အခန်း ၅၅
Vol. 6 Ch. 55
အပိုင်း (၅၅) သူမ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့
ချူဟန်သည် ရှန်ကျိုတီ၏ လက်မောင်းကို ဆွဲကိုင်ကာ အနည်းငယ် စောင့်ဆိုင်းရန် တားဆီးချင်မိသည်။ သို့သော် ဤနေရာကား လုံးဝ စိမ်းလှရုံမက အခြေအနေ အရပ်ရပ်ကလည်း တစ်မျိုးတစ်ဖုံ ခြောက်ခြားဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။
ထိုစဉ် လော့ရှောင်ရှောင်က ကားတံခါးကို ဝုန်းကနဲ ဖွင့်ကာ ခုန်ဆင်းသွားသည်။ သူမသည် ရိုင်ဖယ်သေနတ်ကို တင်းတင်းဆုပ်ကိုင်လျက် ရှန်ကျိုတီနောက်သို့ ခပ်သွက်သွက် လိုက်ပါသွားတော့သည်။ လော့ရှောင်ရှောင်၏ မျက်နှာထက်တွင်လည်း ရှန်ကျိုတီကဲ့သို့ပင် စိုးရိမ်သောကရိပ်များ ထင်ဟပ်နေပြီး တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
‘ဒါက ဘယ်လို အဓိပ္ပာယ်လဲ။ လော့ရှောင်ရှောင်က အဲဒီ ၁၃ ဆိုတဲ့လူကို မုန်းနေတာ မဟုတ်ဘူးလား’
ချူဟန် ရင်ထဲ၌ အံ့ဩမှင်သက်သွားရသည်။ တစ်ချိန်တည်းမှာပင် သံသယများကလည်း ပိုမို ကြီးထွားလာခဲ့သည်။ မျက်နှာပင် မမြင်ဖူးသေးသော ထိုမိန်းကလေးအပေါ် ဤလူနှစ်ဦး ပြသနေသည့် သဘောထားမှာ အလွန်အမင်း ထူးဆန်းလွန်းလှသည်။
သူသည် ရှေ့မှ အဆောက်အအုံကို တစ်ဖန် မော်ကြည့်လိုက်သည်။ အမှောင်ထုထဲတွင် ရပ်တည်နေသော ထိုပုံစံမှာ အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။ ကောင်းကင်ယံထက်တွင် ရဲရဲနီနေသော လမင်းကြီးက ခြောက်ခြားဖွယ်ရာ ထွန်းလင်းနေပြီး ဤဝန်းကျင်တစ်ဝိုက်အား သေခြင်းတရား၏ အရိပ်အယောင်များဖြင့် လွှမ်းခြုံထားသည်။
ဟောင်းနွမ်းဆွေးမြည့်နေသော နံရံများပေါ်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် သွေးကွက်များ ပေကျံနေပြီး နံရံတစ်ခုလုံးကို အမြစ်တွယ် ကပ်ငြိနေသော နွယ်ပင်များသည်လည်း ခြောက်သွေ့နေသည့် သစ်ကိုင်းခြောက်များအသွင် ပြောင်းလဲနေပြီ ဖြစ်သည်။ မည်သည့်နေရာကို ကြည့်ကြည့် အရာရာတိုင်းက ပုံမှန်မဟုတ်ပေ။
ချန်ရှောက်ရယ်သည် ကားကို သတိကြီးစွာ ရပ်လိုက်သည်။ ကားခေါင်းကို ထွက်ပေါက်ဘက်သို့ မျက်နှာမူထားခြင်းမှာ ချူဟန်၏ ညွှန်ကြားချက်ကြောင့် ဖြစ်သည်။ ဤဂေဟာတွင် တစ်ခုခု လွဲချော်နေသည်ဟု ချူဟန် ခံစားနေရသဖြင့် အရေးကြုံပါက ချက်ချင်း ထွက်ပြေးနိုင်ရန် ကြိုတင်ပြင်ဆင်ခိုင်းထားခြင်း ဖြစ်သည်။
"သွားမယ်"
ချူဟန်က ချန်ရှောက်ရယ်ကို လေသံတိုးတိုးဖြင့် ပြောလိုက်ပြီးနောက် ပုဆိန်ကို တင်းတင်းဆုပ်ကိုင်ကာ အရှေ့မှ ဦးဆောင်၍ လျှောက်လှမ်းသွားတော့သည်။
ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့၏ ပုံရိပ်များကို မမြင်ရတော့ပေ။ ချူဟန်သည် ချန်ရှောက်ရယ်နှင့်အတူ လက်နှိပ်ဓာတ်မီးဖြင့် ဝန်းကျင်ကို ထိုးကြည့်ရင်း ထိုမိန်းကလေးကို ရှာဖွေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဂေဟာအတွင်းသို့ ဝင်ဝင်ချင်း တွေ့ရသည်မှာ ကျယ်ဝန်းသော ဧည့်ခန်းမကြီး ဖြစ်သည်။
ကြမ်းပြင်ထက်တွင် ရောင်စုံ ကစားကွင်းဖျာများ ခင်းထားခဲ့ဖူးပုံရသော်လည်း ယခုအခါတွင် လုံးဝ ပျက်စီးကြေမွနေပြီး ပုပ်ပွနေသော အသားစများနှင့် ရောနှောကာ မူလပုံသဏ္ဌာန်ပင် မမှတ်မိနိုင်တော့ပေ။
စားပွဲနှင့် ကုလားထိုင်များသည်လည်း မှောက်လဲနေကြပြီး ကျိုးပဲ့နေသော သစ်သားခြေထောက်များမှာ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည်။ နံရံများပေါ်တွင် လူသွေး သို့မဟုတ် ဇွန်ဘီသွေး ဖြစ်မှန်းမသိသော အမည်းရောင် အရည်များ ပေပွနေသည်။
အခန်းထောင့်၌ အရုပ်အချို့ ပြုတ်ကျနေပြီး အဖြူရောင် အရုပ်မလေး၏ မျက်နှာထက်တွင် သွေးများ ပေကျံနေသည်။
ထူးဆန်းသည်မှာ ဇွန်ဘီများ၏ ပုံရိပ်ကို မတွေ့ရသလို လူသေအရိုးစုများကိုလည်း မမြင်ရခြင်းပင်။
သို့သော် ဤခန်းမကြီးအတွင်းရှိ ပျက်စီးယိုယွင်းမှုက ဤနေရာတွင် တစ်ချိန်က ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။
ပထမထပ်ကို ဝေ့ပတ်ကြည့်ရှုပြီးနောက် ချူဟန်နှင့် ချန်ရှောက်ရယ်တို့သည် လှေကားအတိုင်း အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
ဤဂေဟာမှာ သေးငယ်ပြီး နှစ်ထပ်မျှသာ ရှိကာ အခန်းအားလုံးသည် အပေါ်ထပ်၌သာ စုပြုံရှိနေသည်။ ပုံမှန်ဆိုလျှင် သေးငယ်သော အသံဗလံတစ်ခုခုကိုပင် ကြားရမည် ဖြစ်သော်လည်း ယခု အကြွင်းမဲ့ ငြိမ်သက်ခြင်းကသာ လွှမ်းမိုးထားသည်။
မည်သည့်အရာမျှ မရှိချေ။
ဒုတိယထပ်သို့ ရောက်သောအခါ အလင်းရောင် ကင်းမဲ့နေသည့် မှောင်မည်းသော လျှောက်လမ်းကြီး ရှိနေသည်။
ဘေးတစ်ဖက်တစ်ချက်တွင် ကျယ်ဝန်းသော အခန်းနှစ်ခန်းရှိပြီး အတွင်း၌ နှစ်ထပ်ကုတင် အများအပြား စီတန်းလျက် ရှိနေသည်။ ကလေးငယ်များ၏ အိပ်ဆောင် ဖြစ်ဟန်တူသည်။
သို့သော် မည်သည့်အခန်းမဆို ဆိုးရွားစွာ ပျက်စီးနေပြီး ကုတင်ခင်းများမှာ သွေးစွန်းနေခဲ့ပြီ။ ချူဟန်သည် ကုတင်တစ်ခုပေါ်၌ အသက်ရှစ်နှစ်ခန့်ရှိမည့် ကလေးတစ်ယောက်၏ ခြေချောင်းရိုးတစ်ခုကို တွေ့ရှိခဲ့သည်။
‘ဒီနေရာက ကလေးတွေပါ ဇွန်ဘီ ဖြစ်သွားတာလား...’
လက်နှိပ်ဓာတ်မီးဖြင့် အခန်းတွင်းကို ခပ်သွက်သွက် ထိုးကြည့်ပြီးနောက် ချူဟန်သည် အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားသည်။
အစွန်ဆုံးတွင် ရှိနေသည့် နောက်ဆုံးအခန်း။ တံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားသဖြင့် အတွင်း၌ မည်သည့်အရာ ရှိနေသည်ကို မသိနိုင်ပေ။
သို့သော် ဂေဟာတစ်ခုလုံးကို ဝေ့ပတ်ကြည့်ရှုပြီးနောက် မည်သူ့ကိုမျှ မတွေ့ရချေ။ ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့ ဤနေရာသို့ ပြေးဝင်သွားသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအခန်းထဲ၌ သေချာပေါက် ရှိနေရမည်။
သို့သော် အဘယ်ကြောင့် အပ်ကျသံမျှပင် မကြားရသနည်း။
တံခါးရှေ့သို့ ရောက်ချိန်တွင် ချူဟန် ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ၏ သတိထားနေသော အမူအရာကြောင့် ဘေးနားရှိ ချန်ရှောက်ရယ်မှာ အလွန်အမင်း ထိတ်လန့်လာပြီး နှလုံးခုန်နှုန်းမှာ မြန်ဆန်နေပြီ ဖြစ်သည်။
"အစ်... အစ်ကိုကြီး... အဲဒီနှစ်ယောက် ဇွန်ဘီ အစားခံလိုက်ရပြီ ထင်တယ်..."
ချန်ရှောက်ရယ်၏ စကားကြောင့် တံခါးဖွင့်ရန် ပြင်နေသော ချူဟန်၏ လက်များ တုံ့ခနဲ ရပ်တန့်သွားသည်။
"အစားခံရတယ်… ဘယ်သူ့ကိုလဲ"
ချူဟန်သည် ချန်ရှောက်ရယ်၏ အတွေးကို လုံးဝ နားမလည်နိုင်တော့ပေ။
ချန်ရှောက်ရယ်သည် တံတွေးကို ဂလုခနဲ မျိုချလိုက်ရင်း ရှေ့မှတံခါးကို စိုက်ကြည့်နေမိသည်။ သူ ဘာမှ ဆက်မပြောရဲတော့ပါ။
ဂျောက်...
တံခါးလက်ကိုင် ပွင့်သွားသည်။ ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်ရှောက်ရယ်၏ ဝတုတ်သော ခန္ဓာကိုယ်ကြီးမှာ တုန်တက်သွားပြီး ဆူဖြိုးလှသော အဆီပြင်များမှာလည်း လှိုင်းထသကဲ့သို့ လှုပ်ခါသွားတော့သည်။
ချူဟန်ကား အခန်းတွင်းသို့ ခြေစုံပစ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ရှောက်ရယ်သည် ချူဟန်၏ ကျောပြင်ကို ကြည့်ကာ ခြောက်ခြားဖွယ် ကောင်းသော ပတ်ဝန်းကျင် မြင်ကွင်းကို တစ်ဖန် ဝေ့ကြည့်လိုက်ပြန်သည်။ ထို့နောက် အလျင်စလိုပင် ချူဟန်နောက်သို့ ကပ်ပါသွားသည်။ မည်သို့ပင်ဆိုစေ အစ်ကိုချူဟန်အနားတွင် နေခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်သည်။
ထူးဆန်းသော လမင်းနီကြီး၏ အလင်းတန်းသည် မှန်ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေပြီး ပြောင်လက်နေသော ကြွေပြားကြမ်းပြင်ထက်တွင် ရောင်ပြန်ဟပ်နေသည်။ အခန်းတွင်းမှာ ထင်သလောက် မမှောင်မည်းပေ။
ဤနေရာသည် အတော်ပင် ကျယ်ဝန်းပြီး အလားတူ ပျက်စီးနေသည်။ အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ကြမ်းပြင်ထက်၌ ပြန့်ကျဲနေသော်လည်း အခြားနေရာများနှင့် နှိုင်းယှဉ်ပါက များစွာ သန့်ရှင်းနေ၏။ ကြမ်းပြင် ကြွေပြားများမှာ တစ်စုံတစ်ယောက်က သုတ်သင် ရှင်းလင်းထားသလို ရှိနေသည်။
မျက်နှာချင်းဆိုင်တွင် ဟောင်းနွမ်းနေသော ရုံးစာပွဲတစ်ခု ရှိပြီး ၎င်းအပေါ်၌ စာရွက်စာတမ်းများနှင့် စာအုပ်များ ပုံလျက် ရှိနေသည်။ နံရံဘေးတွင် မြင့်မားသော စာအုပ်စင် နှစ်ခု ရှိနေကာ အဖြူရောင် လိုက်ကာကြီးမှာ ပြုတ်ထွက်လျက် ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ပစ်ချထားသည်။
ချူဟန်သည် လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ပြီး ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
"အား... သရဲ သရဲထွက်လာပြီဗျို့"
ချန်ရှောက်ရယ်က အော်ဟစ် လိုက်လေသည်။ အခန်းထဲ ဝင်ဝင်ချင်းမှာပင် ကြောက်စိတ်ကို မအောင့်နိုင်တော့ဘဲ ချူဟန်၏ ကျောပြင်နောက်သို့ ကပ်ကာ ပုန်းအောင်းနေတော့သည်။
ချူဟန်မှာ စိတ်ပျက်လက်ပျက်ဖြင့် မျက်ဖြူလန်ပြလိုက်သည်။။ ဤကမ္ဘာတွင် သရဲဟူ၍ မရှိချေ။ ရှေ့တွင် ရှိနေသည်မှာ ဇွန်ဘီ သို့မဟုတ် လူသား သာ ဖြစ်ရမည်။
"ရှူး..."
လော့ရှောင်ရှောင်က ချန်ရှောက်ရယ်ကို စိုက်ကြည့်ကာ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံမျှဖြင့် ဆဲဆိုလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း၊ ငတုံးကောင်"
ရှန်ကျိုတီကလည်း ချန်ရှောက်ရယ်ကို အလားတူ စူးစိုက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် တင်းမာသော မျက်နှာပေးဖြင့် အရှေ့ကိုသာ အာရုံစိုက်လိုက်တော့သည်။
ထိုနေရာတွင် ထိုင်နေသည်မှာ မိန်းကလေးတစ်ဦး ဖြစ်သည်။
သို့မဟုတ် အမျိုးသမီး ဇွန်ဘီများလား။
သူမသည် အဖြူရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အသားအရေမှာ ထူးဆန်းလောက်အောင် ဖြူဆွတ်နေပြီး နုနယ်ချောမွေ့ကာ လှပလွန်းလှသည်။ ဖိနပ်မပါသော ခြေဖဝါးလေးများမှာ သေးသွယ်လှပနေသည်။
သူမသည် ဒူးနှစ်ဖက်ကို ပိုက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ပိန်ပါးသော ကျောပြင်ကို ရုံးစာပွဲတွင် မှီထားသည်။ ခါးအထိ ရှည်လျားသော ဆံကေသာ အနက်ရောင်မှာ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ်၏ ထက်ဝက်ကျော်ကို ဖုံးအုပ်ထားသည်။ သူမသည် ခေါင်းငုံ့ကာ မျက်နှာကို ဒူးနှစ်ဖက်ကြားတွင် ဝှက်ထားသည်။
ဒူးပေါ်တွင် ပူးကပ်ထားသော လက်မောင်းနှစ်ဖက်က သူမ၏ မျက်နှာကို ကွယ်ထားခြင်း ဖြစ်၏။
ထို့ပြင် သူမ၏ လက်ထဲမှ အရည်များက တစ်ပေါက်ချင်းစီ တောက်တောက်ကျနေပြီး ကြမ်းပြင်ပေါ်၌ ရေအိုင်ငယ်လေးတစ်ခု ဖြစ်တည်နေသည်။
ထိုအရာက အမည်းရောင် သွေးများပင်။
သူမ၏ လက်ဖဝါးများတွင် သွေးများနှင့် ပုပ်ပွနေသော အသားစများ ပေကျံနေသဖြင့် မူလအသားအရေဟူ၍ အနည်းငယ်မျှပင် မကျန်ရှိတော့ချေ။
ချူဟန်၏ အကြည့်က ထိုလက်ဖဝါးများထက်တွင် အချိန်အတော်ကြာ ကပ်ငြိသွားပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။
ဤမိန်းကလေး၏ အသားအရေမှာ လွန်စွာ ဖြူလွန်းနေသည်။ မည်သို့ပင်ဆိုစေ ဖြူဖျော့လွန်းနေခြင်း ဖြစ်သည်။ ယခုအခါ ညအချိန် ဖြစ်ရုံမက အလင်းရောင်လည်း မလုံလောက်သဖြင့် သူမသည် လူသားလား ဇွန်ဘီလား ဆိုသည်ကို ဝေခွဲမရနိုင်သေးပေ။
"၁၃..."
ရုတ်တရက် ရှန်ကျိုတီက ညင်သာစွာ ခေါ်လိုက်သည်။ ချူဟန်အနေဖြင့် သူမ၏ နှုတ်မှ ဤမျှ နူးညံ့ပြီး ဂရုတစိုက်ရှိလှသော လေသံမျိုးကို ကြားဖူးခြင်းမှာ ပထမဆုံးပင် ဖြစ်၏။
"ငါတို့နဲ့ တူတူ လိုက်ခဲ့မလား"
ရှန်ကျိုတီ၏ အသံကို ကြားရသောအခါ ဂါဝန်ဖြူနှင့် မိန်းကလေးသည် စက်ရုပ်တစ်ရုပ်အလား လှုပ်ရှားလာပြီး လက်ချောင်းများကို စည်းချက်ကျကျ လှုပ်ရှားလိုက်သည်။
ထိုလှုပ်ရှားမှုကို မြင်လိုက်ရသည့် ခဏ၌ ချန်ရှောက်ရယ်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်သွားတော့သည်။ လှုပ်ရှားမှုက စက်ရုပ်ဆန်လွန်းလှ၏။ နှစ်ပေါင်းများစွာ ပစ်ထားရသော စက်ပျက်ကြီးတစ်ခုအလားပင်။ ရှေ့က ကောင်မလေးသည် သေချာပေါက် ဇွန်ဘီသာ ဖြစ်ရမည်။
ချန်ရှောက်ရယ် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ဂါဝန်ဖြူနှင့် မိန်းကလေးက ထပ်မံ လှုပ်ရှားလာပြန်သည်။
ယခုတစ်ကြိမ်တွင် စက်ရုပ်မဆန်တော့ပေ။ သူမသည် ဖြည်းညင်းစွာ ခေါင်းခါပြလိုက်ခြင်း ဖြစ်သည်။ ရှည်လျားသော ဆံကေသာ အနက်ရောင်များမှာ လှိုင်းပမာ ယိမ်းနွဲ့သွားပြီး အသက်ရှူမှားလောက်အောင် သဘာဝကျပြီး လှပလွန်းလှသည်။
‘ဒီမိန်းကလေးက ၁၃ ဆိုတာလား’
ချူဟန် အံ့ဩတုန်လှုပ်စွာ မျက်လုံးပြူးသွားသည်။ သူမကို မိန်းကလေး ဟု သုံးနှုန်းလိုက်ရ ခြင်းမှာ ရုပ်သွင်က အလွန်နုနယ်လွန်းသောကြောင့် ဖြစ်သည်။ အသက် ဆယ့်ခုနစ်နှစ် အရွယ်ခန့်သာ ရှိဦးမည်။
အသက်ရှင်ကျန်ရစ်သူ မရှိသော ဂေဟာ၏ ကြမ်းပြင်ထက်တွင် တစ်ကိုယ်တည်း ထိုင်နေသည့် မိန်းကလေးငယ်ကို ကြည့်ရင်း ချူဟန်၏ ရင်ထဲ၌ သနားဂရုဏာစိတ် အနည်းငယ် ရိပ်ခနဲ ဖြစ်ပေါ်လာသည်။
"မလိုက်ဘူးလား..."
ရှန်ကျိုတီသည် စိတ်ပျက်လက်ပျက်ဖြင့် ချူဟန်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာ ခြေတစ်လှမ်း တိုးလိုက်သည်။ အနားသို့ချဉ်းကပ်ကာ ဖျောင်းဖျရန် ကြံရွယ်ခြင်း ဖြစ်သည်။
သို့သော် ရှန်ကျိုတီ၏ ထိုလှုပ်ရှားမှုက ၁၃ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
မိမိ၏ နယ်မြေအတွင်းသို့ ကျူးကျော်သူ ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသကဲ့သို့ သူမသည် ခေါင်းမော့ကြည့်လိုက်တော့သည်။
ရေခဲတိုက်ပမာ အေးစက်နေသော မျက်ဝန်းတစ်စုံ။ ထို့နောက် အရိုးအဆစ်များအထိ အေးခဲသွားစေလောက်သော အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာတော့သည်။
"ထွက်သွားစမ်း"
ခေါင်းမော့လာသော ထိုမိန်းကလေး၏ အသက်ရှူမှားလောက်စရာကောင်းသော အလှတရားကို မြင်လိုက်ရသည့် ခဏ။
ချူဟန်၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ရင်သွားပြီး မယုံကြည်နိုင်ခြင်းများဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
‘သူမက ဘာလို့ ဒီမှာ ရှိနေတာလဲ’