← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) သူမက လော့ရှောင်ရှောင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့

ကတုံးကောင် ဟယ်ဆန်းသည် ကြီးမားလှသော အထုပ်ကြီးကို ကျောပိုးလျက် လူနေအိမ်ရာအတွင်းမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ မီးဟုန်းဟုန်း တောက်လောင်နေဆဲ ဖြစ်သော ဆီဆိုင်ဘေးမှ ဖြတ်သန်းသွားစဉ် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပတ်ပတ်လည်သို့ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။

"တကယ်ကို မိုက်လွန်းတယ်ဗျာ။ ငါ့အိုင်ဒေါကတော့ အံ့မခန်းပါပဲလား"

အနီးကပ် မြင်တွေ့လိုက်ရသော ပျက်စီးဆိုးဝါးမှုများကြောင့် ဟယ်ဆန်း၏ စိတ်တွင် ချူဟန်အပေါ် ကြည်ညိုလေးစားမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ သူ၏ စိတ်အခြေအနေ အလွန်ကောင်းမွန်နေသဖြင့် တစ်ဦးတည်း တတွတ်တွတ် ရေရွတ်ပြန်သည်။

"ဒါနဲ့ နေပါဦး... သေသွားတဲ့ကောင်က ရှောင်ယွန်းဖေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တောက်... ခွေးကောင်က ငါ့ဆီက ပစ္စည်းတွေကို ကြားဖြတ်နှိုက်ရုံတင်မကဘဲ အတိုးကြီးစားတဲ့ လုပ်ငန်းတွေပါ လုပ်နေတာ။ ငါ့အိုင်ဒေါ လက်ချက်နဲ့ အမှုန့်ကြိတ်ခံရတာ တန်ပါတယ်။ ဟဲဟဲ... ငါ့အိုင်ဒေါက တကယ် စွမ်းတာပဲ။"

ဟယ်ဆန်းသည် လျှောက်လှမ်းနေရင်း စကားများကို မရပ်မနား တရစပ် ပြောဆိုနေသည်။ ထို့အပြင် စကားပြောနေရင်းဖြင့် အာရုံလွင့်နေသော်လည်း အနီးသို့ ရောက်လာသော ဇွန်ဘီများကို ကျွမ်းကျင်စွာ ရှင်းလင်းသွားလေသည်။

အန်းကဲမြို့ ဆင်ခြေဖုံးရပ်ကွက်...

G55 ကားကြီးသည် ကတ္တရာလမ်းမပေါ်တွင် တဟုန်ထိုး ပြေးလွှားနေသော်လည်း ချူဟန်၏ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေသည်။ ရှေ့ရောနောက်ပါ လမ်းမထက်တွင် လူရိပ်လူယောင် မရှိချေ။ သူသည် ခုနက ပေါ်ထွက်လာသော အမည်မသိ ပုဂ္ဂိုလ်၏ သစ္စာရှိမှု မြင့်တက်လာသည့် အချက်ပေးချက်ကြောင့် အတွေးနက်နေခြင်း ဖြစ်သည်။

သို့သော်လည်း သူက စနစ်ကို မည်မျှပင် မေးမြန်းစေကာ စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။ အမည်ကို မဆိုထားနှင့်၊ ကျားမ ခွဲခြားမှုကိုပင် အသိပေးခြင်း မရှိပေ။

သို့သော် အမည်မသိ ပုဂ္ဂိုလ် ဟု ဖော်ပြထားသဖြင့် သူ သိကျွမ်းသောသူ မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ ဤဒုတိယဘဝတွင် မဆုံတွေ့ဖူးသေးသူ ဖြစ်ရမည်။ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ မခန့်မှန်းနိုင်သဖြင့် ချူဟန်လည်း ဤကိစ္စကို ခဏတာ ဘေးဖယ်ထားလိုက်ရတော့သည်။ လက်ရှိအချိန်တွင် စုံစမ်းရန် မည်သည့် သဲလွန်စမျှ မရှိသောကြောင့် ဖြစ်သည်။ ချူဟန်က နောက်ခန်းသို့ လှည့်ကြည့်လိုက်ရာ ရှန်ကျိုတီ ပေါင်ပေါ်တွင် မှောက်လျက် အိပ်ပျော်နေသော ၁၈ကို မြင်တွေ့လိုက်ရသည်။

မောင်းသူနေရာတွင် ချန်ရှောက်ရယ်က သီချင်းတညည်းညည်းဖြင့် ကားကို မောင်းနှင်နေသည်။ ကားအတွင်း၌ တည်ငြိမ်အေးချမ်းသော လေထုက စီးဆင်းနေသည်။

ချူဟန် ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။

ဤလူသုံးယောက်နှင့်ဆိုလျှင် မိမိ၏ ကျောပြင်ကို စိတ်ချလက်ချ ပုံအပ်ထားနိုင်သည်။ ဤသည်မှာ သူ ကြာမြင့်စွာ ဝေးကွာနေခဲ့ရသော အေးချမ်းမှုနှင့် စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ အချိန်ပြည့် မိမိနောက်ကွယ်မှ လုပ်ကြံမည့်သူများကို စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။

ယခု အန်းကဲမြို့ခရီးစဉ်၏ အကြီးမားဆုံး အသီးအပွင့်မှာ ရှန်ကျိုတီ၏ သစ္စာရှိမှုအဆင့် ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

သစ္စာရှိမှုအဆင့် ၅၀ ရာခိုင်နှုန်းဆိုသည်မှာ အခြေခံအကျဆုံး စံနှုန်းတစ်ခု ဖြစ်သည်။ သစ္စာရှိမှု ရှိရုံမျှဖြင့် တစ်ဖက်လူက မိမိအပေါ် သဘောကျရုံသာ ရှိသေးသည်။ ထိုသို့သော သဘောကျမှုက အလွန်တရာ မတည်ငြိမ်ဘဲ ကိစ္စအသေးအဖွဲတစ်ခုကြောင့် စိတ်ပြောင်းသွားကာ သစ္စာရှိမှုအဆင့် သုညသို့ ပြန်လည်ကျဆင်းသွားနိုင်သည်။

၅၀ ရာခိုင်နှုန်းကျော်လွန်မှသာ စိတ်ပိုင်းဆိုင်ရာအရ မိမိ၏ လွှမ်းမိုးမှုကို ခံရပြီး မိမိပြောသော စကားများကို ယုံကြည်လာကြမည် ဖြစ်သည်။

၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိပါက သစ္စာရှိမှုက လုံးဝ တည်ငြိမ်သွားပြီး မည်သည့်အခါမျှ သစ္စာဖောက်တော့မည် မဟုတ်ချေ။ အတွေးအာရုံ အားလုံးက ချူဟန်ကို ဗဟိုပြု၍ လည်ပတ်နေလိမ့်မည်။ လက်ရှိ ချန်ရှောက်ရယ်ကဲ့သို့ပင် ချူဟန်က ကောင်းကင်မှာ ရှိနေတာ နေမဟုတ်ဘူး၊ အဲဒါ အင်္ဂါဂြိုဟ်ပဲ ဟု ပြောလျှင်ပင် သူက မည်သည့် သံသယမျှမရှိဘဲ ယုံကြည်ပေလိမ့်မည်။

၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားပါက ချူဟန်က သေခိုင်းလျှင်ပင် မဆိုင်းမတွဘဲ အသက်ကို စွန့်လွှတ်ဝံ့သည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ချူဟန်က ကမ္ဘာပျက်ကပ် စတင်ကတည်းက လက်ဝဲဘက် လက်မောင်းတွင် ပတ်ဆင်ထားသော ဓားမြှောင်သွားကို လက်ညှိုးဖြင့် ခေါက်လိုက်သည်။

မူလကတည်းက လူသားအချင်းချင်း တိုက်ခိုက်ခဲ့ရလျှင် အသုံးပြုရန် ဆင်မြန်းထားခြင်း ဖြစ်သော်လည်း နောင်တွင် အသုံးပြုရမည့် အခွင့်အရေး မရှိပါစေနှင့်ဟု သူ ဆုတောင်းမိသည်။ သူသည် ယခုကဲ့သို့ စိုးရိမ်ထိတ်လန့်စရာမလိုဘဲ စိတ်အေးလက်အေး နေထိုင်ရသော ခံစားချက်ကို အလွန် သဘောကျနေမိသည်။

"တစ်ခုခု ပြောစရာ ရှိလို့လား"

ချူဟန်က ရှန်ကျိုတီကို လှည့်ကြည့်လိုက်သည်။ သူမ၏ တစ်စုံတစ်ခုကို မျိုသိပ်ထားသည့် ပုံစံက ထင်ရှားလွန်းနေသောကြောင့် ဖြစ်၏။ ရှန်ကျိုတီက ခေါင်းညိတ်လိုက်ပြီး ၁၈ ၏ ဆံပင်များကို လက်ချောင်းကလေးများဖြင့် အသာအယာ သပ်တင်ပေးလိုက်သည်။ ထိုလှုပ်ရှားမှုက အလွန်တရာ သိမ်မွေ့လွန်းသဖြင့် တကယ့် မိခင်တစ်ဦးကဲ့သို့ပင်။ သို့သော် ချူဟန်က ရှန်ကျိုတီသည် ယခုမှ အသက် ၂၁ နှစ်သာ ရှိသေးကြောင်း သိရှိထားပြီး ဖြစ်သည်။

"ဒီကလေးမလေးရဲ့ နာမည်အရင်းကို ရှင် သိလား"

ရှန်ကျိုတီက ချူဟန်ကို ပြုံးပြလိုက်သည်။ ဒီကလေးမလေးဆိုသည်မှာ ၁၈ကို ပြောခြင်း ဖြစ်သည်။

ရှန်ကျိုတီ၏ အပြုံးက အလွန် စစ်မှန်လှသည်။ စိတ်ရင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ယခင်က ချူဟန်အပေါ် သံသယစိတ်ဖြင့် အကဲခတ်ခဲ့သော မျက်နှာပေးနှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။

ချူဟန်က မျက်ခုံးပင့်လျက် တမင် သေချာမသိသည့် ပုံစံ ဖမ်းလိုက်သည်။

"၁၈ မဟုတ်ဘူးလား။ ဒါက လိမ်ထားတဲ့ နာမည်လား"

ထိုသို့ မေးမြန်းနေသော်လည်း ချူဟန်၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ကြီးမားနေခဲ့သည်။

'ဒီမိန်းမနှစ်ယောက်က သေချာပေါက် သာမန်လူတွေ မဟုတ်ဘူး။ လက်နက်မှောင်ခိုသမားတွေလား။ ဖြစ်နိုင်ခြေ ရှိတယ်။ မိန်းမသားနှစ်ယောက်တည်းနဲ့ သေနတ် ကိုင်ဆောင်ထားပြီး ဓားပြတွေလို လှုပ်ရှားနေတာ။ မှောင်ခိုအဖွဲ့အစည်းက လူတွေပဲ ဖြစ်ရမယ်'

ဒါဆိုလဲ မဆိုးပါဘူး။

ချူဟန်က စိတ်ထဲမှ ကျေနပ်စွာ တွေးတောလိုက်သည်။ ထိုသို့ဆိုလျှင် သူတို့၏ အားသာချက်ကို အသုံးချကာ အရည်အသွေးမြင့် ပစ္စည်းများစွာကို ရရှိနိုင်ပေလိမ့်မည်။

ပုံမှန်အားဖြင့် ရှန်ကျိုတီကဲ့သို့ ထူးခြားသော အရည်အချင်းရှိသူသည် ကမ္ဘာပျက်ကပ်တွင် အလွန် ထင်ရှားကျော်ကြားရမည် ဖြစ်သည်။ သို့သော် ချူဟန်သည် ယခင်ဘဝက ကမ္ဘာပျက်ကပ်တွင် ဆယ်စုနှစ်တစ်ခုတိုင် ကျင်လည်ခဲ့ဖူးသော်လည်း ဤမိန်းမနှစ်ယောက်အကြောင်း တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ယခင်ဘဝ၌ ရှန်ကျိုတီသည် အစောပိုင်းကတည်းက သေဆုံးသွားခဲ့တာများလား။

"အစတုန်းကတော့ ရှင့်ကို နည်းနည်း သံသယဝင်ခဲ့တာ"

ရှန်ကျိုတီက အခြားအကြောင်းအရာတစ်ခုကို ပြောင်းလဲပြောဆိုလိုက်သည်။

"ရှင့်ရဲ့ နောက်ကြောင်းကို လုံးဝ စုံစမ်းလို့မရလို့လေ။ ဒီလောက် အစွမ်းထက်တဲ့ အင်အား ရှိနေပြီးတော့ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ ဟုတ်လား။ ဘယ်လောက်ပဲ လေ့ကျင့်ပါစေ စူပါမန်းတစ်ယောက်လို ဖြစ်သွားနိုင်တာလား"

"ဟားဟားဟား"

ချူဟန်က အေးအေးလူလူ ရယ်မောလိုက်သည်။ ဤမိန်းမက ဘာကို ဆိုလိုချင်သနည်း။ ပြောချင်တာလား၊ မပြောချင်တာလား။ အချိန်ဆွဲနေမည်ဆိုပါက သူ အိပ်ပျော်ချင်နေပြီ ဖြစ်သည်။ နောက်ခန်းရှိ ရှန်ကျိုတီက ချူဟန်၏ စိတ်ပျက်နေသော မျက်နှာပေးကို သတိမပြုမိချေ။ သူမက ၁၈၏ ချစ်စရာကောင်းသော မျက်နှာလေးကို အသာအယာ ပွတ်သပ်ပေးရင်း ဝေခွဲမရသော လေသံဖြင့် ဆိုလာသည်။

"တကယ်တော့... ဒီကလေးမလေးရဲ့ နာမည်က လော့ရှောင်ရှောင် တဲ့"

လော့ရှောင်ရှောင် ဟုတ်လား။

ချူဟန်က ခဏတာ ဆွံ့အသွားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

"ချစ်စရာကောင်းတဲ့ နာမည်လေးပဲ။ မိဘတွေရဲ့ အချစ်ကို အပြည့်အဝ ခံရတဲ့ပုံပဲ"

ရှန်ကျိုတီက ချူဟန်၏ မျက်ဝန်းများကို စူးစိုက်ကြည့်လျက် သံသယစိတ်ဖြင့် မေးလိုက်သည်။

"ရှင် တကယ်ပဲ ဒီနာမည်ကို မကြားဖူးဘူးလား"

ချူဟန်က မျက်မှောင်ကြုတ်လျက် အံ့သြသွားသယောင် ဟန်ဆောင်လိုက်သည်။

"ငါက သိနေရမှာလား"

ရှန်ကျိုတီ၏ မျက်ဝန်းတွင် ဇဝေဇဝါ ဖြစ်သွားကာ ချက်ချင်းပင် ခေါင်းခါလိုက်သည်။

"ရပြီ ထားလိုက်။ စဥ်းစားမနေနဲ့တော့"

"အင်း... ငါ နည်းနည်း အိပ်လိုက်ဦးမယ်"

ချူဟန်က ရှေ့သို့ ပြန်လှည့်ကာ မျက်လုံးများကို မှိတ်လျက် အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။ သို့သော် ရှန်ကျိုတီ မမြင်နိုင်သော အနေအထားတွင် ချူဟန်၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရပြီ ဖြစ်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ တုန်ရင်နေပြီး ရင်ခုန်သံမှာလည်း အလွန် မြန်ဆန်လာကာ တစ်ကိုယ်လုံးမှ ချွေးစေးများ ထွက်ပေါ်လာတော့သည်။

ခုနက အံ့အားသင့်လွန်းသဖြင့် ထိုင်ခုံပေါ်မှ ခုန်ထွက်လုမတတ် ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် စိတ်ကို ထိန်းချုပ်နိုင်ခဲ့၍သာ ဖြစ်သည်။ အကယ်၍ မသိမသာ လှုပ်ရှားမိပါက ရှန်ကျိုတီ၏ ရိပ်မိခြင်းကို ခံရပြီး အမေးအမြန်း ထူလာပေလိမ့်မည်။

၁၈က... ထိုကျော်ကြားလှသော လော့ရှောင်ရှောင် ဖြစ်နေလိမ့်မည်တဲ့လား...

သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ မျှော်လင့်ချက်ဘောင်အပြင်ဘက်သို့ လုံးဝ ကျော်လွန်နေခြင်း ဖြစ်သည်။

'ဒါကြောင့်မို့လို့... သူတို့နှစ်ယောက်မှာ သေနတ် ရှိနေတာကိုး။ ရှန်ကျိုတီက စစ်သုံးဓားမြှောင်ကို ကျွမ်းကျင်စွာ သုံးနိုင်နေတာကို။ စစ်ဌာနချုပ် အခြေစိုက်စခန်း ဆိုတဲ့ စကားလုံးကို ကြားတုန်းက သူတို့ ဘာလို့ အဲဒီလောက်အထိ စိတ်လှုပ်ရှားသွားလဲဆိုတာ အခုမှ အဖြေပေါ်တော့တယ်'

သာမန်အားဖြင့် ချူဟန်ကဲ့သို့သော သာမန်လူတစ်ဦးသည် လော့ရှောင်ရှောင် ဟူသော အမည်ကို သိရှိခွင့်မရှိချေ။ သို့သော် ယခင်ဘဝက တိုက်ဆိုင်မှုတစ်ခုကြောင့် စစ်တပ်၏ အထူးကာကွယ်ရမည့် လူပုဂ္ဂိုလ်များစာရင်းကို ကြည့်ရှုခွင့် ရခဲ့ဖူးသည်။ ထိုစာရင်းတွင် ပါဝင်သူအားလုံးမှာ နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ဖြစ်ကြပြီး စစ်ဌာနချုပ် အားလုံးက ဦးစားပေး စောင့်ရှောက်ရမည့်သူများ ဖြစ်၏။

ထိုစာရင်းတွင် လော့ရှောင်ရှောင် ဟူသော အမည်က ထိပ်ဆုံး ၅ ဦးအတွင်း ပါဝင်နေသည်။ သို့သော် ထိုနာမည်၏ နောက်ကွယ်တွင် ပျောက်ဆုံး ဟူသော စာသား နှစ်လုံးကို ပူးတွဲဖော်ပြထားသည်။ ယခင်ဘဝက ကမ္ဘာပျက်ကပ် ဆယ်စုနှစ်တစ်ခုအတွင်း လော့ရှောင်ရှောင်သည် တစ်ကြိမ်တစ်ခါမျှ ပေါ်ထွက်မလာခဲ့ချေ။ အမှန်စင်စစ် ပျောက်ဆုံး ဟူသော စကားလုံးမှာ သေဆုံး ဟူသော အဓိပ္ပာယ်ကို သက်ရောက်နေကြောင်း လူတိုင်း သိရှိနိုင်သည်။

သို့သော်လည်း စစ်တပ်သည် ဆယ်စုနှစ်တစ်ခုတိုင်အောင် လော့ရှောင်ရှောင်ကို ရှာဖွေခြင်းအား ဘယ်သောအခါမှ မရပ်နားခဲ့ချေ။ ထိုအချက်တစ်ခုတည်းဖြင့်ပင် စစ်တပ်အတွင်း လော့ရှောင်ရှောင်၏ တည်ရှိမှုမှာ မည်မျှအထိ ထူးခြားဆန်းပြားကာ အရေးပါသော ရာထူးနေရာတွင် ရှိနေကြောင်း ခန့်မှန်းနိုင်သည်။ ချူဟန်က ထိုနားနေဆောင်တွင် ကြုံတွေ့ခဲ့ရသော ဇွန်ဘီအုပ်ကြီးအကြောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။

အကယ်၍ ထိုအချိန်က မိမိ ရောက်မသွားခဲ့ပါက ယခုဘဝ၏ လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီတို့သည်လည်း သေခြင်းတရားမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ချေ။

ဒါကြောင့်မို့လို့ ရှန်ကျိုတီလို ထူးခြားတဲ့ စရိုက်နဲ့ စွမ်းရည်ရှိတဲ့ မိန်းမတစ်ယောက်က ကမ္ဘာပျက်ကပ်မှာ နာမည်မထွက်ခဲ့တာ... သူမက အစောကြီးကတည်းက သေဆုံးသွားခဲ့လို့ပဲ...

ချူဟန်က မြန်ဆန်နေသော ရင်ခုန်သံကို ထိန်းချုပ်ရင်း ညာလက်ဖြင့် မေးစေ့ကို ပွတ်သပ်နေမိသည်။ လော့ရှောင်ရှောင်၏ နောက်ကြောင်းကို ခန့်မှန်းရန် အလွန် လွယ်ကူလှသည်။ သူမသည် စစ်တပ်၏ အထူးကာကွယ်ရမည့် စာရင်းတွင် ထိပ်ဆုံး ၅ ဦးအတွင်း ပါဝင်သူဖြစ်ပြီး ယခင်ဘဝက စစ်တပ်က ဆယ်နှစ်တိုင်တိုင် အသည်းအသန် ရှာဖွေခဲ့သောသူ ဖြစ်သည်။ ထို့ပြင် စစ်တပ်အတွင်း လော့ ဟူသော မျိုးရိုးအမည်ဖြင့် ဆယ်စုနှစ်တစ်ခုတိုင် အာဏာကို ချုပ်ကိုင်ထားနိုင်သည့် ပုဂ္ဂိုလ်ဆိုလျှင်... ထိုအမျိုးသားကြီးတစ်ဦးတည်းသာ ရှိသည်။

'မယုံနိုင်စရာပဲ'

မိမိ စိတ်ကူးပေါက်၍ ကယ်တင်ခဲ့သော ဂျစ်ကန်ကန် ကောင်မလေးမှာ ထိုအမျိုးသားကြီး၏ မြေးမလေး ဖြစ်နေလိမ့်မည်ဟုမထင်ခဲ့ပေ...

လက်ရှိ သူ၏ စိတ်ခံစားချက်မှာ လမ်းဘေးတွင် ငွေထုပ်ကြီး ကောက်ရလိုက်သည့်အလား အလွန်တရာ ကြီးမားလှသော ကံကောင်းခြင်း လှိုင်းလုံးကြီး ရိုက်ခတ်လာသကဲ့သို့ ခံစားနေရတော့သည်။

All Chapters