← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃) မမျှော်လင့်ထားသော အခြေနေ

ကြိုတင်ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားချိန်တွင် ထွက်ခွာရန် အချိန်ကျရောက်လာသည်။

သူတို့သည် ကားများပေါ်သို့ အသီးသီး တက်လိုက်ကြပြီး အဆောက်အအုံငယ်ထဲမှနေ၍ လမ်းမပေါ်သို့ ဖြည်းညင်းစွာ ထွက်လာကြသည်။ အကောင်းဆုံး အခြေအနေရှိသော Hummer ကားကြီးပေါ်တွင် ကျိုးစုန့်လိနှင့် သူ၏ ယုံကြည်ရသော တပည့်များ လိုက်ပါသွားပြီး၊ ကျန်ရှိသူများမှာ အခြားကားများပေါ်တွင် စီးနင်းကြသည်။

ထိုအထဲမှ ကုန်တင်ကားငယ် တစ်စီး၏ အနောက်ဘက်ရှိ သံချိတ်တွင် ကြိုးရှည်ကြီးတစ်ချောင်းကို ချိတ်ဆွဲထားပြီး၊ ထိုကြိုးဖြင့် လူတစ်ယောက်ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။

ထိုသူမှာ ကျန်းချိုက်ရွှမ် ဖြစ်သည်။

သူမ၏ ခြေလက်များကို ကြိုးများဖြင့် တင်းကြပ်စွာ တုပ်နှောင်ထားသည်။ ကျိုးစုန့်လိ အမိန့်ပေးခဲ့သည့်အတိုင်း သူမ၏ နှုတ်ခမ်းကို အလယ်တည့်တည့်မှစ၍ နားရွက်အခြေအထိ ရွံရှာဖွယ်ကောင်းလောက်အောင် ရက်ရက်စက်စက် ဖြဲပစ်ထားကြသည်။

ပါးစပ်မှ တောက်တောက်ကျနေသော သွေးစက်များက ကုန်တင်ကား ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် ကျန်ရစ်နေတော့သည်။

"အား..."

ကျန်းချိုက်ရွှမ်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ဖြဲခံထားရသော နှုတ်ခမ်းများကြောင့် သူမ၏ အသံမှာ အလွန်တရာ ပုံပျက်နေပြီး ဇွန်ဘီများသာ သွားလာနေသော ဤလမ်းမကြီးပေါ်တွင် ကျောချမ်းဖွယ်ရာ အသံဆိုးကြီးအဖြစ် ပဲ့တင်ထပ်နေတော့သည်။

သူမ၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ သူမသည် ခေါင်းကို အသည်းအသန် ခါရမ်းကာ အရှေ့ဘက် ကုန်တင်ခန်းထဲရှိ အမျိုးသားများထံ အသက်ချမ်းသာပေးရန် တောင်းပန်နေသည်။ သို့သော် ဗလုံးဗထွေး ထွက်ပေါ်နေသော သူမ၏ စကားသံများကို တစ်ဦးတစ်ယောက်ကမျှ အဖက်မလုပ်ခဲ့ချေ။

ရှေ့ဆုံးမှ ကားတန်းကြီးမှာ ရပ်တန့်မသွားဘဲ ဆက်လက် ထွက်ခွာသွားကြသည်။

သူမကို ဆွဲလာသော ကုန်တင်ကား တစ်စီးတည်းသာ အခြားကားများနှင့် လမ်းခွဲကာ နောက်လမ်းကြောင်းတစ်ခုသို့ ဦးတည်သွားတော့သည်။ လမ်းမပေါ်တွင် စက်ဝိုင်းပုံစံ ဖြည်းညင်းစွာ ပတ်မောင်းနေပြီး အနောက်ဘက်မှ ထွက်ပေါ်နေသော သူမ၏ စူးရှသည့် အော်သံများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သွေးနံ့နှင့် လူသံများကို ကြားလိုက်ရသော ဇွန်ဘီများမှာ တစ်ကောင်ပြီးတစ်ကောင် အနားသို့ ရောက်ရှိလာကြသည်။ ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် ကုန်တင်ကားနောက်သို့ လိုက်ပါလာကြပြီး အရေအတွက်မှာ နှင်းလုံးလေး လိမ့်ဆင်းလာသကဲ့သို့ တဖြည်းဖြည်း များပြားလာတော့သည်။

လမ်းမပေါ်ရှိ ဇွန်ဘီအားလုံးနီးပါး ထိုနေရာသို့ စုရုံးရောက်ရှိလာကြသည်။

ဝေးကွာသော နေရာရှိ Hummer ကားကြီးပေါ်မှနေ၍ ထိုမြင်ကွင်းကို လှမ်းကြည့်နေသော ကျိုးစုန့်လိပင်လျှင် ခေါင်းနပန်းကြီးသွားရသည်။ ပုံမှန်အားဖြင့် ဇွန်ဘီများနှင့် ထိပ်တိုက် ရင်ဆိုင်ရန် အမြဲတမ်း ရှောင်ရှားလေ့ရှိသော သူ့အတွက် ဤကဲ့သို့သော မြင်ကွင်းမျိုးက ကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။ ကျန်းချိုက်ရွှမ် ပြောခဲ့သော စကားများမှာ အမှန်ပင်ဖြစ်သည်။ သူသည် သတ္တိကြောင်သူ တစ်ယောက် ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မည်သူ့ထက်မဆို ကြီးမားသော ရည်မှန်းချက်များကိုလည်း ပိုင်ဆိုင်ထားသည်။

အဆီပြန်နေသော သူ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ကားပြတင်းပေါက်မှနေ၍ အောက်ဘက်သို့ တံတွေးတစ်ချက်ကို အားပါပါ ထွေးချလိုက်သည်။

‘ငါက သတ္တိကြောင်တယ် ဟုတ်လား။ ကြောင်တော့ရော ဘာဖြစ်လဲ။ ကိုယ်တိုင် ဝင်လုပ်ဖို့မှ မလိုတာကွ’

သူ့အတွက် ခိုင်းစားစရာ လူအများအပြား ရှိသည်။ ယခုလို အခြေအနေမျိုးတွင်ပင် ကိုယ်တိုင် သွားရောက်သတ်ဖြတ်ရန် သတ္တိမရှိလျှင်တောင် ဤလမ်းလျှောက်နေသော အလောင်းကောင်များကို အဝေးသို့ လမ်းလွှဲကာ မိမိလိုချင်သော အရာများကို အလွယ်တကူ ရယူနိုင်စွမ်း ရှိနေသည် မဟုတ်လား။

‘ငါက ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ကောင် မဟုတ်ဘူးကွ။ ငါ့မှာ ဦးနောက်ရှိတယ်ကွ’

"ကယ်... ကယ်ကြပါဦး..."

ကျန်းချိုက်ရွှမ် အသံကုန် အော်ဟစ်နေဆဲပင်။ သူမ၏ နောက်သို့ ရောက်ရှိလာသော ဇွန်ဘီ အရေအတွက်မှာ ရာဂဏန်းအထိ ရှိလာပြီး ဆက်လက်၍လည်း တိုးပွားနေဆဲ ဖြစ်သည်။ တစ်ခါတစ်ရံ အပြေးမြန်သော ဇွန်ဘီအချို့က ခုန်အုပ်လာကြပြီး သူမ၏ ခြေချောင်းများကို ကိုက်ဖြတ်စားသောက်သွားကြသည်။

မိမိ၏ မျက်စိရှေ့၌ပင် ဇွန်ဘီများက အုံလိုက်ကျင်းလိုက် ပြေးဝင်လာသည်ကို သူမ မြင်တွေ့နေရသည်။ သူမ အသက်ရှင်နေသေးသည်။ သို့သော် ထိုအကောင်များက သူမ၏ အသက်ရှင်လျက်ရှိသော အသားများကို အငမ်းမရ ကိုက်ဖြတ်စားသောက်နေကြသည်။

"ကယ်ပါဦး... ကျွန်မကို ကားပေါ် တင်ပေးကြပါ... ကျွန်မ လိုက်ခဲ့ပါရစေ"

သူမသည် ကုန်တင်ခန်းထဲရှိ အမျိုးသားများထံ အသည်းအသန် အော်ဟစ်တောင်းပန်နေသည်။

သို့သော် ထိုအမျိုးသားများက သူမ၏ သနားစရာကောင်းသော အော်သံများကို လုံးဝ လျစ်လျူရှုထားကြသည်။

"ဒီလောက်ဆို ရပြီမလား"

အမျိုးသားတစ်ဦးက လှမ်းမေးလိုက်သည်။

"အေး... ရလောက်ပြီ။ ဇွန်ဘီတွေ တော်တော်များများ စုမိသွားပြီ။ လမ်းကြောင်းပြောင်းပြီး အကုန်လုံးကို ဝေးဝေးခေါ်သွားလိုက်ကြစို့"

"တောက်... တကယ် အမြင်ကပ်စရာကောင်းတဲ့ မိန်းမပဲ။ နည်းနည်းလောက်များ သုံးစားရမလားလို့ မျှော်လင့်မိတဲ့ ငါ့ကိုယ်ငါတောင် အပြစ်တင်ချင်တယ်"

"မင်းရဲ့ အကြိုက်ကလည်း တော်တော်ဆိုးတာပဲ။ ဒါပေမဲ့ ဟို ဆံပင်ရှည်ရှည်နဲ့ မိန်းမကတော့ တကယ်ကို အမိုက်စားလေးပဲနော်"

"ဟိုကောင်နဲ့ ကောင်မကို ပြောတာလား။ အဲဒီကောင်တွေရဲ့ ကားက ဟိုမှာ ရှိနေသေးတယ်။ အစ်ကိုကျိုး စူပါမားကတ်ကို သိမ်းပြီးသွားရင် အဲဒီကောင်တွေ ပြန်လာရင်တောင် နေစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် အဲဒီမိန်းမက ငါတို့အပိုင်ပဲ... ဟဲဟဲ"

အမျိုးသားများ၏ ယုတ်မာသော စကားများကို ကြားလိုက်ရသဖြင့် ကျန်းချိုက်ရွှမ်မှာ မျှော်လင့်ချက်မဲ့စွာဖြင့် သေပွဲဝင်ရန်သာ တောင်းဆိုတော့သည်။ ဇွန်ဘီများ၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံရမည့်အစား ချက်ချင်း အသတ်ခံလိုက်ရသည်က ပို၍ ကောင်းမွန်ပေမည်။

ကုန်တင်ကားငယ်သည် ဦးတည်ရာကို ပြောင်းလိုက်ပြီး ဇွန်ဘီအုပ်ကြီးကို ဆွဲခေါ်ကာ လမ်းမကြီးမှ ဝေးရာသို့ ထွက်ခွာသွားတော့သည်။ စူပါမားကတ် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာ လုံးဝ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျိုးစုန့်လိကလည်း ကားကို အရှိန်တင် မောင်းနှင်လိုက်သည်။ သူသည် အလွန်အမင်း စိတ်လောနေပြီး ရိက္ခာများကို အမြန်ဆုံး ရယူချင်နေပြီ ဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့မှာ လမ်းခွဲသွားကြပြီး တဖြည်းဖြည်း ဝေးကွာသွားကြသည်။

ကုန်တင်ကားငယ်သည် အမြန်နှုန်းကို အနည်းငယ် လျှော့ချကာ ဇွန်ဘီများကို ဖြည်းညင်းစွာ ဆွဲခေါ်သွားသည်။ ကားအနောက်မှ ဇွန်ဘီအုပ်ကြီး လုံးဝ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည့် အချိန်အထိပင်။

"ဒီနေရာဆို ရလောက်ပြီမလား"

ကုန်တင်ခန်းထဲမှ တစ်ယောက်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤနေရာမှာ အဆင့်မြင့် အိမ်ရာဝင်းတစ်ခု ဖြစ်သည်။ ကမ္ဘာကြီး ကောင်းမွန်စွာ လည်ပတ်နေစဉ် အချိန်ကဆိုလျှင် ဤနေရာ၌ မြေတစ်ပေပတ်လည် ဝယ်ယူရန်ပင် သူတို့၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော လစာငွေများ အကုန်အကျ ခံရမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အရေးအကြီးဆုံးအချက်မှာ ဤနေရာ၌ အလွန် တိတ်ဆိတ်နေပြီး ဇွန်ဘီများ၏ အသံကိုပင် မကြားရခြင်း ဖြစ်သည်။

"ဒီလောက်ကောင်းတဲ့ နေရာမျိုးကို အရင်က ဘာလို့ သတိမထားမိပါလိမ့်"

အမျိူးသားတစ်ယောက်၏ မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်သည်။

"ဟဲဟဲ... ဒီညတော့ အစ်ကိုကျိုးကို ပြောပြီး ဒီနေရာမှာပဲ အိပ်လို့ရအောင်ပြောရမယ်"

"ဒါဆို မိုက်တာပေါ့ကွာ။ ငါဆိုရင် ဒီလို အဆင့်မြင့်တဲ့ နေရာမျိုးကို တစ်ခါမှ ခြေတောင် မချဖူးဘူး။ အခုတော့ စိတ်ကြိုက် နေလို့ရပြီဟေ့"

"ကဲ... အဲဒီမိန်းမကို လက်စသတ်လိုက်တော့"

စကားပြန်ပြောလိုက်သူက ဓားတစ်ချောင်းကို ထုတ်ယူကာ ကျန်းချိုက်ရွှမ်ကို ဆွဲလာသော ကြိုးဆီသို့ ရွယ်လိုက်သည်။

"မလုပ်ပါနဲ့..."

ကျန်းချိုက်ရွှမ်မှာ ရုတ်တရက် အဆုတ်ကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။

"ကျွန်မကို အရင်သတ်လိုက်ပါ...တောင်းပန်ပါတယ်...သတ်ပြီးမှာသာ ကြိုးဖြတ်လိုက်ပါရှင်"

သူမသည် ရူးသွပ်နေသူ တစ်ယောက်ပမာ အဆက်မပြတ် အော်ဟစ်နေတော့သည်။ မိမိကိုယ်ကို ဇွန်ဘီများ၏ အရှင်လတ်လတ် စားသောက်ခြင်း ခံရမည့် မြင်ကွင်းကို လုံးဝ မကြည့်ရဲတော့ချေ။

"ဟီးဟီး..."

ကုန်တင်ခန်းထဲရှိ အမျိုးသားမှာ စိတ်လှုပ်ရှားစွာဖြင့် လှောင်ရယ်လိုက်ကြသည်။

"အသံကျယ်ကျယ်လေး ထပ်အော်စမ်းပါ။ ဇွန်ဘီတွေ အကုန်လုံး စုလာအောင်လို့... ဟားဟားဟား..."

ရွှပ်...

ဓားဖြင့် ခုတ်ချလိုက်သဖြင့် ကြိုးမှာ ပြတ်တောက်သွားသည်။

တရွတ်တိုက် ဆွဲခံနေရသော ကျန်းချိုက်ရွှမ်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့သည်။

အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။ အငမ်းမရ ပြေးဝင်လာသော ဇွန်ဘီအုပ်ကြီးက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အုံလိုက်ကျင်းလိုက် ခုန်အုပ်လာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ဖုံးလွှမ်းသွားကာ ဆံပင်တစ်မျှင်ကိုပင် မမြင်ရတော့ချေ။

အရေအတွက်က များလွန်းလှသည်။ ဇွန်ဘီများစွာက တစ်ကောင်ပေါ်တစ်ကောင် ထပ်ကာ အလုအယက် စားသောက်နေကြတော့သည်။

ကုန်တင်ကားငယ်မှာ ဆက်လက် မောင်းနှင်နေဆဲဖြစ်သော်လည်း ကုန်တင်ခန်းထဲရှိ အမျိုးသားများမှာ ရုတ်တရက် အသံတိတ်သွားသည်။

သူတို့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကြသည်။

‘ဇွန်ဘီ အရေအတွက်က တော်တော်လေး များလွန်းမနေဘူးလား...’

သူတို့က ဤမျှလောက် များပြားသော ဇွန်ဘီများကို ဆွဲခေါ်လာခဲ့ခြင်း မရှိကြောင်း သေချာနေသည်။ စူပါမားကတ် ပတ်ဝန်းကျင်၌ ရှိနေသော ဇွန်ဘီ အရေအတွက်မှာ ဤမျှလောက် များပြားခြင်း မရှိနိုင်ပေ။

"ဟေ့... ဟိုမှာ ကြည့်စမ်း"

ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟား...သွားပြီ"

ချက်ချင်းပင် နောက်တစ်ယောက်ကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။

ကုန်တင်ကား၏ ဘေးဘက် တည့်တည့်တွင် ဖြစ်၏။ အဆင့်မြင့် အိမ်ရာဝင်းထဲမှ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ဇွန်ဘီများက တောင်ပြိုကျလာသကဲ့သို့ အုံလိုက်ကျင်းလိုက် ပြေးထွက်လာကြသည်။

ဤနေရာမှာ လုံးဝ ဘေးကင်းလုံခြုံသော နေရာတစ်ခုဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ ဤမျှများပြားသော ဇွန်ဘီများက ဘယ်ကနေများ ရုတ်တရက် ထွက်လာရသနည်း။ ဘာကြောင့် အခုချိန်ထိ တစ်ချက်လေးမှ အသံမထွက်ဘဲ ငြိမ်နေခဲ့ကြတာလဲ။

ဒုက္ခပါပဲ။ စောစောကမှ ဒီနေရာမှာ ညအိပ်ဖို့တောင် တိုင်ပင်နေခဲ့ကြသေးတယ် မဟုတ်လား။ အဆင့်မြင့် အိမ်ရာဝင်း၏ ကောင်းမွန်လွန်းသော အသံလုံစနစ်က ဇွန်ဘီများ၏ အသံများကို လုံးဝ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သွေးနံ့ကို မတားဆီးနိုင်ခဲ့ချေ။

လတ်ဆတ်သော သားကောင်၏ အနံ့ကို ထိုအကောင်များ သေချာပေါက် ရရှိသွားခဲ့ကြခြင်း ဖြစ်သည်။

ဝုန်း...

ရုတ်တရက် ကုန်တင်ကားမှာ ပြင်းထန်သော အရှိန်ဖြင့် ဝင်တိုက်မိသကဲ့သို့ ရပ်တန့်သွားသည်။ အရှိန်မထိန်းနိုင်တော့ဘဲ ကုန်တင်ခန်းထဲတွင် ရပ်နေသော အမျိုးသားများမှာ ဟန်ချက်ပျက်ကာ ကားအပြင်ဘက်သို့ ဘုန်းခနဲ လိမ့်ကျသွားကြတော့သည်။

အနောက်ဘက်နှင့် ဘေးပတ်လည်မှ ဇွန်ဘီအုပ်ကြီးက မုန်တိုင်းတစ်ခုပမာ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာကြသည်။

"အား...ကယ်ကြပါဦး..."

အကြောက်တရားများ ပြည့်နှက်နေသော အော်သံကြီးများက ပဲ့တင်ထပ်သွားသည်။

နားစည်ကွဲမတတ် ကျယ်လောင်သော ဇွန်ဘီများ၏ ဟိန်းဟောက်သံများက နားထဲသို့ ဝင်ရောက်လာ၏။

အရေပြားများ အဆွဲဖြဲခံလိုက်ရသည့် ကြောချမ်းဖွယ် အသံများကို ရှင်းလင်းစွာ ကြားနေရသည်။ ဇွန်ဘီများမှာ သားကောင်ကို ရွေးချယ်နေခြင်း မရှိချေ။ လတ်ဆတ်သော အသားများကို မြင်သည်နှင့် အငမ်းမရ ကိုက်ဖြတ်စားသောက်ကြတော့သည်။

"ရှေ့မှာ"

ယာဉ်မောင်းက ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

"ရှေ့မှာလည်း ဇွန်ဘီတွေ အများကြီးပဲ"

သို့သော် သူ၏ စကားကို မည်သူကမျှ ပြန်လည် မတုံ့ပြန်နိုင်ကြတော့ချေ။ ကားအပြင်သို့ ပြုတ်ကျသွားသော အမျိုးသားမှာ ဇွန်ဘီအုပ်ကြီးထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အစစ်အမှန် ဇွန်ဘီလှိုင်းလုံးကြီး ပင် ဖြစ်ပေတော့သည်။

All Chapters