← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အပိုင်း (၅၄) မိဘမဲ့ဂေဟာ

မှားယွင်းသော အချိန်၊ မှားယွင်းသော နေရာနှင့် မှားယွင်းသော ဆုံးဖြတ်ချက်။

ထိုအရာများ၏ အကျိုးဆက်က သူတို့တစ်စုလုံးကို သေဆုံးပျက်စီးခြင်းပင်။ ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ ရုတ်တရက် ရောက်ရှိလာသော ဇွန်ဘီအုပ်ကြီးက သူတို့အားလုံးကို အစိမ်းလိုက် ကိုက်ဖြတ်စားသောက်သွားတော့သည်။

သူတို့သည် ချူဟန်ကဲ့သို့ အနာဂတ်မှ ပြန်လာသူများမဟုတ်သလို အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်းလည်းမရှိရာ ထိုအရာအားလုံးက သူတို့ကို သေမင်းထံ တွန်းပို့သည့် စနက်တံ ဖြစ်သွားလေသည်။ လူတစ်ယောက်ကို အစာအဖြစ်သုံးကာ ဇွန်ဘီများကို ဆွဲဆောင်ရန် ဖြစ်နိုင်သော်လည်း ဇွန်ဘီ မည်မျှ ပါလာမည်ဆိုသည်က သူတို့ ခန့်မှန်းနိုင်စွမ်းမရှိပေ။ ခြေလှမ်းတစ်လှမ်း မှားရုံမျှဖြင့် သွေးဆာနေသော ဇွန်ဘီလှိုင်းလုံးကြီးကို ဖန်တီးမိသလို ဖြစ်သွားနိုင်သည်။

ဤအဆင့်မြင့် အိမ်ရာဝင်းသည် ချူဟန်က မနေ့ညကတည်းက သတိထားမိပြီး တမင်ရှောင်ကွင်းခဲ့သော နေရာ ဖြစ်သည်။ ချူဟန်၏ အမြော်အမြင်က မှန်ကန်ခဲ့သော်လည်း ကျိုးစုန့်လိ၏ လက်အောက်ငယ်သားများက အဆင့်မြင့် အိမ်ရာဝင်း ထဲ၌ ပုန်းအောင်းနေသော ဇွန်ဘီအုပ်ကြီးကို ဆွဲထုတ်မိလျက်သား ဖြစ်သွားကာ အဆုံးတွင် အစုအပြုံလိုက် ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။

အိမ်ရာဝင်း ဝင်ပေါက်မှာ လမ်းဆုံလမ်းခွ ဖြစ်သည်။ ယခုအခါ ဇွန်ဘီလှိုင်းလုံးကြီးအဖြစ် ပြောင်းလဲနေခဲ့ပြီ။ လမ်းမတစ်ခုလုံး ဇွန်ဘီများဖြင့် ပြည့်နှက်နေပြီး အပ်ချစရာနေရာပင်မရှိ။ သူတို့သည် သားကောင်ကို ဝါးမြိုပြီးနောက် နောက်ထပ် အစာသစ်ကို ရှာဖွေရန်အတွက် ဦးတည်ချက်မရှိဘဲ အုပ်စုလိုက် ပြန်လည်ရွေ့လျားသွားကြသည်။

စူပါမားကတ်၏ အဝင်ဝတွင် ကျိုးစုန့်လိတို့ ကားရပ်လိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ကပ်နေပြီး ဇွန်ဘီတစ်ကောင်တစ်လေမျှ မရှိဘဲ လုံခြုံအေးချမ်းနေပုံရသည်။

ကျိုးစုန့်လိ မျက်နှာတွင် ဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။

မူလက ဤနေရာတွင် ဇွန်ဘီ ရာဂဏန်းမျှ ရှိနေရမည် ဖြစ်သော်လည်း မိမိ၏ ပါးနပ်သော ဆုံးဖြတ်ချက်ကြောင့် အခြားနေရာသို့ ပြောင်းရွှေ့သွားကြပြီ။ ထို့ကြောင့် သူတို့သည် ချောမွေ့စွာ စူပါမားကတ်ထဲသို့ ဝင်ကာ အစားအစာနှင့် ရေကို စိတ်ကြိုက်ယူနိုင်တော့မည်။

“အစ်ကိုကျို့... တကယ်တော်တာပဲဗျာ”

“ဟုတ်ပဗျာ... အစ်ကိုကြီးပြောတဲ့အတိုင်း ကွက်တိပဲ”

ဘေးပတ်ဝန်းကျင်မှ လူများက မြှောက်ပင့်နေကြသည်။

ကျို့စုန့်လိသည် ကျေနပ်အားရစွာ ပြုံးလျက် လက်ထဲမှ သေနတ်ကို မြှောက်ကိုင်ကာ ရှေ့ဆုံးမှ အရင်ဝင်ခဲ့သည်။

စူပါမားကတ် အထဲတွင် ရှင်းလင်းထားသည့် အရိပ်အယောင်များ ရှိနေပြီး စင်ပေါ်မှ ပစ္စည်းအချို့ ပြိုလဲနေသော်လည်း အများစုမှာ အကောင်းအတိုင်း ရှိနေသေးရာ ရိက္ခာများက တောင်လိုပုံနေပြီး အမဲခြောက်များပင် ပါဝင်သေးသည်။

သူသည် အထုပ်ကို ဆုတ်ဖြဲကာ အစားအစာများကို ပါးစပ်ထဲ အတင်းထိုးထည့်ပြီး လောဘတကြီး ဝါးမြိုတော့သည်။ ယခု စားနေရသော အမဲခြောက်မှာ မယုံနိုင်စရာကောင်းလောက်အောင် အရသာရှိလှသဖြင့် ကောင်းကောင်းပင်မဝါးဘဲ မြိုချကာ ရေကိုပါ အငန်းမရ သောက်ချလိုက်သည်။

ရိက္ခာထုပ်များ ဆုတ်ဖြဲသံက ဆိုင်အတွင်း ဆက်တိုက်ထွက်ပေါ်လာပြီး လူအားလုံးလည်း ငတ်မွတ်နေကြသဖြင့် ရူးသွပ်မတတ် အတင်းလုယက် စားသောက်နေကြတော့သည်။

ဒိုင်း...

မည်သည့် လက္ခဏာမျှ မပြဘဲ အသံတိတ်ကိရိယာ တပ်ဆင်ထားသော ရိုင်ဖယ်ပြောင်းဝမှ ယမ်းခိုးငွေ့ပါးပါးလေး လွင့်တက်သွားသည်။

လူတစ်ယောက်သည် ဝမ်းဗိုက်မှ သွေးများ တောက်တောက်ကျလျက် လဲကျသွားရာ လက်ထဲတွင် စားလက်စ ကြက်တောင်ပံတောင် ရှိနေသေးသည်။ ထိုလူက ချက်ချင်းမသေသေးဘဲ ကြောက်လန့်တကြား အော်ဟစ်ကာ ကျို့စုန့်လိကို မော့ကြည့်လိုက်သည်။

ကျို့စုန့်လိက ဖြည်းညင်းစွာ လှမ်းလာပြီး ထိုလူ၏ မျက်နှာကို ညှာတာမှုကင်းမဲ့စွာ နင်းခြေလိုက်သည်။ ပါးစပ်ကလည်း အစားအစာများကို ပလုတ်ပလောင်း ဝါးစားရင်း သေနတ်ပြောင်းကို ထိုလူ၏ ဦးခေါင်းဆီသို့ အေးစက်စွာ ချိန်ရွယ်လိုက်သည်။

ဒိုင်း...

သွေးစက်များ လွင့်စင်သွားသည်။

ရုတ်ချည်း ဖြစ်ပွားသွားသော သတ်ဖြတ်မှုကြောင့် ဆိုင်အတွင်းရှိ လူအားလုံး လှုပ်ရှားမှုရပ်တန့်သွားကာ ပါးစပ်ထဲမှ အစားအစာများကိုပင် မြိုချရန် မေ့လျော့နေကြပြီး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

“သေချာနားထောင်ကြစမ်း”

ကျို့စုန့်လိသည် ပါးစပ်ထဲမှ အမဲခြောက်ကို မျိုချလိုက်ပြီး သေနတ်ကို ချိန်ရွယ်ကာ လူအုပ်ကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ လူတိုင်းက သူ့ကို ကြောက်ရွံ့နေကြသည့် အကြည့်ကို သူက အလွန်သဘောကျနေပုံရသည်။

“ငါ့ခွင့်ပြုချက်မရှိဘဲ ဒီဆိုင်ထဲက ပစ္စည်းတစ်ခုမှ လက်နဲ့မထိနဲ့... ဒီမှာ ရှိသမျှ အားလုံးက ငါ့ပစ္စည်းတွေပဲ”

စကားဆုံးသည်နှင့် မျက်နှာကြက်ဆီသို့ သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်လိုက်သည်။ ဤဒုက္ခသည်များကို ကြောက်ရွံ့မှုဖြင့် ချုပ်ကိုင်ထားရမည်။ ချူဟန်ဆိုသည့် ကောင်က မိမိ ရိက္ခာအချို့ကို လုယူသွားသဖြင့် ကျန်ရှိသော အရာအားလုံးကို ဆန်တစ်စေ့မျှ မည်သူ့ကိုမျှ ဝေမျှရန် အစီအစဉ် မရှိတော့ပေ။ သေနတ်သံများကြောင့် လူအုပ်ကြီးက ထွက်ပြေးပုန်းအောင်းကြပြီး အချို့က ဒူးထောက်ကာ အသက်ချမ်းသာပေးရန် အော်ဟစ်တောင်းပန်နေကြသည်။ စူပါမားကတ်အတွင်း၌ ငိုကြွေးအော်ဟစ်သံများဖြင့် တစ်ဖန် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

“ဟားဟားဟားဟား...”

ကျို့စုန့်လိသည် ရူးသွပ်စွာ ရယ်မောရင်း လူအုပ်ရှေ့၌ ရိက္ခာများကို တမင်သက်သက် ဆက်လက် စားသောက်နေတော့သည်။ အစားအစာများ ကြမ်းပြင်ပေါ် ဖိတ်စင်ကျနေသော်လည်း ဂရုမစိုက်။ အားလုံးမှာ မိမိပစ္စည်းဖြစ်သဖြင့် မိမိစိတ်ကြိုက် ဖြုန်းတီးပစ်မည်သာ။

သူ့အနေဖြင့် မိမိစေလွှတ်လိုက်သော လက်အောက်ငယ်သားများ ဘယ်တော့မှ ပြန်မလာနိုင်တော့သည်ကို မသိရှိနိုင်သလို အိမ်ယာဝန်းထဲက ဇွန်ဘီလှိုင်းလုံးကြီးကလည်း သူရှိရာ အရပ်ဆီသို့ တဖြည်းဖြည်း ဦးတည်ရွေ့လျားလာနေသည်ကို မရိပ်မိခဲ့ချေ။

ညနေစောင်းနေပြီ ဖြစ်သော်လည်း နေက မဝင်သေးပေ။

ချူဟန်တို့အဖွဲ့သည် တစ်နေ့တာလုံး အချိန်ယူပြီးနောက် မြို့လယ်ခေါင်သို့ ချဉ်းကပ်လာနိုင်ခဲ့သည်။ မြို့၏ နေရာအနှံ့အပြားတွင် ဇွန်ဘီများ ပြည့်နှက်နေသဖြင့် လမ်းလွှဲမောင်းနှင်ခဲ့ရသော်လည်း ချူဟန်၏ လမ်းညွှန်မှုကြောင့် အမြန်ဆုံး ခရီးပေါက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဆုံးဖြတ်ချက် မှားယွင်းခဲ့ပါက သေဆုံးပျက်စီးသွားကြမည်မှာ အမှန်ပင်။

“သွားမယ့်နေရာက အတိအကျ သိရဲ့လား”

ချူဟန်သည် နောက်ခန်းရှိ မိန်းမနှစ်ယောက်ကို လှည့်မေးလိုက်သည်။

“အဲဒီ ၁၃ ဆိုတဲ့ လူက မြို့လယ်ခေါင်မှာ ရှိနေမယ်လို့ ဘာလို့ သေချာနေရတာလဲ”

ရှန်ကျိုတီသည် အခွင့်အရေးရခိုက် နောက်ခန်းသို့ ပြောင်းထိုင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု ချူဟန်၏ စကားကြောင့် နေ့ခင်းဘက်က သူ၏ ပေါင်ပေါ်တွင် ထိုင်ခဲ့ရသော အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာသည်

ဒီယောက်ျားက တကယ်ပဲ ယောက်ျားပီသတာပဲ ဟု စိတ်ထဲမှ ကျိတ်၍ တွေးနေမိသည်။

သူမ နှုတ်ဆိတ်နေသည်ကို မြင်သော်လည်း ချူဟန်က ထပ်မံမမေးတော့ဘဲ လော့ရှောင်ရှောင်ထံသို့ အကြည့်ပြောင်းလိုက်သည်။

လော့ရှောင်ရှောင်က ထိုလူအကြောင်း ပြောရန် အလွန်ဝန်လေးနေပုံရပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ခပ်တိုးတိုး ပြောလိုက်သည်။

“အဲဒီမှာ မိဘမဲ့ဂေဟာ ရှိတယ်”

မိဘမဲ့ဂေဟာလား...

ချူဟန် အံ့အားသင့်သွားသည်။ အဘယ်ကြောင့် ထိုနေရာတွင် ရှိနေရသနည်း။ ထို ၁၃ ဆိုသူက မည်သူနည်း။

“ဖက်တီး... ဘယ်ဘက်ကို ကွေ့လိုက်တော့”

ချူဟန်က ထပ်မံမမေးတော့ဘဲ လမ်းညွှန်လိုက်သည်။ အမျိုးသမီးနှစ်ဦးက ဆက်မပြောချင်တော့သည်မှာ ထင်ရှားလှသည်။ အတင်းအကျပ် မေးမြန်းနေလည်း အပိုသာ ဖြစ်သော်လည်း ၁၃ ဆိုသူအပေါ် စိတ်ဝင်စားမှုက ပိုမိုကြီးထွားလာခဲ့သည်။

ကုန်တင်ကားလေးက ဖြည်းညင်းစွာ မောင်းနှင်လာရာ လမ်းဘေးဝဲယာ ရှုခင်းများက ပျက်စီးယိုယွင်းနေပြီး စက္ကူများနှင့် စာအုပ်များက လေထဲတွင် လွင့်ပျံနေသည်။ ခြင်နှင့် ယင်ကောင်များ အုံခဲနေကာ ကြွက်များကလည်း လျှောက်ပြေးနေကြသည်။

မည်သူ့ အရိုးမှန်းပင် မသိနိုင်တော့သော လူ့အရိုးများက အပိုင်းပိုင်း ပြတ်တောက်လျက် လမ်းဘေးတွင် ပြန့်ကျဲနေသည်။ အသားစ တစ်စမျှမကျန်အောင် သန့်စင်စွာ စားသောက်ခံထားရပြီး ထိုနေရာ၌ ပြန့်ကျဲနေသော ဆံပင်များက မိစ္ဆာတစ်ကောင်ပမာ ကြက်သီးထဖွယ် ကောင်းလှသည်။ နောက်ထပ် သုံးနာရီခန့် ကြာလွန်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွားခဲ့ပြီ။ ကားမောင်းသူလည်း ပိုမိုသတိထားနေရပြီး အားလုံး ပင်ပန်းနွမ်းနယ်နေကြသော်လည်း နိုးကြားမှုကို လက်မလွှတ်ကြချေ။

‘မှောင်လာပြီပဲ’

ချူဟန်၏ မျက်လုံးများက စူးရှတောက်ပနေသည်။ မိဘမဲ့ဂေဟာက အနီးအနားတွင် ရှိသော်လည်း မှောင်မိုက်နေသဖြင့် ရှာဖွေရန် ခက်ခဲနေသည်။

“ဟော... ဟိုမှာ”

လော့ရှောင်ရှောင်က အဝေးမှ အဆောက်အအုံငယ်လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်ရာ ဆိုင်းဘုတ်က စောင်းနေပြီး ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း မိဘမဲ့ဂေဟာ ဖြစ်ကြောင်း သေချာသည်။

ထိုဂေဟာလေးက အလွန်သေးငယ်ပြီး လူသူမရှိသော နေရာတွင် ရှိနေကာ အဆောက်အအုံမှာလည်း ဟောင်းနွမ်းနေသည်။ လော့ရှောင်ရှောင်ကဲ့သို့သော နောက်ခံရှိသူနှင့် ပတ်သက်နေသည့် ၁၃ ဆိုသူက ဤကဲ့သို့သော နေရာတွင် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

“ဇွန်ဘီတွေ မရှိဘူးလား... တကယ်ပဲ လူရှိနေလို့လား”

ချူဟန်၏ စိတ်ထဲတွင် မသင်္ကာမှုတစ်ခု ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် ဇွန်ဘီတစ်ကောင်မျှ မရှိခြင်းက အလွန် ထူးဆန်းလွန်းလှသည်။

“ဝင်ကြည့်ရင် သိရမှာပေါ့”

ရှန်ကျိုတီက ကားပေါ်မှ အရင်ဆုံး ဆင်းလိုက်ပြီး သေနတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် စိုးရိမ်စိတ်များဖြင့် ဂေဟာအတွင်းသို့ အလျင်အမြန် ဝင်သွားတော့သည်။

All Chapters