အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) ဇွန်ဘီစာ
"ငါကတော့... မင်းကို အသက်ရှင်လျက် ထားဖို့ အစီအစဉ် မရှိဘူးလို့ ပြောတာ"
ချူဟန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ပင့်တက်သွားပြီး နောက်တစ်စက္ကန့်တွင် သူ၏ မျက်ဝန်းအစုံမှာ သိသာစွာ ပြောင်းလဲသွားတော့သည်။
"မင်းကို အပိုင်းပိုင်းမွှန်းပြီး ဇွန်ဘီတွေကို ကျွေးပစ်မယ်"
ယင်းမှာ သာမန် ခြိမ်းခြောက်ခြင်း သို့မဟုတ် စိတ်ကူးယဉ်ခြင်း မဟုတ်ဘဲ သူက တကယ်ပင် ပြုလုပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
အတိတ်ဘဝက မုန်းတီးဖွယ် အမှတ်တရများသည် သူ လုံးဝ ပြန်လည် မတွေးတောချင်သော အရာများ ဖြစ်သည်။ ရှောင်ယွန်းဖေး သာမက အခြားသော သူများလည်း ပါဝင်သည်။ ထိုစိတ်ဓာတ်ကို ပြိုလဲပျက်စီးစေခဲ့သော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းများသည် ယခုတိုင် သူ၏ ဦးနှောက်ထဲတွင် ထင်ထင်ရှားရှား စွဲထင်နေဆဲပင်ဖြစ်သည်။
ရန်သူဟူသမျှကို တစ်ယောက်မကျန် လွတ်မြောက်ခွင့်ပေးမည်မဟုတ်။ တစ်ယောက်ချင်းစီကို လိုက်လံ ရှာဖွေပြီး အတိတ်ဘဝက ခံစားခဲ့ရသော အရှက်ရမှုများကို အဆပေါင်းများစွာ ပြန်လည် ပေးဆပ်စေမည်။
ကယ်တင်၍မရလောက်အောင် ယုတ်မာကောက်ကျစ်သော စရိုက်ရှိပြီး မည်သည့် ရက်စက်မှုမျိုးကိုမဆို ပြုလုပ်ဝံ့သည့် လူယုတ်မာများကို စောစောစီးစီး အမြစ်ဖြတ်ထားသင့်ပေသည်။
ရှောင်ယွန်းဖေးကဲ့သို့သော လူမျိုးကို အသက်ရှင်လျက် လုံးဝ ပေးမထားသင့်ချေ။ ယခုအကြိမ်တွင် ဤနေရာ၌ ကံကောင်းစွာ ဆုံတွေ့ခဲ့ခြင်း ဖြစ်သော်လည်း မဆုံတွေ့ခဲ့ပါကလည်း တစ်နေ့နေ့တွင် မဖြစ်မနေ လိုက်လံရှာဖွေကာ အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် သူ ရည်ရွယ်ထားပြီးသားဖြစ်သည်။
ဘုန်း...
ရှောင်ယွန်းဖေးမှာ ကြောက်လန့်လွန်းသဖြင့် ခြေပစ်လက်ပစ်ဖြစ်ကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
'ငါ့ကို အပိုင်းပိုင်းဖြတ်ပြီး ဇွန်ဘီတွေကို ကျွေးမယ် ဟုတ်လား'
သူ၏ မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ပေါက်လာတော့သည်။
ရှောင်ယွန်းဖေးသည် လူမှုအသိုင်းအဝိုင်း၏ ထိပ်တန်းလူတန်းစားတစ်ဦး ဖြစ်သည်။ ငွေကြေး၊ ရာထူးနှင့် အဆက်အသွယ်များလည်း ရှိသည်။ ဘာဖြစ်လို့ မိမိက ဤကဲ့သို့သော လမ်းဆုံးမျိုးနှင့် ရင်ဆိုင်ရမည်နည်း။
အမှန်ဆိုလျှင် မိမိသည် ဆစ်မြို့ရှိ စစ်တပ်အခြေစိုက်စခန်းတွင် အရာရှိကြီးများနှင့် လက်ဆွဲနှုတ်ဆက်ကာ သာမန်လူများ မသိရှိနိုင်သော အရင်းအမြစ်များနှင့် အာဏာကို လက်ဝါးကြီးအုပ်ပြီး လူအများကို စိတ်တိုင်းကျ ခြယ်လှယ်လျက် သက်တောင့်သက်သာ နေထိုင်ရမည် ဖြစ်သည်။
'တောက်... ဘာလို့ ငါက ဒီလို စုတ်ပြတ်သတ်နေတဲ့ လမ်းဘေးတည်းခိုခန်းလေးထဲ ပြေးဝင်လာမိတာလဲ။ အဲဒီ အပိုင်းပိုင်းဖြတ်ခံလိုက်ရတဲ့ အရူးကြောင့်ပဲ။ ဘာလို့များ ဒီနေရာကို ရွေးပြီး ပြေးလာရတာလဲ။ ဒီလိုမှန်းသိရင် အဲဒီကောင်ရဲ့ အသားကို ပိုစားထားလိုက်ရမှာ'
ရှောင်ယွန်းဖေး ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာခဲ့ရာ နောက်ဆုံးတွင် ထိန်းချုပ်၍မရတော့သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
တစ်ဖက်တွင်လည်း ချူဟန်၏ စကားကို ကြားလိုက်ရသော အမျိုးသားနှစ်ဦးမှာ စောစောက မကျေမနပ် ဖြစ်နေမှုများ ချက်ချင်း ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားရလောက်အောင် ကြောက်ရွံ့သွားကြသည်။
သူတို့နှစ်ဦးမှာ မိမိရှေ့ရှိ လူငယ်ကို ကြည့်ရင်း တုန်တုန်ရီရီဖြင့်သာ ရှိနေတော့သည်။ ဟန်ဆောင်ကောင်းလှသော ရှောင်ယွန်းဖေးထက်စာလျှင် အမျိုးသားက ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ငရဲတွင်းဝမှ တက်လာသည့်အလား နက်မှောင်လှသော သတ်ဖြတ်လိုသည့် စွမ်းအင်များ... ယင်းမှာ မိမိလက်ဖြင့် လူပေါင်းများစွာ၏ သွေးကို စီးဆင်းစေခဲ့ဖူးသူတစ်ဦးသာ ပိုင်ဆိုင်နိုင်သော အငွေ့အသက်မျိုး ဖြစ်သည်။
"မင်းတို့ မသွားသေးဘူးလား"
ချူဟန်က ကြောက်လန့်တုန်လှုပ်နေသော အမျိုးသားများကို ကြည့်ကာ ခပ်ပြုံးပြုံး မေးလိုက်သည်။
"သွား... သွားပါ့မယ်။ အခုချက်ချင်း ထွက်သွားပါ့မယ်"
သူတို့နှစ်ဦးမှာ လျှင်မြန်စွာထရပ်လိုက်ကြပြီး ချူဟန် ပေးကမ်းခဲ့သော အစားအစာများကို ရင်ခွင်ထဲသို့ ပိုက်လျက် အသက်လုကာ အခန်းထဲမှ ပြေးထွက်သွားကြတော့သည်။ ဤနေရာတွင် တစ်စက္ကန့်မျှပင် ဆက်လက် မနေထိုင်ချင်တော့ချေ။ ဤလူငယ်မှာ လူသားမဟုတ်ပဲ မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။
ရှန်ကျိုတီက မျက်မှောင်ကြုတ်လိုက်မိသည်။ စောစောက စကားဝိုင်းအရ ချူဟန်နှင့် ရှောင်ယွန်းဖေးတို့မှာ ယခင်ကတည်းက သိကျွမ်းခဲ့ကြပုံရသည်။
ချူဟန်သည် သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်သာ ဖြစ်သော်လည်း မည်သည့်နေရာမှ ထိုကဲ့သို့သော စွမ်းရည်များကို ရရှိလာခဲ့သနည်း။ အဆမတန် သန်မာသော ခန္ဓာကိုယ် ခွန်အား၊ အေးစက်တည်ငြိမ်လှသော ဉာဏ်ပညာ... လက်နက်များနှင့် စက်ပစ္စည်းများအပေါ် ကျွမ်းကျင်လှသော ဗဟုသုတများ... ယင်းတို့အားလုံးမှာ သူ၏ အသက်အရွယ်၊ ရာထူးအဆင့်အတန်းနှင့် လုံးဝ ကိုက်ညီမှု မရှိချေ။
အခန်းထဲတွင် လူနည်းသွားသဖြင့် တိတ်ဆိတ်မှုက လွှမ်းမိုးလာခဲ့ပြီး။
ရှောင်ယွန်းဖေးမှာ ကြမ်းပြင်ပေါ်တွင် ခွေကျနေဆဲဖြစ်ပြီး ပြင်းထန်သော အကြောက်တရားဒဏ်ကို ခံစားနေရသည်။
သို့သော်လည်း ခေါင်းငိုက်စိုက်ကျနေသော သူ၏ မျက်နှာအောက်တွင် မျက်လုံးများက အရူးအမူး လှည့်လည်လှုပ်ရှားနေသည်။ ဤအတိုင်း အသာတကြည် အသတ်ခံရန် စိတ်ကူး လုံးဝမရှိချေ။
'ချူဟန်... ဒီနာမည်ကို ငါ သေသည်အထိ မှတ်ထားမယ်။ ငါ ဒီကနေ လွတ်မြောက်လို့ ဆစ်မြို့ကို ရောက်တာနဲ့ မင်းကို သေချာပေါက် ပြန်ရှာမယ်။ ပြီးရင် အရက်စက်ဆုံး နည်းလမ်းတွေနဲ့ နှိပ်စက်ပစ်မယ်။ မင်းရဲ့ အသားတွေကို တဖြည်းဖြည်းချင်း လှီးဖြတ်စားပြီး မျက်လုံးတွေကို အရက်ထဲ စိမ်ပစ်မယ်။ မင်းရဲ့ မိန်းကလေးတေကိုလည်း အဝတ်ဗလာနဲ့ လမ်းမပေါ် နှင်ထုတ်ပစ်မယ်။ မင်းမိဘတွေကိုတော့ လည်ပတ်ကြိုးစွပ်ပြီး ခွေးလိုမျိုး တံခါးဝမှာ ချည်ထားမယ်'
ရုတ်တရက် ရှောင်ယွန်းဖေး ကြမ်းပြင်ပေါ်မှ လျှင်မြန်စွာ ထလိုက်သည်။ ထို့နောက် ခြေရင်းနားရှိ မီးသတ်ပုဆိန်ကို လှမ်းကိုင်လိုက်သည်။
လွန်ခဲ့သော နာရီပိုင်းကတင် သူသည် ဤပုဆိန်ဖြင့် လူတစ်ယောက်ကို အပိုင်းပိုင်း ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ထိုခံစားချက်က တကယ့်ကို ကောင်းမွန်လှသည်။ ပုဆိန်သွားက အသားစိမ်းများထဲသို့ စိုက်ဝင်သွားပြီး သွေးစိမ်းများ ပန်းထွက်လာသည့် စိတ်လှုပ်ရှားမှုက သူ၏ ရူးသွပ်နေသော ဆန္ဒကို နှိုးဆွပေးခဲ့သည်။
သူသည် အော်ဟစ်လိုက်ရင်း ပုဆိန်ကို မြှောက်ကာ ရှေ့သို့ အတင်း ပြေးဝင်လာတော့သည်။
ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်မည်မဟုတ်။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှသော ရှန်ကျိုတီမှာ အနီးဆုံးတွင် ရှိနေသည်။ သူမကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ချူဟန်ထံမှ အစားအစာများကို တောင်းခံပြီး ထွက်ပြေးရမည်။
ရှန်ကျိုတီကို ခေါ်ဆောင်သွားပြီး ရှီမြို့အထိ သွားရာလမ်းတွင် စစ်သုံ့ပန်း တစ်ယောက်လိုမျိုး စိတ်ကြိုက် ပျော်ပါးရန်အတွက်လည်း အသုံးပြုနိုင်သေးသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ... စိတ်ကူးက မည်မျှပင် ချိုမြိန်စေကာ လက်တွေ့ကတော့ ရက်စက်လှသည်။
ရှောင်ယွန်းဖေး၏ အကြည့်နှင့် လှုပ်ရှားမှုဟူသမျှကို ချူဟန်က အစကတည်းက ရိပ်မိနေခဲ့သည်။
ချူဟန်က ကုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး ရှောင်ယွန်းဖေး မီးသတ်ပုဆိန်ကို ကိုင်မြှောက်လိုက်သည်အထိ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူက အော်ဟစ်ကာ ရှန်ကျိုတီထံသို့ ပြေးဝင်ရန် ပြင်လိုက်သည့် ထိုခဏတွင်...
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပြည့်နှက်နေသည့် နက်မှောင်လှသော ပုဆိန်ကြီးက အရှိန်အဟုန်ပြင်းစွာဖြင့် ရှောင်ယွန်းဖေး၏ လမ်းခရီးကို ပိတ်ဆို့လိုက်တော့သည်။
သာမန် မီးသတ်ပုဆိန်ထက် နှစ်ဆခန့် ပိုမို ကြီးမားထူထဲလှသော သံပုဆိန်ကြီး ဖြစ်ပြီး ပုဆိန်သွားတွင် ညိုမည်းနေသော သွေးကွက်များ ပေကျံနေကာ ညှီစော်နံလှသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။ ယင်းမှာ ဇွန်ဘီသွေးလား၊ လူသွေးလား ဆိုသည်ကို ခွဲခြားရန် မလွယ်ကူတော့ချေ။
ချူဟန်က ထိုကြီးမားလှသော သံပုဆိန်ကြီးကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ကိုင်မြှောက်ထားရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"အပိုတေ မလုပ်ပါနဲ့လို့ ငါ သတိပေးထားတယ်နော်"
နောက်တစ်စက္ကန့်တွင်...
ချူဟန်က လက်ကောက်ဝတ်ကို ဖျတ်ခနဲ လှည့်လိုက်သည်။ ပုဆိန်ပြားဖြင့် ရှောင်ယွန်းဖေး၏ လက်ကောက်ဝတ်ကို ဖြန်းခနဲ ရိုက်ချလိုက်တော့သည်။
ဤသံပုဆိန်ကြီးမှာ အလွန်အမင်း လေးလံလှသည်။ ချူဟန်က သာမန်မျှသာ ရိုက်ပုတ်လိုက်ခြင်း ဖြစ်သော်လည်း ပထမအဆင့် ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ အင်အားကို သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်က မည်သို့မျှ မတောင့်ခံနိုင်ချေ။
ရှောင်ယွန်းဖေး လက်ထဲမှ မီးသတ်ပုဆိန်မှာ ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
လက်ကောက်ဝတ်မှတစ်ဆင့် စိမ့်တက်လာသော ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ လက်မောင်းမှာ မျက်စိတစ်မှိတ်အတွင်း ညိုမည်းကာ ရောင်ကိုင်းလာခဲ့ပြီး နဖူးပြင်မှလည်း ချွေးစေးများ တောက်တောက်ကျလာတော့သည်။
"အား... အား..."
သူက နာကျင်စွာ အော်ဟစ်လိုက်ရင်း ကြမ်းပြင်ပေါ်တွင် တွန့်လိမ်လျက် မိမိ၏ လက်ကောက်ဝတ်ကို အသည်းအသန် ဆုပ်ကိုင်ထားမိသည်။
အရိုးကျိုးသွားပြီ... မဟုတ်သေးဘူး၊ ကြေမွသွားခြင်း ဖြစ်သည်။ တစ်စစီ ကြေမွသွားခဲ့ပြီ။
အနီးနားရှိ ရှန်ကျိုတီမှာ မိမိမျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းကို ခေါင်းမော့ကြည့်ခြင်းပင် ဘာကိုမ မပြုလုပ်ချေ။
ချူဟန် ရှိနေသရွေ့ ရှောင်ယွန်းဖေးအနေဖြင့် မိမိကို လက်ဖျားနှင့်မျှ တို့နိုင်မည်မဟုတ်ကြောင်း သူမ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ သူမက အဖျားပျောက်ဆေးကို သောက်သုံးလိုက်ပြီးနောက် အထုပ်အပိုးများကိုသာ အာရုံစိုက်ကာ သိမ်းဆည်းနေတော့သည်။
ဤနေရာတွင် ဆက်လက် မနေထိုင်နိုင်တော့ချေ။ ရိက္ခာများနှင့် အစားအစာများကို ရရှိခဲ့ပြီ ဖြစ်ရာ အမြန်ဆုံး ခရီးဆက်သင့်ပေသည်။
၁၈နှင့် ချန်ရှောက်ရယ်တို့မှာလည်း ဘေးနားတွင် မုန့်စားရင်း စကားပြောဆိုနေကြသည်။ သူတို့သည်လည်း ရှန်ကျိုတီကဲ့သို့ပင် ရှောင်ယွန်းဖေးကို ဥပေက္ခာပြုထားကြသည်။
ချူဟန် ရှိနေသရွေ့ ထိုအမျိုးသားမှာ အနည်းငယ်မျှပင် ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။
"သွားကြရအောင်"
ရှန်ကျိုတီက လိုအပ်သော ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျန်ရစ်သည်များ ရှိမရှိ ထပ်မံ စစ်ဆေးလိုက်သည်။
ချူဟန်က သူမကို ကြည့်ကာ ပြောလိုက်သည်။
" ဒီည ဒီနေရာမှာပဲ အနားယူလိုက်ပါလား။ မင်း အဖျားမကျသေးဘူး မဟုတ်လား"
"ရပါတယ်"
သူမက ချူဟန်ကို ထပ်မံ ပြောဆိုခွင့်မပေးဘဲ အထုပ်အပိုးကြီးများကို ချန်ရှောက်ရယ်အား လွယ်ခိုင်းလိုက်သည်။ ထို့နောက် ချူဟန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ ရှင် အလျင်လိုနေတာ ကျွန်မ သိတယ်လေ။ ရှင့် မိဘတွေကို သွားရှာရဦးမယ် မဟုတ်လား"
အကြောင်းပြချက်မရှိဘဲ ချူဟန် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"နားလည်ပေးလို့ ကျေးဇူးပါပဲ"
ချူဟန်က ခေါင်းညိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ယွန်းဖေး၏ လည်ပင်းကို ဆွဲကိုင်မြှောက်လိုက်သည်။ သဲအိတ်တစ်အိတ်ကို မလိုက်သည့်အလား ပေါ့ပါးလှပေသည်။
ရှောင်ယွန်းဖေးမှာ နာကျင်စွာ အော်ဟစ်နေဆဲဖြစ်ပြီး တစ်ကိုယ်လုံးလည်း ချွေးများ ရွှဲနစ်နေသည်။
ဆွဲမြှောက်ခံလိုက်ရချိန်တွင် နာကျင်မှုကြောင့် ခြေပစ်လက်ပစ် ရုန်းကန်နေသော်လည်း ချူဟန်၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ မထိခိုက်ချေ။
အဖွဲ့သားများမှာ တည်းခိုခန်းအိုလေးမှ ချက်ချင်း ထွက်ခွာခဲ့ကြသည်။
ချူဟန်က ရှောင်ယွန်းဖေးကို ဆွဲခေါ်လျက် တစ်ဦးတည်း သီးသန့် ခွဲထွက်သွားခဲ့သည်။ ချန်ရှောက်ရယ်က G55 ကားကို ဆီဖြည့်ပြီးနောက် မြို့အထွက်တွင် ကားကို ရပ်တန့်ကာ စောင့်ဆိုင်းနေသည်။ လမ်းဆုံတွင် ချူဟန် ပြန်ရောက်သည်နှင့် ခရီးဆက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
လက်ဝဲဘက်တွင် ရုန်းကန်နေသော ရှောင်ယွန်းဖေးကို ကိုင်ဆောင်ထားပြီး ညာဘက်ပခုံးတွင် သံပုဆိန်ကြီးကို ထမ်းထားသော ချူဟန်သည် လူနေအဆောက်အအုံတစ်ခု၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
ဤနေရာမှာ ဇွန်ဘီများစွာ ကျင်လည်ကျက်စားရာ နေရာ ဖြစ်သည်။ မချဉ်းကပ်မီကပင် နားကွဲလုမတတ် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ တရစပ် ထွက်ပေါ်နေသည်ကို ကြားသိနိုင်သည်။
သို့သော်လည်း ဤအဆောက်အအုံအတွင်း၌ အသက်ရှင်ကျန်ရစ်သူများ အသေအချာ ရှိနေကြောင်း သူ သိရှိထားသည်။
သူသည် တွေ့သမျှလူကို လိုက်လံ ကယ်တင်ရလောက်အောင် ရက်ရောသူတစ်ဦး မဟုတ်သော်လည်း အသက်ရှင်ကျန်ရစ်သော လူသားများအတွက် မိမိ တတ်နိုင်သရွေ့ အကူအညီ ပေးရန် စိတ်ကူးရှိသည်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးမှာ သွေးသားတူ လူသားများ ဖြစ်ကြသောကြောင့်ပင်ဖြစ်သည်။