← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) မျက်နှာကို ပစ်ပေါက်လိုက်ခြင်း

" ဆစ်မြို့အထိ လုံခြုံအောင် ပို့ပေးရမယ် ဟုတ်လား"

ချူဟန်၏ မျက်နှာပေါ်တွင် ရယ်မောချင်နေသော အမူအရာ ပေါ်ထွက်လာ၏။ သူက နှုတ်ခမ်းကို တွန့်ကာ ထပ်မေးလိုက်သည်။

"မင်းကို အန္တရာယ်ကင်းကင်း လိုက်ပို့ပေးရမယ်ဆိုတဲ့ သဘောပေါ့"

"မှန်တယ်"

ရှောင်ယွန်းဖေး မျက်ဝန်းတွင် ဆန်းပြားသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက မောက်မာစွာဖြင့် မေးစေ့ကို ပင့်လိုက်ပြီး ချူဟန်ကို အထက်စီးမှ စိုက်ကြည့်လိုက်၏။

"လမ်းခရီးမှာ ငါ့ဘေးကင်းရေးကို တာဝန်ယူရမယ်၊ ပြီးတော့ အစားအသောက်နဲ့ ဝေယျာဝစ္စတွေကိုလည်း လုပ်ပေးရမယ်။ ဒါပေမဲ့ ငါက တရားမျှတတဲ့လူပါ၊ မင်း အလုပ်လုပ်ပေးရင် ထိုက်တန်တဲ့ အကျိုးအမြတ် ပြန်ပေးမှာ။ ဆစ်မြို့ရောက်လို့ စစ်တပ်အခြေစိုက်စခန်းကလူတွေနဲ့ တွေ့ရင် ငါ စကားပြောပေးပြီး မင်းအတွက် ရာထူးတစ်ခု စီစဉ်ပေးမယ်။ ဒါတင်မကသေးဘူး အပိုဆုကြေးပါ ပေးဦးမှာ။ မင်းသိတဲ့အတိုင်း ငါက ချမ်းသာတယ်လေ၊ တစ်သောင်းဆိုရင် ဘယ်လိုလဲ"

စကားဆုံးသည်နှင့် ရှောင်ယွန်းဖေးက ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။

‘ဘယ်လိုလဲ... အံ့ဩသွားလား။ မင်းလို ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလောက် ငွေအမြောက်အမြားကို တစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး’

"ငွေ ဟုတ်လား..."

ချူဟန် အလွန်အမင်း ရယ်ချင်စိတ် ပေါက်လာသဖြင့် အော်ဟစ်ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ ဤလူအနှင့် ဆက်လက် စကားအချေအတင် ပြောဆိုရန် စိတ်မပါတော့ချေ။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာခြင်းကြောင့် လူအများစုမှာ ပြင်းထန်သော စိတ်ဒဏ်ရာရရှိကာ လက်ရှိ အခြေအနေမှန်ကို ဦးနှောက်က လက်မခံနိုင်ကြသေးပုံရ၏။

သူသည် ခြေရင်းရှိ အိတ်ကြီးထဲသို့ လက်နှိုက်လိုက်သည်။ ယင်းမှာ စောစောက ကုန်စုံဆိုင်မှ သိမ်းကျုံးယူဆောင်လာသော အစားအစာများ ပြည့်နှက်နေသည့် အိတ်ကြီး ဖြစ်ပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ ခါးလောက်အထိ မြင့်မားလှသော အိတ်ကြီး ဖြစ်၏။

"နည်းနေလို့လား"

ချူဟန်၏ လှုပ်ရှားမှုကို ကြည့်ပြီး ရှောင်ယွန်းဖေးက အထင်သေးစွာပြောလိုက်သည်။

"တက္ကသိုလ်ကျောင်းသား အဆင့်လေးနဲ့ တစ်သောင်းဆိုတာကို မကျေနပ်သေးဘူးလား။ လောဘကြီးလှချေလား။ ကောင်းပြီလေ... ဒါဆို တစ်သိန်း ပေးမယ်"

"မင်းပြောနေတဲ့ ငွေ ဆိုတာ ဒါကိုပြောတာလား"

ချူဟန်က အိတ်ထဲမှ ထူထဲလှသော ငွေစက္ကူထုပ်ကြီးကို ထုတ်ယူလိုက်သည်။ ယင်းမှာ နောက်ပိုင်းတွင် မီးမွှေးသည့်အခါ အသုံးပြုရန်အတွက် အလွယ်တကူ ကောက်ယူလာခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ချူဟန်အနေဖြင့် ဤစက္ကူစများကို အမှတ်တရတံဆိပ် ဟု ခေါ်ဆိုခြင်းက ပိုမို သင့်တော်ပေလိမ့်မည်။ ဇွန်ဘီကပ်ကြီးမဖြစ်ခင် ခေတ်က ငွေစက္ကူများသည် ကမ္ဘာပျက်ကပ်အတွင်း ဟာသတစ်ခုမျှသာ ဖြစ်တော့သည်။ ပေါင်မုန့်တစ်ချပ်စာ မျှပင် တန်ဖိုးမရှိတော့ဘဲ မကြာမီ အခြားသော အရာတစ်ခုနှင့် လုံးဝ အစားထိုးခံရတော့မည် ဖြစ်သည်။

"ဒီလောက်လေးပဲလား"

ရှောင်ယွန်းဖေးက မခံချင်စိတ်ဖြင့် မိမိ၏ ဓနအင်အားနှင့် ဂုဏ်ဒြပ်ကို အတင်း ကြွားဝါလိုက်၏။

"ဒီလောက် အကြွေစေ့လေးနဲ့ ဘာဝယ်လို့ရမှာလဲ။ ထားလိုက်ပါတော့... ငါ တစ်သန်း မှတ်ထား

ကောင်လေး... အတင့်ရဲလွန်းတာလည်း အတိုင်းအတာ ရှိသင့်တယ်နော်။"

"ဟင်...ဟုတ်လား"

ချူဟန်က အေးစက်စွာ စိုက်ကြည့်လိုက်ပြီး မည်သည့် အရိပ်အယောင်မျှ မပြဘဲ လက်ထဲရှိ ငွေစက္ကူထုပ်ကြီးဖြင့် အရှိန်အဟုန်ပြင်းစွာ ပစ်ပေါက်လိုက်တော့သည်။

ဖြန်း...

ထူထဲလှသော ငွေစက္ကူထုပ်ကြီးက ရှောင်ယွန်းဖေး၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ထိမှန်သွားတော့သည်။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ငွေစက္ကူထုပ်ကြီး ပြေထွက်သွားကာ အနီရောင် ငွေစက္ကူများမှာ လေထဲတွင် ပျံဝဲလျက် ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်ကျဆင်းသွားတော့သည်။

ချူဟန်၏ လှုပ်ရှားမှုက ရုတ်တရက် မြန်ဆန်လွန်းလှ၏။ မည်သည့် ကြိုတင် သတိပေးချက်မျှမရှိဘဲ ငွေစက္ကူထုပ်ဖြင့် မျက်နှာကို တည့်တည့် ပစ်ပေါက်လိုက်သည့် မြင်ကွင်းကြောင့် အခန်းတွင်းရှိ လူအားလုံး ဆွံ့အသွားကြသည်။

ရှောင်ယွန်းဖေး မျက်လုံးများ နီမြန်းလာကာ ဒေါသမီးများ ပေါက်ကွဲထွက်လာတော့သည်။

"မင်း... မင်းကငါ့ကိုများ..."

ဖြောင်း...

စူးရှလှသော ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

ပြင်းထန်လှသော ပါးရိုက်ချက်က ရှောင်ယွန်းဖေး၏ ပါးပြင်ကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားမတတ် ရိုက်လိုက်ခြင်း ဖြစ်၏။

ချူဟန်က လည်ပင်းကို ချိုးကာ အရိုးမြည်သံထွက်ပေါ်စေလိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေသော မျက်နှာထားမျိုး ပြုလုပ်လိုက်သည်။

အခုထိ မိမိ ပင်ပန်းဆင်းရဲခံခဲ့ရသော်လည်း ရှန်ကျိုတီ၏ သစ္စာစောင့်သိမှုမှာ ၅၀ ရာခိုင်နှုန်းတွင်သာ ရပ်တန့်နေဆဲ။ သူမ၏ အထင်ကြီးမှုကို ရရှိရန်အတွက် ရေနွေးတည်ပေးဖို့ ပြင်ဆင်နေသည့် အချိန်တွင် ဤကဲ့သို့ စက်ဆုပ်ဖွယ် ကောင်းလှသော လူနှင့် လာရောက် ကြုံတွေ့ရသည်မှာ စိတ်ပျက်စရာ ကောင်းလှ၏။

အမှန်စင်စစ် ချူဟန်သည် ဤရှောင်ယွန်းဖေးဟူသော လူကို မှတ်မိနေသည်။ အတိတ်ဘဝက ဤလူ၏ လက်ချက်ကြောင့် မိမိ မည်မျှအထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရကာ ငရဲဒုက္ခများ ခံစားခဲ့ရသည်ကို သူ မေ့မည် မဟုတ်ချေ။

အခန်းတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ လူတိုင်းက မှင်တက်မိနေသော မျက်နှာများဖြင့် ချူဟန်ကို စိုက်ကြည့်နေကြ၏။

အထူးသဖြင့် ရှန်ကျိုတီမှာ ပို၍ပင် အံ့အားသင့်နေသည်။ သူမ၏ အထင်တွင် ချူဟန်သည် ဤမျှအထိ စိတ်လိုက်မာန်ပါ လုပ်တတ်သော လူစားမျိုး မဟုတ်ချေ။ ဤရှောင်ယွန်းဖေးမှာ စက်ဆုပ်ဖွယ် ကောင်းလှသည်မှာ မှန်သော်လည်း ချူဟန်က စကားတစ်ခွန်းမျှ မဆိုဘဲ လက်ပါလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။

၁၈မှာ လက်ခုပ်တီးကာ အားပေးချင်စိတ်များ တားမရဆီးမရ ဖြစ်နေတော့သည်။

‘ကောင်းတယ်...ရိုက်ပစ်လိုက်’

ချန်ရှောက်ရယ်မှာ မည်သည့် အမူအရာမျှ မရှိချေ။ ချူဟန်က တစ်အပေါင်းတစ်က သုည ဖြစ်တယ် ဟု ပြောလျှင်ပင် သူက ဧကန်မုချ ယုံကြည်မည့်သူ ဖြစ်သည်။

ချူဟန်၏ ပြင်းထန်လှသော ပါးရိုက်ချက်ကြောင့် ရှောင်ယွန်းဖေးမှာ လုံးဝ သတိလွတ်သွားတော့သည်။ ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားကာ နားထဲတွင်လည်း နားအူသံများ တရစပ် ထွက်ပေါ်နေသဖြင့် နားစည်များ ကွဲထွက်သွားသည့်အလား ခံစားလိုက်ရသည်။

နွေးထွေးလှသော သွေးစိမ်းများက နားပေါက်အတွင်းမှတစ်ဆင့် စီးကျလာကာ လည်ပင်းတစ်ဝက်ခန့်ကို နီရဲသွားစေတော့သည်။ သူက ခေါင်းကို ပြင်းထန်စွာ ခါရမ်းလိုက်ရင်း သတိပြန်လည်လာအောင် အားတင်းလိုက်ရ၏။ လွင့်စင်သွားသော သွေးစက်များကြောင့် ဖြူဖွေးသော နံရံပေါ်တွင် အနီရောင် အစွန်းအထင်းများ ဖြစ်ပေါ်သွားသည်။

မိမိရှေ့တွင် မတ်မတ်ရပ်နေသော ကြမ်းတမ်းလှသည့် အမျိုးသားကို မော့ကြည့်ရင်း ရှောင်ယွန်းဖေး ရင်ထဲ၌ တုန်ရီနေသော ကြောက်ရွံ့မှုများနှင့်အတူ ပြင်းထန်သော အရှက်ရစိတ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာတော့သည်။

‘ဒီကောင်က... ဟိုဆင်းရဲတဲ့ ကျောင်းသားလေး မဟုတ်လား။ ငါ့ကို ရိုက်ရဲတယ်ပေါ့’

ယခင်ခေတ်ကဆိုလျှင် ဤကဲ့သို့သော ကောင်ကို ထောင်ထဲတွင် တစ်သက်လုံး ဆွဲသွင်းပစ်နိုင်မည်မှာ သေချာပင်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် သူသည် ပြန်လည် တုံ့ပြန်ရန် သတ္တိမရှိချေ။ ထိုညှာတာမှုကင်းမဲ့လှသော ကြမ်းတမ်းမှုကို ကြည့်ခြင်းအားဖြင့် မိမိသာ ယခင်က လုပ်ဆောင်ခဲ့သကဲ့သို့ ချူဟန်ကလည်း မိမိကို တကယ် သတ်ပစ်နိုင်သည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။

နောက်လိုက် လူနှစ်ဦးမှာလည်း လုံးဝ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ ရှောင်ယွန်းဖေးဘက်မှ ကာကွယ်ပေးရန် နေနေသာသာ ထိုနေရာတွင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ချင်စိတ်များသာ ဖြစ်ပေါ်နေ၏။ ဤအမျိုးသား၏ ဒေါသက ပြင်းထန်လွန်းလှသည်။ ဤကဲ့သို့သော လူနောက်သို့ လိုက်ပါမည့်အစား ဒီနေရာတွင်သာ ကျန်ရစ်ခဲ့ခြင်းက ပိုမို ကောင်းမွန်ပေလိမ့်မည်။

ချူဟန်က အေးစက်စွာ ပြုံးလိုက်ရင်း ရှောင်ယွန်းဖေးနှင့် နောက်လိုက်နှစ်ဦးထံသို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။

သူ ခြေလှမ်းလိုက်တိုင်း စစ်ဖိနပ်နှင့် ကြမ်းပြင်ရိုက်ခတ်မိသော လေးလံအားပါးသည့် ခြေသံများ ထွက်ပေါ်လာ၏။

မထင်မှတ်ဘဲ ချူဟန်က နှုတ်ခမ်းထောင့်ကို ပင့်လိုက်ရင်း မသက်ဆိုင်သော မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။

"အခန်း ၂၀၁ က အလောင်းက ဘယ်လိုဖြစ်တာလဲ"

ရှောင်ယွန်းဖေး မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားတော့သည်။ သို့သော်လည်း သူက ချက်ချင်းပင် နာကျင်ခံစားနေရသော မျက်နှာထားမျိုး ပြုလုပ်လိုက်ရင်း ဝမ်းနည်းပက်လက် လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"အဲဒီကောင်က ဇွန်ဘီကုတ်တာ ခံလိုက်ရတာ။ သူ ဆက်ပြီး မခံစားရအောင်၊ ပြီးတော့ အဖွဲ့ရဲ့ ဘေးကင်းရေးအတွက်... ငါ ကိုယ်တိုင်ပဲ လက်စသတ်ပေးလိုက်ရတာပါ"

ရှောင်ယွန်းဖေး၏ သရုပ်ဆောင်မှုက အသက်ဝင်လှပေသည်။ ခွန်အားချင်း မယှဉ်နိုင်ပါက သနားစရာကောင်းအောင် လုပ်ဆောင်ရမည် မဟုတ်ပါလား။

သို့သော်လည်း ဘေးနားရှိ အမျိုးသားနှစ်ဦး၏ မျက်နှာအမူအရာမှာ သိသာစွာ ထူးဆန်းနေ၏။ ယင်းမှာ ဝမ်းနည်းစိတ် မဟုတ်ဘဲ အတိုင်းအထက်အလွန် ကြောက်ရွံ့ထိတ်လန့်နေသော အရိပ်အယောင်များ ဖြစ်သည်။

"ငါကတော့... အဲဒီလူရဲ့ လက်မောင်းမှာ သွားရာ ကို တွေ့ခဲ့တယ်"

ချူဟန်က ခပ်ပါးပါး ပြုံးလိုက်ရင်း ထိုသုံးယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သူ နောက်ထပ် ပြောမည့်စကားက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည် ဆိုသည်ကို နည်းနည်းလေးမျှ ဂရုစိုက်ပုံမပေါ်ပေ။

"အရသာ ရှိရဲ့လား။ စားလို့ကောင်းလား။ အသားစိမ်းတွေ မဟုတ်လား။ ညှီစော်နံနေမှာပဲနော်"

ချူဟန်၏ စကားလုံးများသည် မိုးကြိုးမုန်တိုင်းပမာ ရှောင်ယွန်းဖေးတို့ လူသုံးဦး၏ စိတ်ကို ပြင်းထန်စွာ

ရိုက်ခတ်သွားသဖြင့် မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားတော့သည်။

ထိုအထဲမှ တစ်ယောက်မှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ထိုနေရာတွင်တင် အော့အန်တော့သည်။

"အော့... ဝေါ့..."

ဝမ်းဗိုက်ထဲမှ အန်ဖတ်များ လွင့်စင်ကျဆင်းလာခဲ့ရာ ဖြူဖွေးသော ထမင်းလုံးများအကြားတွင် လတ်ဆတ်လှသော အသားစအချို့ ရောနှောပါဝင်နေသည်ကို အထင်းသား မြင်တွေ့လိုက်ရ၏။

ချန်ရှောက်ရယ် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ဤနေရာတွင် ချူဟန်၏ စကားကို အကြွင်းမဲ့ ယုံကြည်သူဟူ၍ သူတစ်ဦးတည်းသာ ရှိသည်။ ချူဟန်က စားခဲ့တယ် ဟု ပြောလျှင် ယင်းမှာ ဧကန်မုချ စားခဲ့ခြင်း ပင် ဖြစ်၏။

ချန်ရှောက်ရယ်က ကြောက်ရွံ့လွန်းသဖြင့် မျက်နှာများ ပုံပျက်သွားရကာ ကြမ်းပြင်ပေါ်ရှိ အန်ဖတ်များကို လက်ညှိုးထိုးပြလိုက်သည်။

"ငါတို့ ပေးတာက ထမင်းပဲလေ။ အသား လုံးဝမပါဘူး။ မင်း... မင်းတို့ တကယ်ပဲ..."

ရှန်ကျိုတီသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရကာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး ပြင်းထန်သော ပျို့အန်ချင်စိတ်များက လည်ချောင်းအထိ တက်မလာအောင် အောင့်ထားရတော့သည်။ အခန်း ၂၀၁ မှ အလောင်းမှာ ဇွန်ဘီကိုက်ခံရခြင်း မဟုတ်ဘဲ ဤလူများ၏ လက်ချက်ကြောင့်...။

၁၈ ၏ ခန္ဓာကိုယ်ငယ်လေးမှာ ယိုင်လဲလုနီးပါး ဖြစ်သွားရ၏။ ငယ်ရွယ်လှသေးသော သူမအဖို့ လက်ရှိ အခြေအနေက ရက်စက်လွန်းလှပေသည်။

ရှောင်ယွန်းဖေး၏ မျက်ဝန်းထောင့်တွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

သူသည် ချက်ချင်း နောက်ပြန်လှည့်လိုက်ပြီး အော့အန်နေသော အမျိုးသားကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်လိုက်သည်။ ထိုအမျိုးသားမှာ ကြမ်းပြင်ပေါ်တွင် လိမ့်ကျသွားသည်။

"ဒီအမှိုက်ကောင်။ မင်းမှာ လူသားတစ်ယောက်ရဲ့ အသိစိတ် မရှိဘူးလား"

အကန်ခံလိုက်ရသော အမျိုးသားမှာ ပျို့အန်ဆဲဖြစ်ပြီး အဝတ်အစားများပေါ်တွင် အန်ဖတ်များ ပေကျံနေသော်လည်း မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရှောင်ယွန်းဖေးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ထိုရက်စက်လှသော အကြည့်ကို မြင်တွေ့လိုက်ရသည့် ခဏတွင် သူသည် ဖျတ်ခနဲ ထရပ်လိုက်ပြီး ရှောင်ယွန်းဖေး၏ နှာခေါင်းဝသို့ လက်ညှိုးထိုးလျက် ဒေါသတကြီး အော်ဟစ်တော့သည်။

"မင်းလည်း စားခဲ့တာပဲ မဟုတ်လား။ ငါတို့ထက် ပိုပြီး အငမ်းမရ စားခဲ့တာ မင်းပဲလေ"

ရှောင်ယွန်းဖေး၏ အကြည့်များက အဆုံးစွန်ထိ ကောက်ကျစ်နေ၏။

သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ ထိုအမျိုးသားကို ဖိအားပေးလိုက်ပြီး ချက်ချင်းပင် ချူဟန်ဘက်သို့ ပြန်လည် လှည့်ကြည့်လိုက်၏။

"ဒီကောင်က ရောဂါပိုး ကူးစက်ခံထားရတာ သေချာတယ်။ ဦးနှောက်ပျက်ပြီး ထင်ယောင်ထင်မှားတွေ ပြောနေတာ။ ဒီလိုကောင်ကို အသက်ရှင်ခွင့်ပေးထားလို့ ဇွန်ဘီ ဖြစ်သွားရင် ငါတို့ အကုန်လုံး သေကုန်လိမ့်မယ်။ အခုပဲ သတ်ပစ်လိုက်ရအောင်"

ရှောင်ယွန်းဖေး၏ လေသံမှာ အလွန်အမင်း ယဉ်ကျေးပျူငှာနေ၏။ သူသည် လက်ရှိ အခြေအနေကို

အပိုင်တွက်လိုက်ပြီ ဖြစ်၏။ ဤနေရာတွင် လူတစ်ယောက်၏ အသက်ကို စီရင်ပိုင်ခွင့်ရှိသူမှာ မိမိ

မဟုတ်ဘဲ ချူဟန်သာ ဖြစ်ကြောင်းကို နားလည်သွားခြင်း ဖြစ်သည်။

All Chapters