← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) ထပ်မံ ပေါ်ပေါက်လာသော ဇွန်ဘီလှိုင်းလုံးကြီး

ထုံမြို့လယ်ခေါင်။ ချူဟန်တို့အဖွဲ့သည် ကားကို မောင်းနှင်လျက် မိဘမဲ့ဂေဟာမှ ထွက်ခွာလာကြသည်။

သူတို့သည် ထိုဂေဟာတွင် ညအိပ် အနားယူခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ညဘက် ခရီးသွားခြင်းက နေ့ဘက်ထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်များသောကြောင့် ဖြစ်သည်။

သို့သော် ချန်ရှောက်ရယ်မှာ တစ်ညလုံး အိပ်မက်ဆိုးများဖြင့် လန့်နိုးနေခဲ့ရှာသည်။ သူသည် ပိုင်ယွန့်အာဆိုသည့် မိန်းကလေးကို လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး မျက်နှာမြင်သည်နှင့် ချက်ချင်း ထွက်ပြေးချင်စိတ်များ ပေါက်လာသည်အထိပင် ဖြစ်သည်။

မိုးလင်းသွားသော်လည်း ပိုင်ယွန့်အာ၏ စိတ်အခြေအနေမှာ တည်ငြိမ်မှု မရှိသေးပေ။ ချူဟန်နှင့် ရှန်ကျိုတီတို့သည် သူမနှင့်အတူ ကားနောက်ခန်းတွင် လိုက်ပါလာခဲ့ကြသည်။ အကြောင်းရင်းမှာ သူမကို စောင့်ကြည့်ရန် ဖြစ်သော်လည်း အမှန်တကယ်တွင် ချူဟန်မှလွဲ၍ သူမအနားသို့ မည်သူမျှ မကပ်ရဲကြခြင်းက အဓိကအကြောင်းရင်း ဖြစ်သည်။

ချန်ရှောက်ရယ်က သေရမယ်ဆိုရင်တောင် အဲဒီမိန်းကလေးနဲ့ တစ်ခန်းတည်း အတူမနေနိုင်ကြောင်း အခိုင်အမာ ငြင်းဆန်ကာ ယာဉ်မောင်းခုံ၌သာ အာရုံစူးစိုက်၍ ကားစတီယာရင်ကို ကိုင်တွယ်နေသည်။

လော့ရှောင်ရှောင်၏ လုပ်ရပ်က ပို၍ပင် ပြတ်သားသေးသည်။ ဂေဟာမှ ထွက်ထွက်ချင်းမှာပင် ခေါင်းခန်းသို့ ခုန်တက်သွားပြီး ထိုင်ခုံခါးပတ်ကို တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်ခြင်းဖြင့် သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဖော်ပြနေသည်။

မှောင်မိုက်နေသော ကားနောက်ခန်းတွင်...

ပိုင်ယွန့်အာသည် ထိုအဖြူရောင် ဂါဝန်လေးကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး သွေးများ ပေကျံနေသော လက်နှစ်ဖက်ကိုလည်း ပြောင်စင်အောင် ဆေးကြောထားပြီး ဖြစ်သည်။ သူမ တိတ်ဆိတ်စွာ ထိုင်နေသည်။ ရှည်လျားသော ဆံကေသာ အနက်ရောင်များက မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားပြီး သေးသွယ်လှပသော နှာတံလေးကိုသာ မြင်နေရ၏။ ဖြူဖွေး သန့်စင်နေသော သူမ၏ ပုံစံမှာ အန္တရာယ်မပေးနိုင်သည့် ယုန်ဖြူလေးတစ်ကောင်ပမာ ရှိနေသည်။

သို့သော် တစ်ခန်းတည်း အတူရှိနေသော ချူဟန်နှင့် ရှန်ကျိုတီတို့က ဤမိန်းကလေးကို အပြင်ပန်းကြည့်ရုံဖြင့် အထင်မသေးသင့်ကြောင်း ကောင်းစွာ သိရှိထားကြသည်။

"ငါတို့ အခု ဘယ်ကို သွားကြမှာလဲ"

ရှန်ကျိုတီက စကားစလိုက်သည်။ တိတ်ဆိတ်နေမှုကို ဖြိုခွဲရန် သက်သက် ပြောလိုက်ခြင်း ဖြစ်သည်။

အပြစ်ဆို၍ မရပါ။ ကားနောက်ခန်းရှိ ထူးဆန်းသော လေထုကြီးကို သူမ လုံးဝ သည်းမခံနိုင်တော့ပေ။

အလွန် တိတ်ဆိတ်လွန်းလှသည်။ သုံးနာရီကြာသည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ စကားမဟကြချေ။ ပိုင်ယွန့်အာက ရုပ်တုတစ်ခုအလား ငြိမ်သက်စွာ ထိုင်နေပြီး ထိုအရာက ရှန်ကျိုတီ၏ စိတ်ကို တဖြည်းဖြည်း ရိုက်ချိုးနေသကဲ့သို့ပင်။

"အရင်ဆုံး ကားပြန်ယူမယ်။ ပြီးရင် မြို့ထဲကနေ ထွက်မယ်"

ချူဟန်သည် အမဲသားခြောက်ကို ဝါးရင်း ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

ဤကားနောက်ခန်း၏ ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာများဖြင့် ပြည့်နှက်နေသည်။ ချူဟန်သည် ထုံမြို့၏ ပထဝီအနေအထားကို ကောင်းစွာ မသိရှိသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အစီအစဉ် နှစ်ခု ဆွဲထားခြင်း ဖြစ်သည်။ ရိက္ခာများကို သယ်နိုင်သမျှ အကုန်သယ်ဆောင်ထားသည်။ နောက်တစ်စက္ကန့်တွင် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပါချေ။

သူ့အတွက် ရိက္ခာအမြောက်အမြား တင်ဆောင်နိုင်သော ဤကုန်တင်ကားလေး၏ တန်ဖိုးက တောင့်တင်းခိုင်မာသော G55 ကားကြီးထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည်။

"ဘောစ်"

ရုတ်တရက် အရှေ့ခန်း ယာဉ်မောင်းခုံမှ ချန်ရှောက်ရယ်၏ အသံ ထွက်ပေါ်လာသည်။

ချူဟန် အံ့အားသင့်သွားသည်။ ချန်ရှောက်ရယ် သူ့ကို စကားလှမ်းပြောသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်းမှာ ပိုင်ယွန့်အာကြောင့်ဖြစ်သည်။ ကြောက်လန့်နေသော သူက အဘယ်ကြောင့် ရုတ်တရက် အသံထွက်လာရသနည်း။

ချူဟန်သည် ယာဉ်မောင်းခုံနှင့် ခြားထားသော မှန်ပြတင်းပေါက်ကို ဖွင့်ကာ မေးလိုက်သည်။

"တစ်ခုခု ထူးခြားလို့လား"

ချန်ရှောက်ရယ်သည် အရှေ့ကိုသာ ကြည့်ရင်း တစ်စုံတစ်ခုကို အသည်းအသန် အောင့်အည်းနေရသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျွန်တော် သေးပေါက်ချင်လို့ဗျ"

"အဟွတ်... အဟွတ်..."

ဘေးနားရှိ လော့ရှောင်ရှောင်မှာ ရယ်မိတော့မလို ဖြစ်သွားသဖြင့် ကပျာကယာ ချောင်းဟန့်ကာ ဟန်လုပ်လိုက်ရသည်။ သို့သော် သူမသည် ချက်ချင်းပင် မျက်နှာကို ပြန်တည်လိုက်ပြီး မှန်ပြတင်းပေါက်အပြင်ဘက်သို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

"သင့်တော်တဲ့ နေရာတစ်ခုမှာ ရပ်ပြီး ပေါက်လေကွာ"

ချူဟန်မှာလည်း ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရသည်။ အမြဲတမ်း ပေါ့တီးပေါ့ပျက် နေတတ်သော ချန်ရှောက်ရယ်မှာ လွန်ခဲ့သည့် နာရီအနည်းငယ်ကတည်းက ဆီးအောင့်ထားရသဖြင့် အတော်ပင် ဒုက္ခရောက်နေရှာသည်။

ထိုစဉ် ကားနောက်ခန်းတွင် ထိုင်နေသော ပိုင်ယွန့်အာ၏ နားရွက်လေးများ အနည်းငယ် လှုပ်ရှားသွားသည်။

သူမ ခေါင်းမော့မလာသော်လည်း မျက်ဝန်းအတွင်း၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူမ မကျေမနပ် ဖြစ်နေကြောင်း သိသာလှသည်။

ချူဟန်သည် မှန်ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ပြီး မူလနေရာတွင် ပြန်ထိုင်ကာ ဘီစကွတ်မုန့်ကို ဆက်လက် ဝါးနေလိုက်သည်။ ဘေးနားမှ ပိုင်ယွန့်အာကို လုံးဝ ဂရုမစိုက်တော့ချေ။

ရှန်ကျိုတီ၏ အကြည့်က ပိုင်ယွန့်အာနှင့် ချူဟန်ကြားတွင် အကြိမ်ကြိမ် ကူးလူးသွားလာနေသည်။

‘ဒီငအကောင် ဒီလောက်ထူးဆန်းနေတဲ့ အခြေအနေကို နည်းနည်းလေးတောင် သတိမထားမိဘူးလား’

သူမသည် မှန်ပြတင်းပေါက်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်မိသည်။

‘ဒါမှန်းသိရင် ငါကပဲ အရှေ့ခန်းကို အရင်ဦးအောင် နေရာယူထားလိုက်ပါတယ်။

သူမသည် ပိုင်ယွန့်အာကို ကြောက်ရွံ့စွာ ခိုးကြည့်လိုက်မိသည်။

‘ဒီကလေးမက’

"အယ်"

ရုတ်တရက် ရှန်ကျိုတီက အာမေဍိတ်သံ ထုတ်လိုက်သဖြင့် ထရပ်ကားကြီးမှာလည်း ယိမ်းထိုးသွားတော့သည်။

"ရုတ်တရက်ကြီး ဘာဖြစ်တာလဲ"

ချူဟန်က သူမကို သံသယမျက်လုံးဖြင့် မေးလိုက်သည်။

"ဘာ... ဘာမှမဖြစ်ပါဘူး"

ရှန်ကျိုတီသည် ကပျာကယာ အကြည့်လွှဲလိုက်သည်။

ထိုစဉ် အဖြူရောင် ဂါဝန်လေးမှာ ကြမ်းပြင်ထက်သို့ ညင်သာစွာ ကျဆင်းသွားသည်။

ပိုင်ယွန့်အာသည် သူတို့နှစ်ဦးကို ကျောခိုင်းထားပြီး ဖြူဖွေးချောမွေ့သော လက်များဖြင့် ရှည်လျားသော ဆံကေသာများကို ဖွဖွလေး သပ်တင်လိုက်သည်။

ရှန်ကျိုတီမှာ ကတုန်ကယင် ဖြစ်သွားတော့သည်။

‘ဟ...ပိုင်ယွန့်အာ... နင် ဒီမှာ ယောက်ျားတစ်ယောက် ရှိနေတာကို သိရဲ့လား အဝတ်အစားလဲချင်ရင် ကြိုပြီး တစ်ခွန်းလောက်တော့ ပြောသင့်တယ်မလား အဲဒါထက်... ဘာလို့ ရုတ်တရက်ကြီး အဝတ်အစားတွေ ချွတ်နေရတာလဲ'

ချူဟန်လည်း အံ့အားသင့်သွားသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး အပေါ်ပိုင်း ဗလာကျင်းလျက် မတ်တပ်ရပ်နေကာ နောက်ထပ်လှုပ်ရှားမှု မရှိတော့သော ပိုင်ယွန့်အာကို စိုက်ကြည့်လိုက်၏။

"မင်း... ဘာလုပ်နေတာလဲ"

"အဝတ်လဲမလို့လေ"

ပိုင်ယွန့်အာ၏ အသံမှာ လွန်စွာ တည်ငြိမ်နေပြီး ပုံမှန်ကိစ္စတစ်ခုကို ပြောနေသည့်အလားပင်။ သို့သော် သူမ၏ နောက်ထပ်စကားတစ်ခွန်းက ရှန်ကျိုတီကို နံရံနှင့်ခေါင်းဆောင့်၍ သေချင်စိတ်ပေါက်သွားစေလောက်အောင် ဖြစ်စေသည်။

"အဝတ်လဲချင်ပေမယ့် လဲစရာ အဝတ်အစား မရှိဘူး"

‘ကောင်းလိုက်တဲ့ အဖြေ... ဒီကလေးမတော့ လုံးဝ ဂေါက်နေပြီ’

ရှန်ကျိုတီ မျက်နှာလွှဲလိုက်ပြီး တဆတ်ဆတ် ခုန်နေသော နားထင်ကြောကို လက်ဖြင့် အသည်းအသန် ဖိထားလိုက်ရသည်။

ထိုစဉ် ချူဟန် မတ်တပ်ရပ်လိုက်သည်။ ရှန်ကျိုတီ၏ ထူးဆန်းသော အကြည့်ကို လုံးဝ ဂရုမစိုက်ဘဲ ကားနောက်ခန်း ထောင့်ရှိ အဝတ်အစားထုပ်များထဲမှ အဝတ်တစ်စုံကို ဆွဲထုတ်လိုက်သည်။

‘အော်... အဝတ်သွားယူပေးတာကိုး’

ရှန်ကျိုတီ သဘောပေါက်သွားသည်။

"ငါ လုပ်လိုက်မယ်"

ရှန်ကျိုတီက ငါပဲ သူ့ကို ပေးလိုက်ပါ့မယ် ဟု ပြောရန် ပြင်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူမ၏ စကားသံ ရပ်တန့်သွားသည်။ အကြောက်တရားကြောင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် ချူဟန်ကို စိုက်ကြည့်နေမိသည်။ ဤအမျိုးသား၏ လုပ်ရပ်ကြောင့် သူမ ရွေ့လျားနေသော ကားပေါ်မှ ခုန်ချချင်စိတ် ပေါက်သွားရတော့သည်။

ဘုတ်...

ချူဟန်သည် အဝတ်အစားများကို သနားညှာတာမှု ကင်းမဲ့စွာ ပစ်ပေါက်လိုက်ပြီး ပိုင်ယွန့်အာ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်သည်။ ပါးလွှာသော အဝတ်အစား ဖြစ်သော်လည်း တိုက်ရိုက် ထိမှန်သွားသော အဟုန်ကြောင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် ယိမ်းယိုင်သွားသည်။

‘ဒီကောင် ရူးနေပြီလား’

ရှန်ကျိုတီသည် ချူဟန်ဘက်သို့ လှည့်ကာ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံမျှဖြင့် ပြင်းထန်စွာ ဆဲဆိုလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ ကြက်သေသေသွားတော့သည်။ ကမ္ဘာကြီး၏ အမြင်များ လုံးလုံးလျားလျား ပြောင်းပြန် လန်သွားသည့်အလား တုန်လှုပ်သွားရသည်။

"ကျေးဇူးပဲ"

ပိုင်ယွန့်အာက အေးဆေးတည်ငြိမ်သော လေသံဖြင့် ထိုသို့ ပြောလိုက်ပြီးနောက် သူတို့နှစ်ဦး၏ မျက်စိရှေ့တွင်ပင် ပေါ်တင်ကြီး အဝတ်အစား စတင် ဝတ်ဆင်နေတော့သည်။ ရှန်ကျိုတီ ပြာယာခတ်သွားပြီး ချူဟန်ဘက်သို့ ကပျာကယာ လှည့်ကြည့်လိုက်သည်။

‘လုံးဝ မကြည့်နဲ့... မကြည့်နဲ့နော်... အသတ်ခံရလိမ့်မယ်’

သို့သော် ချူဟန်မှာ ခေါင်းပင် မော့မလာခဲ့ချေ။ သူသည် လက်ထဲရှိ အမဲသားခြောက်ကို ဝါးစားရန်သာ အာရုံစိုက်နေတော့သည်။

ရှန်ကျိုတီသည် မုန့်ထုပ်များ ပုံနေသော နေရာသို့ ခေါင်းဖြင့် တိုးဝင်သွားတော့သည်။

‘ဘာလို့ ငါ့ပတ်ဝန်းကျင်မှာ ဒီလို ရူးကြောင်ကြောင် ကောင်တွေချည်းပဲ ရှိနေရတာလဲ’

ကျွီ...

ထိုစဉ် ကားလေး ရုတ်တရက် အရေးပေါ် ဘရိတ်အုပ်လိုက်သည်။

ချူဟန်သည် မှန်တံခါးကို ချက်ချင်း ဖွင့်လိုက်ပြီး ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဖက်တီး"

"ဗျာ"

အရှေ့ခန်းမှ ချန်ရှောက်ရယ်၏ နဖူးထက်တွင် ချွေးများ ရွှဲနစ်နေသည်။

"ဘောစ်... ဇွန်ဘီအုပ်ကြီးဗျ"

ဇွန်ဘီအုပ်ကြီး။ ချူဟန်သည် မှန်ပြတင်းပေါက်မှတစ်ဆင့် ရှေ့သို့ လှမ်းကြည့်လိုက်ရာ မျက်ဝန်းများ အလွန် ကျဉ်းမြောင်းသွားတော့သည်။ ဤနေရာကား G55 ကားကြီး ရှိရာ စူပါမားကတ်သို့ သွားရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ သို့သော် မျက်စိရှေ့ရှိ လမ်းမကြီးတစ်ခုလုံး မရေမတွက်နိုင်သော ဇွန်ဘီများဖြင့် ပြည့်နှက်နေသည်။ အဝေးမှကြည့်လျှင် လမ်းတစ်လမ်းလုံး ပိတ်ဆို့နေပြီး ဖောက်ထွက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

"သွားမယ် ကားပြန်လှည့်"

ချူဟန်သည် တည်ငြိမ်စွာ ညွှန်ကြားလိုက်ရင်း ခေါင်းထဲ၌ ဖြေရှင်းရန် နည်းလမ်းများကို အမြန်ဆုံး စဉ်းစားနေသည်။

အကြောက်ဆုံးအရာက တကယ်ဖြစ်လာခဲ့ပြီ။ သူတို့ ဤနေရာတွင် လုံးဝ ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။

ထုံမြို့၏ မြို့ပြတည်ဆောက်ပုံမှာ ထူးခြားလှသည်။ အန်းလော်မြို့ဘက်သို့ သွားမည့်လမ်းမှာ ထိုစူပါမားကတ်ကို ဖြတ်သွားရမည့် လမ်းတစ်လမ်းတည်းသာ ရှိသည်။ ယခု သူတို့ရှေ့တွင် ရှိနေသော ဤလမ်းမှာ ထုံမြို့မှ ထွက်ရန် တစ်ခုတည်းသော လမ်းကြောင်းပင်။

သို့သော် ဤနေရာတွင် ဇွန်ဘီအုပ်ကြီး ပေါ်လာခဲ့ပြီ။

တစ်ရက်တည်းသာ အချိန်ပေးလိုက်ရသည်။ ဤတိုတောင်းလှသော အချိန်လေးအတွင်း ဤနေရာတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့သနည်း။

All Chapters