← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇) ဆယ့်သုံး ဆိုသည်မှာ မည်သူနည်း

၀ူး….

G55 ကားကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဖြတ်သန်းမောင်းနှင်သွားရာ မြေပြင်တစ်ခုလုံး တုန်ဟည်းသွားမတတ် အလွန်မြန်ဆန်သော အရှိန်ဖြင့် ဖြတ်သန်းသွားသည်။ လမ်းဘေးဝဲယာမှ ကျောက်ခဲစရစ်များကို ပြင်းထန်စွာ လွင့်စင်စေလျက် နောင်တစ်ချိန်တွင် လူသားတို့က သေမင်းတမန်မြို့ပျက်ကြီး ဟု အမည်တွင်လာမည့် နေရာဆီသို့ တိုက်ရိုက် ဝင်လာခဲ့ပြီ ဖြစ်သည်။

ပြတင်းပေါက်အပြင်ဘက်၌ နောက်ကွယ်သို့ တရိပ်ရိပ် ကျန်ရစ်ခဲ့သော သစ်ပင်ခြောက်ကြီးများမှာ ငရဲပြည်သို့ ဦးတည်နေသည့် လမ်းခရီးကို ဖော်ပြနေသကဲ့သည့်အလားပင်။ ကောင်းကင်ယံမှာ မှိုင်းညို့နေပြီး လေထုမှာလည်း လေးလံကာ အသက်ရှူကျပ်မတတ် ဖိအားများ လွှမ်းမိုးနေသည်။

ရှန်ကျိုတီသည် ဘေးချင်းယှဉ်ထိုင်နေသော ချူဟန်၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ သူမ မြင်တွေ့နေရသည့် သူ၏ မျက်နှာပေးမှာ အတိုင်းအဆမရှိ တည်ငြိမ်အေးဆေးလွန်းလှသည်။ သူမ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သီချင်းတညည်းညည်းဖြင့် ကားမောင်းနေသော ချန်ရှောက်ရယ်ထံသို့ အကြည့်ကို ပို့လိုက်သည်။

သူမ၏ နှုတ်ခမ်းထောင့်များ၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုကြောက်တတ်သော ဝတုတ်ကြီးက ငိုကြွေးဟစ်အော်ခြင်း မရှိဘဲ ကားကို တည်တည်ငြိမ်ငြိမ် မောင်းနှင်နေလေပြီ။

သူမကိုယ်တိုင်လည်း ထို့အတူပင် ဖြစ်သည်။ ချူဟန်သာ အနားတွင် ရှိနေလျှင် မည်မျှပင် အန္တရာယ်ကြီးမားသော အခြေအနေနှင့် ကြုံတွေ့ရပါစေ... သူမ ရင်ထဲ၌ ထိတ်လန့်ကြောက်ရွံ့စိတ်များ လုံးဝ ဖြစ်ပေါ်မလာတော့ချေ။ G55 ကားကြီး၏ အရှိန်မှာ အနည်းငယ်မျှ ကျဆင်းသွားခြင်း မရှိပေ။ ကားအတွင်းရှိ လူလေးယောက်လုံးသည်လည်း ပတ်ဝန်းကျင်၏ လေးလံသော လေထုဒဏ်ကို ခံစားရသည့် ပုံစံမျိုး မရှိကြချေ။

ငါးနာရီ ကြာပြီးနောက်...

ထင်မှတ်ထားသည့်အတိုင်းပင် ထုံမြို့မှာ လုံးဝ ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူတို့အဖွဲ့ မြို့ထဲသို့ ကားဖြင့် ဝင်ရောက်လာခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း မြို့လယ်ခေါင်သို့ ချဉ်းကပ်နိုင်ခြင်း မရှိသေးဘဲ ဘေးပတ်ဝန်းကျင် လမ်းမများထက်၌သာ ပတ်ချာလည်ကာ လှည့်ပတ်မောင်းနှင်နေရဆဲ ဖြစ်သည်။ ဘယ်နေရာသို့ သွားသွား ဇွန်ဘီများကိုသာ မြင်တွေ့နေရသည်။ ထိုအကောင်များမှာ နေရာအနှံ့အပြား၌ ပုန်းကွယ်နေကြပြီး မည်သည့် နေရာမဆို အချိန်မရွေး ခုန်အုပ်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ပတ်ပတ်လည်တွင် မြင့်မားသော တိုက်တာအဆောက်အအုံကြီးများ ဝန်းရံနေပြီး မှောင်မည်းတိတ်ဆိတ်နေသည်။ လမ်းမကြီးထက်တွင် မရေမတွက်နိုင်သော အတားအဆီးများ ပြန့်ကြဲနေပြီး လေနှင့်အတူ လွင့်ပါးနေသော အပျက်အစီးများနှင့် အမှိုက်သရိုက်များ သာမက များပြားလှသော မော်တော်ကားများနှင့် ဘတ်စ်ကားကြီးများပါ လမ်းကို ပိတ်ဆို့လျက် တိမ်းမှောက်နေကြသည်။ ထိုအချက်ကြောင့်ပင် ချူဟန်တို့အဖွဲ့မှာ လမ်းကြောင်းကို ခဏခဏ ပြောင်းလဲမောင်းနှင်နေရတော့သည်။

အားလုံးထက် ပိုမို ဆိုးဝါးလှသည်မှာ လမ်းမထက်တွင် ကပ်ညှိနေသော မည်းနက်နေသည့် သွေးကွက်များနှင့် ပုပ်ပွနေသော အသားစိုင်ခဲကြီးများပင် ဖြစ်သည်။ နေဝင်ရီသရော အချိန်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်၌ အလင်းရောင် ဟူ၍ လုံးဝ မရှိတော့ချေ။ နားထဲတွင် ကြားနေရသည်မှာလည်း အနီးအနားမှ ထွက်ပေါ်နေသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများသာ ဖြစ်သည်။ ၎င်းမှာ တောနက်ကြီးတစ်ခုအတွင်း၌ ဆာလောင်မွတ်သိပ်နေသော သားရဲတိရစ္ဆာန်အုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည့်အလား ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

"မင်းတို့ ရှာနေတဲ့သူက အတိအကျ ပြောရရင် ဘယ်နားမှာလဲ"

ချူဟန်သည် ယနေ့အတွင်း ရှာတွေ့ရန်မှာ မဖြစ်နိုင်ကြောင်း ခံစားမိလိုက်သည်။ ခရီးကို နှောင့်နှေးစေသည့် အတားအဆီးများက အလွန်တရာ များပြားလွန်းလှသည်။ ထို့ထက် ဆိုးလာတာက ညအချိန် လှုပ်ရှားခြင်းက သူတို့အတွက် အဘက်ဘက်မှ အားနည်းချက် ဖြစ်စေသောကြောင့် ဖြစ်သည်။ ရှန်ကျိုတီသည်လည်း လက်ရှိ အခြေအနေကို သဘောပေါက်ထားပုံရသဖြင့် စိုးရိမ်ပူပန်သော လေသံဖြင့် ပြန်လည် ဖြေကြားလာသည်။

"ဒီနေ့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ သူမ တစ်နေရာကို ရွှေ့ပြောင်းသွားပြီလားဆိုတာ မသိရပေမဲ့ မြို့လယ်ခေါင်နားမှာပဲ ရှိနေလိမ့်မယ်"

ချူဟန် မျက်မှောင်ကြုတ်လိုက်သည်။ ရှန်ကျိုတီ ပြောသည်မှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်။ အကယ်၍ ထိုသူသည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲမသွားသေးဘူးဆိုလျှင် နေရာတစ်ခုတည်း၌ အချိန်အကြာကြီး အခြေချနေထိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

‘ မြို့လယ်ခေါင် ဟုတ်လား ’

ချူဟန်သည် မြို့လယ်ခေါင် ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းမြော်ကြည့်လိုက်သည်။ ထိုနေရာမှာ အလွန်တရာ အန္တရာယ်ကြီးမားလှသော နယ်မြေ ဖြစ်ပေလိမ့်မည်။

"မင်းတို့ ရှာနေတဲ့ အပေါင်းအသင်းဆိုတာ တကယ်တော့ ဘယ်သူလဲ"

ချူဟန်က စူးစမ်းလိုစိတ်ကို မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"အမျိုးသမီးတစ်ယောက်ပါ"

ရှန်ကျိုတီက ထိုမျှသာ ပြောဆိုပြီး နှုတ်ဆိတ်သွားခဲ့သည်။ အတန်ကြာမှ သူမက တိုးညင်းစွာ ဆက်ပြောလေသည်။

"သူမကို ဆယ့်သုံး(၁၃) လို့ပဲ ခေါ်တယ်"

၁၃ ဟုတ်လား။

ချူဟန်သည် တစ်ခဏမျှ ဆွံ့အသွားခဲ့ရသည်။

ထိုအချိန်တွင် သူတို့နှင့်အတူ ရှိနေပြီး ပုံမှန်အားဖြင့် လျှာရှည်တတ်သော လော့ရှောင်ရှောင်မှာ ယခုအခါ ပုံမှန်မဟုတ်ဘဲ အလွန်တရာ ငြိမ်သက်လျက် ထိုင်နေတော့သည်။ ၎င်းမှာ သူမ၏ ပုံမှန် အမူအကျင့်များနှင့် လုံးဝ ကွဲပြားခြားနားနေသည့် အနေအထား ဖြစ်သည်။ အလွန် ထူးဆန်းလှပေသည်။

ချူဟန်က ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ ဇွန်ဘီများကို ရှောင်ကွင်းလျက် ယနေ့ည ခိုလှုံမည့် နေရာတစ်ခုကို ရှာဖွေရန် ချန်ရှောက်ရယ်ကို ညွှန်ကြားလိုက်သည်။ မြို့လယ်ခေါင်သို့ သွားရောက်မည့် ကိစ္စကို မနက်ဖြန်မှသာ လုပ်ဆောင်ရတော့မည် ဖြစ်သည်။

ညအချိန်ဆိုသည်မှာ လူသားများအတွက် အန္တရာယ်မျိုးစုံနှင့် ပြည့်နှက်နေသည့် ကာလ ဖြစ်သည်။ ဇွန်ဘီများသည် အမြင်အာရုံကို အခြေခံ၍ အမဲလိုက်ကြခြင်း မဟုတ်သဖြင့် သူတို့အတွက် နေ့နှင့် ညမှာ အတူတူပင် ဖြစ်သော်လည်း လူသားများအတွက် မတူညီချေ။ မျက်စိသည် လူသားတို့၏ အရေးကြီးဆုံး အာရုံခံအင်္ဂါတစ်ခု ဖြစ်သည်။

ထို့ကြောင့်ပင် ယနေ့ည၏ အဓိက လုပ်ဆောင်ရမည့်အချက်မှာ အမြန်ဆုံး ဘေးကင်းလုံခြုံသော နားခိုရာနေရာတစ်ခုကို ရှာဖွေရန်သာ ဖြစ်တော့သည်။

G55 ကားကြီးသည် မှောင်မည်းနေသော လမ်းမထက်တွင် ဖြည်းညင်းစွာ မောင်းနှင်နေသည်။ ချန်ရှောက်ရယ်က စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကားအင်ဂျင်သံကို တတ်နိုင်သမျှ လျှော့ချလျက် တည်ငြိမ်သော လေသံဖြင့် မေးမြန်းလာသည်။

"ဘောစ်... အဆင်ပြေမယ့် နေရာတစ်ခုခုကို ရှာပြီး တစ်ညလောက် အိပ်ကြမလား"

"ဟိုဘက်မျက်နှာချင်းဆိုင်က နေရာဆိုရင်ကော ဘယ်လိုလဲ"

ရုတ်တရက် လော့ရှောင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် ရှေ့ဘက်တွင် ရှိနေသော လူနေအိမ်ရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ထိုနေရာမှာ အတော်လေး အဆင့်မြင့်လှသော လူနေရပ်ကွက်တစ်ခု ဖြစ်ပုံရသည်။ အလတ်စား တိုက်ခန်းများနှင့် တန်းစီဆောက်လုပ်ထားသော အိမ်ကြီးများ ရှိနေပြီး စိမ်းလန်းစိုပြည်မှု ရှိအောင်လည်း စနစ်တကျ ပြုလုပ်ထားသည်။ အခြားသော နေရာများမှာ ခြောက်သွေ့နေသော်လည်း ဤနေရာတွင် စိမ်းလန်းစိုပြည်နေဆဲ ဖြစ်သော သစ်ပင်ကြီးအချို့ ကျန်ရှိနေသေးသည်။ ထိုနေရာတွင် နေထိုင်ရပါက အလွန်တရာ သက်တောင့်သက်သာ ရှိပေလိမ့်မည်။ ပတ်ဝန်းကျင် အနေအထား ကောင်းမွန်သကဲ့သို့ ပရိဘောဂပစ္စည်းများလည်း ပြည့်စုံစွာ ရှိနေနိုင်ပေသည်။ ရှန်ကျိုတီ၏ မျက်ဝန်းအစုံမှာလည်း ဝင်းလက်သွားခဲ့သည်။

"ကောင်းသားပဲ... ဒီနားက အတော်လေး တိတ်ဆိတ်တယ်၊ ဇွန်ဘီတွေရဲ့ အော်ဟစ်သံကလည်း တခြားနေရာတွေထက်စာရင် ပိုတိုးတယ်"

"မဖြစ်ဘူး"

ချူဟန်က အေးစက်သော လေသံဖြင့် ရှန်ကျိုတီ၏ စကားကို ပြတ်သားစွာ ကြားဖြတ်ပိတ်ပင်လိုက်သည်။

"အဲဒီနေရာ မရဘူး။ တခြားနေရာကို ရှာ။ ဒီနေရာနဲ့ ပိုဝေးတဲ့နေရာကို သွားမယ်"

"ဘာဖြစ်လို့လဲ"

ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့၏ အမေးစကားမှာ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ချူဟန်၏ စကားကို ချက်ချင်း အကောင်အထည်ဖော်လိုက်သော ချန်ရှောက်ရယ်မှာ ကားကို အခြား လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်မောင်းနှင်လိုက်ပြီ ဖြစ်သည်။ G55 ကားကြီး၏ ဦးခေါင်းပိုင်းမှာ အခြားလမ်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ ၎င်းမှာ သစ္စာရှိမှုအဆင့် ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိထားခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။

ချူဟန်က နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအစုံတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ချန်ရှောက်ရယ်နှင့် မိန်းမသားနှစ်ယောက်လုံး၏ ကျောပြင်ကို ချမ်းစိမ့်သွားစေလောက်သည်အထိ သူ၏ လေသံမှာ အေးစက်လွန်းလှသည်။

"ဇွန်ဘီတွေမှာ အပူချိန် အာရုံခံနိုင်စွမ်း ရှိတယ်"

ဇွန်ဘီများ၏ မျိုးဗီဇမှာ လူသားများနှင့် မတူညီချေ။ သူတို့က အသံနှင့် အနံ့ကို အခြေခံ၍ သားကောင်ကို ရှာဖွေနိုင်ရုံတင်မကဘဲ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအချက်မှာ အပူချိန်ကို အာရုံခံနိုင်ခြင်းပင် ဖြစ်သည်။ ထိုအကောင်များတွင် ထူးခြားသော ဗီဇတစ်ခု ရှိနေပြီး လူသားများ အစုအဝေးလိုက် ရှိနေမည့် နေရာများဆီသို့ ရွှေ့ပြောင်းသွားတတ်သည့် သဘာဝ ရှိသည်။ နောင်တစ်ချိန်တွင် မကြာခဏ ဇွန်ဘီလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာရသည့် အဓိက အကြောင်းရင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်၏။လူဦးရေ များပြားခြင်းဆိုသည်မှာ ကောင်းမွန်သော အရာတစ်ခု လုံးဝ မဟုတ်ချေ။

လော့ရှောင်ရှောင် ပါးစပ်ထဲတွင် ငုံထားသော သကြားလုံးမှာ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။ ရှန်ကျိုတီ၏ ခန္ဓာကိုယ်မှာလည်း တုန်ရင်သွားခဲ့ရပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာ မယုံကြည်နိုင်လောက်အောင်ပင် ပြူးကျယ်သွားသည်။

"အပူချိန် အာရုံခံနိုင်စွမ်း ဟုတ်လား..."

သူမ၏ လေသံမှာ တုန်ရင်နေသည်။

"ဒါဆိုရင် အဲဒီအကောင်တွေက...လူသားတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို အာရုံခံနိုင်ကြတာပေါ့ ဟုတ်လား"

"မယုံဘူးလား"

ချူဟန်က သူမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

ဇွန်ဘီများ၏ မျိုးဗီဇမှာ အလွန်တရာ သုတေသနပြုရန် တန်ဖိုးရှိလှသည်။ အကယ်၍ လူသားများအနေဖြင့် ဤမျိုးနွယ်စု၏ ထူးခြားချက်များကို စောစီးစွာ အပြည့်အဝ နားလည်သဘောပေါက်ခဲ့ကြပါက ယခင်ဘဝက ထိုမျှလောက်အထိ ဆိုးဝါးလှသော အဖြစ်ဆိုးများ ပေါ်ပေါက်လာခဲ့မည် မဟုတ်ချေ။ ကမ္ဘာပျက်ကပ် စတင်ချိန်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော ၂၀ ရာခိုင်နှုန်းသော လူသားထုမှာ တစ်နှစ်အကြာတွင် ထိုပမာဏ၏ ထက်ဝက်ကျော်အထိ လျင်မြန်စွာ လျော့နည်းသွားခဲ့ရသည်။

"ဒါကို ရှင်က ဘယ်လိုလုပ်ပြီး သိနေတာလဲ။ မ... မဖြစ်နိုင်ပါဘူး"

ရှန်ကျိုတီက ပြင်းထန်စွာ ငြင်းဆန်လိုက်သည်။ သူမ မယုံကြည်နိုင်ချေ။ အကယ်၍ ထိုအချက်သာ အမှန်ဖြစ်ပါက ယခုအချိန်တွင် မိမိတို့ ရင်ဆိုင်နေရသော ပတ်ဝန်းကျင်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေမည်နည်း။ ချူဟန်က အကြည့်လွှဲလိုက်ပြီး နောင်အနာဂတ်ကာလ ကြာမြင့်မှသာ ပေါ်ထွက်လာမည့် ဤသီအိုရီနှင့် ပတ်သက်၍ ဆက်လက် ငြင်းခုံခြင်း မပြုတော့ပေ။ သူက ရှေ့မှောက်တွင် ရှိနေသော မှောင်မည်းနေသည့် လူနေရပ်ကွက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့ ကြားနေရတဲ့ အသံတွေ တိုးနေတာက အဲဒီနေရာမှာ အသံကာရံထားတဲ့ နံရံ ရှိနေလို့ပဲ။ အဲဒီ တံတိုင်းရဲ့ ဟိုဘက်မှာတော့ အခု မြင်နေရတာထက် ဆယ်ဆမက အန္တရာယ်ကြီးတဲ့ ငရဲဘုံကြီး ရှိနေတယ်"

"ဖက်တီး... ဒီအတိုင်းပဲ မောင်းသွား၊ စူပါမားကတ်တစ်ခုကို ရှာ"

ချူဟန်က ညွှန်ကြားချက် ပေးလိုက်ရင်း လက်ထဲမှပုဆိန်ကို အဝတ်စဖြင့် စတင် သုတ်နေသည်။

"ဖြစ်နိုင်ရင် ဇွန်ဘီအုပ်ကြီး ပိတ်မိနေတဲ့ ဘယ်သူမှ မရောက်ဖူးသေးတဲ့ ဆိုင်မျိုးဆိုရင် အကောင်းဆုံးပဲ"

ရှန်ကျိုတီမှာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး အတွေးများ ရှုပ်ထွေးနေတော့သည်။

ချူဟန်က သူမ၏ ခံစားချက်များကို အရေးစိုက်မနေတော့ပေ။ သူ၏ အတွေးအခေါ် လမ်းကြောင်းမှာ ယခုခေတ် လူသားများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားနေပြီ ဖြစ်သည်။ လူ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၏ ထုံးတမ်းစဉ်လာများကို စောစီးစွာကတည်းက စွန့်ပစ်ထားခဲ့ပြီး ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ကျိုးကြောင်းဆီလျော်မှု ရှိမရှိဆိုသည်မှာ အရေးမပါချေ။ ဇွန်ဘီများ တည်ရှိနေခြင်းကိုယ်နှိုက်ကပင် ကျိုးကြောင်းဆီလျော်မှု မရှိသောအရာ ဖြစ်သည်။ သို့သော် ထိုအကောင်များမှာ လက်တွေ့တွင် တည်ရှိနေကြဆဲ ဖြစ်ရာ ၎င်းကပင် အရာအားလုံး၏ အဖြေ ဖြစ်ပေသည်။

မိနစ်သုံးဆယ် ကြာပြီးနောက် G55 ကားကြီးသည် အလတ်စား စူပါမားကတ်တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ စူပါမားကတ်၏ တံခါးဝမှာ တင်းကျပ်စွာ ပိတ်ဆို့ထားပြီး နံရံထက်တွင် မည်းနက်နေသည့် သွေးကွက်များ အပြည့် ပေကျံနေသည်။ သို့သော်လည်း ပြတင်းပေါက် မှန်ချပ်အချို့မှာ ရိုက်ခွဲခံထားရပြီး ထိုအနားသတ်များတွင် ဇွန်ဘီများ၏ ခန္ဓာကိုယ်မှ ကွာကျနေသော ပုပ်ပွနေသည့် အသားစိုင်များ ငြိကပ်နေသည်။ အချို့မှာ စေးပျစ်သော အရည်များအဖြစ် ပြောင်းလဲလျက် မြေပြင်ထက်သို့ တောက်တောက်ကျနေတော့သည်။

အနည်းဆုံး ဇွန်ဘီ အကောင်ရေ တစ်ရာကျော်ခန့်မှာ ကုန်စုံဆိုင်၏ အတွင်းအပြင်သို့ ဝင်ထွက်သွားလာလျက် ပတ်ဝန်းကျင်၌ လှည့်ပတ်သွားလာနေကြသည်။ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းများမှာ ဇွန်ဘီများနှင့် တိုက်မိသဖြင့် ပြန့်ကြဲနေသော်လည်း ရိက္ခာပစ္စည်းများမှာ အမြောက်အမြား ကျန်ရှိနေသေးသည်။ အကြောင်းရင်းမှာ ဇွန်ဘီ ပမာဏက အလွန်တရာ များပြားလွန်းလှသဖြင့် မည်သူမျှ ရိက္ခာလာရောက် ရှာဖွေဝံ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

လူသားဟူ၍ လုံးဝ မရှိချေ။ ကျန်ရှိနေသည်မှာ ဇွန်ဘီများသာ ဖြစ်သည်။

နေရာကောင်းပဲ။ ဒီညတော့ ဒီမှာပဲ နားကြတာပေါ့။

All Chapters