အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) ဘာအရည်အချင်းနဲ့လဲ
အဆောက်အအုံငယ်အတွင်း ပုန်းအောင်းနေသော သူများ၏ မျက်လုံးများတွင် လောဘမီးတောက်များ တောက်လောင်လာသည်။ သူတို့အဖွဲ့တွင်လည်း မိန်းမဆယ်ယောက်ခန့် ရှိသည်။ သို့သော် ရှန်ကျိုတီကဲ့သို့ လှပသော မျက်နှာနှင့် ဖြူဝင်းကြည်လင်နေသော အသားအရေ ပိုင်ဆိုင်သည့် မိန်းမမျိုး တစ်ယောက်မျှ မရှိချေ။
ထိုစဉ် ကျန်းချိုက်ရွှမ်က ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"အစ်ကိုကျိုး... အစ်ကိုကျိုး။ ဟိုကောင်တွေ ထွက်သွားကြပြီ။ စားစရာတွေကို အကုန်သယ်သွားကြပြီ"
ရှန်ကျိုတီ၏ အလှတွင် လုံးဝ နစ်မျောနေသော ကျိုးစုန့်လိသည် စူးရှသော အသံကြောင့် အနှောင့်အယှက်ဖြစ်သွားသဖြင့် မကျေမနပ်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။
မျက်စိရှေ့ရှိ ညစ်ပတ်ပေရေနေသော မိန်းမကို မြင်လိုက်ရချိန်တွင် သူ ရုတ်တရက် အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
‘ငါ အခုချိန်ထိ ဒီလိုမိန်းမမျိုးကို ဘယ်လိုများ သည်းခံနေခဲ့ပါလိမ့်။ တကယ်ကို သောက်ရူးကျလွန်းတာပဲ’
ရုတ်တရက် ကျိုးစုန့်လိ၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားတော့သည်။ ယခု လက်ရှိ သူမ၏ ပုံစံသည် ယောက်ျားများကို မည်မျှအထိ ဆွဲဆောင်နိုင်စွမ်းရှိနေကြောင်း ချူဟန်ကိုယ်တိုင်ပင် အနည်းငယ်မျှ သတိပြုမိပုံ မရချေ။ မမျှော်လင့်ဘဲ သူမသည် ချူဟန်ဘက်သို့ လှည့်ကာ တမင်တကာပင် စွဲမက်ဖွယ်ကောင်းအောင် ပြုံးပြလိုက်သည်။
နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး ဖြူဖွေးသော သွားများက တောက်ပနေသည်။
‘တောက်... ခွေးကောင်တွေ’
ဒေါသတရားနှင့် မနာလိုဝန်တိုမှုများက ကျိုးစုန့်လိ၏ ရင်ထဲတွင် မည်းမှောင်စွာ အုံကြွလာတော့သည်။
‘ အဲဒီကောင်က ဘယ်သူမို့လို့လဲ ဘာလို့ အဲဒီကောင့်ဘေးမှာ ဒီလောက် လှပပြီး ပြီးပြည့်စုံတဲ့ မိန်းမမျိုး ရှိနေရတာလဲ။ အဲဒါနဲ့ ယှဉ်လိုက်ရင် ငါ့ဘေးနားမှာ ရှိနေတဲ့ ကောင်မတွေက အမှိုက်တွေချည်းပဲ။ တစ်ကောင်မကျန် ညစ်ပတ်နေတဲ့အပြင် ပါးစပ်တေကနံလွန်းလို့ အန်ချင်လာပြီ ’
တောက်... ကျက်သရေမရှိလိုက်တာ...
ကျိုးစုန့်လိသည် ဇွန်ဘီများကို သတ်ဖြတ်နေသော ချူဟန်ကို အမုန်းတရားများဖြင့် စိုက်ကြည့်လိုက်သည်။ ထိုကောင်က အရာအားလုံးကို ပိုင်ဆိုင်ထားသည်။ သို့သော် မိမိတွင် ဘာမှမရှိချေ။ ထို့ထက်ပိုဆိုးသည်မှာ စူပါမားကတ်ထဲရှိ ရိက္ခာများကိုပါ လုယူသွားခဲ့ပြီ ဖြစ်သည်။ ဤမျှ ယုတ္တိမတန်သော ကိစ္စရပ်ကို သူ လုံးဝ ကျေနပ်နိုင်စွမ်း မရှိတော့ပေ။
စူပါမားကတ် ဝင်ပေါက်ရှေ့၌ ချူဟန်နှင့် ရှန်ကျိုတီတို့သည် ပိတ်ဆို့နေသော ဇွန်ဘီများကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းပစ်လိုက်ကြသည်။
သူတို့သည် ခြေလှမ်းမှန်မှန်ဖြင့် ရှေ့သို့ တိုးဝင်သော နည်းဗျူဟာကို အသုံးပြုထားသည်။ ဇွန်ဘီများ အုပ်စုလိုက် တစ်ပြိုင်နက်တည်း ဝင်ရောက်မတိုက်ခိုက်သရွေ့ ယခုကဲ့သို့ ကျဲပြန့်နေသော အခြေအနေမျိုးက သူတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်ချေ။
အဆုံးစွန်ပြောရလျှင် ဇွန်ဘီများ၌ တွေးခေါ်နိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေး လုံးဝ မရှိကြပေ။ အင်အားသုံး တိုက်ခိုက်ခြင်း ဟူသော သဘောတရားကိုပင် ၎င်းတို့ နားမလည်နိုင်ကြချေ။
[ ပြန်လည်စတင်ခြင်း စနစ်] ၏ ပွိုင့်များမှာ (၄၇၈) ပွိုင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
"ဘောစ်... တက်တော့"
ချန်ရှောက်ရယ် မောင်းနှင်လာသော ကုန်တင်ကားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ကားအမြန်နှုန်းက လုံးဝ မနှေးကွေးပေ။ ဤအတိုင်းဆိုလျှင် ချူဟန်နှင့် ရှန်ကျိုတီတို့၏ ဘေးမှ အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားတော့မည် ဖြစ်သည်။
"ဟဲ့အကောင် အရှိန်နည်းနည်းလောက်တောင် မလျှော့တတ်ဘူးလား"
ရှန်ကျိုတီက ဒေါသတကြီး ပြောဆိုလိုက်သည်။
လမ်းရှင်းသွားသည် ဆိုသော်လည်း ပတ်ဝန်းကျင်၌ ဇွန်ဘီများစွာ သွားလာနေဆဲပင်။ ဤကဲ့သို့ဆိုလျှင် ကားပေါ်သို့ မည်သို့မည်ပုံ ခုန်တက်ရမည်နည်း။
သို့သော် သူမ၏ နောက်ထပ် ညည်းတွားသံ ထွက်မလာမီမှာပင် ကြီးမားသော လက်တစ်ဖက်က သူမ၏ ခါးကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။ ထိတ်လန့်တကြား အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။
သူမ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားပြီး အမြင်အာရုံများ ချာချာလည်သွားသည်။ သတိပြန်ဝင်လာချိန်တွင် ကားထဲ၌ ထိုင်လျက်သား ရောက်ရှိနေပြီ ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ချူဟန်၏ ပေါင်ပေါ်တွင် ထိုင်နေရခြင်း ဖြစ်သည်။
ဂျိမ်း...
ကားတံခါးမှာ အရှိန်ပြင်းပြင်းဖြင့် ပိတ်သွားတော့သည်။
နှစ်ယောက်လုံး ကားပေါ်ရောက်သွားသည်ကို မြင်သောအခါ ချန်ရှောက်ရယ်သည် ချူဟန်၏ အမိန့်ကိုပင် မစောင့်တော့ဘဲ လီဗာကို အဆုံးထိနင်းကာ တစ်ဟုန်ထိုး မောင်းနှင်သွားတော့သည်။
ကုန်တင်ကားက လမ်းဆုံနှစ်ခုခန့် ဖြတ်ကျော်ပြီးချိန်မှသာ ရှန်ကျိုတီ တစ်ယောက် အထိတ်တလန့်ဖြစ်မှုမှ သတိပြန်ဝင်လာတော့သည်။ သူမနှင့် ချူဟန် မည်သို့သော အနေအထား ဖြစ်နေသည်ကို သတိပြုမိသွားသည့် အခိုက်အတန့်တွင် ချက်ချင်းပင် ကိုယ်ကို ရုန်းကန်ကာ အပြင်းအထန် ခုခံတော့သည်။
"လွှတ်စမ်း"
သူမ မျက်နှာတစ်ခုလုံး နီရဲလာကာ အော်ဟစ်လိုက်သည်။
"နှာဘူးကောင်"
"လွှတ်ပေးရမလား"
ချူဟန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ရုတ်တရက် ကားတံခါးကို ဖွင့်ချလိုက်သည်။ နားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လေတိုက်သံကြီးက နားထဲသို့ တိုးဝင်လာတော့သည်။ ချူဟန်က မိန်းကလေး၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကို အပြင်ဘက်သို့ အကြမ်းပတမ်း ထုတ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ လေတိုက်ခံခိုင်းထားလိုက်သည်။
"အင့်..."
ရှန်ကျိုတီ၏ မျက်နှာထက်မှ သွေးရောင်များ ချက်ချင်း ဆုတ်ယုတ်သွားကာ အသံပင် မထွက်နိုင်တော့ဘဲ တောင့်တင်းသွားတော့သည်။ ရုန်းကန်နေသော ခန္ဓာကိုယ်မှာလည်း ငြိမ်သက်သွားသည်။
ကားတံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ချူဟန်က နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"တကယ်ပဲ လွှတ်စေချင်တာလား"
ရှန်ကျိုတီ၏ ရင်ထဲ၌ ရှုပ်ထွေးသွားရသည်။ သူမသည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ချူဟန်နှင့် စကားမပြောတော့ချေ။ သို့သော် ဆိုးရွားသည်မှာ သူမ ထိုင်နေရသည်က ချူဟန်၏ ပေါင်ပေါ်တွင် ဖြစ်နေခြင်း ဖြစ်သည်။ ကျောဘက်မှနေ၍ တိုက်ရိုက် ခံစားနေရသော အမျိုးသားတစ်ဦး၏ ပြင်းထန်သည့် ရင်ခုန်သံနှင့် အသက်ရှူသံများကြောင့် သူမ၏ စိတ်များ မည်သို့မျှ တည်ငြိမ်မနေနိုင်ခဲ့ပေ။
အမှန်တကယ်ဆိုရလျှင် ချူဟန်ဘက်တွင်လည်း ရှောင်လွှဲ၍မရသော အကြောင်းပြချက် ရှိနေခဲ့သည်။ ကုန်တင်ကား နီးကပ်လာချိန်တွင် ချန်ရှောက်ရယ်သည် ယာဉ်မောင်းဘေးခုံမှ တံခါးကို ကြိုတင် ဖွင့်ထားပေးပြီး ဖြစ်သည်။ ချူဟန်အတွက် ရှန်ကျိုတီကို ဖက်တွယ်ကာ ခုန်တက်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
ယခု အနေအထားမှာ အနည်းငယ် ကြည်နူးဖွယ် ကောင်းနေသည်ကတော့ အမှန်ပင်။ သို့သော် ကုန်တင်ကားတွင် ယာဉ်မောင်းခုံနှင့် ဘေးခုံသာ ပါရှိသည်။ လော့ရှောင်ရှောင်က အနောက်ဘက် ကုန်တင်ခန်းထဲတွင် ပါသွားပြီ ဖြစ်ရာ ရှန်ကျိုတီကို မိမိပေါင်ပေါ် တင်ထားရုံသာ ရှိတော့သည်။
ကားခေါင်မိုးပေါ်သို့ လွှင့်ပစ်လိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့သာ လုပ်ခဲ့ပါက ဤမိန်းမသည် ယခုထက် ပို၍ ဒေါသပေါက်ကွဲမည်မှာ သေချာလှသည်။
အဆောက်အအုံငယ်ထဲရှိ လူများမှာ အဝေးသို့ ထွက်ခွာသွားသော အဖြူရောင် ကုန်တင်ကားကို တိတ်ဆိတ်စွာ ငေးကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ပေ။ ထိုကားပေါ်တွင် တင်ဆောင်သွားသော ရိက္ခာများမှာ မူလက သူတို့ပိုင်ဆိုင်ရမည့် အရာများ ဖြစ်သည်။ ထို့အပြင် ထိုမိန်းမကိုပါ... ပိုင်ဆိုင်ချင်ခဲ့သည် မဟုတ်လော။
"ပြန်လာခဲ့... ပြန်လာခဲ့ကြစမ်း"
ရုတ်တရက် ကျန်းချိုက်ရွှမ်သည် ပြတင်းပေါက်မှ ကိုယ်ကို ကိုင်းထွက်ကာ အသံကုန် အော်ဟစ်လိုက်သည်။
"စားစရာတွေ ထားခဲ့... ငါတို့ကို စားစရာတွေ ပေးခဲ့"
သူမ၏ အသံမှာ မည်သည့် ထိန်းချုပ်မှုမျှ မရှိဘဲ ကျယ်လောင်လွန်းနေသည်။
မျက်စိတစ်မှိတ်အတွင်း အဆောက်အအုံ အပြင်ဘက်ရှိ ဇွန်ဘီများမှာ အသံကြားရာသို့ စုရုံးလာကြသည်။ အကြောက်တရားက အဆောက်အအုံငယ်လေး တစ်ခုလုံးသို့ ချက်ချင်း ကူးစက်သွားတော့သည်။ ဤသူများမှာ ချူဟန်နှင့် မတူညီကြပေ။ တိုက်ခိုက်ရေး အတွေ့အကြုံ လုံးဝ မရှိသလို ဇွန်ဘီများကိုလည်း ကြောက်ရွံ့နေကြသူများ ဖြစ်သည်။
"သောက်ကောင်မ... သေချင်နေတာလား"
"ဇွန်ဘီတွေကို ခေါ်နေတာလားကွ"
"ဒီသောက်ရူးမကို အမြန်ဆွဲချကြစမ်း"
ကျိုးစုန့်လိ၏ မျက်နှာထားမှာ ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့နေသည်။ အနံ့ဆိုးများ ထွက်ပေါ်နေပြီး ရူးသွပ်စွာ အော်ဟစ်နေသော မိန်းမကို စူးရှစွာ စိုက်ကြည့်လျက် ငရဲပြည်မှ တက်လာသော နတ်ဆိုးတစ်ကောင်ပမာ ကျောချမ်းဖွယ် လေသံဖြင့် အမိန့်ပေးလိုက်သည်။
"အဲဒီမိန်းမရဲ့ ပါးစပ်ကို ဖြဲပစ်လိုက်"
"ပါးစပ်ဖြဲရမယ် ဟုတ်လား..."
ဘေးရှိ အမျိုးသားများမှာ တွေဝေသွားကြသည်။
"သွေးနံ့ရရင် ဇွန်ဘီတွေ ရောက်လာလိမ့်မယ်လေ"
"အဲဒါကြောင့် လုပ်ခိုင်းနေတာပေါ့ကွ"
ကျိုးစုန့်လိက ရက်စက်သော မျက်နှာထားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် ဤမိန်းမကို ဆက်လက် အသက်ရှင်ခွင့် ပေးရန် စိတ်ကူးမရှိတော့ချေ။ အသက်ရှင်နေသော လူသားတစ်ဦးကို သားကောင်အဖြစ် အသုံးပြုကာ ဇွန်ဘီများကို ဆွဲဆောင်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ ဤမိန်းမအတွက် ကျန်ရှိနေသော နောက်ဆုံး အသုံးဝင်မှုပင် ဖြစ်သည်။
"မလုပ်ပါနဲ့..."
ကျန်းချိုက်ရွှမ်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း ချက်ချင်းပင် ပါးစပ် အပိတ်ခံလိုက်ရပြီး အောက်ထပ်သို့ အတင်းအဓမ္မ ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့သည်။
အောက်ထပ်တွင် လူငါးဆယ်ခန့် ရှိနေသည်။ ကျိုးစုန့်လိ ရွေးချယ်ထားသော ခေါင်းဆောင်ပိုင်း ဆယ်ယောက်ကျော်မှလွဲ၍ ကျန်ရှိသူများမှာ ကျဉ်းမြောင်းသော အခန်းတွင်း၌ အကျဉ်းချခံထားရသည့် ဒုက္ခသည် များ ဖြစ်ကြသည်။ မှန်ပေသည်... ဒုက္ခသည်များ ဖြစ်သည်။ ကျိုးစုန့်လိက သူတို့ကို ထိုသို့သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
သူသည် ထိုဒုက္ခသည်များ၏ ခန္ဓာကိုယ်ပေါ်၌ ဇွန်ဘီများ၏ အသားပုပ်များကို သုတ်လိမ်းပေးကာ အပြင်သို့ ရိက္ခာရှာရန် စေလွှတ်လေ့ရှိသည်။ ထိုအချိန်အတွင်း ၎င်းတို့၏ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။ သို့မှသာ ရိက္ခာများ ရှာဖွေတွေ့ရှိပြီးနောက် မပြန်ချင်လျှင်ပင် ဤနေရာသို့ မဖြစ်မနေ ပြန်လာရမည် ဖြစ်သည်။ ဤသည်မှာ အင်အားကြီးသူများ၏ အခွင့်ထူးပင် ဖြစ်သည်။
ရှာဖွေရရှိလာသော ရိက္ခာများထဲမှ ရှစ်ဆယ် ရာခိုင်နှုန်းကို ကျိုးစုန့်လိက သိမ်းဆည်းလိုက်ပြီး သူတို့လက်ထဲတွင် နှစ်ဆယ် ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်။
အားလုံးက မကျေမနပ် ဖြစ်နေကြသော်လည်း မည်သို့မျှ မတတ်နိုင်ကြပေ။ ကျိုးစုန့်လိတွင် သေနတ်ရှိနေသောကြောင့် ဖြစ်သည်။ ယခင်က ပြန်လည်ခုခံရန် ကြိုးစားသူများ ရှိခဲ့သော်လည်း ကျိုးစုန့်လိက တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်သတ်ခဲ့ကာ ထိုအလောင်းကို ဇွန်ဘီအုပ်ကြီးအား ဆွဲဆောင်ရန် သားကောင်အဖြစ် အသုံးပြုခဲ့ဖူးသည်။
ကျိုးစုန့်လိသည် သူ၏ အပေါင်းအပါများကို ခေါ်ဆောင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လက်ပြန်ကြိုးတုပ်ခံထားရသော ကျန်းချိုက်ရွှမ်မှာ အားကုန် ကန်ချခံလိုက်ရသဖြင့် လှေကားပေါ်မှ ဒုန်းခနဲ ဘိုင်းခနဲ လိမ့်ကျသွားတော့သည်။
အောက်ထပ်ရှိ ညစ်ပတ်ပေရေနေသော ဒုက္ခသည်များစွာမှာ မည်သည့်ကိစ္စ ဖြစ်ပျက်နေသနည်းဟု သံသယဝင်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် သနားညှာတာမှု အရိပ်အယောင် လုံးဝ မရှိဘဲ ပွဲကြည့်ပရိသတ်များပမာ အေးစက်သော အကြည့်များသာ ရှိနေကြသည်။
ကျိုးစုန့်လိသည် သေနတ်ကို ပခုံးပေါ်တင်ကာ မာဖီးယားဂိုဏ်းစတား တစ်ဦးပမာ မောက်မာဝင့်ကြွားသော ဟန်ပန်ဖြင့် ဒုက္ခသည်များရှေ့သို့ ထွက်လာခဲ့သည်။ ထို့နောက် ဩဇာလွှမ်းမိုးသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"သေချာနားထောင်ကြ။ ဒီနေ့ ငါတို့ ဟိုဘက်လမ်းကိုသွားပြီး အဲဒီစူပါမားကတ်ကို သိမ်းပိုက်မယ်"
သူသည် အပေါ်ထပ်မှနေ၍ သေချာစွာ အကဲခတ်ထားခဲ့ခြင်း ဖြစ်သည်။ ဇွန်ဘီအများစုမှာ ချူဟန်တို့၏ လက်ချက်ဖြင့် ရှင်းလင်းသွားခဲ့လေပြီ။ ကုန်တင်ကား တစ်စီးတည်းဖြင့် ရိက္ခာအားလုံးကို သယ်ဆောင်သွားနိုင်ရန် မဖြစ်နိုင်ရာ ထိုစူပါမားကတ်ထဲတွင် များပြားလှသော ပစ္စည်းများ ကျန်ရှိနေဦးမည်မှာ သေချာလှသည်။
ဤထက်ပို၍ လက်ပိုက်ကြည့်နေရန် မဖြစ်နိုင်တော့ပေ။ ရိက္ခာတစ်ဝက်ခန့် အလုခံလိုက်ရသဖြင့် နာကြည်မှုများက သူ၏ ရင်ထဲ၌ ဆူပွက်နေတော့သည်။ တစ်ချိန်တည်းမှာပင် ချူဟန်တို့အပေါ် အငြိုးအတေးများလည်း ကိန်းအောင်းနေတော့သည်။
‘စားစရာတွေကို ယူသွားမယ်ဆိုရင်လည်း ကျန်တဲ့ဇွန်ဘီတွေကို အကုန်သတ်သွားပါလား အခုတော့ တစ်ဝက်တစ်ပျက်နဲ့ ငါကိုယ်တိုင် သွားသတ်မရတော့မယ်ကွ’