့သည်မှာ မကြာသေးသဖြင့် သာမန်လူများ၏ စိတ်ထဲတွင် အာဏာရှိသူများကို ကြောက်ရွံ့ရိုသေစိတ်များ ရှိနေဆဲပင်။ သို့မဟုတ် ဒီအခြေအနေက မကြာခင် ကောင်းမွန်သွားမှာပါ ဟု တွေးတောနေကြပေလိမ့်မည်။ မိမိက အထက်လူကြီးတစ်ဦး၏ အရှိန်အဝါကို အသုံးပြု၍ ဖိအားပေးလိုက်လျှင် လူမှုဗဟုသုတ မရှိသေးသော ဤလူငယ်လေးမှာ ကြောက်ရွံ့သွားမည်ဟု သူ အပိုင်တွက်ထားခြင်း ဖြစ်သည်။

လူသားတို့၏ စိတ်ကို ကစားကာ လက်အောက်ငယ်သားများကို ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်ပြီး အုပ်ချုပ်ခြင်း။ ယင်းမှာ သူ အစဉ်အမြဲ အသုံးပြုခဲ့သော ရှောင်ယွန်းဖေး၏ နည်းဗျူဟာဟောင်းကြီးပင် ဖြစ်တော့သည်။

All Chapters