အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) ဒါက ငါ မျက်စိကျထားတဲ့ နေရာကွ
ချူဟန်၏ မျက်လုံးများတွင် တွေဝေမှုများ အထင်းသား ပေါ်လွင်နေသည်။ ၁၃ ဟု အမည်ရသော မိန်းမမှာ မည်သို့သော သူဖြစ်ကြောင်း သူ လုံးဝ ခန့်မှန်း၍ မရချေ။
ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်ဟူသော မိန်းကလေးနှစ်ဦးကို ဤမျှ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦးသည် သာမန်မိန်းကလေးများနှင့် လုံးဝ မတူညီကြပေ။
စိတ်ဓာတ်ခိုင်မာပြီး ရဲတင်းကြသည်။ အားနွဲ့သော မိန်းမသားများကဲ့သို့ ဇွန်ဘီများကို ကြောက်ရွံ့ခြင်း မရှိကြချေ။ ယောက်ျားကြီးတန်မဲ့ ချန်ရှောက်ရယ်လျှင် ၎င်းတို့လောက် ခိုင်မာသော စိတ်ဓာတ်ခွန်အားမျိုး မရှိပေ။
ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာသည့် အချိန်တွင် လက်တွေ့အခြေအနေကို လက်ခံကာ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။ ဤအချက်ကပင် သာမန်မဟုတ်ကြောင်း ပြသနေပြီ ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားလှသော မိန်းကလေးနှစ်ဦးကို တစ်ပြိုင်နက် ခေါင်းကိုက်စေသည့် မိန်းမတစ်ယောက်။ ချူဟန်သည် စိတ်ထဲမှနေ၍ အနည်းငယ် စိတ်ဝင်စားသွားမိသည်။
"ဘောစ်... ပစ္စည်းတွေ အကုန်တင်ပြီးပြီ"
တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသော ချန်ရှောက်ရယ်သည် စားလက်စ ငါးအသားချောင်းကို ကိုင်လျက် ပြန်ရောက်လာသည်။
သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။ ကြောက်ရွံ့မှုများ ရှိနေသော်လည်း အစ်ကိုချူဟန်နောက်သို့ လိုက်ပါရသည့် လက်ရှိ ဘဝကို သူ အလွန် သဘောကျနေမိသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် ဘဝသက်တမ်းနှင့် လုံးဝ ကွဲပြားခြားနားပြီး စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော နေ့ရက်များပင်။
ထို့အပြင် လုံခြုံမှုရှိသော စွန့်စားမှုမျိုး ဖြစ်သည်။ ချူဟန်သာ ရှိနေပါက မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
‘ဇွန်ဘီဆိုတာ ဘာကောင်မို့လို့လဲကွ။ ငါ့ရဲ့ ခွန်အားတွေနဲ့ဆို တစ်ချက်တည်းနဲ့ ကြိတ်ခြေပစ်လို့ ရတယ်’
ချူဟန်သည် နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်လိုက်ကာ ချန်ရှောက်ရယ်၊ ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့ထံ အကြည့်ရွှေ့လိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း ခွန်အားများ ပြည့်နှက်နေသည်။
သူသည်သာလျှင် ဤအဖွဲ့၏ ထောက်တိုင်ဖြစ်ပြီး အကြွင်းမဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။
"သွားကြမယ်... ၁၃ ကို သွားကြိုကြမယ်"
ကျီ...
ဂိုဒေါင်၏ သံတံခါးလိပ်ကြီးကို အရှိန်ပြင်းပြင်းဖြင့် ဆွဲတင်လိုက်ရာ နားကွဲမတတ် ကျယ်လောင်သော သံထည်ပွတ်တိုက်သံကြီးက ပဲ့တင်ထပ်သွားတော့သည်။ စားနပ်ရိက္ခာများ အပြည့်တင်ထားသော ကုန်တင်ကားပေါ်တွင် ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်တို့က အသင့်စောင့်ဆိုင်းနေကြသည်။ တစ်ဖက်တွင် ချူဟန်နှင့် ရှန်ကျိုတီတို့သည် အပြင်ဘက်သို့ ချက်ချင်း ခုန်ထွက်သွားကြသည်။
အပြင်ဘက်၌ များပြားလှသော ဇွန်ဘီများ သွားလာလှုပ်ရှားနေကြသည်။ ဤကုန်တင်ကားသည် G55 ကားလောက် မခိုင်ခံ့သောကြောင့် ဇွန်ဘီအုပ်ကြီးထဲသို့ အတင်းဝင်တိုက်ပါက ကားကိုယ်ထည် ချိုင့်ဝင်သွားနိုင်ပြီး အဆိုးရွားဆုံး အခြေအနေတွင် ကားမှောက်သွားနိုင်မည့် အန္တရာယ် ရှိနေသည်။ ဘေးကင်းလုံခြုံရေးအတွက် ချူဟန်သည် ကိုယ်တိုင် လမ်းရှင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်ဆိုရလျှင် ချူဟန် တစ်ယောက်တည်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ သူ၏ ဘေးတွင် ရပ်နေသော အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် ရှန်ကျိုတီကို မျက်စိထောင့်မှ တစ်ချက် ကြည့်လိုက်သည်။ ဤမိန်းမက အဘယ်ကြောင့် တကူးတက လိုက်လာရကြောင်းကို သူ အနည်းငယ်မျှ နားမလည်နိုင်အောင် ဖြစ်နေ၏။
ကားမောင်းသည့် တာဝန်ကို ချန်ရှောက်ရယ်က ဆက်လက် တာဝန်ယူထားသည်။ သူတို့နှစ်ဦး၏ အနောက်မှ ကပ်လိုက်လာပြီး လမ်းရှင်းသွားသည်နှင့် တစ်ပြိုင်နက် ကားကို အရှိန်တင်မောင်းနှင်ရန် ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။
ဇွန်ဘီဆိုသော မျိုးစိတ်သစ်များပင်လျှင် အနားယူရန် လိုအပ်ပုံရ၏။ ယခုအချိန်မှာ နံနက်ခင်းဖြစ်သောကြောင့် ညဘက်နှင့် ယှဉ်လျှင် အရေအတွက် အတော်လေး နည်းပါးနေသည်။ ဇွန်ဘီ အများစုမှာ လုံးဝ နိုးထလာခြင်း မရှိသေးဘဲ အသံကြားရာသို့ စက်ရုပ်များပမာ ယိမ်းယိုင်စွာ လျှောက်လာကြရုံသာ ဖြစ်သည်။
"ရရဲ့လား"
ကုန်တင်ကားရှေ့တွင် ရပ်ကာ ချူဟန်က အနည်းငယ် စိုးရိမ်ဟန်ဖြင့် ရှန်ကျိုတီကို မေးလိုက်သည်။
ရှန်ကျိုတီသည် ဖြူဖွေးသော သွားများကို အံကြိတ်လိုက်ကာ မကျေနပ်သော အမူအရာကို ပေါ်လွင်စွာ ပြသလိုက်၏။
‘ဒီကောင်...ငါ့ကို အထင်သေးနေတာလား’
သူမက ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားသည်။ မြှောက်ကိုင်လိုက်သော မီးသတ်ပုဆိန်ဖြင့် အရှေ့ရှိ ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ခွဲချလိုက်တော့သည်။
ရွှင်း...
မျက်စိတစ်မှိတ်အတွင်း မည်းညစ်နေသော သွေးများ ပန်းထွက်လာသဖြင့် မြေပြင်တစ်ခုလုံး ညစ်ပေသွားသည်။ လွင့်စဉ်လာသော ဦးနှောက်အနှစ်များက မျက်နှာပေါ်သို့ လာစင်သော်လည်း သူမကြမ်းတမ်းစွာ သုတ်ဖယ်လိုက်သည်။ ထို့နောက် ပုဆိန်ကို ထပ်မံမြှောက်ကာ နောက်ထပ် ပစ်မှတ်ဆီသို့ ဆက်လက် ဝင်ရောက်တိုက်ခိုက်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ချူဟန် သဘောကျသွားသည်။ ဤမိန်းမကို ဒေါသထွက်အောင် စကား နောက်ပြောင်ရသည်မှာလည်း အတော်လေး ပျော်စရာကောင်းသည်ဟု ခံစားလာရသည်။
သို့သော် သူမ၏ ကိုယ်နေဟန်နှင့် လှုပ်ရှားမှုများက အမှန်တကယ်ပင် မဆိုးလှချေ။ နှမြောစရာ ကောင်းသည်မှာ ဤကမ္ဘာပျက်ကပ်ကြီးအတွင်းရှိ လူသားတို့၏ ရက်စက်ကြမ်းကြုတ်မှု များနှင့် လုံးဝ အသားမကျသေးခြင်းပင် ဖြစ်သည်။
ချူဟန်သည် ရှန်ကျိုတီ၏ အပြစ်ဆိုဖွယ်ရာမရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ငေးကြည့်ရင်း အတွေးနက်နေမိသည်။
‘သူမကို လူ တစ်ယောက်လောက် အရင် သတ်ခိုင်းကြည့်ရမလား...’
စူပါမားကတ်နှင့် သိပ်မဝေးလှသော အဆောက်အအုံငယ်တစ်ခန်းအတွင်း။
ကျိုးစုန့်လိနှင့် သူ၏ အပေါင်းအပါများသည် ပြတင်းပေါက်တွင် မှောက်လျက်သား နေရာယူကာ စူပါမားကတ် ဝင်ပေါက်ရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းကို အငမ်းမရ စိုက်ကြည့်နေကြသည်။
သံတံခါးလိပ် ဖွင့်လိုက်သော အသံကျယ်ကြီးကြောင့် အာရုံစိုက်မိသွားကြသော သူတို့၏ မျက်နှာများထက်တွင် တစ်ပြေးညီတည်း အံ့အားသင့်မှုများ ထင်ဟပ်နေသည်။
လမ်းမပေါ်ရှိ မြင်ကွင်းမှာ လွန်စွာ စိတ်ကူးယဉ်ဆန်လွန်းနေသည်။
ဖြည်းညင်းစွာ ရွေ့လျားလာသော အဖြူရောင် ကုန်တင်ကားကို ကျောခိုင်းလျက် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ရပ်နေကြသည်။
သိပ်မကျယ်ဝန်းလှသော လမ်းမပေါ်တွင် အိပ်ချင်မူးတူး ဖြစ်နေသော ဇွန်ဘီများမှာ ထိုသူနှစ်ဦးရှေ့၌ ခုခံနိုင်စွမ်းမရှိဘဲ သုတ်သင်ခံနေရသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် အကွဲကွဲအပြားပြား ဖြစ်နေသော ဇွန်ဘီများ၏ ဦးခေါင်းခွံများ ပြန့်ကျဲနေပြီး ဦးနှောက်အနှစ်များနှင့် သွေးမည်းများဖြင့် ပေကျံနေတော့သည်။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
ဘာလို့ အဲဒီလောက်တောင် သန်မာနေရတာလဲ။ သာမန်လူတွေအတွက် ကြောက်စရာကောင်းတဲ့ ဇွန်ဘီတွေကို မျက်စိရှေ့မှာ မြင်နေရတာတောင် ဘာလို့ တစ်စက်လေးမှ ပြာယာခတ်နေတဲ့ ပုံမပေါ်ရတာလဲ။
ကားထဲမှာ ပုန်းအောင်းနေဖို့ နေနေသာသာ ကိုယ်တိုင် ဇွန်ဘီအုပ်ကြီးထဲကို တိုးဝင်ပြီး ပုဆိန်နဲ့ ဝင်ခုတ်နေတာလား။
ဒါ့အပြင် သူတို့က အရင် စတင်တိုက်ခိုက်နေတာပဲ။
ကျိုးစုန့်လိသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးပြူးကာ အကဲခတ်လိုက်သည်။ ထိုသူနှစ်ဦးမှာ ခွန်အားကြီးမားရုံ သက်သက် မဟုတ်ပေ။ ဝတ်ဆင်ထားသော အဝတ်အစားများ၊ ဆံပင်များနှင့် အသားအရေ... တစ်ကိုယ်လုံးမှာ သန့်ရှင်း နေကြသည်။
‘အဲဒီကောင်တွေ သောက်သုံးရေအတွက် အခက်အခဲ မရှိဘူးလား’
‘မဟုတ်ဘူး...’
‘စူပါမားကတ်ထဲက ရေတွေကို သုံးပစ်လိုက်တာထင်တယ်’
‘အဲဒါတွေက ငါ့ဟာတွေ အားလုံးက ငါပိုင်ရမယ့်ဟာတွေ ဖြစ်ရမှာ။ အဲဒီကောင်တွေ ငါ့ရဲ့ ပိုင်ဆိုင်မှုတေကို ဝင်လုသွားတာပဲ’
"ခွေးကောင်တွေ..."
ကျိုးစုန့်လိ ရုတ်တရက် ဒေါသပေါက်ကွဲကာ လက်ထဲရှိ ရိုင်ဖယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ယခုချက်ချင်းပင် ထိုလူနှစ်ဦးကို ပစ်သတ်လိုက်ချင်သော စိတ်ဆန္ဒများက လွှမ်းမိုးလာတော့သည်။
ကျိုးစုန့်လိ၏ မနာလို ဝန်တိုမှုများ ပြည့်နှက်နေသော အကြည့်များက ချူဟန်၏ အနောက်မှ လိုက်ပါလာသော ကုန်တင်ကားဆီသို့ ရောက်ရှိသွားသည်။
အဲဒီကောင်တွေ စူပါမားကတ်ထဲက ရိက္ခာတွေကို ရသွားပြီလား။ ငါ့ပိုင်ဆိုင်မှု ဖြစ်လာရမယ့်ဟာတွေကို သယ်သွားတော့မလို့လား။
‘သောက်ရူးတွေ... အဲဒါ ငါ့ပစ္စည်းတွေကွ’
အဲဒီ ရိက္ခာတွေက မူလကတည်းက ငါ့ဟာတွေပဲ။ ဒီနေရာက ငါအရင် မျက်စိကျထားတဲ့ နေရာကွ။ ဇွန်ဘီတွေကို ကြောက်လို့ ချက်ချင်း သွားမယူရဲသေးတာ။
ဒါကို ရက်အနည်းငယ်လောက် မျက်ခြည်ပြတ်သွားတဲ့ အချိန်လေးမှာတင် လက်ဦးမှု ရယူသွားတယ်ပေါ့လေ။
‘တောက်... ကျက်သရေမရှိလိုက်တာ’
ဒုန်း... ဒုန်း... ဒုန်း...
ကျိုးစုန့်လိသည် လသာဆောင်၏ သံပန်းတံခါးကို အကြိမ်ကြိမ် ထုရိုက်ကာ ရင်ထဲမှ အုံကြွနေသော ဒေါသများကို ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။ သူ အလွန်အမင်း ဒေါသထွက်နေပြီး ကျေနပ်နိုင်ခြင်း မရှိတော့ပေ။
"အစ်ကိုကျိုး... ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ရဲ့ စားစရာတွေ အလုခံလိုက်ရပြီ"
ကျန်းချိုက်ရွှမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဒီထက် ပိုစောစော သွားသင့်တာ။ တစ်ရက်လောက် စောရင်တောင် ဘယ်သူမှ လုသွားမှာ မဟုတ်ဘူး... အဲဒီမှာ စားစရာတွေ အများကြီး ရှိနေတာကို"
ဖြန်း...
"ပါးစပ်ပိတ်ထားစမ်း"
အရှိန်ပြင်းပြင်းဖြင့် ကျိုးစုန်းလိသည် ကျန်းချိုက်ရွှမ်၏ ပါးကို အားကုန် ရိုက်ချလိုက်သည်။
"မင်းက ငါ့ကို ဆရာလာလုပ်နေတာလား။ အသတ်ခံချင်လို့လား..."
သူမသည် အရိုက်ခံလိုက်ရသော မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ အချိန်ကြာမြင့်စွာ မျက်နှာမသစ်ထားသဖြင့် သူမ၏ မျက်နှာပေါ်တွင် အဆီများပြန်ကာ ညစ်ပတ်နေပြီး၊ ရုတ်တရက် ပါးရိုက်ခံလိုက်ရသောကြောင့် ပါးပြင်မှာ နီရဲရောင်ရမ်းလာကာ ပို၍ပင် ကြည့်မကောင်းအောင် ရုပ်ဆိုးသွားတော့သည်။
မူလကတည်းက ဖရိုဖရဲ ဖြစ်နေသော ဆံပင်များမှာ ပို၍ စုတ်ပြတ်သွားပြီး၊ မျက်နှာပေါ် ကျနေသော ဆံနွယ်များထံမှ ပြင်းထန်သော အဆီနံ့များ လွင့်ပျံသွားသည်။ မည်သည့်အရာမှန်း မသိသော အညစ်အကြေးများပင် ကပ်ငြိနေသေးရာ ယခု လက်ရှိ သူမ၏ ပုံစံမှာ စုတ်ပြတ်သတ်နေသော သူတောင်းစားမ တစ်ဦးနှင့် အလွန် တူညီနေတော့သည်။
"ဟား..."
ရုတ်တရက် အပေါင်းအပါ အမျိုးသားတစ်ဦးထံမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အလွန်အမင်း အံ့အားသင့်သွားဟန် ရှိသည်။
"ဟိုမိန်းမက... တော်တော်လေး လှတာပဲကွ"
မိန်းမ...
ထိုစကားကြောင့် ကျိုးစုန့်လိ၏ အာရုံများ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် အောက်ဘက်တွင် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ကာ သောင်းကျန်းနေသော ရှန်ကျိုတီကို စူးစူးစိုက်စိုက် ကြည့်လိုက်တော့သည်။
အမှန်တကယ်ပင် လှပလွန်းလှသည်။ အသားအရေမှာ ဖောက်ထွင်းမြင်ရမတတ် ဖြူဝင်းနေပြီး ပေါက်ကွဲထွက်တော့မည့်အလား စိုပြည်တင်းရင်းနေ၏။
ခါးအထိ ရှည်လျားသော လှပသည့် ဆံကေသာကို အနောက်ဘက်တွင် သပ်ရပ်စွာ စည်းနှောင်ထားပြီး...တောက်ပြောင်ကာ ဖြောင့်စင်းနေသော ထိုဆံပင်ပုံစံက ရင့်ကျက်သော မိန်းမသားတစ်ဦး၏ ဆွဲဆောင်မှုများ လွှမ်းခြုံနေသည့် အေးစက်စက် အလှဘုရင်မ တစ်ပါးပင် ဖြစ်သည်။
တကယ်ကို အသက်ရှူများလောက်အောင် လှပပေသည်။ ညစ်ပတ်ပေရေနေသော ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ အလှအပနှင့် ရုပ်ရည်နှင့် ဝတ်စားဆင်ယင်မှုကို မည်သို့များ ထိန်းသိမ်းထားနိုင်ရသနည်း။
ဒါမှ အစစ်အမှန် မိန်းမလှလေးကွ...