အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) သားအမိနှစ်ယောက်
စူပါမားကက်အတွင်းပိုင်းမှာ အလွန်တရာ ညစ်ပတ်ပေရေပြီး ရှုပ်ပွနေသည်။ ကုန်ပစ္စည်းတင်စင်များမှာ လဲပြိုနေပြီး ပစ္စည်းများမှာလည်း ပြန့်ကျဲနေသည်။ မုန့်ထုပ်များမှာ ဇွန်ဘီများ၏ နင်းချေမှုကို ခံထားရသဖြင့် အထဲမှ မုန့်များ ကြမ်းပြင်ပေါ်သို့ ထွက်ကျကာ ကြေမွနေသည်။ ထိုအရာများသည် ဇွန်ဘီများ၏ ခန္ဓာကိုယ်မှ ကျလာသော ပုပ်ပွနေသည့် အသားစများနှင့် ရောနှောကာ စေးကပ်ညစ်ပတ်လှသော အညစ်အကြေးလွှာကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ခြေချော်လဲတော့မည့်အလား ချောကျိလှသည်။
ရှန်ကျိုတီသည် ချန်ရှောက်ရယ်ကို ခေါ်ကာ နှစ်ယောက်သား သန့်ရှင်းရေး စတင်လုပ်ဆောင်ကြတော့သည်။ ၎င်းတို့သည် ကြမ်းတိုက်ဖတ် အတော်များများကို အသုံးပြုကာ ချွေးသံတရွဲရွဲဖြင့် ကြမ်းပြင်ကို အားသွန်ခွန်စိုက် တိုက်ချွတ်နေကြသည်။
တစ်ဖက်တွင် ချူဟန်သည် စူပါမားကတ်အတွင်း ဇွန်ဘီများ ပုန်းအောင်းနေခြင်း ရှိမရှိနှင့် အရေးအကြီးဆုံးဖြစ်သော ရိက္ခာ အခြေအနေကို စစ်ဆေးနေသည်။ ဆိုင်အတွင်းရှိ ပစ္စည်းများမှာ အံ့ဩစရာကောင်းလောက်အောင် ပေါများလှသည်။ ဖန်ပုလင်းကွဲများ၊ ထုပ်ပိုးမှု ပျက်စီးသွားသည်များမှလွဲ၍ အများစုမှာ အကောင်းပကတိအတိုင်း ရှိနေသေးသည်။ အပြင်ဘက်ထုပ်ပိုးမှုများ မည်မျှပင် ပေနေပါစေ အတွင်းမှပစ္စည်းများကို မထိခိုက်နိုင်ပေ။
၁၈သည် ချူဟန်နောက်သို့ အမြီးပေါက်လေးတစ်ကောင်ပမာ တကောက်ကောက် လိုက်ပါနေသည်။ မိန်းကလေးငယ်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်နေသော ချူဟန်၏ အရှိန်ကို မမှီသဖြင့် ခပ်သွက်သွက်လေး ပြေးလိုက်ရင်း မလဲကျသေးသော စင်များပေါ်မှ ထူးဆန်းသော ပစ္စည်းများကို စိတ်ဝင်တစား ရွေးချယ်နေသည်။ သူမသည် ပျော်ရွှင်နေပုံရသော်လည်း သတိဝီရိယကို လျော့ချထားခြင်း မရှိပေ။ လက်ထဲတွင် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
၎င်းမှာ ချူဟန်ထံမှ နားငြီးမတတ် ကြားခဲ့ရသော မှာကြားချက်ပင် ဖြစ်သည်။
ဤစူပါမားကတ်တွင် အဝင်အထွက်ပေါက် နှစ်ခု ရှိသည်။ ရှေ့ပေါက်မှာ စောစောက သူတို့ ကားဖြင့် တိုက်ဖွင့်ခဲ့သော နေရာဖြစ်သည်။ အခြားတစ်ခုမှာ နောက်ပေါက်တံခါးဖြစ်ပြီး ၎င်းမှာ တင်းကျပ်စွာ ပိတ်ထားလျက် ရှိသည်။ အပြင်ဘက်မှ ဇွန်ဘီများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်နေသဖြင့် ထိုတံခါးနောက်ကွယ်တွင် လုံခြုံမှု ရှိမရှိကို ချက်ချင်း မသိနိုင်သေးပေ။
“ငါ သွားကြည့်လိုက်ဦးမယ်”
ချူဟန်သည် ထိုသို့ ပြောရင်း ပုဆိန်ကို ကိုင်ကာ နောက်ပေါက်ဆီသို့ လျှောက်လှမ်းသွားတော့သည်။
၁၈မှာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ချက်ချင်းပင် ရိုင်ဖယ်ကို သေချာစွာ ကိုင်ဆောင်လျက် သူ၏နောက်သို့ လိုက်ပါလာသည်။
ချူဟန်သည် သူမကို တားဆီးခြင်း မပြုခဲ့ပေ။ ကမ္ဘာပျက်ကပ်ကာလတွင် အသက် ဆယ့်နှစ်နှစ် ဆိုသည်မှာ ကိုယ်တိုင် ရပ်တည်နိုင်ရမည့် အရွယ် ဖြစ်နေပြီ ဖြစ်သည်။ သူမ မည်မျှပင် မြင့်မြတ်သော ရာထူးဂုဏ်တေရှိပါစေ၊ သူ့မအတွက် အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် အတူတူပင်ဖြစ်သည်။ သူမအနေဖြင့်လည်း ဤကမ္ဘာလောကကြီးထဲတွင် ရင့်ကျက်လာရန် လိုအပ်ပေသည်။
နောက်ပေါက်တံခါးမှာ စေ့စပ်စွာ ပိတ်ထားဆဲပင်။ ချူဟန်က အသံမထွက်စေဘဲအနားသို့ ကပ်သွားပြီး ဘယ်လက်ကို ဆန့်ထုတ်ကာ တံခါးလက်ကိုင်ဖုကို ဖြည်းညင်းစွာ လှည့်လိုက်သည်။
ဂျောက်... ဂျောက်...
မပွင့်ချေ။ တစ်ဖက်မှ အတွင်းလော့ချထားခြင်း ဖြစ်သည်။
‘အထဲမှာ လူရှိနေတာလား’
ဂရူး...
ထိုသို့ တွေးလိုက်မိပြီးသည်နှင့် တစ်ပြိုင်နက် အထဲမှ ဇွန်ဘီတစ်ကောင်၏ အားနည်းလှသော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့အတူ တံခါးကို ဘုန်းခနဲ ရိုက်ခတ်သံ တိုးတိုးလည်း ပဲ့တင်ထပ်လာသည်။
ဇွန်ဘီပဲ။ ကံကောင်းထောက်မစွာဖြင့် လူသားတစ်ယောက် မဟုတ်ခဲ့ပေ။
ထွက်ပေါ်လာသော အသံအရ အထဲတွင် ဇွန်ဘီတစ်ကောင်တည်းသာ ရှိပုံရသည်။
တံခါးမှာ ခိုင်ခံ့သော်လည်း အဆက်မပြတ် ရိုက်ခတ်မှုကြောင့် တုန်ခါနေကာ မကြာမီ ပတ္တာများ ပြုတ်ထွက်ကာ ပွင့်ကျလာနိုင်သည့် အခြေအနေ ဖြစ်နေသည်။ ဇွန်ဘီသည် ဤတံခါးကို အချိန်အကြာကြီး ရိုက်ခတ်နေခဲ့ပုံရသည်။ ရက်အနည်းငယ်... သို့မဟုတ် ရက်ပေါင်းများစွာတိုင်တိုင် ဖြစ်နိုင်ပေသည်။
“ဇွဲကောင်းလှချည်လား”
ချူဟန်သည် အေးစက်စက် လေသံဖြင့် ပြောလိုက်ရင်း ညာလက်မှ ပုဆိန်ကို အရှိန်အဟုန်ဖြင့် လွှဲရိုက်လိုက်ရာ တံခါးသော့ခလောက်ရှိရာ နေရာသို့ တိကျစွာ ထိမှန်သွားတော့သည်။
ကျွီ...
သော့ပျက်စီးသွားသဖြင့် တံခါးပွင့်သွားကာ အတွင်းတွင် ဂိုဒေါင်တစ်ခု ဖြစ်နေသည်။
ဂါး...
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ ပုပ်ပွနေသော အသားစများမှာ ကွာကျနေပြီ အရိုးစုမျှသာ ကျန်ရှိတော့သည့် ခန္ဓာကိုယ်ဖြစ်သော်လည်း ဆာလောင်မွတ်သိပ်မှုမှာ အနည်းငယ်မျှ လျော့ပါးမသွားပေ။
မျက်နှာမှာ လူရုပ်မပေါက်တော့ဘဲ ပါးပြင်နှစ်ဖက်စလုံး ခွက်ဝင်နေကာ နှုတ်ခမ်းသားများလည်း မရှိတော့ချေ။ စုတ်ပြဲနေသော ဂါဝန်စအချို့မှာ ခန္ဓာကိုယ်တွင် ကပ်ညှိနေဆဲဖြစ်ရာ ၎င်းသည် ယခင်က အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ကြောင်း သိနိုင်နေသည်။
ဇွန်ဘီမှာ ဆာလောင်မွတ်သိပ်မှုကြောင့် စောင့်ဆိုင်းခြင်း မပြုနိုင်တော့ဘဲ ပါးစပ်ကို အစွမ်းကုန် ဖြဲလျက် ပြေးဝင်လာတော့သည်။
ချူဟန်သည် မည်သည့် စိတ်ခံစားချက်မျှ မရှိဘဲ လွှဲရိုက်လိုက်သော ပုဆိန်ဖြင့် ဇွန်ဘီ၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။ အချိန်အကြာကြီး ငတ်မွတ်နေခဲ့သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်များ ခန်းခြောက်နေကာ အခြားသော ဇွန်ဘီများထက် ပိုမို ပိန်ချုံးနေပေသည်။
ဦးနှောက်ထဲတွင် စနစ်မှတ်များ တိုးလာသည်ကို အတည်ပြုပြီးနောက် ချူဟန်သည် ဂိုဒေါင်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူ့နောက်မှ ၁၈လည်း တကောက်ကောက် လိုက်ပါလာသည်။
ထိုစဉ်...
ချူဟန်၏ ခြေလှမ်းများ ဆတ်ခနဲ ရပ်တန့်သွားသည်။ သူသည် အမြန် လှည့်ပြန်လာကာ သန့်ရှင်းနေသော ဘယ်လက်ကို ဆန့်ထုတ်၍ ၁၈၏ မျက်လုံးများကို အတင်းအုပ်ပိတ်လိုက်သည်။
၎င်းမှာ မသိစိတ်မှ လုပ်ဆောင်မိသော လှုပ်ရှားမှု ဖြစ်သည်။ မိမိကိုယ်တိုင်လည်း တစ်ခဏမျှ ကြောင်အမ်းသွားမိသည်။
မိမိသည် ဘာကြောင့် ဤမိန်းကလေးငယ်အပေါ် ဒီလောက်တောင် ကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြနေရသနည်း။
သူမကို စိတ်ဒဏ်ရာ မရစေချင်၊ ကြောက်ရွံ့တုန်လှုပ်မသွားစေချင်၊ ငိုကြွေးမည့် အဖြစ်မျိုး မကြုံစေချင်ပေ။
‘ရက်စက်တတ်သော ငါက... တစ်စုံတစ်ယောက်ကို ကာကွယ်ပေးချင်တယ် လို့ ဗီဇအရ ခံစားမိနေတာလား’
၁၈သာမက။ ရှန်ကျိုတီနှင့် ချန်ရှောက်ရယ်တို့အပေါ်တွင်လည်း စိတ်ထဲ၌ ဤသို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေကြောင်း သတိပြုမိလိုက်သည်။
စနစ်က ပြသနေသော [သစ္စာစောင့်သိမှု] ဆိုသည်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် သက်ရောက်မှု ရှိနေခြင်းများလား။
ထိုသံသယသည် အတွေးထဲတွင် တစ်ခဏမျှသာ ဖြတ်ပြေးသွားသည်။
ထို့နောက် ဘယ်လက်ဖဝါးပေါ်သို့ ထိတွေ့နေသော ၁၈၏ မျက်တောင်လေးများ စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။
“သမီး မြင်လိုက်တယ်”
မိန်းကလေးငယ်၏ အသံမှာ တုန်ရီနေသည်။ ၁၈သည် ချူဟန်၏ လက်ကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ရင်း နီရဲနေသော မျက်ဝန်းများဖြင့် ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် အသားတစ်စက်မျှပင် မကျန်တော့အောင် ပြောင်စင်စွာ စားသောက်ခံထားရသော လူသားတစ်ဦး၏ အကြွင်းအကျန်များ ပြန့်ကျဲနေသည်။
အကြွင်းအကျန်ဟု ခေါ်ဆိုရန်ပင် မသင့်လျော်ချေ။ တိတိကျကျ ပြောရလျှင် အရိုးများ ကျိုးပဲ့နေသော ကလေးငယ်တစ်ဦး၏ အရိုးစု သာ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် ဆံပင်ရှည်များ ပြန့်ကျဲနေသည်။ စုတ်ပြဲနေသော ပန်းရောင် အဝတ်စအချို့လည်း ကျန်ရစ်သည်။ ဂါဝန်တစ်ထည်၏ အစိတ်အပိုင်း ဖြစ်ပုံရသည်။
လော့ရှောင်ရှောင်နှင့် သက်တူရွယ်တူ မိန်းကလေးငယ်တစ်ဦး ဖြစ်ပေလိမ့်မည်။
ဒီထဲမှာ ပိတ်မိနေပြီး ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာပဲ။ စောစောက ဇွန်ဘီနှင့် ဤအရိုးစုငယ်လေးကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် မူလက သားအမိ ဖြစ်နိုင်သည်။
မိခင်က ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီး သမီးငယ်လေးမှာ...
ချူဟန်၏ အတွေးထဲတွင် လော့ရှောင်ရှောင်နှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က မြင်ကွင်း ပေါ်လာသည်။ ထိုစဉ်က သူမသည်လည်း ကြမ်းပြင်ပေါ်တွင် ပန်းရောင် ဂါဝန်လေးကို ဝတ်ဆင်ထားခဲ့သည်။
“အပြင်ထွက်ပြီး အစ်ကိုဖက်တီးကို သွားကူညီပေးလိုက်ဦး”
ဤမျှ ရက်စက်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို လော့ရှောင်ရှောင်အား ဆက်လက်ကြည့်ရှုစေရန် သူ စိတ်မကောင်းဖြစ်မိသောကြောင့်ပင် ဖြစ်သည်။
ဘုန်း... ဘုန်း...
ပုံမှန်မဟုတ်သော တုံးတိတိ အသံများက တိတ်ဆိတ်နေသော ဂိုဒေါင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ချူဟန် မော့ကြည့်လိုက်ရာ အပြင်ဘက် လမ်းမပေါ်တွင် လျှောက်သွားနေသော ဇွန်ဘီများသည် အကာအကွယ် သံပန်းတံခါးကို ဝင်တိုက်နေသော အသံ ဖြစ်သည်။ အပြင်ဘက်တွင် ဇွန်ဘီအုပ်ကြီး ရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အထဲသို့ မဝင်နိုင်ကြချေ။
ဤဂိုဒေါင်မှာ အတော်အတန် ကျယ်ဝန်းပြီး ထောင့်တစ်နေရာတွင် ပစ္စည်းများ ထည့်ထားသော စက္ကူဖာများ တောင်လိုပုံနေသည်။ အလယ်တွင် အဖြူရောင် ကုန်တင်ကားအသေးတစ်စီး ရပ်တန့်ထားပြီး ကားကိုယ်ထည်ပေါ်တွင် မည်းနက်ပြီး ပုပ်ပွနေသော အနှစ်များ ကပ်ညှိနေသည်။ စောစောက ဇွန်ဘီမိခင်ကြီး၏ ခန္ဓာကိုယ်မှ ကွာကျနေသော အသားစများ ဖြစ်ပုံရသည်။
ဂိုဒေါင်ထဲမှ လော့ရှောင်ရှောင် ထွက်ခွာသွားပြီးနောက် ချူဟန်သည် သက်ပြင်းတိုးတိုး ချလိုက်ရင်း စက္ကူဖာတစ်ခုကို ရှာဖွေလိုက်သည်။
ထို့နောက် မိန်းကလေးငယ်၏ အရိုးစုများကို သေချာစွာ စုဆောင်းထည့်သွင်းကာ ဇွန်ဘီမိခင်၏ အလောင်းနှင့်အတူ အပြင်သို့ သယ်ထုတ်သွားတော့သည်။ ထို့နောက်တွင် ပစ္စည်းများ အကောင်းပကတိအတိုင်း ကျန်ရှိနေသော ဤဂိုဒေါင်ကြီးကို သန့်ရှင်းရေး လုပ်ဆောင်လိုက်သည်။
မိမိသည် ဘာကြောင့် ဤကဲ့သို့ အကျိုးမဲ့သော ကိစ္စရပ်များတွင် အချိန်ဖြုန်းနေမိသည်ကို သူကိုယ်တိုင်လည်း မသိပေ။ လော့ရှောင်ရှောင်ကို ထိုမြင်ကွင်းမျိုး ထပ်မံမမြင်တွေ့စေချင်ရုံမျှသာ ဖြစ်သည်။
စူပါမားကတ်နှင့် မလှမ်းမကမ်းရှိ တိုက်ခန်းတစ်ခုအတွင်း။
ထိုနေရာရှိ အခန်းတစ်ခုအတွင်း၌ အပေါ်ပိုင်းဗလာကျင်းနေသော အမျိုးသားအချို့သည် ဝိုင်းဖွဲ့ကာ ဖဲရိုက်နေကြသည်။ ကြမ်းပြင်ပေါ်တွင် စီးကရက်တိုပေါင်းများစွာ ပြန့်ကျဲနေပြီး အမျိုးသားတစ်ဦးစီ၏ ဘေးတွင် ပြင်းထန်သော အနံ့ဆိုးများ ထွက်ပေါ်နေသည့် အမျိုးသမီးတစ်ဦး သို့မဟုတ် နှစ်ဦးစီ ကပ်တွဲနေကြသည်။
ဤကမ္ဘာပျက်ကပ်လွန်ကာလတွင် သန့်ရှင်းလှပသော အမျိုးသမီးဟူ၍ မရှိတော့ချေ။ လုံလောက်သော ရေမရှိသဖြင့် အချိန်အကြာကြီး ရေမချိုးရသောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်မှ အနံ့ဆိုးများ ထွက်ပေါ်နေကာ ဆံပင်များမှာလည်း အဆီပြန်၍ အချို့မှာ အညစ်အကြေးများဖြင့် ကပ်ညှိနေကြသည်။ လက်သည်းခွံများမှာလည်း မည်းနက်ညစ်ပတ်နေသည်။
၎င်းတို့သည် အဝတ်အစား စုတ်ပြဲပြဲများကို ဝတ်ဆင်ထားကြပြီး အတုအယောင် အပြုံးများဖြင့် ဘေးတွင် ထိုင်နေသော အမျိုးသားများ၏ စိတ်ကျေနပ်မှုကို ရရှိရန် အသည်းအသန် ကြိုးစားနေကြရသည်။
ထိုအမျိုးသားများ၏ အလယ်တွင် နေရာယူထားသူမှာ ကျိုးစုန့်လိ ဖြစ်သည်။
မျက်နှာတွင် အဆီများ စုပုံနေပြီး မုတ်ဆိတ်မွေးများ ရှည်ထွက်နေသော အမျိူးသား။ သူ့ရှေ့တွင် အစားအစာနှင့် စီးကရက်ဘူးများ အများဆုံး ပုံထားသည်ကို ကြည့်ခြင်းအားဖြင့် ဤအဖွဲ့အစည်းအတွင်း သူ၏ ရာထူးဩဇာ မည်မျှကြီးမားကြောင်း ထင်ရှားလှပေသည်။
သူ့ဘေးတွင် ခစားနေသော အမျိုးသမီးမှာ အခြားသော အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ရုပ်ရည်အတန်ငယ် သင့်တင့်ပြီး သန့်ရှင်းပုံရသည်။ သို့သော်လည်း ညစ်ပတ်ပေရေလျက် အနံ့အသက် ဆိုးရွားနေသည်ကတော့ အတူတူပင် ဖြစ်သည်။ အထက်တန်းစား လူ့အဖွဲ့အစည်းတွင်သာ ဆိုလျှင် ဘေးနား ကပ်မိရုံမျှဖြင့် ပျို့အန်ကာ အစားအသောက် ပျက်သွားမည့် အခြေအနေမျိုး ဖြစ်နေတော့သည်။