အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) မင်းမှာ လိုင်စင်ကော ရှိရဲ့လား
ကုန်တင်ကားလေးသည် လမ်းအကွေ့တစ်ခုသို့ လျင်မြန်စွာ ကွေ့ဝင်သွားသည်။
ချူဟန် မျက်မှောင်ကြုတ်သွားသည်။ လမ်းလွှဲသွားရမည်ဆိုပါက သေချာပေါက် အချိန်များစွာ ကြန့်ကြာသွားတော့မည်။ ကမ္ဘာပျက်ကပ် ကာလအတွင်းရှိ လမ်းအခြေအနေများမှာ ယခင် ခေတ်ကာလများနှင့် လုံးဝ မတူညီတော့ပေ။ ပုံမှန်အားဖြင့် နှစ်နာရီ၊ သုံးနာရီမျှသာ သွားရမည့် ခရီးစဉ်သည် ယခုအခါ တစ်နေကုန် ကြာမြင့်သွားနိုင်ချေ ရှိသည်။ မြို့တွင်း ဖြစ်ပါက ပို၍ပင် နှောင့်နှေးနိုင်ပြီး ခရီးသွားချိန်မှာ အဆုံးအစမရှိ ဆွဲဆန့်ခံရနိုင်သည်။ ကံမကောင်းပါက ခြေတစ်လှမ်းမျှပင် ရှေ့ဆက်မတိုးနိုင်သည့် အခြေအနေမျိုးပင် ကြုံတွေ့ရနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် စောစီးစွာ သိလိုက်ရသဖြင့် ချူဟန်တို့သည် ဇွန်ဘီအုပ်ကြီး၏ ပစ်မှတ်အတွင်းသို့ မရောက်ရှိသွားခဲ့ချေ။ အဝေးမှနေ၍ လမ်းကြောင်းလွှဲတစ်ခုကို ဖန်တီးကာ နာရီပေါင်းများစွာ မောင်းနှင်ပြီး လုံးဝ ကွဲပြားခြားနားသော အခြားအရပ်မျက်နှာ တစ်ခုဆီသို့ ထွက်လာနိုင်ခဲ့သည်။
‘ထုံမြို့... နောင်တစ်ချိန်တွင် သေမင်းမြို့တော်ဟု အခေါ်ခံရတာ မဆန်းပါဘူးလေ’
ဤမျှများပြားသော ဇွန်ဘီများက အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားသည်ဆိုသည်မှာ ဤမြို့၏ အသက်သွေးကြော လုံးဝ ပြတ်တောက်သွားပြီဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ချူဟန် ထွက်ပေါက်ရှာမတွေ့ဘဲ အတွေးနက်နေစဉ် ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် ကားအရှိန်ကြောင့် ရှေ့သို့ ယိမ်းထိုးသွားတော့သည်။
ကျွီ...
ထရပ်ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်ရာ ကားတာယာနှင့် လမ်းမတို့ ပွတ်တိုက်မိသော အသံမှာ နားကွဲမတတ် ဆူညံသွား၏။
"တောက်... ကန်းနေတာလားကွ"
အရှေ့ဘက် ယာဉ်မောင်းခုံမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ချူဟန်၏ မျက်ဝန်းများမှာ ဓားတစ်လက်အလား ထက်ရှသွားသည်။
တစ်စက္ကန့်မျှ အကြာတွင် သူသည် ပုဆိန်ကို ဆွဲယူကာ ထရပ်ကား၏ ဘေးတံခါးကို ကြမ်းတမ်းစွာ ဖွင့်ပြီး အပြင်သို့ ခုန်ဆင်းလိုက်သည်။ ချက်ချင်းပင် ရှန်ကျိုတီလည်း သေနတ်ကို ကိုင်ကာ နောက်မှ လိုက်ပါလာသည်။ ပိုင်ယွန့်အာမှာ အနည်းငယ် တွေဝေသွားပြီးနောက် ကားပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်သည်။
ထိုနေရာသည် မြင်ကွင်းမရှင်းလင်းသော လမ်းကွေ့တစ်ခု ဖြစ်သည်။ ထရပ်ကားနှစ်စီးမှာ မျက်နှာချင်းဆိုင် ဝင်တိုက်မိတော့မည့် အနေအထားဖြင့် ရပ်တန့်နေကြသည်။
ဤကဲ့သို့ ယာဉ်တိုက်မှု ဖြစ်လုနီးပါး ပြဿနာမျိုးမှာ ကမ္ဘာမပျက်မီကဆိုလျှင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကျ ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် လူဦးရေ အလွန်အမင်း လျော့ကျသွားသော ယခုလို အခြေအနေမျိုးတွင် အလွန်ပင် ထူးဆန်းလွန်းလှသည်။ တစ်ဖက်လူက ကုန်တင်ကားကို စီးနင်းလာသည်ဆိုသည်မှာ သေချာပေါက် စားနပ်ရိက္ခာ ရှာဖွေရန် လှုပ်ရှားနေသည့် အဖွဲ့တစ်ခုသာ ဖြစ်ရမည်။ စားနပ်ရိက္ခာဆိုသည်မှာလည်း လူသားအချင်းချင်း သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေသော အကြီးမားဆုံးသော ပြဿနာအရင်းအမြစ်ပင် ဖြစ်သည်။
ယခု ဤနေရာတွင် ထရပ်ကားနှစ်စီး ရှိနေသည်။
တစ်ဖက်လူကို ဝါးမျိုမည်လော။ သို့မဟုတ် အချင်းချင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ထွက်ခွာသွားမည်လော။
ချူဟန်သည် ကားပေါ်မှ ဆင်းပြီးနောက် အနည်းငယ် အလှမ်းဝေးသော နေရာ၌ ရပ်ကာ တစ်ဖက်လူ၏ လှုပ်ရှားမှုကို အကဲခတ်နေလိုက်သည်။ သူက အရင်စတင် တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။
ဝုန်း...
တစ်ဖက် ကုန်တင်ကားပေါ်မှ အမျိုးသား တစ်ဦး ခုန်ဆင်းလာသည်။ ကားတံခါးကို ဝုန်းကနဲ ပိတ်ချလိုက်ပြီး ချူဟန်ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လာတော့သည်။ အသက်အရွယ်မှာ သုံးဆယ်စွန်းစွန်းခန့် ရှိမည်။ ကြွက်သားများ အပြည့်အမောက် ထွက်နေသော လူကောင်ထွားထွားကြီးဖြစ်ပြီး မျက်နှာထက်တွင် မုတ်ဆိတ်မွေး တစ်ပင်မျှပင် မရှိဘဲ ပြောင်စင်အောင် ရိတ်သင်ထားသည်။ အဖြူရောင် လက်ပြတ်အင်္ကျီ ဝတ်ဆင်ထားသော ထိုအမျိုးသား၏ လက်ထဲတွင် သေနတ်တစ်လက်ကို ဆုပ်ကိုင်ထားသည်။
ထုံမြို့တွင် စစ်တပ် အခြေစိုက်စခန်း မရှိပေ။ တစ်ဖက်လူက ရဲစခန်းက လက်နက်တိုက်ကို ဝင်စီးထားတာ ဒါမှမဟုတ် လေယာဉ်မှ ကြာချပေးသော ထောက်ပံ့ရေး ပစ္စည်းများကို ကောက်ရခဲ့ခြင်းသာ ဖြစ်ရမည်။
ထိုအမျိုးသား၏ အမူအရာမှာ လွန်စွာ ရန်လိုနေပြီး ယခုချက်ချင်း ပစ်ခတ်မှု စတင်တော့မည့်အလား တင်းမာနေသည်။
ချူဟန် မျက်မှောင်ကြုတ်လိုက်ပြီး ဘယ်ဘက်လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ ပစ္စတို၏ လုံခြုံရေးခလုတ်ကို လျှို့ဝှက်စွာ ဖြုတ်လိုက်ပြီး မောင်းတင်လိုက်သည်။
ဂျောက်...
တစ်ချိန်တည်းမှာပင် ဘေးနားရှိ ရှန်ကျိုတီလည်း သေနတ်ကို ချိန်ရွယ်လိုက်သည်။ သူမ၏ အန္တရာယ် အာရုံခံနိုင်စွမ်းမှာ အလွန် မြင့်မားလှသည်။
မြေပြင်ပေါ်သို့ ချရန် ပြင်နေသော ပိုင်ယွန့်အာ၏ ခြေထောက်လေး ချက်ချင်း ရပ်တန့်သွားသည်။ သူမ၏ ကိုယ်လေးက ကားနောက်ခန်း၏ ကွယ်နေသော နေရာသို့ မျက်စိတစ်မှိတ်အတွင်း ပုန်းကွယ်သွား၏။ သူမ၏ လက်ချောင်းလေးများက ကားပေါ်၌ ကျန်ရစ်သော နောက်ဆုံး ချေမှုန်းရေး ရိုင်ဖယ် တစ်လက်ကို ကိုင်တွယ်ထားသည်။ ချောမွေ့သော လှုပ်ရှားမှုဖြင့် သေနတ်ကို ချိန်ရွယ်ကာ အချိန်မရွေး ခလုတ်နှိပ်နိုင်ရန် အသင့်ပြင်ထားလိုက်သည်။
သူတို့အဖွဲ့၌ လက်ရှိတွင် သေနတ် ငါးလက် ရှိသည်။ ချူဟန်က တစ်လက်တည်းသော ပစ္စတိုကို ကိုင်ဆောင်ထားပြီး ကျန်လေးလက်ကို အခြားလေးဦးအား ခွဲဝေပေးထားခြင်း ဖြစ်သည်။ သို့သော် သူကိုယ်တိုင် အကျွမ်းကျင်ဆုံး အသုံးပြုနိုင်သော လက်နက်မှာ လက်ထဲရှိ ပုဆိန်သာ ဖြစ်သည်။
မျက်နှာချင်းဆိုင်မှ လျှောက်လာသော လူကောင်ထွားကြီးသည် အကွာအဝေးတစ်ခုတွင် ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာထားမှာ အလွန် မကျေမနပ် ဖြစ်နေဆဲပင်။ ထိုအမျိုးသားသည် လည်ပင်းအရိုးများကို ဂျွတ်ခနဲ အသံမည်အောင် ချိုးလိုက်ပြီးနောမြေပြင်ပေါ်သို့ တံတွေး ထွေးချလိုက်သည်။
"တောက်... မင်းတို့ကားသမားက လိုင်စင်ကော ရှိရဲ့လား"
ထိုစကားကြောင့် ယာဉ်မောင်းခုံတွင် ကြောက်လန့်တကြား ဖြစ်နေသော ချန်ရှောက်ရယ်၏ မျက်နှာထားမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် သိသိသာသာ ပြောင်းလဲသွားတော့သည်။
သူသည် တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး ကိုယ်တစ်ပိုင်း ထွက်ကာ တစ်ဖက်လူ၏ နှာခေါင်းဝကို လက်ညှိုးထိုးလျက် ပြန်လည်အော်ဟစ်လိုက်သည်။
"မင်းမှာကော လိုင်စင် ရှိလို့လား။ ငါက အရင်က ဘတ်စ်ကား မောင်းခဲ့တာကွ"
"ဘာကွ"
မျက်နှာချင်းဆိုင်မှ အမျိုးသားကလည်း အလျှော့မပေးဘဲ ချန်ရှောက်ရယ်ကို လက်ညှိုးပြန်ထိုးကာ ပြန်အော်တော့သည်။။
"အဲဒီလောက် သောက်သုံးမကျတဲ့ အရည်အချင်းနဲ့ ဘတ်စ်ကားမောင်းတယ်ဟုတ်လား။ ငါက တက္ကစီဆရာကွ"
အိတ်ကပ်ထဲရှိ သေနတ်ပေါ်တွင် တင်ထားသော ချူဟန်၏ လက်ချောင်းများမှ အနည်းငယ် လျော့ကျသွားသည်။
‘အခြေအနေက နည်းနည်း လွဲနေသလိုပဲ...’
"တက္ကစီမောင်းတာက အဲဒီလောက် အထင်ကြီးစရာ ကောင်းနေလား"
ချန်ရှောက်ရယ်သည် လုံးဝ ဒေါသထွက်သွားလေပြီ။
"အဲဒီလောက် အတင်းကြီး တိုးဝင်လာရအောင်...ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားမလည်ဘူးလား။"
"သောက်ရူး ဝတုတ်"
လူကောင်ထွားကြီးကလည်း မကျေမနပ် ပြန်အော်သည်။
"ဘယ်သူက သောက်ရူးဝတုတ်လဲ"
"မင်းကို ပြောတာကွ"
ဘာတွေ ဖြစ်နေကြတာလဲ။
ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ယာဉ်မောင်းအချင်းချင်း စကားများ ရန်ဖြစ်နေကြတာလား။
ထိုစဉ် တစ်ဖက် ကုန်တင်ကား၏ နောက်ခန်းမှ အမျိုးသားနှစ်ဦး ဆင်းလာကြသည်။ သူတို့၏ ကျောပြင်ထက်တွင်လည်း သေနတ်များ လွယ်ထားကြသည်။
"ယွဲ့ဇီ... ဘာဖြစ်တာလဲ"
အရှေ့မှ ဦးဆောင်လာသော အမျိုးသားမှာ ကိုယ်လုံးကိုယ်ပေါက် အလွန် တောင့်တင်းပြီး လမ်းလျှောက်ပုံမှာလည်း သတိဝီရိယ အပြည့်ရှိလှသည်။ သူ၏ဘေးတွင် ရပ်နေသော အမျိုးသားမှာ မျက်နှာသေနှင့် ဖြစ်ပြီး မျက်မှန်အောက်ရှိ သူ၏ မျက်ဝန်းများမှာ ရံဖန်ရံခါ စူးရှသော အလင်းရောင်များ ဖြတ်ပြေးနေသည်။
ယွဲ့ဇီဟု ခေါ်သော လူကောင်ထွားကြီးသည် ချန်ရှောက်ရယ်ယကို တစ်ချက် စူးရှစွာ ကြည့်လိုက်ပြီးနောက် လှည့်ပြောလိုက်သည်။
"ခေါင်းချင်းဆိုင် တိုက်မိတော့မလို့ဗျ"
အမျိုးသားနှစ်ဦး၏ နှုတ်ခမ်းထောင့်များ တစ်ပြိုင်နက်တည်း တွန့်ကွေးသွားကြသည်။
ထို့နောက် သူတို့၏ အကြည့်များက ချူဟန်တို့အဖွဲ့ဆီသို့ ရောက်ရှိလာသည်။ စုစုပေါင်း ငါးယောက်၊ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး သုံးယောက် ဖြစ်ပြီး ထိုအထဲတွင် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်
‘ဟိုဝတုတ်ကိုတော့ ထည့်တွက်စရာ မလိုဘူး။ ယွဲ့ဇီလိုပဲ ဦးနှောက်မရှိတဲ့ အမျိုးအစားပဲ။ လှပသော အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်မှာလည်း ပြဿနာမဟုတ်ချေ။ သတိထားရမှာက မျက်စိရှေ့က ဒီလူငယ်ပဲ’
‘အသက် နှစ်ဆယ်လား... ဆယ့်ကိုးနှစ်လား။ ဒါပေမဲ့ အဲဒီ တည်ငြိမ်နေတဲ့ ဟန်ပန်က... အတော်လေး အတွေ့အကြုံရှိတဲ့လူ ဖြစ်ရမယ်’
"မင်္ဂလာပါ"
ရှေ့ဆုံးမှ အမျိုးသားက ရှေ့သို့ တစ်လှမ်း တိုးလာပြီး ချူဟန်နှင့် သင့်တင့်သော အကွာအဝေးတွင် ရပ်လိုက်သည်။ သေနတ်ကို ကျောတွင် လွယ်ထားဆဲ ဖြစ်ပြီး ရန်လိုသော အမူအရာ လုံးဝ မပြသပေ။
"ကျွန်တော့်နာမည် ချန်ရှန်ကော်ပါ။ သူကတော့ ယဲ့ချန်။ ကျွန်တော်တို့ရဲ့ ယာဉ်မောင်းက နည်းနည်း ဒေါသကြီးတတ်လို့ပါ။ သူ့နာမည်က ယွဲ့ဇီလို့ ခေါ်ပါတယ်"
ချူဟန် မျက်လုံးအနည်းငယ် မှေးကျဉ်းသွားပြီး တည်ငြိမ်သော လေသံဖြင့် မိတ်ဆက်လိုက်သည်။
"ချူဟန်ပါ"
ချန်ရှန်ကော်သည် ချူဟန်ကို အကဲခတ်သလို စိုက်ကြည့်လိုက်သည်။ ကြွက်သားအပြည့်အမောက် မရှိသော လက်မောင်းဖြင့် ကြီးမားလှသော သံပုဆိန်ကြီးကို ကိုင်ဆောင်ထားနိုင်ခြင်းအပေါ် အနည်းငယ် အံ့ဩသွားမိသော်လည်း ဖော်ရွေသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ချူဟန်။ ခင်ဗျားတို့က ဒီနားက လူတွေ မဟုတ်ဘူးမလား"
ဟုတ်ပါတယ် ဟု ချူဟန်က ရိုးသားစွာ ဖြေကြားလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"ခင်ဗျာတို့က စစ်သားတွေလား"
ချန်ရှန်ကော် အံ့ဩသွားပြီး ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... လွန်ခဲ့တဲ့ ခြောက်လကမှ စစ်တပ်ကနေ ထွက်လာတာပါ။ ညီလေး... မင်း အကဲခတ် တော်တော် ကောင်းတာပဲ။ မင်းကော စစ်တပ်ကပဲလား"
စစ်တပ် အတွေ့အကြုံ ရှိသူများအချင်းချင်းမှာ တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ ခင်မင်ရင်းနှီးလေ့ ရှိကြသည်။ အထူးသဖြင့် ဤကမ္ဘာပျက်ကပ် ကာလအတွင်း တူညီသော နောက်ခံသမိုင်းကြောင်း ရှိသူများအဖို့ အချင်းချင်း ပိုမို နီးစပ်မှု ရှိသည်ဟု ခံစားရတတ်သည်။
"မဟုတ်ပါဘူး။ ကျွန်တော်က တက္ကသိုလ်ကျောင်းသားပါ။"
ချူဟန်၏ စကားမှာ အမှန်ပင် ဖြစ်သည်။ ယခင်ဘဝတွင်ကော ယခုဘဝတွင်ပါ သူသည် စစ်တပ်ထဲသို့ တစ်ကြိမ်မျှ ဝင်ရောက်ခဲ့ဖူးခြင်း မရှိချေ။
"အော်"
ချန်ရှန်ကော်သည် စိတ်ဝင်စားသွားဟန်ဖြင့် မျက်လုံးများ မှေးကျဉ်းသွား၏။ချူဟန်၏ ဟန်ပန်မှာ မည်သို့ကြည့်ကြည့် ရိုးရိုးကျောင်းသားတစ်ဦး၏ အသွင်အပြင်နှင့် မတူပေ။ စစ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်မည်ဟု သူ တွေးဆလိုက်သည်။
"ကျွန်တော်တို့က ဒီနားက လူတွေ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲ"
ချူဟန်က အခြေအနေကို စူးစမ်းသည့်အနေဖြင့် မေးလိုက်သည်။ မျက်စိရှေ့ရှိ ချန်ရှန်ကော် ဆိုသူမှာ ရုပ်ရည်သွင်ပြင်အရ ရိုးသားဖြောင့်မတ်မည့်ပုံ ပေါ်ပြီး လူယုတ်မာမျိုး မဖြစ်နိုင်ဟု သူ ယူဆထားသည်။
"ဒီအနားက လူနေရပ်ကွက်တွေကို အကုန် ပတ်ကြည့်ပြီးပြီ။ ကယ်လို့ရမယ့် လူတွေကိုလည်း အကုန် ကယ်ပြီးသွားပြီ။ ခင်ဗျားတို့ကို ကြည့်ရတာ ငတ်ပြတ်နေတဲ့ ပုံလည်း မပေါ်ဘူးဆိုတော့ တခြား စခန်း တစ်ခုခုကများ လာတဲ့လူတွေလားလို့ တွေးမိလို့ပါ"
ချန်ရှန်ကော်က ခင်မင်ရင်းနှီးစွာ ရယ်မောလျက် ဖြေကြားလိုက်သည်။
"အနောက်ဘက် စခန်းက လာတာဆိုရင် ဘာလို့ ဒီလောက်ဝေးတဲ့ နေရာအထိ စားနပ်ရိက္ခာ လာရှာရတာလဲဗျ"
ဘေးနားရှိ ရဲ့ချန်က မျက်မှန်ကို ပင့်တင်ရင်း အမှတ်တမဲ့ ဝင်ရောက်မေးမြန်းလိုက်သည်။
‘စခန်း ဟုတ်လား’
ချူဟန်သည် ထိုစကားလုံးကို အာရုံစိုက်လိုက်မိသည်။ ထုံမြို့ရှိ အသက်ရှင်ကျန်ရစ်သူများသည် ကိုယ်ပိုင် စခန်းများကို စတင် တည်ဆောက်နေကြပြီ ဖြစ်ပုံရသည်။ ထို့အပြင် တစ်ခုတည်းသာ မဟုတ်ပေ။
‘ထုံမြို့က သေမင်းမြို့တော် ဖြစ်သွားတာ မဆန်းပါဘူးလေ။ ဒီလောက် စောစောစီးစီး အချိန်မှာ စခန်းတွေ ဆောက်တယ်ဆိုတာ ဇွန်ဘီတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ’
ဇွန်ဘီများ၏ အပူချိန် အာရုံခံပြီး စုရုံးတတ်ကြသည် ဟူသော အချက်ကို သူတို့ မသိကြပုံရသည်။လူများ စုရုံးလေလေ၊ ၎င်းတို့သည် ထိုအရပ်မျက်နှာဆီသို့ အလွယ်တကူ စုရုံးရောက်ရှိလာလေလေ ဖြစ်သည်။
စစ်တပ်၏ လက်နက်ကြီး အကူအညီလည်း မရှိ၊ အစွမ်းထက်သော လက်နက်များလည်း မရှိဘဲ ကောင်းကင်မှ ချပေးသော ထောက်ပံ့ရေး ပစ္စည်းများဖြင့်သာ ဇွန်ဘီအုပ်ကြီးကို တောင့်ခံနိုင်မည် မဟုတ်ပေ။
"ကျွန်တော်တို့က တခြားမြို့က လာတာပါ"
ချူဟန်သည် ထိုထက်ပို၍ မပြောပြပေ။
"တခြားမြို့ကနေ ဟုတ်လား။ တော်တော် သတ္တိကောင်းတာပဲ"
ချန်ရှန်ကော်က အံ့ဩတကြီး ပြောလိုက်ပြီးနောက် အကြံပြုလာသည်။
"ဒါဆို ကျွန်တော်တို့ဆီ လိုက်ခဲ့ပါလား။ အတော်လေး လုံခြုံတဲ့ နေရာပါ။ ကျွန်တော်တို့က အသက်ရှင်ကျန်ရစ်သူတွေကို တစ်နေရာတည်း စုပြီး ကိုယ်ပိုင် စခန်းတစ်ခု ဆောက်ဖို့ ကြိုးစားနေတာပါ"
ချူဟန်၏ အမူအရာ မပြောင်းလဲသော်လည်း ဇွန်ဘီလှိုင်းကြီး ဝင်ရောက်လာနေသည့် အရပ်မျက်နှာဆီသို့ အကြည့်များ ရောက်ရှိသွားသည်။
ချူဟန်စိတ်ထဲကနေ...
‘လုံခြုံတယ် ဟုတ်လား... နောက်ထပ် နှစ်ရက်လောက် နေရင် အဲဒီ ဇွန်ဘီလှိုင်းကြီး ဒီကို ရောက်လာတော့မှာကွ’