← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) ရုတ်တရက် ဖြစ်ပေါ်လာခြင်း

"မြန်မြန်လုပ်စမ်း... မြန်မြန်လုပ်... အပျင်းမထူကြနဲ့"

စူပါမားကတ်အတွင်း၌ ကျိုးစုန့်လိသည် သေနတ်ကို ပခုံးပေါ် တင်ထားလျက် သူကာကွယ် ပေးထားသော အသက်ရှင်ကျန်ရစ်သူများကို အော်ဟစ်ဆဲဆိုကာ အလုပ်လုပ်ခိုင်းနေသည်။

သူက ထိုလူများကို စားနပ်ရိက္ခာများ တစ်နေရာတည်း စုပုံခိုင်းကာ စူပါမားကတ်အတွင်း သန့်ရှင်းရေး လုပ်ခိုင်းနေသည်။ အနီးအနားရှိ ဇွန်ဘီများသည် အစာဖြင့် မျှားခေါ်ခံလိုက်ရသဖြင့် အခြားသို့ ရောက်သွားကြပြီ ဖြစ်သည်။ ဤနေရာသည် ဘေးကင်းလုံခြုံရုံသာမက ထောက်ပံ့ရေး ပစ္စည်းများလည်း ပေါများလှသဖြင့် သူက ဤနေရာကို ခြေကုပ်စခန်းအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။

ကုန်တင်ကားငယ်ဖြင့် ဇွန်ဘီများကို သွားရောက်မျှားခေါ်သူများအကြောင်းကို သူ၏ မှတ်ဉာဏ်ထဲမှ မေ့ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုသူများ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ ပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အတူတူပင်။ အမှန်တော့ ပြန်မလာလျှင် ပို၍ပင် ကောင်းသေးသည်။ တန်ဖိုးရှိသော အစားအစာများ အလဟဿ ကုန်ကျမည့်ဘေးမှ ကင်းဝေးသွားမည် မဟုတ်ပါလား။

သူ ကိုယ်တိုင်သတ်ဖြတ်ခဲ့သော အမျိုးသား၏ အလောင်းကို အခြားသူများ ကြောက်လန့်စေရန် အဝင်ပေါက်ရှေ့၌ ဆွဲချိတ်ထားသည်။ သွေးများက ကြမ်းပြင်ထက်တွင် အိုင်နေသည်။ ထိုအလောင်းကောင်နံ့ကြောင့် မရေမတွက်နိုင်သော ယင်ကောင်များ အုံခဲပျံသန်းနေသည်။ ဇောက်ထိုးဆွဲချခံထားရသော အလောင်းကြီး ယိမ်းထိုးလှုပ်ရှားသွားတိုင်း အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ပိုင်းဆိုင်ရာကို အဆုံးစွန်ထိ ခြိမ်းခြောက်နေလေသည်။

ဤသည်မှာ အကြောက်တရား သွတ်သွင်းခြင်းပင်။ သူ့ကို ဆန့်ကျင်လျှင် ဤကဲ့သို့ အသတ်ခံရမည်ကို အရိုးထဲစွဲသွားသည်အထိ သိစေရန် လိုအပ်ပေသည်။

တစ်ချိန်က ချူဟန် အဝင်ပေါက်ကို ပိတ်ဆို့ရန် ထားရစ်ခဲ့သော G55 ကားကြီးကို အပျက်အစီးများကြားမှ ဆွဲထုတ်ထားပြီး ပြောင်လက်နေအောင် တိုက်ချွတ်ဆေးကြောထားသည်။ ကားကိုယ်ထည်ပေါ်ရှိ ပွတ်တိုက်မိသော အရာအချို့နှင့် ကွဲအက်နေသော နောက်ကြည့်မှန်မှလွဲ၍ ကားသစ်တစ်စီးအလား တောက်ပနေ၏။

အလွန် တန်ဖိုးကြီးမားသော ကားတစ်စီး ဖြစ်သည်။ ယခင်ခေတ်ဟောင်းကာလကဆိုလျှင် တစ်သက်လုံး ရှာဖွေလျှင်ပင် ဝယ်ယူနိုင်မည်မဟုတ်သော အရာက ယခု လွယ်လွယ်ကူကူဖြင့် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ။

ကျိုးစုန့်လိ၏ စိတ်ထဲတွင် ချူဟန်၏ မျက်နှာကို မြင်ယောင်လာပြီး ပြင်းထန်စွာ ကျိန်ဆဲလိုက်မိသည်။

‘ခွေးကောင်၊ အဲဒီကောင်က ဘာလို့ ဒီလိုကားကောင်းကြီး စီးပြီး ဒီလောက်လှတဲ့ မိန်းမကို ခေါ်ထားနိုင်ရတာလဲ... ခနပါပဲ။ မကြာခင် အရာအားလုံး ငါ့ပိုင်ဆိုင်မှုတွေ ဖြစ်လာတော့မှာပါ'

ကျိုးစုန့်လိသည် G55 ကားပေါ်ရှိ ပွတ်တိုက်မိသော ခြစ်ရာများကို နှမြောတသစွာ ပွတ်သပ်လိုက်သည်။

သူသည် ဤကားကို မိမိပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ကားပေါ်တွင် ခြစ်ရာအသေးစားလေးတစ်ခု ထင်သွားသည်ကိုပင် လုံးဝ သည်းမခံနိုင်အောင် ဖြစ်နေမိတော့သည်။

"ငါ့ကားကို ဒီလောက်တောင် ခြစ်ရာတွေ အများကြီး ဖြစ်အောင် လုပ်ထားရသလား"

"ဒါ...ဘာအသံကြီးလဲ"

ရုတ်တရက် အမျိုးသားတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် ချွေးများ ရွှဲနစ်နေလျက် ပျာယာခတ်စွာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"လုပ်စရာရှိတာလုပ်စမ်း... အပျင်းလာမထူနဲ့"

ကျိုးစုန့်လိက ထိုအမျိုးသား၏ ကျောပြင်ကို ပြင်းထန်စွာ ကန်လိုက်သည်။ ဤနေရာတွင် ရေသုံးစွဲခွင့်ရှိသူမှာ သူတစ်ဦးတည်းသာ ဖြစ်သည်။ အခြားသူများမှာ ကိုယ်လက်သန့်စင်ခွင့် မရှိသလို သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ခွင့်လည်း မရှိပေ။

"တကယ်ပဲ အသံကြားနေရတာဗျ။ အများကြီးပဲ"

ကန်ခံရသော အမျိုးသားမှာ ငြိမ်ကျသွားခြင်း မရှိဘဲ ပိုမို ထိတ်လန့်သွားကာ ရူးသွပ်နေသူတစ်ဦးအလား ထွက်ပြေးရန် ပြင်တော့သည်။

"ဟာ... ဟုတ်တယ်... တကယ်ကြားနေရတယ်"

"ငါလည်း ကြားတယ်"

"ဘာအသံကြီးလဲ"

"ဇွန်ဘီတွေလား..."

"အား... ဇွန်ဘီတွေ"

"ဇွန်ဘီအုပ်ကြီး လာနေတဲ့အသံပဲ"

စူပါမားကတ်အတွင်း၌ ချက်ချင်းပင် ငရဲခန်းအလား ဆူညံပွက်လောရိုက်သွားသည်။

လူအားလုံး အပူဟပ်ခံရသော ပုရွက်ဆိတ်များပမာ ဟိုပြေးဒီလွှား လုပ်ကြတော့သည်။ သေသေချာချာ စီစဉ်ထားသော ပစ္စည်းပုံကြီးမှာ အတိုက်ခံရသဖြင့် ပြိုကျသွားသည်။ ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားသော စားနပ်ရိက္ခာများအပေါ်သို့ ရွှံ့ဗွက်ပေနေသော ဖိနပ်များဖြင့် နင်းမိကြရာ မျက်စိတစ်မှိတ်အတွင်း စူပါမားကတ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။

"ပါးစပ်ပိတ်ထားကြစမ်း"

ကျိုးစုန့်လိ၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

တစ်ပြိုင်နက်တည်းမှာပင် ရိုင်ဖယ်ကို မျက်နှာကြက်ဆီသို့ ချိန်ရွယ်၍ ဆက်တိုက် ပစ်ခတ်လိုက်သည်။

“ဒီ အမှိုက်ကောင်တွေကများ ငါ့အမိန့်ကို ဖီဆန်ပြီး ငါ့ပစ္စည်းတွေကို ဖျက်ဆီးရဲတယ်ပေါ့”

သေနတ်သံကြောင့် လူအုပ်ကြီး ငြိမ်ကျသွားသည်။ အားလုံးက ကြောက်လန့်တကြား ခေါင်းငိုက်လျက် ခွေခွေလေး ထိုင်ချလိုက်ကြပြီး မည်သူမျှ အသံမထွက်ရဲကြတော့ပေ။

"မင်းတို့ကောင်တွေ သေချင်နေတာလား"

သူသည် သွေးရဲနေသော မျက်လုံးများဖြင့် အသက်ရှင်ကျန်ရစ်သူများဘက်သို့ သေနတ်ပြောင်းဝကို ချိန်ရွယ်လိုက်သည်။

"ငါကိုယ်တိုင်……"

သို့သော် သူ၏စကားသံ ရုတ်တရက် ပြတ်တောက်သွားသည်။

ခြောက်ခြားဖွယ်ကောင်းပြီး သူတို့ နားရည်ဝနေသည့် အသံကြီးက အဝေးမှနေ၍ ဤနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။

တဖြည်းဖြည်းနှင့် ထိုအသံက ပိုမို ကျယ်လောင်လာကာ အသံပေါင်းများစွာ ထပ်တူကျလာပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် နားစည်ကွဲမတတ် ဆူညံသော ဟိန်းဟောက်သံကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုအရာက...ဇွန်ဘီအုပ်ကြီးပင်။

မရေမတွက်နိုင်သော ဇွန်ဘီများ စုရုံးလာချိန်တွင်သာ ထွက်ပေါ်လာတတ်သည့် သေမင်းတမန် ခြေသံကြီး ဖြစ်၏။

"ဇွန်ဘီတွေ"

ကျိုးစုန့်လိက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် မိမိပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပြန်ပိတ်လိုက်သည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား အရှေ့တွင်ရှိနေသူများကို ရူးသွပ်စွာ ထိုးကြိတ် ဆောင့်ကန်တော့သည်။ ဆယ်ကျော်သက် ကောင်လေးတစ်ဦး၏ မျက်နှာကိုပင် ရက်စက်စွာ ဆောင့်ကန်ပစ်လိုက်သည်။

"မြန်မြန်လုပ်။ အပေါက်ဝက အလောင်းကို အဝေးမှာ သွားပစ်လိုက်"

သူက ရူးရူးသွပ်နေသူ တစ်ဦးပမာ အော်ဟစ်စေခိုင်းလိုက်သည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ အပြင်သို့ မထွက်ရဲကြပေ။ အပြင်ဘက်တွင် ဇွန်ဘီအုပ်ကြီး ရှိနေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးသံရဲရဲ အလောင်းကြီးကို သွားပစ်ခိုင်းခြင်းမှာ ရူးမိုက်လွန်းလှသည်။ ဇွန်ဘီများတွင် အနံ့ခံနိုင်စွမ်း ရှိသည်။ ထိုသို့ သွားလုပ်ပါက အရှင်လတ်လတ် အစားခံရမည်မှာ သေချာပေါက်ပင်။

လူတိုင်းက ကျိုးစုန့်လိကို ရန်ငြိုးဖွဲ့ထားသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ မည်သို့ပင်ဖြစ်စေ သေရမည့်အတူတူ နောက်ဆုံးအချိန်၌ ဤလူယုတ်မာ၏ အလိုကျ မလုပ်ပေးနိုင်ပေ။

တောက်... ငါတို့လက်ထဲမှာ ဘာလို့ သေနတ် မရှိရတာလဲ။

"မသွားဘူးပေါ့လေ"

ကျိုးစုန့်လိ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏အကြည့်က G55 ကားဆီသို့ ရောက်သွားသည်။

သူက သေနတ်ပြောင်းဝကို ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသား တစ်ဦး၏ ခေါင်းဆီသို့ လျင်မြန်စွာ ချိန်ရွယ်လိုက်သည်။

"မင်း... ပစ္စည်းတွေ သယ်စမ်း။ မြန်မြန်လုပ်။ မင်းကော... မင်းကောပဲ။ ရိက္ခာတွေအကုန်လုံး ငါ့ကားပေါ် တင်စမ်း။ မလုပ်ရင် အခုချက်ချင်း သတ်ပစ်မယ်"

ထို့နောက် သူက ဆက်ပြောလိုက်သည်။

"တင်ပြီးရင် ကျန်တဲ့ ရိက္ခာတွေ မင်းတို့ကို ပေးခဲ့မယ်။ တခြားကားတွေကိုလည်း လွတ်လွတ်လပ်လပ် သုံးခွင့်ပေးမယ်။ ပြေးချင်တယ် မလား။ ဒါဆို မြန်မြန် လှုပ်ရှားကြစမ်း"

ဤနည်းလမ်းမှာ ချက်ချင်း အလုပ်ဖြစ်သွားသည်။ အသက်ရှင်ရန် အခွင့်အရေး ရှိသည်ဟု ကြားလိုက်သည်နှင့် လူအားလုံး ဘာမျှမတွေးတော့ဘဲ တက်ညီလက်ညီ လှုပ်ရှားကြတော့သည်။

ကတ်ထူဖာများထဲမှ စားနပ်ရိက္ခာများ G55 ၏ ကားနောက်ဖုံးအတွင်းသို့ ကြမ်းတမ်းစွာ ပစ်ထည့်လိုက်သည်။ ရှုပ်ယှက်ခတ်နေသည့် ကြားထဲ မိမိတို့စီးမည့် ကားများပေါ်သို့ ရိက္ခာများ ခိုးဝှက်တင်ဆောင်သူများလည်း ရှိကြသော်လည်း ကျိုးစုန့်လိမှာ ဂရုမစိုက်နိုင်တော့ဘဲ ယာဉ်မောင်းခုံပေါ်သို့ တက်သွားခဲ့ပြီ။ တစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ ဤနေရာမှ အမြန်ဆုံး ထွက်ပြေးချင်နေပြီ ဖြစ်သည်။

စူပါမားကတ်အပြင်ဘက် လမ်းမထက်တွင် အရပ်မျက်နှာ အသီးသီးမှ မရေမတွက်နိုင်သော ဇွန်ဘီများ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာနေကြသည်။

မျက်စိတစ်ဆုံး မြင်ကွင်းတစ်ခုလုံး ရွံရှာဖွယ်ရာ ဇွန်ဘီအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ လမ်းမများစွာမှာ ကွက်လပ်မကျန် ပိတ်ဆို့သွားပြီး အမည်းရောင် လှိုင်းလုံးကြီးအလား ရိုက်ခတ်လာသည်။ လမ်းတစ်လျှောက်ရှိ အတားအဆီးအားလုံး ရိုက်ချိုးခံရကာ အပြင်ဘက်သို့ တွန်းထုတ်ခံရသော ဇွန်ဘီများသည် နံရံများနှင့် ဖိကြိတ်ခံရသော်လည်း နာကျင်မှုဟူ၍ မရှိသဖြင့် ရှေ့သို့သာ ဆက်လက် တိုးဝင်လာကြသည်။

ဤဇွန်ဘီ အရေအတွက်ကို ခန့်မှန်းရန်ပင် မဖြစ်နိုင်တော့ချေ။

မကြာမီ ထိုဇွန်ဘီအုပ်ကြီးသည် စူပါမားကတ် အဝင်ပေါက်မှ လွင့်ပျံလာသော ပြင်းထန်သည့် သွေးနံ့ကို အနံ့ခံမိသွားကြသည်။ အချင်းချင်း အချက်ပြလိုက်သည့်အလား ဇွန်ဘီအားလုံး ဤနေရာသို့ ချက်ချင်း ဦးတည်လာကြပြီ။

"မြန်မြန်လုပ် မြန်မြန်"

ကျိုးစုန့်လိက အော်ဟစ်ရင်း လက်ထဲရှိ ရိုင်ဖယ်ကို ရမ်းသန်း ပစ်ခတ်လိုက်သည်။

'တောက်... ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပစ္စည်းတွေ ခိုးနေတဲ့ကောင်တွေ ရှိသေးတယ်'

လတ်ဆတ်သော အလောင်းကောင်နှင့် သွေးနံ့တို့က ဇွန်ဘီများကို ပို၍ပင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဇွန်ဘီအုပ်ကြီးမှာ မျက်စိရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး အချို့က စူပါမားကတ်အတွင်းသို့ အတင်း တိုးဝင်လာကြသည်။ ထို့နောက် ဝင်ပေါက်တွင် ဆွဲချိတ်ထားသော အလောင်းကောင်ဆီသို့ အပြုံလိုက် ခုန်အုပ်သွားကာ ရူးသွပ်နေသည့်အလား ကိုက်ဖြတ် ဆွဲဖြဲကြတော့သည်။

ပေါင်တံကြီးမှာ အရင်းမှနေ၍ ပြတ်ထွက်သွား၏။ အသိအာရုံ လုံးဝမရှိသော ဇွန်ဘီများသည် ခြေချောင်းများကိုပင် တစ်ထိုင်တည်း ဝါးမျိုပစ်ကြသည်။ ထို့နောက် ကလီစာများ ဆွဲထုတ်ခံရပြန်သည်။ အူလမ်းကြောင်းအတွင်း၌ အသက်ရှင်စဉ်က ချေဖျက်မရသေးသော စိမ်းဝါရောင် အညစ်အကြေးများ ပြည့်နှက်နေပြီး ပြင်းထန်သော အပုပ်နံ့များ ထွက်ပေါ်နေသော်လည်း ဆာလောင်နေသော ဇွန်ဘီများက ဂရုမစိုက်နိုင်ဘဲ အသားစများကို အသေအလဲ လုယက်စားသောက်ကြသည်။

ထိုမြင်ကွင်းကြောင့် ကျိုးစုန့်လိ၏ မျက်နှာမှာ အကြောက်တရားဖြင့် ဖြူရော်သွားတော့သည်။ သူ ဇွန်ဘီများကို အမှန်တကယ် ကြောက်ရွံ့ကြောင်း ဝန်မခံ၍ မရတော့ပေ။

ဝူး...

ကားနောက်ဖုံး ပိတ်သည်ကိုပင် မစောင့်တော့ဘဲ ကျိုးစုန့်လိက လီဗာကို အဆုံးထိ နင်းချလိုက်သည်။ G55 ကားကြီးသည် အရှိန်ပြင်းပြင်းဖြင့် ရုန်းထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဇွန်ဘီအချို့ကို တိုက်ချကာ ဇွန်ဘီအုပ်ကြီးကြားမှ အတင်းထိုးဖောက် ထွက်ပြေးတော့သည်။

ကားရုတ်တရက် ထွက်လိုက်သည့် အရှိန်ကြောင့် ကားနောက်ဖုံးပေါ် တင်ထားသော ရိက္ခာများမှာ အပြင်ဘက်သို့ ဒလဟော ပြုတ်ကျကုန်သည်။ မက်မောဖွယ် စားနပ်ရိက္ခာဖာများ ကြမ်းပြင်ထက်၌ ပြန့်ကျဲသွားပြီး G55 ကားပေါ်တွင် တစ်ခုမျှ မကျန်ရစ်တော့ချေ။

သို့သော် ယခုအချိန်တွင် ကျိုးစုန့်လိသည် ထိုကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။

သူက လီဗာကိုသာ ဆက်တိုက် နင်းထားလိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် အရှေ့မှ ပိတ်ဆို့နေသော အတားအဆီး မှန်သမျှကို အားကုန်သုံးကာ တိုက်ထုတ်ပစ်သည်။ သူသည် ရူးသွပ်နေသူ တစ်ဦးပမာ လီဗာကို ဆက်တိုက် နင်းထား၏။ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်နှုန်းပင်။ အတားအဆီးများ ရှိနေပါစေ ဂရုမစိုက်ဘဲ အတင်းအဓမ္မ ဝင်တိုက်ကာ မောင်းနှင်သွားတော့သည်။

စူပါမားကတ် အတွင်း၌ ကျန်ရစ်ခဲ့သူများမှာလည်း အလားတူပင် အသည်းအသန် ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းကြတော့သည်။ ကားများမှာ အရှိန်ပြင်းပြင်းဖြင့် တစ်စီးပြီးတစ်စီး ထွက်ပြေးသွားကြပြီး ဇွန်ဘီများ ပြည့်နှက်နေသော လမ်းမကြီးများပေါ်၌ ရမ်းသန်း မောင်းနှင်သွားကြလေတော့သည်။

All Chapters