အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) သွေးရိုးသားရိုး မဟုတ်သော မိန်းမ
“နိုင်ပြီကွ...”
ကျိုးစုန့်လိက လက်ထဲရှိ ဖဲချပ်များကို စားပွဲပေါ်သို့ အားကုန် ပစ်ချလိုက်ပြီး အောင်ပွဲခံထားရသူတစ်ဦးပမာ ဝင့်ကြွားစွာ ပြုံးလိုက်လေသည်။
“ဟာ... အစ်ကိုကြီး... ဒီတစ်ခေါက်လည်း အစ်ကိုကြီးပဲ နိုင်ပြန်ပြီဗျာ”
သူ့အနားတွင် ခစားနေသော လူမိုက်တစ်ဦးက ချက်ချင်းပင် ဖားယားတတ်သော အသံဖြင့် မြှောက်ပင့်ပြောဆိုလိုက်သည်။
“အစ်ကိုကျိုးကတော့ တကယ် တော်တာပဲရှင်”
ကျိုးစုန့်လိ ဘေးတွင် ထိုင်နေသော အမျိုးသမီးက စီးကရက်တစ်လိပ်ကို အလိုက်တသိ ကမ်းပေးလိုက်သည်။
သူမ၏ အမည်မှာ ကျန်းချိုက်ရွှမ် ဖြစ်သည်။ မူလက လှပချောမောသော ရုံးဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သူမ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော အနံ့ဆိုးများ ထွက်ပေါ်နေပြီ ဖြစ်သည်။
ဆံပင်များကို အသေအချာ ဖြီးထားသော်လည်း ဆီလိမ်းထားသည့်အလား ဦးရေပြားတွင် စေးကပ်စွာ ကပ်ငြိနေသည်။ သို့သော်လည်း ဤလူအုပ်စုထဲတွင် သူမသည် ရုပ်ရည်အလှပဆုံးနှင့် ကိုယ်လုံးကိုယ်ပေါက် အရှိဆုံး ဖြစ်သောကြောင့် ကျိုးစုန့်လိ၏ သီးသန့်အမျိုးသမီး ဖြစ်ခွင့်ရထားခြင်း ဖြစ်သည်။
ကျိုးစုန့်လိသည် စီးကရက်ကို လှမ်းယူကာ အားပါးတရ ရှိုက်ဖွာလိုက်ပြီး မီးခိုးငွေ့များကို ကျန်းချိုက်ရွှမ် မျက်နှာဆီသို့ မှုတ်ထုတ်လိုက်သည်။
အမျိုးသမီးသည် စူးစူးဝါးဝါး ရယ်မောလိုက်ရာ ညစ်ပတ်ပေရေလျက် အနံ့ဆိုးထွက်နေသော သွားဝါကြီးများ ပေါ်လာတော့သည်။
ကျိုးစုန့်လိက မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှ ကျိတ်၍ ဆဲရေးလိုက်သည်။
'တောက်... ဒီကောင်မတွေ အကုန်လုံးက ညစ်ပတ်ပေရေနေတာပဲ'
သူသည် မူလက မပြောပလောက်သော ကားပြင်ဆရာတစ်ဦးသာ ဖြစ်သည်။ ပိုမိုတိကျစွာ ပြောရလျှင် ကျွမ်းကျင်မှုမရှိဘဲ ဘီးလဲပေးရုံမျှသာ လုပ်ရသည့် အခြေခံအလုပ်သမားတစ်ဦးဖြစ်ပြီး အချိန်အများစုကို ကုန်ထမ်းသည့် နေရာတွင်သာ ကုန်ဆုံးခဲ့ရသူ ဖြစ်သည်။
အသုံးမကျသော မိမိဘဝသည် ယခုကဲ့သို့ ကမောက်ကမ ပြောင်းလဲသွားလိမ့်မည်ဟု ကျိုးစုန့်လိကိုယ်တိုင်လည်း တစ်ခါမျှ မတွေးဖူးခဲ့ပေ။ ရုတ်တရက် ရောက်ရှိလာသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ပေ။ ကျန်းချိုက်ရွှမ်ကဲ့သို့သော မိန်းမမျိုးကို ပွတ်သီးပွတ်သပ် လုပ်ခွင့်ရရန်ဆိုသည်မှာ အတိတ်က သူ၏ အိပ်မက်ထဲတွင်ပင် မရှိခဲ့ဖူးသော အရာ ဖြစ်သည်။
ယခုအခါ ကမ္ဘာတစ်ခုလုံးတွင် ဒုက္ခသည်များ ပြည့်နှက်နေသည်။ ၎င်းတို့တွင် အစားအစာလည်း မရှိ၊ လက်နက်လည်း မရှိကြချေ။
သို့သော် သူ့တွင် အားလုံး ရှိသည်။ ၎င်းမှာ အားသာချက်ပင် ဖြစ်သည်။
သူသည် မိမိအနားရှိ လူများကို စိတ်တိုင်းကျ ခိုင်းစေနိုင်ပြီး အပြင်သို့ အစားအစာ သွားရောက်ရှာဖွေစေကာ မိမိထံ လာရောက်ဆက်သခိုင်းနိုင်သည်။ ဆာလောင်မွတ်သိပ်နေသော ဇွန်ဘီများကို ကိုယ်တိုင် သွားရောက်ရင်ဆိုင်ရန် မလိုဘဲ ဘေးကင်းသော နေရာတွင် ထိုင်နေရုံမျှဖြင့် အကျိုးအမြတ်အားလုံးကို လက်ဝါးကြီးအုပ်ထားနိုင်သည်။ မိမိ၏ ကံကောင်းမှုကိုသာ ကျေးဇူးတင်ရမည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်တပ်မှ ချပေးသော ကယ်ဆယ်ရေးရိက္ခာထုပ်တစ်ခုကို ကောက်ရခဲ့ပြီး ဤအဖွဲ့ထဲတွင် သူတစ်ဦးတည်းသာ သေနတ် ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ သူ့စကားကို မနာခံသောသူကို ညှာတာမှုမရှိ သတ်ပစ်ရုံသာ ရှိသည်။
ဝုန်း...
ထိုစဉ် ပြတင်းပေါက်ပြင်ပမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
တိတ်ဆိတ်ငြိမ်သက်နေရမည့် ညအချိန်တွင် ထိုအသံသည် အလွန်ပင် ထူးဆန်းလွန်းလှသဖြင့် အခန်းထဲရှိ ပျော်ပါးနေသော ပတ်ဝန်းကျင်ကို တစ်ခဏချင်းအတွင်း ရပ်တန့်သွားတော့သည်။
“ဘာဖြစ်တာလဲ”
အမျိုးသားများသည် ချက်ချင်းပင် ထရပ်လိုက်ကြပြီး အခန်းတွင်းရှိ မီးများကို အကုန်ပိတ်ကာ ပြတင်းပေါက်နားသို့ အလုအယက် စုပြုံသွားကြသည်။
မကြာမီ ၎င်းတို့မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်လာတော့သည်။
ဝေးလံသော စူပါမားကတ်ကြီးတစ်ခုထဲသို့ ကားကြီးတစ်စီး မျက်နှာချင်းဆိုင် ဝင်တိုက်မိသွားခြင်း ဖြစ်သည်။ ထို့နောက် ကားရှေ့မီးကြီးများ ပိတ်သွားကာ ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
“တောက်...”
ကျိုးစုန့်လိသည် ဘေးကလူများကို တွန်းဖယ်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ ထိုစတိုးဆိုင်ကို သူ မျက်စိကျနေသည်မှာ ကြာပြီ ဖြစ်သည်။ သူ့လက်အောက်ရှိ အမှိုက်ကောင်များမှာ အသုံးမကျသဖြင့် ရိက္ခာကောင်းကောင်း ရှာမပေးနိုင်ကြချေ။ ခြောက်ကပ်ကပ် အသင့်စားခေါက်ဆွဲများနှင့် ဘီစကစ်မုန့်များကိုသာ စားနေရသဖြင့် သူ အလွန် ငြီးငွေ့နေပြီ ဖြစ်သည်။
သူ အသားစားချင်သည်။ ထိုစတိုးဆိုင်ထဲတွင် အသားများ၊ ဝက်အူချောင်းများနှင့် ဆန်များ အမြောက်အမြား ရှိနေမည်မှာ သေချာလှပေသည်။ သို့သော် ထိုလမ်းမပေါ်တွင် ဇွန်ဘီများလွန်းလှသဖြင့် သူကိုယ်တိုင်လည်း သွားရောက်ရန် သတ္တိမရှိခဲ့ပေ။
အတိတ်က လူဆယ်ယောက်ပါဝင်သော စစ်ဆင်ရေးအဖွဲ့ငယ်တစ်ခုကို အတင်းအဓမ္မ စေလွှတ်ခဲ့ဖူးသော်လည်း ရလဒ်မှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။ ၎င်းတို့သည် ခဏချင်းအတွင်းမှာပင် ရက်စက်လှသော ဇွန်ဘီအုပ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူသည် ဤနေရာမှနေ၍ ထိုသွေးစွန်းသော မြင်ကွင်းကို အထင်အရှား မြင်တွေ့ခဲ့ရသည်။ ထိုလူဆယ်ယောက်မှာ တစ်ခဏအတွင်း အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။
မိမိကိုယ်တိုင် မသွားခဲ့မိသည်မှာ တကယ့်ကို ကံကောင်းလှပေသည်။ မိမိအစား အသေခံပေးမည့် အခစားလူမိုက်များ ရှိနေသဖြင့် သက်သာရာရခဲ့သည်။ သို့သော်လည်း ထိုစူပါမားကတ်ကို လက်လွှတ်ရန် အစီအစဉ် မရှိပေ။ ထို့ကြောင့် ဤနေရာတွင် စခန်းချရင်း ဆိုင်ကို သိမ်းပိုက်ရန် သင့်တော်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ကားဖြင့် ဝင်တိုက်မည့် အရူးရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
'အထဲက ရိက္ခာတွေကိုတော့ အကုန် ဖျက်ဆီးပစ်လိုက်တာ မဟုတ်ပါဘူးနော်'
စတိုးဆိုင်နှင့် အကွာအဝေး လှမ်းလှသဖြင့် အထဲတွင် ဘာဖြစ်နေသည်ကို မမြင်ရချေ။ ပထမဆုံး ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးမှလွဲ၍ ဤနေရာသို့ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာဘဲ လုံးဝ တိတ်ဆိတ်နေတော့သည်။
“သေသွားပြီလား”
ကျိုးစုန့်လိက ရက်စက်စွာ ပြုံးလိုက်သည်။
“သေချာပေါက် သေပြီပေါ့ အစ်ကိုကြီးရဲ့”
ကျန်းချိုက်ရွှမ်က ပွင့်လင်းစွာပင် လှောင်ပြောင်လိုက်သည်။
“အပြင်မှာ ဇွန်ဘီတွေ ဒီလောက်အများကြီး ရှိတာကို... ကျွန်မတို့တောင် အနားမကပ်ရဲဘူး။ အဲဒီကားပေါ်မှာ လူဘယ်နှယောက် ပါမှာမို့လို့လဲ။ ဒီလိုမျိုး တည့်တည့်ဝင်တိုက်တယ်ဆိုကတည်းက အားလုံး အရှင်းလတ်လတ်အသစ်ခံလိုက်ရပြီပေါ့”
“အနားမကပ်ရဲဘူး ဟုတ်လား”
ကျိုးစုန့်လိသည် ထိုမိန်းမ၏ စကားလုံးအပေါ် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ကျန်းချိုက်ရွှမ်၏ လည်ပင်းကို အကြင်နာမဲ့စွာ ဆွဲညှစ်လိုက်တော့သည်။
“မင်းက ငါ့ကို ငကြောက် လို့ ပြောချင်တာလား”
ဒီကောင်တွေ စိတ်ထဲက မကျေမနပ်ဖြစ်နေတာကို သူ အစောကြီးကတည်းက ရိပ်မိပြီးသား ဖြစ်သည်။ သို့သော် ဘာဖြစ်သနည်း။ သူ့တွင် သေနတ်ရှိသည်။ ဇွန်ဘီများကို ကိုယ်တိုင် သွားရောက် တိုက်ခိုက်ရန် မလိုသလို ဤလူများအားလုံးသည်လည်း သူ့ကို ကြောက်ရွံ့ကာ လုံးဝ အညံ့ခံထားကြရသည်။ သို့သော် သူတစ်ပါးက မိမိကို သတ္တိကြောင်သူ ဟု သမုတ်သည်ကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။ ၎င်းမှာ သူ၏ အားနည်းချက်ကို ထိုးနှက်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။
“မ... မဟုတ်ပါဘူး... အဟွတ်... ကျွန်မ အဲဒီလို သဘောမရည်ရွယ်ပါဘူး...”
ကျန်းချိုက်ရွှမ်သည် ပျာပျာသလဲ တောင်းပန်ရင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ သူမသည် ကျိုးစုန့်လိ၏ ခြေထောက်နှစ်ဖက်ကို ဖက်တွယ်ထားရင်း ချက်ချင်းပင် ဖားယားသော အသံချိုချိုလေးကို ဖန်တီးလိုက်သည်။
“ဇွန်ဘီတွေက အရမ်းကြောက်ဖို့ကောင်းတယ်လို့ ပြောချင်တာပါ အစ်ကိုကြီးရယ်။ ကျွန်မတို့ ဒီမှာ နေနေတာလည်း မြေပြင်အခြေအနေကို လေ့လာဖို့ မဟုတ်ဘူးလား။ အစ်ကိုကြီးပဲ ပြောဖူးတယ်လေ... အောင်နိုင်ခြေမရှိတဲ့ လုပ်ရပ်က အလကား သေရုံပဲဆိုတာ"
ထိုစကားကြောင့် ကျိုးစုန့်လိမှာ ချက်ချင်းပင် စိတ်ကျေနပ်သွားသည်။ အထူးသဖြင့် နောက်ဆုံးစကားလုံးကို သူ အလွန် သဘောကျသွားသည်။
“မှန်တယ်”
သူသည် ဖြဲခနဲ ပြုံးလိုက်သည်။
“မနက်ဖြန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတာ သွားကြည့်ကြတာပေါ့။ အဲဒီကားကို ငါ သဘောကျတယ်။ ဘယ်က နေရောက်လာလဲတော့ မသိဘူး”
နောက်တစ်နေ့ နံနက်စောစော။
ချူဟန်သည် ပြတင်းပေါက် အက်ကြောင်းမှ ဝင်ရောက်လာသော အလင်းရောင် အနည်းငယ်ကို အားပြုကာ ထုံမြို့၏ မြေပုံကို ဖြန့်ကြည့်နေသည်။ လမ်းများ၏ တည်ဆောက်ပုံ၊ လူနေရပ်ကွက်များ၏ တည်နေရာ စသည်တို့မှာ မရှိမဖြစ် လိုအပ်သော အချက်အလက်များ ဖြစ်သည်။ ဤအခြေခံအချက်အလက်များကို အသုံးပြု၍ ဇွန်ဘီများ အများဆုံး နေရာများကို သုံးသပ်ပြီး အန္တရာယ်ကင်းဆုံးလမ်းကြောင်းကို ရွေးချယ်ရမည် ဖြစ်သည်။ မြို့လယ်ခေါင်သို့ ဦးတည်ရန်အတွက် စေ့စပ်သော ပြင်ဆင်မှုများ လိုအပ်လှပေသည်။
ဂိုဒေါင်အတွင်း၌ ချန်ရှောက်ရယ်သည် ရိက္ခာအချို့ကို ကုန်တင်ကားငယ်ပေါ်သို့ တင်ဆောင်နေသည်။ မြို့လယ်ခေါင်ကို ရှာဖွေသွားရန် အချိန်အတန်ငယ် ကြာမြင့်နိုင်ပေသည်။ သို့သော် စူပါမားကတ်ကို စခန်းအဖြစ် ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်။ ထုံမြို့မှ ထွက်ခွာသည့်အခါ ဤနေရာကို သေချာပေါက် ဖြတ်သန်းရမည် ဖြစ်သည်။ ထို့ကြောင့် G55 ကားကြီးကို ဝင်ပေါက်တွင် ထားရှိခဲ့ပြီး တံခါးစောင့် အဖြစ် ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
“သမီး ၁၃ ကို သွားမရှာချင်ဘူး အခုချိန်ဆို သေတောင် သေနေလောက်ပြီ ”
ရုတ်တရက် လော့ရှောင်ရှောင်က ဒေါသတကြီး ပြောလိုက်သည်။
မိန်းကလေးငယ်သည် ကုလားထိုင်ပေါ်တွင် ခန္ဓာကိုယ်လေးကို ကွေးထားပြီး ဒူးကိုပိုက်ကာ လက်ချောင်းလေးများဖြင့် သေနတ်ကို ပွတ်သပ်နေသည်။
ပစ္စည်းများ သိမ်းဆည်းနေသော ရှန်ကျိုတီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း စိတ်လျှော့လိုက်ကာ သူမကို ဖျောင်းဖျလိုက်သည်။
“မမတို့တောင် အသက်ရှင်နေသေးတာပဲ... သူလည်း ဘယ်လိုလုပ် သေမှာလဲ။ အဲဒီမိန်းမကလေ…”
စကားအဆုံးတွင် ရှန်ကျိုတီသည် ရုတ်တရက် နှုတ်ပိတ်သွားသည်။
သူမ၏ မျက်နှာပေါ်တွင် သတိထားမှုနှင့် ရွံရှာမှုတို့ ရှုပ်ထွေးစွာ ရောယှက်နေသည်။
“အဲဒီမိန်းမက ဘာဖြစ်လို့လဲ”
ချူဟန်က ရုတ်တရက် ဝင်မေးလိုက်သည်။ သူသည် မြေပုံပေါ်မှ အကြည့်ကို လွှဲလိုက်ပြီး စူးရှသော မျက်ဝန်းများဖြင့် ရှန်ကျိုတီကို စိုက်ကြည့်လိုက်သည်။
အကယ်၍ ၎င်းတို့ ရှာဖွေနေသော အဖော်တွင် တစ်စုံတစ်ရာ ပြဿနာရှိနေပါက အန္တရာယ်ပြုပြီး သွားရောက်ရန် မသင့်တော်ပေ။ ကမ္ဘာပျက်ကပ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလှရာ အမှားတစ်ခုကြောင့် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည်။ အဆင်မပြေသော မိန်းမတစ်ယောက်အတွက်နှင့် မြို့လယ်ခေါင်သို့ စွန့်စားသွားရောက်ရန်မှာ ရူးသွပ်မှုပင် ဖြစ်သည်။
လော့ရှောင်ရှောင်၏ နောက်ကွယ်ရှိ အစွမ်းထက်လှသော အရှိန်အဝါကို မျှော်ကိုးထားခြင်း မရှိပါက ဤကဲ့သို့ အကျိုးမရှိသော အလုပ်မျိုးကို သူ ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်ပေ။ အမှန်တော့ ၁၃ ဆိုသည့် မိန်းမအကြောင်းကို ချူဟန် လုံးဝ မသိချေ။
“အဲဒီမိန်းမက... စိတ်မမှန်တဲ့ ကောင်မကြီးပဲ”
လော့ရှောင်ရှောင်က နာကျင်စွာဖြင့် ပြောလိုက်သည်။
“အရမ်း အမြင်ကတ်ဖို့ကောင်းတယ်။ အဲ့ဒီမိန်းမကို အမုန်းဆုံးပဲ”
စိတ်မမှန်ဘူး ဟုတ်လား...
ဤစကားကြောင့် ချူဟန်ပင် အနည်းငယ် အံ့ဩသွားရသည်။
မိန်းမငယ်တစ်ဦး... လော့ရှောင်ရှောင်နှင့် သိကျွမ်းပြီး ရှန်ကျိုတီကိုယ်တိုင်ပင် သတိထားရမည့် မိန်းမငယ်တစ်ဦးဆိုလျှင် အစိုးရ အရာရှိ သို့မဟုတ် စစ်တပ် အရာရှိကြီးများ၏ သမီး ဖြစ်နိုင်ပေသည်။ အတ္တကြီးခြင်း၊ မာနထောင်လွှားခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း စသည့် စကားလုံးများ ထွက်ပေါ်လာမည်ဟုသာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ရှောင်ရှောင် နှုတ်မှ ထွက်ပေါ်လာသော စကားလုံးမှာ သူ၏ အတွေးများကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
စိတ်မမှန်ဘူး ဟုတ်လား။ ထိုမိန်းမသည် မည်ကဲ့သို့ စိတ်မမှန် ခြင်းမျိုး ဖြစ်နေသနည်း။