← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) ပြိုလဲသွားသော မာန

“ဘောစ်... ဘယ်နားမှာရပ်ရမလဲ”

ချန်ရှောက်ရယ်သည် အသံအနည်းငယ်မျှပင် မထွက်စေရန် အထူးဂရုစိုက်ရင်း ကားကို ထိန်းမောင်းနေရသည်။ ရှေ့မှောက်ရှိ အကောင် ရာဂဏန်းချီသော ဇွန်ဘီအုပ်ကြီးကို မြင်ကာ သူ ဘာလုပ်ရမှန်း မသိတော့ပေ။

ချူဟန်က မျက်မှောင်ကြုတ်လျက် သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။

ဇွန်ဘီအကောင်ရေ ရာဂဏန်းမျှအတွက်နှင့် ဒီလောက်ထိ စိုးရိမ်နေစရာ လိုပါသလား။

“တိုက်ချလိုက်လေ”

ချူဟန်၏ အမိန့်ပေးသံက အလွန်ရိုးရှင်းပြီး အကြမ်းပတမ်းနိုင်လှသည်။

“ဗျာ... အဲ...”

ချန်ရှောက်ရယ်မှာ လန့်ဖျတ်သွားသဖြင့် အသံပင် တုန်ရီသွားတော့သည်။

“ဝင်တိုက်ရမယ်... ကားနဲ့ တိုက်ချလိုက်ရမှာလားဟင်”

"နောက်ထပ် ဘာလုပ်ရမလဲ"

“ဒါမှမဟုတ် တခြားနည်း ရှိသေးလို့လား”

ချူဟန်က နားမလည်နိုင်ဟန်ဖြင့် ပြန်ကြည့်လာသည်။

“မဟုတ်ဘူးလေ ...”

ချန်ရှောက်ရယ်သည် တံတွေးတစ်ချက် ဂလုခနဲ မြိုချလိုက်သည်။

“ကျွန်တော်က မကြောက်ပါဘူး... တကယ် မကြောက်ဘူးဗျ။ ဒါပေမဲ့ ကားကို ဘယ်လိုမောင်းရမလဲဆိုတာ သေချာလေး ပြောပြပါလား။ ဒီစူပါမားကတ်ကြီးထဲမှာ ဇွန်ဘီတွေ ဒီလောက် အများကြီးကို... မှန်တံခါးကို ဝင်တိုက်ရမှာလား။ ဆိုင်ထဲက ပစ္စည်းတွေ အကုန် ပျက်စီးကုန်မှာပေါ့”

ချူဟန်က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

“လီဗာကို နင်း... အဆုံးအထိ နင်းပစ်လိုက်”

ထိုသို့ ပြောပြောဆိုဆိုဖြင့် သူသည် ချန်ရှောက်ရယ် ကိုင်ထားသော စတီယာရင်ကို အတင်းအဓမ္မ လုယူကာ အားကုန်သုံးကာ ချိုးကွေ့ပစ်လိုက်သည်။

ဘီးတာယာများ လမ်းနှင့် ပွတ်တိုက်သံ စူးစူးဝါးဝါး ထွက်ပေါ်လာပြီး ကားခေါင်းပိုင်းသည် စတိုးဆိုင်ကြီး၏ မျက်နှာစာဆီသို့ တစ်ခဏချင်းအတွင်း ဦးတည်သွားတော့သည်။

ချန်ရှောက်ရယ်သည် ချူဟန်အပေါ် အလွန် သစ္စာရှိသူ ဖြစ်သည်။ ဦးနှောက်က အခြေအနေကို မသုံးသပ်နိုင်ခင်မှာပင် သူ၏ ညာဘက်ခြေထောက်က လီဗာကို အစွမ်းကုန် နင်းချလိုက်ပြီး ဖြစ်သည်။

G55 ကားကြီးသည် မြားတစ်စင်းအလား ရှေ့သို့ ဝုန်းခနဲ ပြေးဝင်သွားရာ အရှိန်ပြင်းလွန်းသဖြင့် လူများမှာ ထိုင်ခုံနောက်ကျောနှင့် ကပ်သွားကြတော့သည်။

နောက်ခန်းတွင် ထိုင်နေသော ရှန်ကျိုတီနှင့် လော့ရှောင်းရှောင်း တို့မှာ ဘာမ မသိလိုက်ပေ။ အရှိန်အဟုန်ဖြင့် ပြေးဝင်နေသော ကားရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းသွားကြသည်။ ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းလေးစုံသည် ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေမိကြပြီး လန့်အော်ရန်ပင် မေ့လျော့နေကြသည်။

'မဖြစ်နိုင်တာ... တကယ်ကြီး ဝင်တိုက်တော့မှာလား'

“အား... အမေရေ...”

ချန်ရှောက်ရယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် အော်ဟစ်မိတော့သည်။ သူသည် ချူဟန်နှင့်အတူ တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူးသော်လည်း ဇွန်ဘီများ ပြည့်နှက်နေသော ဆိုင်တံခါးဝသို့ ဤသို့ ထိပ်တိုက် တိုးဝင်ဖူးခြင်း မရှိပေ။

မိုက်ရူးရဲဆန်လွန်းလှသလို ရင်ခုန်စရာကောင်းပြိး ကြမ်းတမ်းလွန်းပေသည်။

မျက်စိရှေ့မှောက်သို့ မှန်တံခါးကြီး နီးကပ်လာသည်။ တစ်မီတာ...ကနေ... တစ်လက်မ...။

ခွမ်း... ချွင်ချွင်ချွင်...

မှန်ကွဲစပေါင်းများစွာသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ လေထုထဲတွင် လွင့်စင်သွားကြသည်။ ကားကြီး ဝင်တိုက်လိုက်သော ရိုက်ခတ်မှုကြောင့် ဖုန်မှုန့်တမျှ ကြေမွသွားသော မှန်စမွှားများသည် ကားကိုယ်ထည်နှင့် ဘေးပတ်ဝန်းကျင်ရှိ ကုန်ပစ္စည်းတင်စင်များပေါ်သို့ ကျဆင်းသွားသည်။ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပျက်စီးယိုယွင်းမှု ဖြစ်သွားတော့သည်။

ကျွီ...

G55 ကားကြီးသည် ဆတ်ခနဲ ရပ်တန့်သွားသည်။

“ဆင်းတော့... တိုက်ပွဲစပြီ”

ချူဟန်၏ စကားက ပြတ်သားပြီး တိုတောင်းလှသည်။

ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့သည် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ ကားပေါ်မှ ခုန်ဆင်းလိုက်ကပြီး တံခါးကို အားကုန် ပိတ်ချလိုက်သည်။ တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။ ရှန်ကျိုတီ၏ ရင်ထဲတွင် ချူဟန်၏ အစီအစဉ်မရှိသော လှုပ်ရှားမှုအပေါ် မကျေနပ်ချက်များ ရှိနေသော်လည်း ယခုအချိန်တွင် ထိုအရာများကို မြိုသိပ်ထားရုံသာ ရှိတော့သည်။

လော့ရှောင်ရှောင်မှ ငယ်ရွယ်လွန်းသေးသဖြင့် ရှေ့တန်းထွက်၍ တိုက်ခိုက်ရန် မသင့်တော်ပေ။ သူမသည် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စိတ်လှုပ်ရှားမှုနှင့်အတူ ကားထဲတွင်သာ စောင့်ဆိုင်းနေရသည်။ စောစောက အဖြစ်အပျက်သည် သူမကို သေလုမတတ် ခြောက်လှန့်သွားခဲ့သည်။

စတိုးဆိုင်ထဲတွင် ဇွန်ဘီအရေအတွက် မနည်းလှပေ။ ဆိုင်တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ကို ဖုံးလွှမ်းထားကြသည်။ G55 ကားကြီး ဝင်တိုက်စဉ်က ကံဆိုးစွာဖြင့် ကားကြိတ်ခံရပြီး သေဆုံးသွားသော အကောင်အချို့ ရှိသော်လည်း ကျန်ရှိနေသော ဇွန်ဘီအများစုမှာ လူသုံးယောက်ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြတော့သည်။

အစာ... လူသား... လတ်ဆတ်တဲ့ သွေး...

၎င်းတို့သည် လတ်ဆတ်သော လူသားကို မမြည်းစမ်းရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

“ကားကိုယ်ထည်ကို ကျောမှီထား... မျက်ကွယ်ရာ ဧရိယာကို လျှော့ချရမယ်”

ချူဟန်၏ တည်ငြိမ်လှသော အသံသည် အချိန်ကိုက် ထွက်ပေါ်လာသည်။

သူ၏လက်ထဲရှိ ပုဆိန်သည် အရှိန်အဟုန်ပြင်းစွာဖြင့် လေထုကို ခွဲကာ ဝှေ့ယမ်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဇွန်ဘီသုံးကောင်၏ ဦးခေါင်းများ တစ်ပြိုင်နက်တည်း ကြေမွသွားတော့သည်။

ရှန်ကျိုတီသည် G55 ကားကိုယ်ထည်ကို အမြန် ကျောမှီလိုက်ပြီး ချူဟန်၏ ဘေးတွင် နေရာယူလိုက်သည်။ စောစောက ချူဟန်၏ တိုက်ကွက်သည် သူမ၏ ရှေ့တည့်တည့်သို့ ပြေးဝင်လာသော ဇွန်ဘီများကို ညှာတာမှုမရှိ ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လွင့်စင်လာသော ဇွန်ဘီဦးနှောက်အနှစ်များက သူမ၏ တစ်ကိုယ်လုံးသို့ စင်ဟပ်ကုန်သဖြင့် မကြာသေးမီကမှ လဲလှယ်ထားသော သန့်ရှင်းသော အဝတ်အစားများမှာ လုံးဝ ပေကျံသွားတော့သည်။

'ဒီကောင်ကတော့လေ'

ရှန်ကျိုတီသည် ညာဘက်သို့ ဒေါသတကြီး စောင်းကြည့်လိုက်ရင်း လက်ထဲမှ မီးသတ်ပုဆိန်ကို အားကုန် ခုတ်ချလိုက်သည်။

တိုက်ခိုက်ရမည့် ဧရိယာအများစုကို ချူဟန်က တာဝန်ယူထားသဖြင့် သူမသည် တစ်ဘက်ကိုသာ အာရုံစိုက်ထားရုံ ဖြစ်သည်။ အမှန်တော့ သူမ၏ စွမ်းရည်နှင့်ဆိုလျှင် မည်သည့် အန္တရာယ်မျှ မရှိဘဲ ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်နိုင်သည်။ ချူဟန်၏ တိုက်ခိုက်ရေး အရည်အချင်းနှင့် အတွေ့အကြုံမှာ အမှန်တကယ်ပင် ထူးချွန်လှပြီး အချိန်ကိုက် ဆုံးဖြတ်ချက်ကလည်း ပြည့်စုံလှသည်။ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အမြင့်မားဆုံးဖြစ်အောင် မည်သို့လုပ်ရမည်ကို သူ ကောင်းကောင်း နားလည်ထားသည်။

သို့သော်လည်း သူမ ရင်ထဲက ဒေါသကတော့ မပြေနိုင်သေးပေ။

ကြိုတင်ပြီး တစ်ချက်လောက် အသိပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ။ အမြဲတမ်း ဒီလိုပဲ ရုတ်တရက်ကြီးပဲ။ တစ်ဖက်ရှိ ချန်ရှောက်ရယ်မှာ အနည်းငယ် ရုန်းကန်နေရသည်။ သို့သော် ပထမဆုံး စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပေါ်သွားသော ထိတ်လန့်မှုကို အသည်းအသန် ကျော်ဖြတ်ပြီးနောက် သူသည် ချက်ချင်းပင် ချူဟန်ထံမှ နေ့စဉ် သင်ကြားထားသော လေ့ကျင့်နည်းများအတိုင်း တိုက်ခိုက်တော့သည်။

ဘောစ် ပြောဖူးသည်။ ဇွန်ဘီများကို ရင်ဆိုင်ရသည်မှာ လွယ်ကူသည်။ ၎င်းတို့၏ လှုပ်ရှားမှုက နှေးကွေးသည်။ အရှိန်အဟုန်ကို ဖမ်း၊ အချိန်ကိုက် ဆုံးဖြတ်၊ ဦးခေါင်းကို ချိန်ရွယ်ပြီး... ချေမှုန်းပစ်ရန်သာ ဖြစ်သည်။

ဦးခေါင်းခွံများ ကြေမွသွားသည် အသံများ နေရာအနှံ့ ပဲ့တင်ထပ်နေတော့သည်။

ဇွန်ဘီများသည် လူသုံးယောက်၏ ခန္ဓာကိုယ်ကိုပင် ချဉ်းကပ်နိုင်ခြင်းပင် မရှိချေ။ အထူးသဖြင့် ချူဟန် ရှိနေသော အပိုင်းတွင် အနားမကပ်နိုင်ခင်မှာပင် အကုန်လုံးကို သုတ်သင်ပစ်နေသည်။ ရှန်ကျိုတီမှာ စက္ကန့်အနည်းငယ်မျှ ဇွန်ဘီများကို ရင်ဆိုင်ရန် မလိုတော့ဘဲ အားလပ်နေသည့် အချိန်ပင် ရှိလာတော့သည်။

ကားထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေသော လော့ရှောင်ရှောင်သည်လည်း ယခုအခါ ကြောက်ရွံ့မှုများကို လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ သူမသည် သကြားလုံးကို အရသာရှိရှိ စုပ်နေရင်း စိတ်ဝင်တစားဖြင့် မှန်ပြတင်းပေါက်တွင် ကပ်ကာ သူတို့သုံးယောက်၏ တိုက်ပွဲကို ငေးကြည့်နေတော့သည်။

“ကိုကိုချူဟန်... ချထားကွ... သတ်ပစ်...”

ကားထဲတွင် ခုန်ပေါက်ကာ အားပေးနေသော မိန်းကလေးငယ်လေးကို ကြည့်ရင်း အပြင်တွင် တိုက်ခိုက်နေသော ရှန်ကျိုတီ၏ မျက်နှာမှာ ပြောမပြတတ်အောင် ရှုပ်ထွေးသွားတော့သည်။

တိုက်ပွဲမှာ ကြာရှည်စွာ မဖြစ်ပွားခဲ့ချေ။ ဤစတိုးဆိုင်ထဲရှိ ဇွန်ဘီအရေအတွက်မှာ အကန့်အသတ်ရှိသလို ချူဟန်၏ စက်ရုပ်တစ်ရုပ်ကဲ့သို့ ထူးချွန်လှသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့်လည်း ဖြစ်သည်။ ခဏချင်းအတွင်းမှာပင် ကြမ်းပြင်ပေါ်၌ ဇွန်ဘီအလောင်းများ တောင်လိုပုံသွားတော့သည်။

ဒေါင်း...

ချူဟန်သည် ပုဆိန်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ခွန်အားကြီးသော ချန်ရှောက်ရယ်ကို ခေါ်ကာ ဇွန်ဘီအလောင်းများကို သယ်ယူရန် ညွှန်ကြားလိုက်သည်။

“ပြီးသွားပြီလား...”

ရှန်ကျိုတီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုရန် အချိန်ရတော့သည်။

“ရာဂဏန်းလောက် ရှိနေတာ မဟုတ်ဘူးလား...”

သူမ၏ စကားလုံးများသည် ထိုနေရာတင် ရပ်တန့်သွားသည်။

သူမသည် မျက်လုံးများကို ပြူးကျယ်လျက် မယုံနိုင်ဟန်ဖြင့် နောက်ကျောဘက်... သူတို့ ဝင်တိုက်ခဲ့သော မှန်တံခါးဝဆီသို့ လှည့်ကြည့်လိုက်မိသည်။

အံ့ဩစရာကောင်းသည်မှာ G55 ကားကိုယ်ထည်သည် ဆိုင်တံခါးဝ၏ အလယ်တည့်တည့်တွင် ကွက်တိ ပိတ်မိနေပြီး အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ပိတ်ဆို့နေခြင်း ဖြစ်သည်။

၎င်း၏ အမြင့်သည်လည်း အပေါ်ဘက်ရှိ ခေါင်မိုးနှင့် အံ့ဖွယ်ကောင်းလောက်အောင် တစ်ထပ်တည်း ကျနေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် အပေါက်ငယ်အချို့ ရှိနေသော်လည်း လက်တစ်ဖက် သို့မဟုတ် ခြေထောက်တစ်ဖက်သာ ထွက်နိုင်ရုံမျှသာ ရှိသည်။ အပြင်ဘက်ရှိ ဇွန်ဘီအုပ်ကြီးသည် တံခါးဝတွင် လုံးဝ ပိတ်ဆို့ခံထားရတော့သည်။ ၎င်းတို့သည် ပုပ်ပွနေသော လက်မည်းကြီးများကို အတင်းအဓမ္မ ဆန့်ထုတ်လျက် ခန္ဓာကိုယ်ကို ညှစ်ထုတ်ပြီး ဝင်ရောက်ရန် ကြိုးစားနေကြသော်လည်း အထဲသို့ လုံးဝ မဝင်နိုင်ကြချေ။ အချို့မှာ အတင်းတိုးဝင်ရန် ကြိုးစားရင်း လက်မောင်းရိုးများပင် ကျိုးပဲ့ကုန်ကြသည်။

ဆိုလိုသည်မှာ ချူဟန်သည် နောက်တစ်ကြိမ် မြေပြင်အနေအထား အားသာချက် ကို အပြည့်အဝ ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဤကားကြီးကို အသုံးပြု၍ အပြင်ဘက်ရှိ ဇွန်ဘီအုပ်ကြီးကို လုံးဝ ပိတ်ဆို့တားဆီးလိုက်ခြင်းပင် ဖြစ်သည်။

ရှန်ကျိုတီမှာ အံ့သြမှင်သက်စွာဖြင့် ထိုနေရာတွင်ပင် ရပ်တန့်နေမိသည်။

“ဖယ်စမ်း”

ရုတ်တရက် ချူဟန်၏ အသံသည် ရှန်ကျိုတီ၏ နားထဲသို့ တိုးဝင်လာသည်။

သူမသည် အသိစိတ်မရှိဘဲ ဘေးသို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ပြီးနောက် ကြောင်အမ်းအမ်း မျက်နှာဖြင့် ချူဟန်၏ လှုပ်ရှားမှုများကို ဆက်လက် ငေးကြည့်နေမိသည်။

သူသည် ဇွန်ဘီအလောင်း အများအပြားကို ထမ်းပိုးလာပြီး တံခါးဝရှိ ဟာကွက်နေရာများသို့ ဆက်တိုက် ပစ်ထည့်နေသည်။ ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်လှည့်လာကာ နောက်ထပ် အလောင်းများကို ဆက်လက် သယ်ယူနေပြန်သည်။

သူမသည် ယခုအချိန်တွင် မိမိ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမှန်း မသိတော့ပေ။

အံ့ဩခြင်းလား။ ကြည်ညိုခြင်းလား။ သို့မဟုတ် သံသယဖြစ်ခြင်းလား။

'ဒီလူ... အစကတည်းက ဒီလောက်အထိ တွက်ချက်ထားတာလား'

ချန်ရှောက်ရယ်သည်လည်း ထိုအချက်ကို သတိပြုမိသွားပြီး ချူဟန်အပေါ် လေးစားအားကျမှုများမှာ ပိုမို ပြင်းထန်လာတော့သည်။ သူသည် တက်ကြွမှု အပြည့်ဖြင့် ဇွန်ဘီအလောင်းများကို သွက်လက်စွာ သယ်ယူကာ ဟာကွက်ရှိသမျှ နေရာအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။ အပြင်ဘက်မှ ဟိန်းဟောက်သံများပင် အနည်းငယ် တိတ်သွားစေသည်အထိ ဖြစ်သွားတော့သည်။

'ငါ့ဘောစ်ကတော့ တကယ်ကို ဆရာကျချက်ပဲ။ ဘောစ်နောက် လိုက်တာ သေချာပေါက် မှန်သွားပြီ'

“ကိုကိုချူဟန်...အရမ်း တော်တာပဲ”

လော့ရှောင်ရှောင်သည် ကားတံခါးကို ဖွင့်ကာ ဝုန်းခနဲ ခုန်ဆင်းလာသည်။ သူမသည် ချူဟန်၏ အဝတ်အစားများ ညစ်ပတ်နေသည်ကို အမှုမထားဘဲ ပြေးဝင်ကာ ဖက်လိုက်တော့သည်။

“ကိုကိုချူဟန်က အရမ်းမိုက်တာပဲ”

မိန်းကလေးငယ်လေး၏ ဖြူစင်လှသော ကြည်ညိုလေးစားမှု မျက်ဝန်းများကို ကြည့်ရင်း ဘေးတွင် ရှိနေသော ရှန်ကျိုတီမှာ ငိုချင်စိတ်ပင် ပေါက်လာကာ စိတ်ဓာတ်များ ပြိုလဲလုမတတ် ဖြစ်သွားရသည်။ ဤအမျိုးသားမှာ အခြားသူများ၏ မာနကို လွန်းလွန်းကဲကဲ ရိုက်ချိုးလွန်းလှသည်။ သူမနှင့် လော့ရှောင်ရှောင်သည် အချိန်အကြာကြီး အတူတူ ဖြတ်သန်းခဲ့ကြသော်လည်း လော့ရှောင်ရှောင်သည် သူမကို ဤသို့ တစ်ခါမျှ လေးစားမှုမျိုး မရရှိခဲ့ပေ။ ထို့ပြင် အမြဲတမ်း အားနည်းတယ် ဟုသာ အပြစ်တင်ခြင်းသာ ခံခဲ့ရဖူးသည်။

'တကယ်ပါပဲ၊ တခြားလူနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် သနားလွန်းလို့ သေချင်စိတ်တောင် ပေါက်တယ်...'

All Chapters